မြေပဲယိုလေး တကိုက်နှစ်ကိုက် (၅) – စီးတော်ယာဉ် Bus ကား
မြေပဲကျွန်း ထိုင်ဝမ်မှာ ခဏနေတုံး ယာဉ်မျုးိစုံ စီးပြီး သွားခဲ့ပါတယ်။
Bullet Train (ကောင်းထျယ် )ဆိုတဲ့ အမြန်ရထားလည်း စီးခဲ့ရသလို
MRT (Mass Rapid Transit=ကျယ်ယွင့်) ဆိုတဲ့ မြေအောက် ရထားလည်း စီးရပါတယ်။
မိတ်ဆွေတွေ လိုက်ပို့တဲ့ ဆလွန်းကားမျိုးစုံနဲ့ ဇိမ်ကျကျ သွားရသလို တက်စီနဲ့ လိုရာ ပြေးရတာလည်း ရှိပါတယ်။
မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတော့ စီးခွင့်မရခဲ့ပါ။
ကိုယ့်တိုင်းပြည်နဲ့ အလှမ်းဝေးနေသေးတဲ့ Bullet Train တွေ MRT တွေ အကြောင်း မပြောချင်ပါဘူး။ ကိုယ်တို့ လက်လှမ်းမီတဲ့ ဘတ်စကား စီးဖြစ်တဲ့ အကြောင်းပဲ ဖောက်သည်ချချင်ပါတယ်။
ထိုင်ဝမ်ဘတ်စကားလေး စီးကြည့်စမ်းပါ လို့ တိုက်တွန်းကြတော့ ဘတ်စကားကို စပ်စုဖို့ တရက်မှာ အခွင့်အရေးရပါတယ်။
ပန်ချောင်မှာနေတဲ့ အမအိမ်က အပြန် ပန်ချောင်ဘူတာ ဂိတ်စကနေ တည်းအိမ်ရှိတဲ့ ကျုံး ဟို ကို အမက ဘတ်စကားနဲ့ လိုက်ပို့ပါတယ်။
(၁)-ဘတ်စကားပေါ် တက်တက်ချင်း သတိထားမိတာကတော့ အသက်ကြီးသူတွေ၊ မသန်စွမ်းတွေ၊ ကလေးအမေတွေ အတွက် ဝင်ဝင်ချင်းအနိမ့်ပြင်ညီမှာ ဆိုဖာ အနီတွေ ထားပေးတာပါပဲ။
ငယ်ရွယ်သူ သန်စွမ်းသူတွေကတော့ နောက်ဖက်အမြင့်က ခုံတွေမှာ သွားထိုင်ကြပါတယ်။
(ကိုယ်တို့ဆီမှာတော့ သံဃာတော်များသာဆိုတဲ့ ခုံတွေမှာ ထိုင်မိပြီး ဘုန်းကြီးလည်း မဖယ်၊အမယ်ကြီးလည်း မဖယ်၊ဗိုက်ကြီးလည်း မဖယ်တွေ ရှိတတ်ကြပါတယ်။
သူတို့ဆီမှာလည်း ရထားပေါ် ကားပေါ်မှာ Priorty seat တွေပေါ်ထိုင်ပြီး ထပေးရမှာ စိုးလို့ ခေါင်းငုံ့ဖုန်းပွတ်နေတဲ့ လူငယ်တွေ ရှိတတ်တယ်လို့ ဆိုပါတယ်။ကျမတော့ တယောက်မှ မတွေ့မိခဲ့ပါ.)
