Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပေသီး ဆိုသော ကလေးတစ်ယောက်

လွန်ခဲ့သော ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ်ခန့်က တစ်ခုသော ဆောင်းညတွင် ကျွန်ုပ် နှင့် ငယ်သူချင်းတစ်ဦးတို့သည် မြို့ဘူတာရုံဝင်းနှင့် တဆက်တည်းရှိသော ဘီယာဆိုင်သို့ သွားရောက်ကြလေသည်။ ချမ်းအေးလှသောကြောင့် ဆိုင် အတွင်းတွင် ထိုင်စရာပင် မရှိချေ။ နှင်းတရွှဲရွှဲနှင့် ဝင်းထဲမှာပင် ထိုင်ရပေတော့မည်။
ဆိုင်အပြင်ဘက် ဝင်းထဲတွင် ကျွန်ုပ်တို့နှစ်ဦးသာ ရှိလေ၏။ ကျွန်ုပ်၏ သူငယ်ချင်းမှာလည်း လွန်စွာ နှုတ်ဆိတ်သော လူမျိုးဖြစ်ရာ ပျင်းရိဖွယ်ရာ ဖြစ်နေလေသည်။ သို့သော် ၎င်းမှာ ဘီယာသုံးခွက်ဝင်လျှင်မူ ကမာ္ဘ့အငြင်းအသန်ဆုံး လူ တစ်ယောက် ဖြစ်လာပေမည်။ ယခုမူ ပထမဆုံး ဘီယာခွက်ကို ကသိုဏ်းရှုလျက်ပင် ရှိရကား အချိန်များစွာ လိုသေး၏။
ကျွန်ုပ်လည်း ဘီယာဆိုင်လုလင် ကရင်ကလေး ကို ခေါ်၍ ထွေရာလေးပါး လျှောက်ပြောနေရလေသည်။ ကရင်ကလေး မှာ လူပျိုပေါက်အရွယ်မျှ ရှိကာ အတော်ပင် ထွားကျိုင်းသန်စွမ်းလှသည်။ ၎င်း၏ အဆက်အပေါက်ကို ကြည့်၍ –
“မင်း.. လက်ဝှေ့သမား လုပ်ပါလား” ဟု ကျွန်ုပ်က မ သည်။
“ဟုတ်ကဲ့..ကျွန်တော်လည်း စိတ်ကူးပါတယ်..။”
“မင်း အသက်က ဘယ်လောက်တုန်း။”
“ဆယ့်လေးနှစ် ပြည့်ပြီ ခင်ဗျ။”
ထို့နောက် အကင်များ မှာလိုက်သဖြင့် ကရင်ကလေး ထွက်သွားလေသည်။ ကျွန်ုပ်လည်း ဘီယာခွက်ကို ဝိပဿနာတင်ရန် ပြင်လေ၏။ ဘီယာခွက်ကို ဆင်ခြင်လျက်ရှိရာမှ ဘေးသို့ကြည့်လိုက်ရာ ကလေးတစ်ယောက်ရပ်လျက်သား တွေ့ရသဖြင့် အံ့အားသင့်မိလေသည်။ ဘူတာထဲက ရောက်လာခြင်း ဖြစ်ပေမည်။ လုံးချော်ချော် မျက်နှာကလေး နှင့် ကတုံးတွင် လက်မ ဝက်ခန့် ဆံပင်ကလေးများ ထိုးထိုးထောင်ထောင်ပေါက်လျက်ရှိ၏။ ဝတ်ထားသော ဂျာကင် အနက်မှာ ၎င်းနှင့် အတော်ဖား နေလေသည်။ အရပ်မှာ လေးပေမျှလောက်သာ ရှိမည်ဟု ကျွန်ုပ်ခန့်မှန်းမိသည်။ စုတ်ပြတ်ဟောင်းနွမ်းနေသော ဘောင်းဘီ ရှည်ကလေးတစ်ထည်ကို ဝတ်ဆင်ထားပြီး ခြေထောက်တွင်မူ ဖိနပ်မရှိချေ။ လမ်းပျော်ကလေးများ ထုံးစံအတိုင်း ညစ်ပတ် ပေတူးလျက်ရှိသော်လည်း တောက်ပလျက်ရှိသော မျက်လုံးများမှာ အသိဉာဏ်မခေလှကြောင်း ဖော်ပြနေလေသည်။ အ သက်မှာမူ ဆယ်နှစ်နှင့် ဆယ့်နှစ်နှစ်ကြား ရှိနိုင်သည်ဟု ကျွန်ုပ်တွေးမိသည်။

“ဘာတုန်း ကလေးရဲ့။”
“မုန့်ဖိုး နည်းနည်းလောက် ပေးပါ ခင်ဗျာ။”

ကျွန်ုပ်လည်း ပိုက်ဆံအိတ်ကို လွယ်အိတ်ထဲက ထုတ်နေခိုက် ကရင်ကလေးက အကင်ပန်းကန်ကို ကိုင်၍ ရောက်လာလေ သည်။

“သူတောင်းစားလေး သွားစမ်း” ဟု ကရင်ကလေးက ကြိမ်းမောင်း၍ လမ်းပျော်ကလေးကို နှင်ထုတ်လေသည်။ ကျွန်ုပ်က ကရင်ကလေးကို တား၍ ပိုက်ဆံတစ်ရာတန် တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ပိုက်ဆံပေးရန် ထိုကလေးကို ကြည့်လိုက် ရာ ၎င်းသည် အကင်ပန်းကန်ကို ကြည့်လျက်ရှိသဖြင့် –

“အကင်စားချင်သလားကွ။”
ကလေးက ခေါင်းညိတ်ပြသဖြင့် ကြက်ကင်တစ်ချောင်းကို အချဉ်ရည် ဆမ်းကာ ပေးလိုက်သည်။ ငွေတစ်ရာကို မူ မယူ တော့ချေ။ ကရင်ကလေးသည် ထိုကလေးကို ကြည့်ရဟန်မတူချေ။

“အလကား…အပေအတူး ကောင်လေး..”

ထိုကလေးကလည်း ကရင်ကလေးအား မုန်းတီးစက်ဆုပ်သော မျက်လုံးများဖြင့် ပြန်၍ ကြည့်လေသည်။

“ငါ့ ပြန်မကြည့်နဲ့ စောက်သူတောင်းစားလေး၊ နင့်စောက်ခွက် ငါဖြတ်ရိုက်လိုက်ရ။”
“ကရင်စုတ်၊ ကရင်ပုတ်။”
“ကရင်ကလေး တော်တော့ကွယ်..သွားတော့။”

ကရင်ကလေးထွက်သွားသော အခါ ထိုကလေးသည် ခပ်လှမ်းလှမ်းတွင် သွားထိုင်ကာ အကင်ကို စားနေလေသည်။ ထိုအခါမှ တချိန်လုံး ငြိမ်ကြည့်နေသော သူငယ်ချင်းက ၎င်း၏ တတိယမြောက် ဘီယာခွက်ကို မော့ချ၍ စကားစရန် ပြင်လေသည်။

“ဒီလိုကလေးမျိုးက ပိုက်ဆံသာပေးခိုင်းကြည့် အကုန်လုပ်မှာပဲ..” ဟူသော အငြင်းပွားဖွယ် စကားကို စပြောလေသည်။

