သရဲဆိုတာ တကယ်လား (ခေါင်းကြီးသရဲ)
~~ မီးမပျက်ခင် ညအိပ်ယာထဲဖတ်ဖို့ပါ ~~
.
.
.
.
.
*** ခေါင်းကြီးသရဲ ***
.
.
တခါကပေါ့ဗျာ …
ဒီအကြောင်းတွေကိုပြန်ပြောဖို့စဉ်းစားတိုင်း ကျုပ်ရင်တွေ တဒိတ်ဒိတ်နဲ့ လှုပ်ရှားနေတုန်းပါဘဲ…
ခင်ဗျားတို့ဘဲစဉ်းစားကြည့်လေ …
ဘယ်လောက်သတိ္တရှိတယ်ဘဲဆိုဆို
သရဲသဘက်နဲ့ထိတ်တိုက်တွေ့ဖူးရင်တော့ သေးထွက်ကျမတတ်ကြောက်မိမှာဘဲဗျ ။
အခုလည်း ကျုပ်လိုရွာလူမိုက်တောင်မှ ပုဆိုးကွင်းသိုင်းပြီးပြေးခဲ့ရတယ်ဆိုတော့ တွေးကြည့်ပေါ့ဗျာ ….။
ဒါနဲ့ ခင်ဗျားတို့ကို တစ်ခုပြောဦးမယ် ..
ကြောက်တတ်ရင်ဆက်မဖတ်နဲ့နော် ဒီနေရာကနေလှည့်ပြန်တော့ ..။
ပြီးမှ နှလုံးရောဂါရှိသလေးဘာလေးနဲ့ကျုပ်ကိုအပြစ်မတင်ကြနဲ့ဗျို့ ။
ကျုပ်ကတော့ နှစ်ရက်လောက်ကို အပြင်းဖျားသွားရတာဘဲဗျာ …
ကဲ ကဲ .. ပြောနေတာကြာတယ် အခုဘဲ ခေါင်းကြီးသရဲနဲ့တွေ့ခဲ့ရပုံလေး စကြဦးစို့ဗျို့ …….။
ဒီလိုဗျ …..
ကျုပ်ငယ်ငယ်ကနေတဲ့ရွာနံမည်က ကြိမ်ကုန်းရွာတဲ့ .. အဲ့ရွာရဲ့ အရှေ့ဖက်နှစ်မိုင်လောက်အကွာမှာ ဝက်စုရွာဆိုတာရှိတယ် ။
ကျုပ်တို့နှစ်ရွာကြားမှာတော့ နှစ်ရွာလုံးကလူတွေသေရင်မြှုတ်တဲ့သင်းချိုင်းကုန်းတစ်ခုရှိသဗျ …။
ကျုပ်တို့နှစ်ရွာကလည်း ဘယ်ဘဝဆုတောင်းလည်းမသိပါဘူးဗျာ .. မျက်နှာခြင်းဆိုင်မိတာနဲ့ ရန်ဖြစ်တော့တာပါဘဲ။
မိန်းမခြင်းလည်း ရန်ပွဲတွေဖြစ်။ ယောက်ကျားခြင်းလည်း ထိုးပွဲ ရိုက်ပွဲတွေဖြစ်နဲ့ နောက်ဆုံးသေပြီးတော့ သရဲဖြစ်တာတောင် သင်းချိုင်းကုန်းမှာရန်ဖြစ်ကြသေးတယ်ဆိုဘဲ …
ဟုတ်တယ်လေ … ညနေဖက်မှောင်စပျိုးတာနဲ့ နှစ်ရွာပေါင်းထားတဲ့သင်းချိုင်းကုန်းမှာဖုန်လုံးကြီးတွေ တလိတ်လိတ်တက်ပြီး နဘန်းလုံးကြသေးသတဲ့ …။
ဟိုဖက်ဖုန်လုံး ဒီဖက်ဖုန်လုံးတွေထပြီး သရဲတွေအခြင်းခြင်းဆော်ကြပြီးဆိုရင် ကျုက်တို့တွေက သံပုန်းတွေတီးပြီး အားပေးကြတာပေါ့ဗျာ ..။
“” ဆော်ကွ ! ချကွ ! ကြိမ်ကုန်းသရဲကွ .. !! ”
ဒီလိုတွေအော်ပြီးအားပေးလိုက်ကြတာ နောက်ဆုံး ရွာခေါင်းဦးလေးမြကြီးထွက်ဆဲမှဘဲ ကျုပ်တို့လည်း အသာလျှိုပြီး ပြန်လစ်ကြတာလေ …
သရဲတွေရဲ့ အာဃာတဟာ ကျုပ်တို့ရွာသားတွေပေါ်မှာလည်း သက်ရောက်လာကြတယ် ..။
ကြိမ်ကုန်းသရဲက ဝက်စုရွာသားဆိုရင် ခြောက်သလို ဝက်စုသရဲကလည်း ကျုပ်တို့ကြိမ်ကုန်းသားတွေဆို သေးဖျန်းဖျန်းထွက်အောင်ကိုခြောက်သဗျာ ….