(၂)-မတ်တပ်ရပ်စီးရသူတွေအတွက် လက်ကိုင်ကွင်းတွေကလည်း စီရီနေပါတယ်။
ရွှေပြည်ကြီးရဲ့ ဘတ်စကားအမြင့်ကြီးတွေပေါ် ကျမတို့လို မပုတုတွေ တက်မိလို့ ကားဆောင့်ထွက်လိုက်ရင် ကားဘေးနံရံကို ပြေးလက်ထောက်ရတာနဲ့၊ သူများထိုင်ခုံနောက်က လက်ကိုင်ကို ပြေးကိုင်ရတာနဲ့ ကိုယ့်မှာ ခါးဖက်ထားစရာ ရှာမထားမိတဲ့ အဖြစ်ကို နာကျည်းအောင် လုပ်ကြပါတယ်။
ရှိပြန်ရင်လည်း တခါတလေ လက်ကိုင်ကွင်း တခုကို လက် ၃ချောင်းလောက် လုကိုင်ရပါတယ်။
တကယ်တော့ လက်ကိုင်ကွင်းလေးတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာခွင့်ပေးထားရင် မပုတုလေးတွေက ကျေးဇူးတင်ပြီး ဝယ်သုံးကြမှာပါ။
(တခါကတော့ ကြော်ငြာ လက်ကိုင်ကွင်းတွေ တွေ့ခဲ့မိပါတယ်။
ဘယ်အချိန်က ပျောက်သွားပြီး ဆက်မလုပ်ကြတော့လည်း မသိပါဘူး)
(၃)ယာဉ်မောင်းသူရဲ့ ဘေးမှာ LED Signboard နဲ့ ဘယ်မှတ်တိုင်ရောက်တော့မယ် ဆိုတာ စာတမ်းလည်း ထိုး ၊အသံနဲ့လည်း ပြောပြနေပါတယ်။
(၄)ကားပေါ် တက်တက်ချင်းမှာ အကန့်လေးတွေနဲ့ စင်လေးတခု တွေ့လို့ စပ်စုကြည့်တော့ အရင်က စာအုပ်တွေ ဖတ်ဖို့ ထားတာပါတဲ့။ အခုတော့ စာမဖတ်ကြတော့ဘဲ ဖုန်းပွတ်တဲ့ ခေတ်ဖြစ်လာလို့ စာအုပ်မထားပေးတော့ပါတဲ့။ စင်လေးပေါ်တော့ ပစ္စည်းတွေ တင်လို့ ရအောင် လုပ်ထားပေးပါတယ်။
(၅)ကားပေါ်မှာ ဒရိုင်ဘာ တဦးတည်းပဲ မောင်းပြီး စပယ်ယာ မပါပါ။
ကားခကို တချို့ကားတွေမှာ အတက်ကတည်းက ပေးရပြီး အချို့က အဆင်းမှ ပေးရပါတယ်။ ကျမလိုက်စီးတဲ့ ကားကတော့ အဆင်းမှာပေးရတာပါ။ပန်ချောင်း ဘူတာ ဂိတ်စကနေ ကျုံးဟိုထိ NTS 15 ဒေါ်လာ ပေးရပါတယ်။ ခရီး တဝက် သတ်မှတ်တဲ့ မှတ်တိုင်ထိ ၁၅ ဒေါ်လာပေးရပြီး ဟိုဖက်ဆက်သွားရင် ၃ဝ ဒေါ်လာပေးရပါတယ်။
မြန်မာငွေနဲ့ဆို 15 NTS ဒေါ်လာ x 37 ကျပ်=555 ကျပ် လောက် ကျပါတယ်။
ကျမတို့ဆီမှာ BRT Lite ဆိုပြီး ကျပ် ၃၀ဝ နဲ့ ခရီးစဉ်စဆုံး ပြေးဆွဲပေးတာ တန်တယ်လို့ မြင်ပါတယ်။
အဲဒီ ခရီးကို MRT စီးတာ NTS 40 ကျပါတယ်။ဘတ်စကားက ပိုသက်သာတဲ့ သဘောပေါ့။