“ဘယ့်နှယ်ကြောင့် ဒီလိုထင်ရတာတုန်းဟ..ဆင်းရဲလို့..ငတ်ပြတ်နေလို့လား..ငါတော့ မင်းပိုက်ဆံပေးခိုင်းတိုင်း မလုပ် လောက်ဘူး ထင်တယ်။ ကွမ်းယာ ဆေးလိပ်တော့ ဝယ်ခိုင်းလို့ ရမှာပေါ့။”
“သေချာတယ်ကွာ ဒီကလေး ပိုက်ဆံပေးရင် ငါခိုင်းတာ လုပ်မှာ..။”
“မကောင်းမှု ကျူးလွန်ရတယ်ဆိုတဲ့ နေရာမှာ အကြောင်းခိုင်လုံဖို့ လိုသလား။ လိုတယ်လို့ မင်းထင်သလားကွာ။”
“အခြေအနေ အကြောင်းအကျိုးက ဖိအားပေးလို့ရှိရင် မလုပ်ချင်လည်း လုပ်မှာပဲကွ..။”
“ဒီကလေးက ဘာဖိအား ရှိနေလို့တုန်း။”
“နေပါဦး..ငါက ဒီကလေးကို မကောင်းတာ တစ်ခုခု ခိုင်းမယ်လို့ မင်းထင်တာလား။”
“ခိုင်းတာ အကုန်လုပ်မှာပဲ ဆိုတော့ မကောင်းတာလည်း ပါမှာပေါ့ကွာ။”
“နို့ နေပါဦး.. မကောင်းမှုဆိုတာ ဘာတုန်း။”

“ဟေ့ကောင် စိတ္တရလေခါ ဝတ္ထုထဲက အဖွင့်စကားလုံးနဲ့ ငါလာ မပြောနဲ့။ အေး မကောင်းမှုဆိုတာ ဘုရားဟောအရ ဒုစရိုက် ဆယ်ပါးရှိတယ်ကွ။ ငါ့အတွေးအရ နားလည်သလို ပြောရရင် သူတစ်ပါးကို သို့မဟုတ် အများအပြားကို စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း ဖြစ်အောင် တနည်းနည်းနဲ့ လုပ်ရင် မကောင်းမှုပဲကွာ။”

“ဒါဖြင့်ရင် ရောဂါတစ်ခုခုကို ဆင်းရဲကြီးစွာ ခံစားနေရတဲ့သူကို သက်သာစေလိုတဲ့ စေတနာနဲ့..အဲ ကာယကံရှင်ရဲ့ ခွင့်ပြုချက် နဲ့ရောပေါ့ကွာ သတ်ပစ်လိုက်ရင် မင်းဘယ်လိုဆုံးဖြတ်မလဲ။”

“သက်သက်စီပါကွာ…စေတနာကောင်းမှုက သက်သက်၊ သူ့အသက်သတ်တဲ့ မကောင်းမှုက သက်သက်ပဲ..။ ငရဲသွားရာ လမ်းကို စေတနာကောင်းနဲ့ ဖောက်လုပ်ထားတယ် ဆိုတဲ့စကားတောင် ရှိသေးတာပဲကွ။ အလောင်းတော် နုစဉ်အခါတုန်း က ဒီလိုမျိုး ကြုံတွေ့ရဘူးတာပဲ။ အာဇာနည် ပုဂ္ဂိုလ်ဆိုတာ အများကောင်းကျိုးအတွက် ငရဲတွေ ငရက်တွေ ကြောက်လို့ မရ ဘူး။ လုပ်သင့် လုပ်ထိုက်တာကို လုပ်ရမှာပဲ။ အဲ..စေတနာဆိုးနဲ့ မကောင်းမှုကို လုပ်တဲ့လူထက်တော့ အများကြီးသာ တယ် လို့ ငါထင်တယ်..။”

ဆက်လက်ငြင်းခုံကြပြီးနောက် သူငယ်ချင်းက ခပ်လှမ်းလှမ်းတွင် ရှိနေသေးသော ကလေးကို ခေါ်လိုက်လေသည်။ ကလေး ရောက်လာသောအခါ စားပွဲပေါ်တွင် တစ်ထောင်တန် တစ်ရွက်၊ ငါးရာတန်တစ်ရွက်၊ နှစ်ရာတန် တစ်ရွက်နှင့် ကျွန်ုပ်ဆီမှ တစ်ရာတန် တစ်ရွက်ကို တင်ထားလိုက်သည်။ သူငယ်ချင်းက –

“ကိုင်း ..မင်းကြိုက်တဲ့ အရွက်ယူကွာ..။” ဟု ဆိုလေရာ ကလေးက နှစ်ရာတန်ကို ကောက်ယူလေသည်။ ကျွန်ုပ်လည်း ၎င်း ဆင်သော ခွင်ထဲသို့ ထိုကလေး မဝင်သည့်အတွက် ကြိတ်၍ ဝမ်းသာ မိလေသည်။ ကျွန်ုပ် သူငယ်ချင်းမှာ မလျှော့သေးပဲ-

“စာမတတ်ဘူးထင်တယ် ဒီကလေး..”
“ဒီလိုမျိုး ပိုက်ဆံ သုံးတတ်ဖို့ စာတတ်စရာ လိုသလားဟဲ့။” ဟု ကျွန်ုပ်က နှက်လေ၏။
“ပြီးတော့ ဒီကလေး စာတတ်မယ်ထင်တယ်။ သူ့ဂျာကင်ကို ကြည့်..လမ်းပျော်ကလေးတွေကို စာသင်ပေးတဲ့ အဖွဲ့က ထုတ် ပေးထားတာ။”
“တွေ့ကရာ ကောက်ဝတ်လာတာ ဖြစ်မှာပါကွာ..ဟေ့ကလေး..ဘာလို့ တစ်ထောင်တန် မယူသလဲ။”
“တစ်ထောင်တန်ယူရင် ကျွန်တော့်ကို စေတနာပျက်သွားမှာပေ့ါခင်ဗျ။ နောက်တစ်ခါဆို ပေးချင်မှာ မဟုတ်ဘူး။”
“အမယ်..တစ်ထောင်ယူတော့လည်း ငါပေးမှာပါကွ…”

ကျွန်ုပ်လည်း –

“နှစ်ရာတန်ကို ဘာလို့ ရွေးသလဲ။”
“နေ့တွက် ကိုက်အောင်ပါ။ ပိုက်ဆံ သုံးရာလောက်မရရင် အိမ်မပြန်ရဲဘူး။ အမေက ထမင်းမကျွေးဘူး။”
“မင်းအိမ်က ဘယ်မှာတုန်း။”
“မြို့သစ်ဘက် မှာပါ။”

ကျွန်ုပ်လည်း ထိုကလေးထိုင်ဖို့ ခုံတစ်လုံးကို ကရင်ကလေးကို ယူလာစေရာ များစွာ မကျေနပ်သော မျက်နှာဖြင့် ခုံကို ယူ လာပေးလေ၏။ ထိုကလေးက မခိုးမခန့် ပြန်ကြည့်သောအခါ ကရင်ကလေးသည် ကလေးအား အမှုန့်ချေချင်သော မျက်နှာ ထားဖြစ်လာလေသည်။

“ကဲကဲ..ကလေးထိုင်..ကရင်ကလေးလည်း သူ့ ရန်မလုပ်ပါနဲ့ကွာ..ဟုတ်ပြီလား။”
“ဒါနဲ့ မင်းနာမည် ဘယ်သူတုန်း.”
“ကျွန်တော့်နာမည် ပေသီးတဲ့ခင်ဗျ။”
“မင်း အသက်ကရော..။”

ပေသီးလေး နှုတ်ဆိတ်လျက်ရှိရာ ကျွန်ုပ်လည်း ထပ်မမေးတော့ချေ။ ကရင်ကလေးကား ဝင်ပြော၏။

“သူ့အသက်..သူ့အမေတောင် သိမှာမဟုတ်ဘူး..အစ်ကိုကြီးရဲ့ ဟီဟီ။”

ကျွန်ုပ် သူငယ်ချင်းကလည်း ဝင်ဖောက်၏။ ပိုက်ဆံ တစ်သိန်းအုပ်ကို ဆွဲထုတ်၍ –
“ကိုင်း..ဒီမှာ တစ်သိန်း..မင်း လူတစ်ယောက်ကို သတ်ပေးရင် ငါပေးမကွာ..။” ဟု ဆိုရာ ကျွန်ုပ်လည်း အမျက်ပြင်းစွာထွက် ၍ ကျွန်ုပ် သူငယ်ချင်းအား ကြိမ်းမောင်းမိတော့၏။