ကျုပ်တို့ကြိမ်ကုန်းသရဲက လက်မဲကြီးတဲ့ ..။
တခါသား ဝက်စုကအမူးသမားတွေထန်းရည်သောက်နေတုန်း ..
ဗြုံးးး ဆို ဘာမပြောညာမပြောနဲ ထန်းရည်လုသောက်တယ်ဆိုဘဲ .။ဝက်စုသားက သုံးယောက်ပေမယ့် လက်က ခုနှစ်ဖက်ဖြစ်နေလို့ သေခြာကြည့်တော့ အမွှေးအမြှင်တွေနဲ့ လက်မည်းကြီးတဲ့ဗျာ …
ဒါနဲ့ ထန်းရည်သမားတွေလည်း ဖနေင့်နဲ့တင်ပါး တသားတည်းကျအောင်ပြေးရတယ်တဲ့ဗျို့ …။
အဲ .. .. ကျုပ်တို့ ကြိမ်ကုန်းသားကို ခြောက်တဲ့ သရဲကတော့ ဝက်စုသရဲခေါင်းကြီးတဲ့ဗျာ …
အရပ်ကတိုတိုနဲ့ခေါင်းက တင်းတောင်းလောက်ရှိတယ်ဆိုလား …
တခါသား … ကျုပ်တို့ရွာက သမီးရီးစားနှစ်ယောက်က အဲ့ဒီ သင်းချိုင်းကုန်းနဲ့ မျက်စောင်းထိုးမှာရှိတဲ့ လောကမာရဇိန်ဘုရားနားမှာချိန်တွေ့ကြတာပေါ့ …
မှောင်ရီပျိုးလို့ သမီးရီးစားတွေခြေဆော့လက်ဆော့လုပ်မယ်လည်းပြင်ရော …….
ဘာပြောကောင်းမလဲဗျာ အဲ့ဒီသကောင့်သားခေါင်းကြီးသရဲက ရွာလမ်းအတိုင်းပြေးထွက်လာတယ်ဆိုဘဲ …
ဒါနဲ့ အဲ့ဒီအတွဲလည်း ခြေကုန်သုပ်ပြီးရွာထဲဝင်ပြေးလာကြတာ … ဟားဟား .. ဟိုအကောင်ပုဆိုးတောင်ဘယ်နားကျန်ခဲ့လည်းမသိပါဘူး …။
ဒီလိုနဲ့ဘဲ ရွာမိရွာဖတွေက သူတို့ကိုမြန်မြန်ပေးစားလိုက်ရတယ်ဗျို့ …။
အင်းးးး … ပြောရရင်တော့ သုံးရက်သုံးညတောင် ပြီးနိုင်မှာမဟုတ်ဘူးဗျာ …
ကျုပ်တို့ကလေးဘဝကတည်းက ခေါင်းကြီးနဲ့ လက်မည်း သရဲနှစ်ကောင်အကြောင်းမကြားချင်တဆုံးလေ ။
ကျုပ်ကတော့ ရွာထဲမှာခတ်တေတေဆိုတော့ သရဲသောဘာသော မကြောက်ချင်ယောင်ဆောင်ထားတာပေါ့ဗျာ …။
ဘယ်သူမေးမေး သရဲဆိုတာအလကားကောင်တွေပါလို့ပြောနေကြဗျ …။
ဒီလိုနဲ့ … တနေ့သား ရွာတောင်ဖက်ကချောင်းဦးရွာအသုဘတစ်ခုမှာ ဖဲသွားရိုက်ကြတာပေါ့ ။
တညလုံး ကျုပ်ချည့်ဘဲနိုင်နေရာက မနက်ပိုင်းမိုးလင်းခါနီးတော့ ကုန်ပါလေရောဗျာ …
ဒါနဲံ့ဘဲ ညစ်ညစ်နဲ့ အာရုံမကျင်းတကျင်းမှာ ရွာကိုပြန်ခဲ့တာပေါ့ ။
ရွာကိုအပြန်မှာ အဲ့ဒီသင်းချိုင်းကုန်းဘေးကဖြတ်ရမယ်ဆိုတာလည်း သတိမရတော့ပါဘူး ။
ဒီလိုနဲ့ ခေါင်းငိုက်စိုက်ချပြီးလျောက်လာလိုက်တာ လေအေးတစ်ချက်တိုက်လို့ စိမ့်ကနဲ့ဖြစ်တော့မှဘဲ ဘေးက်ိုုကြည့်မိလိုက်တယ် …
ကျုုပ်ဗျာ .. သင်းချိုင်းကုန်းရှေ့တည့်တည့်ရောက်နေတာဗျ…။
ဟာ !! … သွားဘီ ။
ငါ့တော့ ခေါင်းကြီးသရဲနဲ့တွေ့တော့မှာဘဲဆိုပြီး ကြက်သီးတွေတဖြန်းဖြန်း ထလာပါလေရော ….