Easy card ခေါ်တဲ့ MRT စီးစီး ဘတ်စကားစီးစီး သုံးလို့ရတဲ့ ကဒ်နဲ့swipe လုပ်ချင်လုပ်၊ငွေအကြွေပေးချင်ပေး ရပါတယ်
ပြန်အမ်းတဲ့ အလုပ်တော့ မလုပ်ဘူးတဲ့။
ဘတ်စကားခ မပေးဘဲ ဆင်းရင် ဒရိုင်ဘာက ငွေထည့်သွားအုံးလို့ သတိပေးတယ်လို့ သိရပါတယ်။
ဒရိုင်ဘာ တယောက်တည်း တန်ရာတန်ကြေး မပေးချင်တဲ့ လူတွေကို မလွတ်အောင် ခရီးသည်တွေကို ဘယ်လို မှတ်သလဲတော့ မသိပါဘူး။
လူလစ်ရင် ကားခမပေးဘဲ စီးမယ်ဆိုတဲ့ စိတ်ဓါတ်တွေ မရှိကြတော့တဲ့ နေ့တော့ ရောက်လာမှာပါ။
(၆) မသန်စွမ်းတွေ ဘတ်စကားပေါ် တက်ရင် အလွယ်တကူ တက်လို့ရအောင် လုပ်ပေးထားတယ်လို့ ပြောပါတယ်။ ကျမစီးတဲ့ ဘတ်စကားမှာတော့ မသန်စွမ်းမပါလို့ စပ်စုခွင့် မရခဲ့ပါဘူး။
-ကားပေါ်မှာ အဲကွန်းပါတာ ဆိုဖာကောင်းတာ ဆိုတာမျိုးတွေတော့ မပြောချင်ပါဘူး။
လိုရာခရီးကို ဘေးကင်းလုံခြုံစွာ ရောက် နိုင်ဖို့ က ပိုအရေးကြီးပါတယ်။
ကျမတို့ ရွှေပြည်ကြီးမှာလည်း ပြည်သူအများတွက် စီးတော်ယာဉ် ဘတ်စကားကို လုံခြုံဘေးကင်းပြီး လူ့အဆင့်အတန်းရှိရှိ စီးခွင့်ရဖို့ မဝေးတော့ဘူးလို့ ထင်ပါတယ်။
10 comments
ဂျစ်စူ
June 3, 2016 at 11:09 pm
များဒို့ဆီမလဲ မကြာမီ တစ်နေ့ ဖြစ်လာတော့မည်လို့
ယုံကြည်လျက်ပါ ဒွီးဒုံ….အဲ…ဒေါ်ရီးဒုံ
လောလောဆယ်တော့
သံချေးတက် အမှိုက်ဗရပွ ခုံဖင်နာ ပြတင်း လေဟာ
ပြိုလဲတော့မယောင် တခြမ်းစောင်း ကားတွေကို
ပြိုင်ကားအမှတ် မောင်းနေတဲ့ ဒရိုက်ဗာနဲ့
၂ပါးသွားနေကြရတုန်းပဲ လို့
kai
June 4, 2016 at 1:31 am
.. စီးမယ်တွေးထားခဲ့တာ…. အချိန်မရခဲ့သမို့..ရန်ကုန်ဘတ်စ်တောင်မစီးလိုက်ရဘူး..။
တက်စ်စီတွေ.. လမ်းလျှောက်နေသူတွေ.. လမ်းဘေးဈေးသည်တွေအပြုမအမူ.. စရိုက်တွေကနေ… ရသလောက်ဖမ်းမှန်းကြည့်ရရင်တော့…. ထိုင်ဝမ်ကဘတ်စ်တွေလိုဖြစ်ဖို့.. လက်၁ဝချောင်းနဲ့.. တခါ.. ၂ခါ.. ၃ခါ.. အနည်းဆုံးလိုဦးမယ်..။ :k:
Thint Aye Yeik
June 4, 2016 at 8:53 am
.ရွှေပြည်တော်ရယ် မျှော်နေလည်း ဝေးးးးးးးး
ဓူဝံကြယ်စင် မြင်နေလည်း ဝေးးးးရင်ထဲက မိုးတိမ် မငိုပါနဲ့လေ. . .