“ဒီလို လူမမည် ကလေးတစ်ယောက်ကို လူသတ်တာတွေ ဘာတွေ မင်းမို့လို့ လျှောက်ပြောထွက်တယ်ကွာ..။”

ကရင်ကလေးကလည်း –
“ကိုင်းဗျာ..ကျွန်တော့် အဲဒီတစ်သိန်းပေး..ဒီကျက်သရေတုန်းကလေး အသက်ထွက်စေရမယ်ဗျာ..။”
ကျွန်ုပ်လည်း ကရင်ကလေးအား ကြိမ်းမောင်းရပြန်၏။

“ကဲ..မင်းတို့ တော်တော့..ပေသီး မင်းအမေက ဘာလုပ်လဲ..။” ပေသီးမဖြေခင် ကရင်ကလေးက ဖြေပြန်၏။

“သူ့အမေလား..ညဈေးထိပ်က ဆိုင်းဘုတ်ကြီးအောက်မှာ ဂျလုံးဗလုံးတွေနဲ့ စုစုပြီး ဖဲထိုင်ရိုက်နေတဲ့ အရူးမလို မိန်းမကြီး ပေါ့ခင်ဗျ..။”

ပေသီးသည် ခပ်မဆိတ်ပင် နေရာ ကရင်ကလေး ပြောသည်မှာ ဟုတ်လောက်သည်ဟု တွေးထင်မိလေသည်။

“ကဲကဲ..ကရင်ကလေး မောင်ဖိုးခွားရေ..မင်းသွားတော့ကွာ..ငါခေါ်မှ လာတော့ ဟုတ်လား။”

ပေသီးအား ပြောင်ချော်ချော် လုပ်ပြ၍ ကရင်ကလေး ထွက်သွားလေသည်။ ကျွန်ုပ်လည်း ပေသီးအား ဆက်လက်၍ အင်တာဗျူး လေ၏။ထွေရာလေးပါး ပြောရင်းဖြင့် ပေသီးမှာ ကလေးတစ်ယောက်၏ ပုံမှန် တုန့်ပြန်မှုမျိုးဖြင့် ပြုံးပြုံးရွှင်ရွှင် ဖြစ်လာလေ သည်။

“မင်း အဖေကရော ဘာလုပ်သလဲ..။”
“ကျွန်တော့် အဖေက သူခိုး တစ်ယောက်ပါ။”
“ဟယ်”
“ဟုတ်တယ်..အရင်က ကျွန်တော်တို့ကို သူပဲ သူခိုးလုပ်ပြီး ရှာကျွေးတာလို့ အမေက ပြောတယ်။”
“အခုရော။”
“သေပြီ”
“ဟင်..ဘယ်လိုဖြစ်လို့တုန်း။”

“ရဲက လိုက်ဖမ်းတော့ ကျွန်တော့်အဖေက တောထဲကို ထွက်ပြေးတာလေ။ သူက သစ်ပင်တစ်ပင်နောက်မှာ ပုန်းနေတုန်း ရဲ က သေနတ်နဲ့ ပစ်လိုက်တာ..သစ်ပင်ကြီး တခါတည်း ကျိုးပြီး အဖေကို ပိတော့ အဖေလည်း သေရော။”

“ဟာ..ဆန်းသကွာ”
“အင်း..ပစ်တဲ့ရဲကလည်း ကျွန်တော့်ဦးလေးတဲ့..အဖေ့ ညီပေါ့။”
“မင်းဟာက တယ်ဆန်းတာပဲ..ကုလားကား ကျနေတာပဲ။” ကျွန်ုပ်သူငယ်ချင်းလည်း ရီမောလေရာ ပေသီးလည်း ရော၍ ရီလေသည်။
“မင်း အခု မြို့သစ်ပြန်ဖို့ ကားမရှိတော့ဘူးကွ.. ဘယ်လိုလုပ်မှာတုန်း..။”
“ဘူတာထဲမှာ အိပ်မှာပေါ့..။”
“ကဲကဲ သွားတော့..။”

ပေသီးကလေး ကျွန်တော့်တို့နားက ထွက်သွားသောအခါ ဆိုင်ထဲကထွက်လာသော ကရင်ကလေးနှင့် သွားတိုးလေသည်။ ၎င်းတို့ နှစ်ယောက် ဘာပြောနေသည်ကို ကျွန်ုပ်မကြားရပေ။ ကျွန်ုပ်လည်း ကရင်ကလေးကို အော်ခေါ်ရလေသည်။ ကရင် ကလေးလည်း ကျွန်ုပ်ကို တစ်ချက်လှမ်းကြည့်ပြီး ပေသီးဖက် မျက်နှာစောင်းကာ တစ်စုံတရာ(ဆဲဆို)ပြောကာ လှမ်းထွက် လာရာ ပေသီးကလေးကလည်း ပြန်လည် ပြောဆိုပုံရလေသည်။ ထို့နောက် ကရင်ကလေးသည် ပေသီးကိုလှည့်၍ ခြေ ထောက်နှင့် တအားဖြတ်၍ ကန်လိုက်ရာ ပေသီးခေါင်းကို ပြင်းထန်စွာထိလေသဖြင့် အရုပ်ကလေးတစ်ရုပ်ကို လက်နှင့် တောက် လိုက်သကဲ့သို ခြေထောက်ကလေးနှစ်ချောင်းပင် မိုးပေါ်မြောက်ကာ တစ်ပတ်လည်လုနီးပါး ပစ်ကျသွားလေရာ ကျွန်ုပ် လည်း ဒိတ်ကနဲ ဖြစ်သွားလေသည်။

ကျွန်ုပ်တို့ နှစ်ယောက်လည်း ပေသီးဆီ ပြေးသွား၍ ကြည့်လေရာ ခွေခွေလေးလဲ၍ သတိလစ်သွားပုံရလေသည်။ ကျွန်ုပ် လည်း ကရင်ကလေး မကြိမ်းမောင်းအားတော့ပဲ ကြွပ်ကြွပ်အိတ်တစ်လုံးထဲ ရေခဲထည့်ယူလာရန် ခိုင်းလိုက်လေသည်။ ကရင် ကလေးလည်း ခြေထောက်ထော့နင်း ထော့နင်းဖြင့် ထွက်သွားလေသည်။ မကြာမီ ပေသီး သတိပြန်ရလာသဖြင့် ခေါင်းကို ရေခဲအုံပေးရန် ပေသီးကို ကြည့်မိသောအခါ ကရင်ကလေးအား စိန်းစိန်းကြည့်နေသည်ကို တွေ့ရလေသည်။ ကလေးတစ်ယောက်မျက်နှာမှ အဆီးအတားမဲ့သော ဒေါသကို ထင်းထင်းကြီးမြင်ရသောခဏ၌ ကျွန်ုပ်သည် ထူးခြားစွာ တုန်လှုပ်မိလေသည်။

ပေသီးသည် ကျွန်ုပ်လက်ထဲမှ ရုန်းထပြီးလျှင် အင်္ဂတေအပိုင်းအစများကပ်နေသော အုတ်ခဲကျိုးတစ်ပိုင်းကို ယူ၍ ကရင် ကလေးကို ထုရန်ပြင်လေရာ ကရင်ကလေးလည်း ကျွန်ုပ်ကိုယ်ကို အကာအကွယ်ယူထားသဖြင့် ပေသီးခမျာ ပစ်ခွင့်မသာ ချေ။
ပေသီးသည် ရေအိုးစင်ကလေးသဖွယ် အမိုးကလေး တစ်ခုနှင့်ထားသော တီဗွီ အနားသို့ကပ်၍ –