ကျုပ်လည်း မလုံမလဲနဲ့ နောက်ကိုလှည့်ကြည့်လိုက်တာ ….
“ဟာာ!! ”
ကျုပ်အနောက်ဖက်ခြေဆယ်လှမ်းအကွာမှာ ခေါင်းကြီးကိုယ်သေး အရပ်ပုပုသရဲရောက်နေပါလား …
သူများတွေပြောသလိုဘဲ ခေါင်းက တင်းတောင်းလောက်ကြီးဗျာ …
ဒါနဲ့ကျုပ်လည်း ရွက်ဖက်ကိုသုပ်ခြေတင်တော့တာဘဲဗျို့ …
ကျုပ်ခြေသံကလည်းတဖြတ်ဖြတ် ….
နောက်နားဆီကလည်း တဖြတ်ဖြတ်နဲ့ပေါ့…
ဒါနဲ့… ကျုပ်လည်း ပြေးရင်းနဲ့နောက်ပြန်လှည့်ကြည့်လိုက်တော့ …
အားပါးပါးးးး !!
ဝက်စုသရဲခေါင်းကြီးက တလိမ့်လိမ့်နဲ့ ပါလာတာကလားး …
ကျုပ်လည်း ခလုတ်ထိမှအမိတဆိုသလို …
” အမေရေ!!! အမေရေ…. ကယ်ကြပါဦးဗျို့ ..”
” ကျုပ်ကို ဝက်စုသရဲ လိုက်သတ်နေတယ်ဗျ …ဟီးဟီး ..”
ဝေလီဝေလင်းကြီးမှာကျုပ်အော်သံကြောင့် တစ်ရွာလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်တော့တာပါဘဲ …
လူတွေလည်း ပြေးထွက်လာကြတာပေါ့ …
တချို့က ကိုင်းခုတ်ဓားတွေကိုင်လို့ ၊ တချို့ကတော့ ဝါးရင်းဒုတ်တွေနဲ့ပေါ့ဗျာ …
” ဟေ့ကောင် သံချောင်း .. ဘယ်မှာလဲကွ ဝက်စုသရဲ .. ”
ကျုပ်လည်း လူအုပ်ကြီးရှေ့မှာ ကိုယ်ရှိန်သပ်ရင်း နောက်ကို ညွှန်ပြလိုက်တယ် …
” ဟာာာ … မင်းကလည်း ဘာမှမရှိပါဘူးကွာ … မင်းနောက်မှ ပေတိုးပဲ ပြေးလိုက်လာတာ ”
“ဟင် ! ”
ကျုပ်လည်း မကြည့်ဝံ့ဝံ့ ကြည့်ဝံ့ဝံ့ နဲ့နောက်လှည့်လိုက်တော့ ….
ပေတိုး ဆိုတဲ့ကလေးက တင်းတောင်းကြီးလက်ကကိုင်ပြီး စပ်ဖြီးဖြီးနဲ့ကျုပ်ကိုပြောင်ပြနေပါရော …..
ပြီးတော့ပြောလိုက်သေးတယ် …
” ဟားဟား ဦးလေးသံချောင်းက သားကိုတွေ့တော့စွပ်ပြီးပြေးတာကုးိဗျ … သားက မိုးဖွဲဖွဲလေးတွေကျလာလို့ တင်းတောင်းကိုခေါင်းမှာစွပ်ပြီးပြန်လာတာ … သိဘူးလေဗျာ .. ဦးလေးပြေးတော့ သားလည်းလိုက်ပြေးတာပေါ့လို့ ….. ဟီးဟီး ရွာထဲရောက်လို့ ဦးလေးကခေါင်းကြီးသရဲလိုက်နေတယ်အော်တော့မှ သားကိုလူမှားပြီးပြေးတယ်ဆိုတာသိတာ … ဟားဟားဟား …”
ရှက်လိုက်တာဗျာ…
တရွာလုံးလည်း ကျုပ်အကြောင်းပြောပြီး ဟားနေကြတာ …။
ကျုပ်လည်း ပေတိုးကိုအံကြိတ်ပြီးပြောလိုက်တယ် ….