😥
ခင်ဇော်
June 6, 2016 at 12:47 pm
အဲလို အစဉ်ပြေတာတွေကြောင့် အလုပ်လုပ်ရတာ အလုပ်နဲ့ ပတ်သက်တဲ့ ပရက်ရှာပဲ ရှိတယ်။
ကျန်တဲ့ ဒုက္ခမခံစားရဘူး
:mrgreenn:
အရင်ကကျော်စွာဦးကြီးမိုက်
June 6, 2016 at 3:51 pm
.ကောင်းပါလေ့…အဲ့လိုနေ့ရောက်မှာကိုမျှှော်နေပါတယ်
ခင်ခ
June 6, 2016 at 4:37 pm
အရင်က သူများနိုင်ငံရောက်ရင် အားကျတဲ့စိတ်ဖြစ်တယ်။
အခု သူများနိုင်ငံရောက်ရင် ကိုယ့်ပြည်ပြန်မလာချင်စိတ်ပေါက်တယ်။
သူတို့လို ဖြစ်ဖို့ဆိုတာကတော့ ဝေးသည်ထက်ဝေး နေအုံးမယ်ထင်ပါရဲ့ အမရေ။
အောင် မိုးသူ
June 10, 2016 at 9:11 am
စင်ကာပူမှာလည်း အဲ့လိုပဲနော်။ နှစ်ထပ်ဘတ်စ်ကားစီးရတာ သဘောအကျဆုံးပဲ။
လုံမလေးမွန်မွန်
June 10, 2016 at 11:08 am
ဟုတ်တယ် အန်တီရယ်… သူများနိုင်ငံတွေက public transport ကို သိပ်အားကျတာ… တစ်ခါတစ်ခါ စဉ်းစားမိတယ်… (နိုင်ငံအပေါ် စေတနာမရှိတဲ့အကြောင်း မသိခင်ကပေါ့) ငါတို့နိုင်ငံက လူကြီးမင်းများ နိုင်ငံခြားကို လေ့လာရေးခရီးတွေသွားကြတာ.. ဘာမှသိမလာကြတာ.. အံ့ဩစရာကြီး.. အဲဒီလောက် ပိန်းရသလားလို့ပေါ့.. :k:
ဝေးဝေးမကြည့်ဘူး.. ဘန်ကောက်မှာဆိုလည်း ကားအရမ်းပိတ်တယ်.. ဒါပေမယ့် sky train က အရမ်းအဆင်ပြေတယ်.. လမ်းလျှောက်ချင်ရင်လည်း sky walk တွေကနေ အန္တရာယ်ကင်းကင်း လျှောက်လို့ရတယ်.. ကားမစီးချင်လို့ လမ်းလျှောက်တာတွေ.. စက်ဘီးစီးတာတွေကို အန္တရာယ်ကင်းကင်း လုပ်လို့ရရင်ကို ကားကျပ်တာတွေ အတော်လျှော့သွားမယ် ထင်တယ်…
နောက် ဆရာတစ်ယောက်က ပြောဖူးတယ်.. နိုင်ငံခြားမှာဆို လူငယ်တွေက သိပ်ကြိုးစားကြတာတဲ့.. လမ်းသွားရင်..ကားစီးရင်တောင် အင်္ဂလိပ်စာအုပ်တွေဖတ်.. အင်္ဂလိပ်စာတွေနားထောင်နဲ့.. အချိန်ကို အကျိုးရှိရှိသုံးကြတယ်တဲ့.. ကိုယ်တိုင်လည်း ကြိုးစားကြည့်ဖူးပါရဲ့.. ဆူညံပွက်လောက်ရိုက်နေတဲ့လမ်းမှာ.. ကားလမ်းပေါ်တက်လျှောက်ရတဲ့အဖြစ်.. မတ်တပ်ရပ်မပြောနဲ့.. ထိုင်စီးရင်တောင် ဘာသံမှ နားထဲမဝင်နိုင်လောက်အောင် ဆူညံနေတဲ့ဘတ်စ်ကား.. စာဖတ်ပြီး စာနားထောင်ဖို့မပြောနဲ့.. အသက်ကိုဖက်နဲ့ထုပ်ထားရတာဆိုတော့… ဘာမှမလုပ်နိုင်ဘူး…
ခုတော့ ရောင်နီလေးမြင်နေရပြီလေ… 🙂
သျှားသက်မာန်
May 24, 2017 at 2:09 pm
ခုမြန်မာမှာလည်း တချုို ့ဘတ်စ်ကားတွေအဲလိုနည်းပါးဖြစ်လာတာမြင်ရတော့ ဝမ်းသာမိပါတယ် မှီဖို့ကတော့ တော်တော်လိုပါဦးမယ်
Shar Thet Man
May 10, 2018 at 1:17 pm
ခုတော့မှီနေပြီလို့ပဲပြောရတော့မယ်