“ဟေ့ ကရင်စုတ်..မင်းကို မထုရရင်..ဒီတီဗွီထုမကွ..အဲဒီအခါကျတော့ မင်းကို ဆိုင်ရှင်က တီးမှာပဲ..။ငါကတော့ ထွက်ပြေးမှာ ..မင်း လိုက်ဖမ်းလို့မရဘူး။” ဟု ဆို၍ တီဗွီကို ထုမည်ပြင်ရာ ကျွန်ုပ်လည်း ပေသီးအား ပြေးဆွဲပြီး ချော့မော့ရ လေတော့သည်။ ကရင်ကလေးကိုလည်း မောင်းထုတ်လိုက်ရ၏။
အတန်ကြာသော် –

“ကျွန်တော် ခေါင်းမူးလို့ ဘူတာထဲ သွားအိပ်တော့မယ်။”

၎င်း၏ မျက်လုံးထဲတွင်ကား မပြေနိုင်သော အာဃာတ မီးတောက်သည် တောက်ပလျက်ရှိကြောင်း ကျွန်ုပ် သတိပြုမိလေ သည်။ ပေသီးထွက်သွားသည်ကို ကြည့်၍ ဆရာဝန်တစ်ယောက်ယောက်ကို အတင်းနှိုးပြီး ပြပေးရင် ကောင်းမလားဟု ကျွန်ုပ်လည်း တွေးနေမိလေသည်။

“အတော်မာတဲ့ ကောင်လေးဟ..။” ဟု ကျွန်ုပ်သူငယ်ချင်းက ပြောသောအခါ တင်းမာသော ကျွန်ုပ်၏ မျက်နှာကို မြင်သဖြင့် ဆက်လက်၍ မပြောတော့ချေ။

နောက်ရက်များတွင် စာမေးပွဲအတွက် လုံးပန်းနေရသဖြင့် ကျွန်ုပ်လည်း ဘီယာဆိုင် မထိုင်အားတော့ချေ။ ကျွန်ုပ်သူငယ် ချင်းအိမ်မှာလည်း ကျွန်ုပ်အိမ်နှင့် မြို့ အရှေ့နှင့်အနောက်ဆိုသလို ဖြစ်နေသဖြင့် မရောက်ဖြစ်ပါ။ စာမေးပွဲကိစ္စများ ပြီးစီး သောအခါ ကျွန်ုပ်လည်း စိတ်လက်ပေါ့ပါးသွားပြီး ဖြစ်သဖြင့် ကျွန်ုပ်သူငယ်ချင်း အိမ်သို့သွား၍ လည်လေသည်။ ထို့နောက် ထုံးစံ အတိုင်း ဘီယာဆိုင်သို့ ချီတက်ကြသည်။
သုံးခွက်မြောက် ဘီယာအကုန်၌ ကျွန်ုပ်က –

“ဟို ကရင်ကလေး မမြင်ပါလားကွ..။”
“မရှိတော့ဘူး..ထွက်သွားပြီ။”
“ဘယ်ထွက်သွားတာတုန်း။ ဘာဖြစ်လို့တုန်းဟ။”
“သူ့မိဘက လာခေါ်တာ ဆိုပဲ။ ဖြစ်တာကတော့ ဒီအပြင်ဘက်ဝင်းထဲက တီဗွီကို ရိုက်ခွဲလို့။”
ကျွန်ုပ်လည်း အံ့အားသင့်၍ –

“ကဲ..အသေးစိတ်ကလေး လုပ်ပါဦးဟ..မင်းဟာက တစ်ခွန်းမေး တစ်ခွန်းဖြေ။”

“ဒီလိုကွ..တစ်ရက် အပြင်ဘက်က တီဗွီကို သူ့သွားသိမ်းခိုင်းတယ်။ ဆိုင်ပိတ်တဲ့ အချိန်ပေါ့ကွာ။ အဲဒါနဲ့ ကရင်ကလေးက တီဗွီသွားဖြုတ်တယ်။ ဆိုင်ထဲ တော်တော်နဲ့ ပြန်ဝင်မလာတာနဲ့ ဆိုင်ရှင်က ထွက်ကြည့်တော့ တီဗွီက မြေကြီးပေါ်မှာ၊ သူက အုတ်ခဲနဲ့ စိစိကြေအောင် ထုနေတာ မြင်ရတာပဲတဲ့။ အဲဒါနဲ့ ကုပ်က ဆွဲပြီး အထဲခေါ်လာတော့ ဝူးဝူးဝါးဝါးနဲ့ ပါလာတာပေါ့။ နားရင်း နှစ်ချက် သုံးချက်လောက် အုပ်ပြီး မေးမှ ပေသီး..ပေသီး ဆိုပြီး တခါတည်း သတိလစ်သွားတော့တာပဲတဲ့။”

“ဘယ်က ပေသီးတုန်း..။”

ကျွန်ုပ်မေးသည်ကို မဖြေဘဲ ဘီယာခွက်ကို နှုတ်ခမ်းနားတွင်တေ့၍ ကျွန်ုပ်ကို မျက်လုံးလှန်၍ ကြည့်နေရာ-
“ဪ..ဪ..မှတ်မိပြီ..သူ့နဲ့ မတည့်တဲ့ ဟိုကလေးလေး..။ ကြည့်ရတာ ဆိုင်ပြင်မှာ နှစ်ယောက်သား ရန်ဖြစ်ရင်း တီဗွီကွဲသွားတယ် ထင်ပ။”

“မဖြစ်နိုင်ပါဘူး..အဲ့ဒါမတိုင်မီ သုံးရက်လောက်ကတည်းက ပေသီးကလေးက သေသွားပြီ။”

“ဟေ..ဟာ.. ဘယ်လိုဖြစ်ရတာတုန်း။”

ဘီယာခွက်ကို စားပွဲပေါ်သို့ သေချာစွာ ချရင်း –

“ရထားကြိတ်လို့..။”

ကျွန်ုပ် လက်ထဲက ဘီယာခွက်မှာ ပြုတ်ကျလုမတတ် ဖြစ်သွားလေသည်။

“ငါ တစ်ခါတလေ လုပ်အားပေးသွားတဲ့ နာရေးကူညီမှုအသင်းက အလောင်းသွားကောက်တော့ ငါလည်း လိုက်သွားတယ်..။ ဂျာကင် အနက်ကလေး ဝတ်ထားတုန်း..ပြီးတော့..”

“တော်တော်..ဟေ့ကောင် ရထားကြိတ်ရင် ဘယ်လိုဖြစ်မယ်ဆို တွေးလို့ရပြီ။”

ကျွန်ုပ်လည်း ပေသီး မျက်နှာကို မြင်ယောင်ရင်း အာဃတ အရောင်ဖြင့် မီးထွက်မတတ် မျက်လုံးများမှာ ကလေးတစ် ယောက်နှင့် မည်သို့မျှ မလိုက်ဖက် မဆီလျော်ကြောင်း တွေးနေမိလေသတည်း။

26 comments

  • ခင်ဇော်

    March 29, 2016 at 5:24 pm

    နိ က လည်းး ရေးးတတ်
    အကြောင်းးအရာ ကလည်းး စိတ်ဝင်စားး စရာ
    ဆက်တွေးးရမှာတွေ က လည်းး ရင်မော စရာ..
    😥

    • မောင်ဘလိူင်

      March 29, 2016 at 7:17 pm

      ဖြစ်​ရပ်​မှန်​ကို လုပ်​ကြံဖန်​တီးပြီး ​ရေးထားတာပါ အစ်​မ​ရေ ??