“” ငိုးမ ကလေး !!! “” … လို့ ….။
ဈာန်
11 comments
ယမကာကျော်စွာ အူးမြောက်မြောက်
April 29, 2016 at 10:10 am
ဟင် . ကျောက်လိုက်တာနော် ကလူကလူ 😀
အောင် မိုးသူ
April 29, 2016 at 1:50 pm
အဲ့လိုဟာ ဖတ်ဖူးတယ်။
Thint Aye Yeik
April 29, 2016 at 2:55 pm
ခွိ ခလွိ
:k:
စကားပြေနဲ့ဘာနဲ့ ဝတ္ထု အခင်းအကျင်းလေးနဲ့ ဘာနဲ့သာ ကျကျနန ရေးရင်…
မင်းခိုက်စိုးစန်(သတိုးတေဇ)ရဲ့ သရဲ ဝတ္ထုတွေထက် ပို ရောင်းကောင်းမှာ။
တကယ်
အရင်ကကျော်စွာဦးကြီးမိုက်
April 29, 2016 at 4:00 pm
.ဟားဟားဟားဟား :))
kai
April 29, 2016 at 4:58 pm
သရဲအကုန်အဲ့လိုချည်း….။ :k:
မြစပဲရိုး
May 1, 2016 at 4:15 pm
သရဲ ဆိုတိုင်း ပါဝါ ရှိတာ မဟုတ်ဘူး ဆိုဘဲ ကဆာမိ ရယ်။
ခြောက်ချင်တိုင်း ခြောက်မရပါ တဲ့။
ပါဝါတက်ဖို့ နှစ်ရှည် သရဲကြီး တွေ ဆီ က ပညာ ယူရသတဲ့။
Object တစ်ခု ကို ကိုင်နိုင်ဖို့ ၊ အဲဒါနဲ့ ပေါက်လိုက်ဖို့ အတော်ကျင့်ရတာ တဲ့။
ငပျင်း တွေ သရဲ ဖြစ်လို့ က ကြောက်ဖို့ မလို ဘူးထင်ရဲ့။ lol:-))))
သများလဲ ဒေမီမိုး ရဲ့ Ghost မှာ မြင်ဘူးတာ ပြောကြည့်တာဘာ။ 😉
ခင်ဇော်
May 1, 2016 at 5:15 pm
အရေးအသားး အခင်းအကျင်း
ရေးလက် ရေးသားး ကတော့ဖြင့်
ပြောစရာမရှိ..
တဂျီးး လာလည်မှ အဲ့နေရာတွေ ပို့ လိုက်စမ်းပါဗျာ..
အဟိ..!!
လာမယ် ဆိုလားးဗျဲ..
:k:
ဝင့်ပြုံးမြင့်
May 9, 2016 at 8:17 pm
သရဲနဲ့ လူနဲ့ အတူတကွ နေထိုင်နိုင်အောင် သိပ်ပံပညာက ဖန်တီးပေးနိုင်ပြီဆိုရင် ဒီကမာ္ဘကြီး အေးချမ်းသာယာပြီလို့ ယုံပါတယ်။ သရဲနဲ့ လူနဲ့ အတူတကွ စကားပြောကြမယ်။ အသိဖလှယ်ကြမယ် ဆိုရင် ဘာသာတရားတွေ ၊ ဥပဒေတွေ ဘာမှ မလိုတော့ဘဲ တကယ့်ကို ဒေါင်ဒေါင်မြည် အေးချမ်းသာယာသွားမှာ။ သရဲကို ဒိုင်မင်းရှင်း ဘယ်နှခုသုံးမှ မြင်နိုင်မလဲ၊ သရဲရဲ့ အသားက ငွေ့ရည်ဖွဲ့နေတာလား၊ ဘယ်လို ဝတ်ရုံထဲမှာ ဝင်အောင်းနိုင်သလဲ၊ သရဲဟာ အသံရဲ့ဒဏ်ကို ခံနိုင်ရည်မရှိလောက်ဘူး၊ သူ အသံကို ခံနိုင်ရည်ရှိအောင် အထူးဝတ်စုံ တီထွင်ပေးနိုင်မယ်။ ဒါမှ မဟုတ် ငွေ့ရည်ဖွဲ့ထားတဲ့ လောကတစ်ခု ဖန်တီးပေးနိုင်မယ် ဆိုရင် သိပ်ကောင်းမှာ။ တနေ့နေ့မှာ သရဲနဲ့ လူနဲ့ အတူတကွ နေနိုင်ပြီဆိုရင် လောကကြီးရဲ့ ပဟေဠိတွေ ရှင်းသွားမှာပဲ။
kai
May 10, 2016 at 8:07 am
သရဲဆိုတာ.. အေလီယန်လည်းဖြစ်ချင်ဖြစ်နေမှာပဲ..။ :k:
Wow
May 10, 2016 at 10:47 am
သရဲနယူးဗားရှင်း
uncle gyi
May 10, 2016 at 2:47 pm
ခေါင်းကြီုးသရဲ
တောင်းကြီးနဲ့
ပေတိုး
ကြောက်မိလို့က
ပေတိုးလဲသရဲ
ဩကြောက်စိတ်