        • မောင်ဘလိူင်

          March 30, 2016 at 2:05 pm

          ဒီလိုက​လေး​တွေ ကို အသုံးချ​နေတဲ့ အင်​မတန်​ ရက်​စက်​ယုတ်​မာတဲ့ လူ​တွေ အ​ကြောင်​းနဲ့ အသုံးချခံက​လေး​တွေရဲ့ အလွန်​့အလွန်​ ​ကြေကွဲစရာ အဖြစ်​ဆိုး​တွေ အများကြီး ရှိပါ​သေး​ရော ညီမ​ရေ။

  • ဂျက်စပဲရိုး

    March 30, 2016 at 9:24 am

    ပေသီး လို ကလေးမျိုး မြေတောင်မြှောက်ပေးမယ့် လူနဲ့ တွေ့ရင် အတော်ကြီး ထွန်းကားမှာ လို့ တွေးပြီး နှမြောမိတယ်။
    အကောင်းဘက် ဒါမှ မဟုတ် အဆိုးဘက် ပေါ့။
    ထွန်းတော့ ထွန်းကားမှာပါ။

    • မောင်ဘလိူင်

      March 30, 2016 at 1:59 pm

      ဟုတ်​တယ်​ ကိုဂျက်​ ရ…သူ့ အ​တွေးအ​ခေါ်​လေးက က​လေးနဲ့ မလိုက်​ဘူး။ ကျွန်​​တော်​တို့ မြို့မှာ ဒီလို လမ်​း​ပျော်​က​လေး​တွေကို ကူညီ​နေတဲ့ ပရဟိတ အဖွဲ့​တွေရှိသလို ဒီက​လေး​တွေကို အသုံးချ​နေတဲ့ လူယုတ်​မာ​တွေလည်​း ရှိသဗျ။

  • kai

    April 1, 2016 at 4:38 am

    ဖတ်လို့ကောင်း…
    ကလေးတွေတော့… မဖတ်ကောင်း Rated R ပေါ့…။

    ဆိုတော့…

    “ဒါဖြင့်ရင် ရောဂါတစ်ခုခုကို ဆင်းရဲကြီးစွာ ခံစားနေရတဲ့သူကို သက်သာစေလိုတဲ့ စေတနာနဲ့..အဲ ကာယကံရှင်ရဲ့ ခွင့်ပြုချက် နဲ့ရောပေါ့ကွာ သတ်ပစ်လိုက်ရင် မင်းဘယ်လိုဆုံးဖြတ်မလဲ။”

    အဲဒီအပေါ်.. ရွာသူားတွေဘယ်လို ဆုံးဖြတ်မလဲ..
    ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပေးနိုင်လောက်အောင်.. ကိုမာ(ဦးနှောက်သေ)ဝင်နေရင်ကော….
    သတ်တာဟာ.. မှားလား..မှန်လား.. အတွေးကိုသိချင်မိသား.. :k:

    • ခင်ဇော်

      April 1, 2016 at 6:34 am

      ဦးနှောက်ရဲ့ အသက်နဲ့
      နှစ်လုံးး အဲ နှလုံး အသက် သဲကွဲအောင် အရင်ရှင်းးပြီးးမှ မေးးပါ…
      :k:

      • kai

        April 1, 2016 at 1:55 pm

        ကိုမာဝင်နေသူကို.. လူသေလို့သတ်မှတ်ရမှာလား… ဆိုတော့…
        ကိုမာ(ဦးနှောက်သေ) ဝင်နေတာ နှစ်ချီကြာပြီး.. ပြန်နိုးလာတဲ့သူရှိသလို… ကိုမာဝင်နေတာမှာလည်း.. သူ့အတိုင်းအတာနဲ့သူ.. လျှပ်စီးကြောင်းလေးတွေ.. လှုပ်နေတာလည်းရှိတာမို့.. အကြမ်းအားဖြင့်တော့… အသက်မသေနေဘူးပြောနိုင်မယ်ထင်ပါတယ်..။ နှလုံးကခုန်နေသလို.. ခန္တာကိုယ်ဆဲလ်တွေကလည်း.. အလုပ်လုပ်နေတာမို့.. ထမင်းစား.. ရေသောက်.. ဝမ်းသွား အကုန်ရှိနေပါတယ်..။
        မျှော်လင့်ချက်ရှိနေတာကိုး..။

        နှလုံးသေတာကတော့.. လွန်လှ ၁ဝမိနစ်ဆို.. ရှိနေတဲ့သွေးတွေ မလည်ပါတ်တော့တာမို့.. အောက်ဆီဂျင်ပြတ်ပြီး.. ပုပ်လိုက်လာပြီပဲ..။ သေပြီပဲ..။
        =
        ယူအက်စ်ဖယ်ဒရယ်ဥပဒေအရဆိုရင်တော့.. ပင်ပန်းကြီးစွာဝေဒနာခံစားနေရသူကို.. ဝဋ်ကျွတ်စေချင်ဇောနဲ့.. အပြင်လူတယောက်(သားသမီးဖြစ်စေ) က..(ကာယကံရှင်ခွင့်ပြုတောင်) .. သတ်ခွင့်မရှိပါ…။
        လူသတ်မှုမြောက်ပါတယ်..။
        ကာယံကံရှင်ကိုယ်တိုင်ကလည်း.. ဆူဆိုက်လုပ်ခွင့်(သတ်သေခွင့်) ပြည်နယ်တော်တော်များများမှ.. မရှိပါ..။

        California considers a free hotline — for assisted suicide
        89.3 KPCC-Mar 30, 2016
        The controversial assisted suicide law, which takes effect on June 9, will allow some terminally ill patients to ask their doctors to provide them …
        =
        Majority rejects assisted suicide for mentally ill, poll finds
        National Post-37 minutes ago
        While Canadians seem particularly appalled by the idea of allowing assisted suicide for “mature minors” with psychological suffering, a majority ..

        ပြောရရင်.. ဒီကိစ္စက.. အမေရိကားရဲ့အကြီးဆုံးသော ပြဿနာတခုဖြစ်နေတာပါ..။
        အသက်ဆိုတာဘာလဲ.. ဘယ်ကစဝင်လာသလဲ..။ ဘယ်သူကသတ်ခွင့်ရှိသလဲ..။ စသဖြင့်ကို.. ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဖက်ရွှေ့ပြီးကြည့်လိုက်ရင်.. အင်တန်ရှုတ်ထွေးကုန်ပါသတဲ့..။
        ခရစ်ယန်အယူနဲ့ရော..။ လူမှုရေးအမြင်မှာရော..။
        လစ်ဘရယ်နဲ့.. ကွန်ဆာဗေးတစ်တို့ရဲ့.. အကြီးဆုံးသဘောကွဲလွဲမှုကြီးပေါ့…။

        လွန်ခဲ့တဲ့. တရက်၂ရက်ကတင်တော့.. ကွန်ဆာဗေးတစ်သမ္မတဖြစ်နိုင်သူ ဒေါ်နယ်ထရမ့်က ပြောလိုက်တယ်..။
        ကွန်ဝန်ဖျက်ချရင်.. ဖျက်ချတဲ့မိခင်ကိုပါ.. အပြစ်ပေးရမတဲ့..။
        သဘောက.. လူသတ်မှု..ဒါမှမဟုတ်..လူသေစေမှုသဘောထားတယ်ဆိုတာပါပဲ….။

        Donald Trump, Abortion Foe, Eyes ‘Punishment’ for Women …
        http://www.nytimes.com/…/us/…/donald-trump-abortion.ht…The New York Times
        1 day ago – Donald J. Trump said on Wednesday that women who seek abortions should be subject to “some form of punishment” if the procedure is …

        • ခင်ဇော်

          April 1, 2016 at 1:59 pm

          အာ့ဆိုရင် ကျနော် ထင်မြင်ချက်ကတော့ အသက်ရှိသ၍ မျှော်လင့်ချက်ရှိပါတယ်။
          But still need to be Subjected to financial condition.

          :k:

        • kai

          April 1, 2016 at 2:08 pm

          မပြောကောင်းမဆိုကောင်းပေါ့နော..။
          ကိုယ်ကိုယ်တိုင်.. အဲလိုဖြစ်နေရင်ကော..။
          ယူအက်စ်မှာဖြစ်တဲ့သဘောက.. ကင်ဆာဖြစ်နေမယ်…။ ကုရင်.. ဒေါ်လာသိန်း/သန်းချီကုန်မယ်..။
          သားသမီးတွေရနိုင်ဖွယ်ရှိတဲ့.. ဘဏ်စုငွေတွေ.. အိမ်တွေအကုန်ရောင်းပြီး.. အသက်ဆက်ရမယ်..။
          မျှော်လင့်ချက်ကတော့ရှိတယ်.. ။ သက်တမ်းကို.. ၆လ..ဒါမှမဟုတ် ၁နှစ် ဆွဲဆန့်နိုင်မယ်..။
          ကံကောင်းရင်.. နောက်နှစ်ထဲ.. ဆေးတခုခုပေါ်လာပြီး လုံးဝရှင်ချင်ရှင်သွားမယ်..။

          ဘယ်လိုလုပ်မလဲ..။

        • ခင်ဇော်

          April 1, 2016 at 2:20 pm

          ကိုယ် ကိုယ်တိုင် ဖြစ်ရတာဆိုရင်တော့ လက်လျှော့လိုက်စေချင်တယ်။
          ကိုယ် ချစ်ရတဲ့သူ တစ်ယောက်ယောက်ဆိုရင်တော့ ကျနော် တတ်နိုင်သလောက်ထိ လက်လျှော့မယ်မထင်ဘူးး

          🙂

    • မောင်ဘလိူင်

      April 1, 2016 at 4:04 pm

      အဟေး.. ရိတ်တင်း အာ ကွ.. သဂျီး သတ်မှတ်လိုက်ပြီ..။
      ဟော်ရာ သိမ်းစ် လေး စမ်းရေးကြည့်တာပါ..။
      သူငယ်ချင်းတစ်ယောက်တုန်းကတော့ အဲလို ကိုမာပေါ့လေ။
      ဖြစ်တော့ နောက်ဆုံး သူ့မိသားစု သဘောတူညီချက်နဲ့ ဆေးအကူကိရိယာ
      တွေကို ဖြုတ်ပစ်ပြီး ..အင်း..တကယ်သေခိုင်း လိုက်ပါတော့တယ်။

      • kai

        April 1, 2016 at 4:30 pm

        ကိုရင့်စာက.. ကြောက်စိမ့်နေတာပဲ…။
        လက်စားပဲချေလိုက်သလား… သူရဲပဲခြောက်သလား..။
        သေချာတာက.. ရန်ညိုးတွေ..လက်စားချေတာတွေထဲ..သွေးညှီနံ့တွေပါလွှင့်ထွက်လာတာ..။

        ဆိုတော့…
        သူငယ်ချင်းတယောက်မလုပ်ပဲ.. ကိုရင့်အမြင်လေးလုပ်ပါဗျ..။
        အသက်ကို .. ဘယ်လိုသဘောထားကြသလဲ.. သိချင်လို့..။ :k:

        • မြစပဲရိုး

          April 1, 2016 at 10:13 pm

          Saving private ryan ထဲ မှာ တပ်သားလေး တစ်ယောက် အသက် နဲ့ အများ အသက် ကို လဲ ကြရ တာ တန် တယ် ထင်လား သူကြီး။
          ဘယ်သူ့ အသက် က ပို အရေးကြီး တယ် လို့ လောကကြီး ထဲ စံနှုန်း မှ မရှိတာ။ ဒီလိုဘဲ ကြုံ သလို လဲလှယ် နေကြတဲ့ ပွဲ တစ်ခု ပါဘဲ။

        • မောင်ဘလိူင်

          April 2, 2016 at 12:35 am

          ကျွန်တော့် အမြင်ကတော့ စာထဲ ရေးထားတဲ့ အတိုင်းပါပဲ သူဂျီး။ အသက်ဆိုတာ ဘာလဲ ဆိုရင် လောလောဆယ် သိပ္ပံပညာမှာ အသက်ရဲ့ သရုပ်သကန်လောက်သာ သိပါသေးတယ်။ နောင်တော့ ဓာတ်ခွဲခန်းတွေမှာ လူဖန်တီးတဲ့ အသက်ကို လုပ်နိုင်မှာပါ။ အဲဒီအခါကျ ပိုသိမှာပေါ့။ အကြောင်းလုံလောက်ရင် (အထက်က သူဂျီး ဆိုခဲ့သလိုပေါ့နော) လူတစ်ယောက်ဟာ သူ့အသက်သူ စီရင်ပိုင်ခွင့် ရှိသင့်တယ် ထင်မိတယ်။ ဒါပေမဲ့လို့ ဘာသာရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရား စတဲ့ ရှုထောင့်တွေ အမျိုးမျိုးက ကြည့်ပြီး စဉ်းစား လို့ရှိရင် အငြင်းပွားဖွယ်ရာ ဖြစ်လိမ့်မယ်။ လူမှုရေး ရှုထောင့် အမြင်က အငြင်းပွားဖွယ်ရာ တချို့ကို နောင် သိပ္ပံပညာက ဖြေရှင်းပေးသွားနိုင်လိမ့်မယ်။ ရှေး ကျောက်ခတ်လူသား တုန်းက အသက်ကြီးတဲ့ လူတွေကို စွန့်ပစ်ကြပါတယ်။ ဒီခေတ်အမြင်နဲ့ ရက်စက်ပေမဲ့ အဲဒီအချိန်က ရွေးစရာ ရှိဟန်မတူဘူး။ ယေဘုယျ အားဖြင့် မိမိအသက်ကို တန်ဖိုးထားသလို အခြားသတ္တဝါများရဲ့ အသက်ကို တန်ဖိုး ထားသင့်ပါတယ်။ နောင်တချိန်မှာတော့ ဆဲလ်ဥယျာဉ်မှာ အသားအမျိုးမျိုးရဲ့ ဆဲလ် တွေကို ပျိုးပြီး ရောင်းလိမ့်မယ်ထင်တယ်။ (ဆဲလီဘရက်တီတွေရဲ့ အသားကိုတောင် တရားမဝင်ရောင်းစားဦးမယ် ထင်တယ်။ ဟီဟိ) ဝေဒနာပြင်းထန်တဲ့ လူတစ်ယောက် သက်သာရာရအောင်၊ လွတ်မြောက်သွားအောင် သူ့အသက် ကို ချုပ်ငြိမ်းသွားအောင် လုပ်ရမယ် ဆိုရင် ဘာသာရေးရှုထောင့်အရ အကုသိုလ်ဖြစ်ပြီး ကိုယ်ကျင့်တရားရှုထောင့်အရ ဆိုးတယ်လို့ မမြင်မိပါ။

        • kai

          April 2, 2016 at 3:27 pm

          Saving private ryan ထဲမှာပေးချင်တဲ့ message က… ဂျိမ်းရိုင်ယန်တယောက်မိုက်ရူးရဲပြီး ပြန်မလိုက်ပဲနေလိုက်တာကို.. သူတပ်ခွဲလေးနဲ့ သူပါအဆုံးခံပြီး.. ဆန္ဒပြည့်အောင်လုပ်ပေးလိုက်တဲ့…ကက်ပတိန်ဂျွန်မေလာ ရဲ့စိတ်ဓာတ်လို့ထင်ပါတယ်..။
          ကက်ပတိန်နောင်ဆုံးစကားက.. “James … earn this. Earn it.” တဲ့..။

          ဆိုလိုချင်တာက… သမိုင်းချန်ရစ်/ကျန်ရစ်မယ့်စိတ်ဓာတ်က..အသက်ထက်အရေးကြီးသလားပဲ..။

          ဆဲလီဘရက်တီရဲ့အသားတော့မရောင်းသေး.. မိန်းမကိုယ်က.. အရည်တော့ ဘီယာလုပ်ရောင်းဖို့လုပ်နေပြီ ကိုရင်ရေ…
          အံ့ဖွယ်သုတ..။

          Polish company to brew beer from Czech model’s vagina bacteria
          UPI.com‎ – 3 days ago
          The beers do not, however, feature the taste or odor of a vagina, the brewers say.
          http://www.upi.com/Odd_News/2016/03/30/Polish-company-to-brew-beer-from-Czech-models-vagina-bacteria/2681459340879/

        • မောင်ဘလိူင်

          April 2, 2016 at 7:21 pm

          ထူးဆန်​းပါ​ပေ့ သူဂျီး​ရေ…အဲဒီ ဘီယာ ဘယ်​သူ​တွေများ ​သောက်​ကြပါ့?

  • မြစပဲရိုး

    April 1, 2016 at 10:09 pm

    အခုမှ ဝင်ဖတ်မိတယ်။ ထုံးစံ အတိုင်း လက်ရာကောင်း တစ်ပုဒ်ပါဘဲ မောင်ဘလှိုင်။
    ဇာတ်လမ်းထဲ ကတော့ ပေသီးလေးက ဝင်ပူးပြီး လုပ်သလိုဖြစ်တာပေါ့နော်။
    အဲဒီကနေပြီး သူကြီး မေးခွန်း ကြောင့် ကိုမာ ရောက်သွားရော။
    ဒီမှာ ဝင်ပြောဖို့ဖြစ်လာပေါ့။
    အဖွား က ၈၈ အရေးအခင်းကာလ မှာ သေနတ်သံ တွေ ကြားထဲ ကိုမာ ရသွားတယ်။
    အမှန်တော့ သူက နေတာ နယ်မှာပါ။ အဖေ နယ်ပြောင်းတော့ အမေပါလိုက်တာမို့ အဖွားတို့က လာပြီး အိမ်စောင့်ပေးရင်း ဖြစ်ခဲ့တာ။
    ဆေးရုံ လဲ တင်မရတော့ အိမ်မှာ ဘဲ အဖွား ရဲ့ တူ ဆရာဝန် အကူအညီ နဲ့ နာ့စ် ကို နေ့၊ ည ငှား ထားရတာ။
    အလုပ်ပေးနိုင်ဆုံး က ဆေး နဲ့ စွပ်ပြုတ်လို တွေ ကို ဒရစ်မပြတ်သွင်းရတာ နဲ့ bedsores မရ အောင် အမြဲ လှည့်ပေး နေရတာဘဲ ရှိတယ်။
    အနားမှာ ပရိတ်တရား တွေ ဖွင့်ပေးပါတယ်။ ကြုံတဲ့သူတိုင်း သူ့ လက်ကလေး က ဆုပ်ပြီး သူ့ကို စကားပြောကြည့်ကြရတယ်။
    အမေတို့ ဆီ ကို ဖြစ်ဖြစ်ချင်း အကြောင်းကြားပေမဲ့ နယ်စပ်ကနေ ယာဉ်တန်းစောင့်ရတာ လေယာဉ်မထွက်တာ အားလုံး ဆုံပြီး ၃လ လောက်ကြာ မှရောက်တယ်။
    အဖွား ဟာ အဲဒီအချိန်ထိ အသက်ရှု ဆဲပါ။ အိပ်နေသလိုဘဲ။
    အမေရောက်ပြီး နောက်တစ်ရက်မှာ ညနေဖက် “အမေ” လို့ ခေါ်ပြီး လက်ကို ကိုင်တော့ အသက်ရှုရပ် နေပြီ။
    ဒါနဲ့ ဆရာဝန် ရောက်လာတော့ ဆုံး ပြီ လို့ အတည်ပြုပါတယ်။
    အများစု ကတော့ သူ့သမီး အလာကို စောင့်နေတာလို့ ဆိုကြတော့တာပေါ့။
    ဟုတ်/မဟုတ် ကတော့ ဘယ်သူမှ အတိအကျသိနိုင်တာမှ မဟုတ်တာ။ တိုက်ဆိုင်တာပါ ဆိုလဲ ရသပေါ့။
    တစ်ခါတစ်ခါ အဖွားဒီလို ဖြစ်တာ ကိုယ့်အပြစ်ကင်းရဲ့လားတောင် တွေးမိတယ်။
    တို့အရေး ထွက်အော် တဲ့ မြေး ကို တားတာ မရတော့ စိတ်ပူ တာလဲ ပါများသွားသလားပေါ့။
    မြန်မာပြည်မဟုတ်ဘဲ နိုင်ငံခြားမှာ ဆိုရင်တော့ လဲ ဒါထက် ပိုပြီး ဈေးကြီး တဲ့ ဆေးတွေ သုံးပြီး အသက်ဆက်မှာပေါ့။
    အဖွားကတော့ ဖြစ်ဖြစ်ချင်း အသက်ကယ်ဆေး ကို တောင် ပစ်ခတ်နေတဲ့ ကြားထဲ ရနိုင်သလောက်ဘဲ စု ဝယ်ထားလိုက်ရတာ။
    ကျန်တာက စွပ်ပြုတ်ဘဲ။ သဘောက တော့ ဆေးသက် ထက် သူ့ ဟာသူ အဟာရကုန် ချိန် ချုပ်သွားတဲ့ သဘောထင်ပါရဲ့။
    အသက်လဲ ကြီး ပြီ ဆိုရင်တော့ မရမက အသက်ကယ်ဖို့ ဆန္ဒမပြင်းကြတာလဲ လက်ခံရမှာပေါ့။

    ကိုမာ နှစ်ရှည် ဖြစ်နေတာ နိုင်ငံခြားမှာ လက်ရှိ နမူနာကတော့ ဖော်မြူလာဝမ်း ချန်ပီယံ မိုက်ကယ်ရှူးမက်ကာ ပါ။
    သူကတော့ စကီး အက်စီးဒန့်ဖြစ်တာ ခေါင်းကိုထိပြီး လွန်ခဲ့တဲ့ နှစ်နှစ် က စပြီး ကိုမာ ဝင်နေတာ ဒီနေ့ အထိပါဘဲ။
    ပြီးခဲ့တဲ့ လ ထဲ ကတော့ လက် က နဲနဲ လှုပ်တယ်လို့ သတင်းထွက်လာတယ်။
    ဒါထက်တော့ ပိုပြီး မကြားရသေးဘူး။
    သူကတော့ ပိုက်ဆံချမ်းသာတာ မို့ စည်းစိမ်နဲ့ ရင်းပြီး အသက်ဆက်နေတာ ဖြစ်မှာပါ။
    အိမ်တွေ ရောင်းနေရပြီ လို့လဲ ကြားတယ်။
    နောက်ပြီး အသက်ပြန်ရှင် ရင် လဲ နေပျော်နိုင်သေး တဲ့ အရွယ်မို့ လဲ ဖြစ်မှာပါ။

    ဒီက သတင်းတွေထဲမှာတော့ ဒီနှစ်ထဲမှာဘဲ နှစ်ယောက် ရှိပြီ။
    ဆွစ်ဇာလန် က ဆူဆိုက်ကလင်းနစ် ကို သွားပြီး ကိုယ့်ဟာကိုယ် ဆေးသွင်း ခဲ့ကြတာ။
    ဆေးကို ဒရစ်ပိုက် နဲ့ ဆက်ပေးထားပြီး ခလုတ်လေး ကို ကိုယ်တိုင် ဖွင့်ပေးရတာ။
    အဲဒီတော့ သူများ က ကြံရာပါလောက် အဆင့် ဘဲ ပေါ့။

    ကိုယ့်စိတ် နဲ့ ဆိုရင်တော့ နာခြင်း ဒုက္ခကြီး ကို ရင်ဆိုင်နေရမဲ့ အစား နံရံရဲ့ တစ်ဖက် ကို သွားကြည့်တာက ပိုပြီး ကောင်းမလားပါဘဲ။
    တစ်ချို့ကတော့ အဲဒီလို လုပ်တာ ဟာ လောကကြီး ကို အရှုံးပေးတဲ့ သဘောတဲ့။
    ဒါပေမဲ့ ကိုယ့်ကိုယ်တိုင်လဲ အကျိုးမရှိ၊ သူများ ကိုလဲ ဒုက္ခပေးရတဲ့ အခြေ မှာ ဘဝ ကို ရပ်လိုက်တာ အဖြစ်သင့်ဆုံးပါ။
    မဟုတ်ရင် အဲဒီ ဆေးစရိတ် တွေ ကို တစ်ခြားအကျိုးဖြစ်ရာမှာ သုံးလို့ရနေတာမို့ ကိုယ့်မှာ မျှော်လင့်ချက် နဲနဲ လေး ကို ဆွဲထားရတာ တစ်ကိုယ်ကောင်းဆန်နေသလားလို့။

    ဒီက အောက်စ်ဖို့ ဆရာတော် ရဲ့ မယ်တော် ဆိုရင် သူ့ဟာသူ တရားမှတ်ပြီး ဝေဒနာကို မှတ်ပါတယ်။ ဆေး တွေ အသွင်းမခံဘူး။
    တရားမှတ်ပြီး ဆုံးခဲ့တာ။
    သဘောကတော့ မိန်းမိန်းမူးမူး နဲ့ ဖြစ်နေတဲ့ ဆေးသက် ကို မယူဘဲ အသိ ကို ထိန်းပြီး ဘဝ ကူးသွားတာပါ။
    အဲဒီလို ဖြစ်ဖို့ ကတော့ အတော်လေးအကျင့်ရှိနေမှ ဖြစ်မှာ။
    အဲဒီလို တော့ ကျင့်ချင်သား။ လက်တွေ့မပါနိုင်သေးတာ ခက်၏။

    ဒေါ်အောင်ဆန်းစုကြည် လဲ ည ဆို တရားအားထုတ်ချိန် အမြဲ ထားတယ် ပြောကြတာဘဲ။

    • မောင်ဘလိူင်

      April 2, 2016 at 12:42 am

      အရီးရဲ့ မှတ်ချက်အတွက် ကျေးဇူးပါ။ စစ်ကားထဲမှာတော့ ရိုင်ယန် ရဲ့အမေဟာ သားသုံးယောက်ကို ဆုံးရှုံးရပြီး ဖြစ်လို့ နောက်ဆုံးကျန်တဲ့ တစ်ယောက်ကို အမေဆီ ပြန်ပို့ဖို့ကြိုးစားတဲ့ အစိုးရရဲ့ လူမှုရေး ထောက်ထား ညှာတာမှုကို ကျန်တဲ့သူတွေက အသက်စွန့် လုပ်ရတာပါ။ မှန်တယ် မှားတယ် တော့ မပြောတတ်ဘူး။ နောက်အချက်တွေမှာ အရီးရဲ့ အမြင်နဲ့ ကျွန်တော့် အမြင် တူတယ်ပဲ ဆိုပါတော့။ ဝိပဿ နာ တရား အားထုတ်တာ အကျိုးရှိကြောင်း သိပ္ပံစမ်းသပ် တွေ့ရှိမှုတွေ အကြောင်း ဆောင်းပါးတွေ ဖတ်ဖူးတယ်။

    • kai

      April 2, 2016 at 3:33 pm

      ပိုက်ပိုက်တွေ အများးးးးးကြီးရှာထားတဲ့သူတွေကတော့..မသေခင်.. သေရင်ပါသမျှရအောင်ယူသွားမယ်ထင်တာပဲ..။
      မျှတပါတယ်..။

      အသက်ကို.. ကွန်ပြူတာဒစ်ဂျစ်တွေလို.. သဘောထားမယ်ဆိုရင်.. အသိထိန်းပြီး ဘဝကူးသွားတယ်ဆိုတာထက်.. ဆေးအကူယူလိုက်တာက.. ပိုကောင်းလွယ်.. သက်သာမယ်ထင်မိတယ်..။ :k:

  • Thint Aye Yeik

    April 2, 2016 at 7:33 pm

    (ဆိုင်ဆိုင် မဆိုင်ဆိုင်)
    ဒီပိုစ် ဖတ်အပြီးမှာ ”ဒီနေ့ ရှင်ဘုရင် . . .နောက်နေ့ သူတောင်းစား”ဆိုတဲ့ ကံ ကံ၏အကျိုး & မမြင်ရသော အံ့ဩဖွယ်ရာ ကံကြမ္မာ အကြောင်း ”စဉ်းစားပစ်လိုက်၏။

    ပလို့ဂျိ

    🙂

    (”ပြောချင်ရာ”ထပ်ပြောပါမည်. . .
    ဆိုင် ဆိုင် မဆိုင်ဆိုင်)

  • မြစပဲရိုး

    April 3, 2016 at 3:17 am

    ကျွန်မ အထင်တော့ Saving private Ryan က စစ် ဟာမကောင်းကြောင်း ပြလိုတာလို့ မှတ်တာပါဘဲ။
    နောက်နှစ်နဲနဲကြာရင် အဲဒီလို ရန်သူ့ လက်ထဲ က လူ ကို စွန့်ကယ်ရတဲ့ နေရာမျိုး မှာ လူ အစစ်မဟုတ်ဘဲ ရိုဘော့ တွေ နဲ့ အစားသွင်းလာတော့မှာပါ။
    အခု အမေရိကန်ရိုဘော့ကုမ္ပဏီ Boston Dynamics ကနေ Atlas ဆိုတဲ့ ဟာလေး အကြောင်း ဖတ်လိုက်ရတော့ အတော်နီးစပ်လာပြီ ထင်ရဲ့။
    သူ့ အကြောင်း ဗီဒီယို ထဲ မှာ စက်ရုပ် ကို သူ အလုပ်လုပ်နေချိန်မှာ ကြားဖြတ်ပြီး အာရုံလွှဲ အနှောက်အယှက်ပေးလဲ ဆက်ပြီး သူ့အလုပ်သူ ဆက်လုပ်နိုင် ဆိုတဲ့ စွမ်းရည်ကို ပြထားတာ။
    အဲဒီ အာရုံလွှဲတာမှာ သူ့ကို တုတ်နဲ့ ထိုးလိုက်၊ ရိုက်လိုက်၊ သူသယ်နေတဲ့ အထုတ် ကို ပုတ်ချလိုက် နဲ့ မြင်ရတာ လူ တစ်ယောက် ကို နောက်တစ်ယောက် က အနိုင်ကျင့်သလို ကို ခံစားမိတယ်။
    စက်ရုပ်ဆိုတာ လူမဟုတ်ဘူး သိပေမဲ့ ကိုယ်က လူဖြစ်နေတာကိုးလေ။
    ကိုယ့်ရှေ့မှာ ဘာကိုဘဲ ဖြစ်ဖြစ် မတရားလုပ်တာ (ဒါမှမဟုတ်) နှိပ်စက်နေတာမျိုး မြင်ရတာ မကြိုက်လှဘူး။
    ဒါပေမဲ့ အဲဒီ စက်ရုပ်လေး ကို လူ အစား စစ်မြေပြင် ကို လွှတ်တာ မျိုး ကို တော့ လက်ခံ နေမိနေသလား ဆိုတာ ကိုယ့်ဟာကို စဉ်းစား ရင်း ခေါင်းကုတ်နေမိပါကြောင်း။
    ပေသီးလေး ကနေ ရိုင်ယန် ရောက်၊ အဲဒီကနေ အက်တ်လစ် ရိုဘော့လေး အကြောင်း ရောက်အောင် ဇာတ်တွေ ရှုပ်လိုက်မိသမို့ စောဒီးပါ မောင်ဘလှိုင်ရေ။ 😛
    အက်တ်လစ် ရိုဘော့လေး ကို ကြည့်ချင်ရင် ….
    https://www.youtube.com/watch?v=rVlhMGQgDkY

Leave a Reply