တတိယမြောက် လက်ပတ်ကလေး ….

hmeeJuly 1, 20161min39711

ကျွန်မတွင် တထွှာသာသာ နံသာရောင် ဘူးလေးတလုံး ရှိသည်။ သားနှင့် သမီးသည် သည်သေတ္တာလေးကို သိပ်စိတ်ဝင်စားကြသည်။ စိတ်ဝင်စားဆို သူတို့နှင့် သက်ဆိုင်သည်ကိုး။ လူဆိုသည်မှာ သူတပါးအကြောင်းထက် ကိုယ့်အကြောင်းကို ပိုစိတ်ဝင်စားသည့် သတ္တဝါဖြစ်သည်။ ဒါ့ကြောင့် သူတို့နှစ်ယောက် စိတ်ဝင်စားကြသည်။ အဲ့သည့်အထဲတွင် လက်ပတ်လေးနှစ်ခုအပြင် သူတို့ ဘဝနှင့်သက်ဆိုင်သော မှတ်တမ်းလေးတွေ ရှိနေသောကြောင့်ဖြစ်သည်။

သားနှင့်သမီးမွေးစတွင် မိခင်နာမည်၊ မွေးရက်၊မွေးချိန် ၊ ပေါင်ချိန်တို့ကို ရေးထားသော လက်ပတ်လေးတွေ တခုစီပတ်ထားသည်။ ဆေးရုံက ဆင်းသောအခါ ကျွန်မက အမှတ်တရ သိမ်းထားခဲ့သည်။ ယခု ကြီးပြင်းလာသောအခါ ထို လက်ပတ်ကလေးသည် အတော်သေးသေးလေး ဖြစ်နေ၍ နှစ်ယောက်သား အမြဲ အံ့ဩကြသည်။ သူတို့ရဲ့ ငယ်သွားလေးများနဲ့  ထူးထူးခြားခြား အဖြစ်အပျက်လေးများနဲ့ ကြီးပြင်းလာပုံ မှတ်တမ်းစာအုပ်လေးကို တွေ့တိုင်း မမေ့မလျှော့ မမောတမ်း မေးသလို အကြိမ်တိုင်း ကျွန်မက ပြောပြလေတိုင်း နှစ်ယောက်သား အလွန်သဘောကျလေသည်။  သည် လက်ပတ်လေး နှစ်ခုသည် သူတို့၏  မှတ်တမ်း သူတို့ အကြောင်းလေးမို့ သူတို့ စိတ်ဝင်စားသည်ကို ကျွန်မကလည်း သဘောကျလှသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သည်နေ့ ဆုံးဖြတ်ချက် အတည်ချရပေမည်။ နှစ်ယောက်သား မနေ့က တညနေလုံး အိပ်ရာမဝင်ခင်အထိ ဆုံးဖြတ်ချက် အပြီးမချနိုင်ပါ။ တွေတွေဝေဝေနှင့် အိပ်ရာဝင်ခဲ့ကြသည်။ သည်နေ့မနက် အိပ်ရာနိုးနိုးခြင်း ဆက်၍ စဉ်းစားကြရပြန်သည်။

”  သား … ဒိနေ့ ကျောင်းတက်ချင်လား ”

နောက်ဆုံးတော့ နှစ်ယောက်သား သားရဲ့ ဆန္ဒကိုသာ မေးဖို့ ဆုံးဖြတ်လိုက်ကြသည်။  သည်နေ့ သွားဆရာဝန်နှင့် တွေ့ရမည်။ ချိန်းထားသည်က ညနေ ၃နာရီ။ ၂နာရီမှာ သွားပြန်ခေါ်လျှင် ၁နာရီသာ ကျောင်းပျက်မည်။  မသွားခိုင်းလျှင်မူ တနေကုန်ကျောင်းပျက်မည်။ မသွားလျှင်လည်းကိစ္စမရှိသလို သွားလျှင်လည်း အပန်းမကြီးပေ။  ကျောင်းမတက်လျှင် ၈း၃ဝ နာရီတွင် ကျောင်းကို ဖုန်းဆက်ရုံ။ မဆက်လျှင်  ၉နာရီလောက်တွင် ကျောင်းမှဆက်ပေမည်။ ကလေးအိမ်မှာရှိတာသေချာပါသလားဟုမေးမည်။ စာလည်း ပြန်ကူးစရာမလိုသလို သားအတွက်ဖိစီးမှု တစုံတရာမှမရှိပါ။  ထို့ကြောင့်ကျောင်းလွှတ်သင့်မလွှတ်သင့် စဉ်းစားနေကြခြင်းပင်။ မလွှတ်လျှင် သား အိမ်မှာ ပျင်းနေရုံသာ။

” သား ကျောင်းတက်ချင်တယ်မေမေ ”

သားဆုံးဖြတ်ချက်ကို လိုက်နာပြီး သားကို ကျောင်းလိုက်ပို့ဖို့ ဆုံးဖြတ်လိုက်သည်။

” မေမေ နည်းနည်း စောစော သွားရအောင်”

ယခင်နေ့များက  ၈နာရီကျော်မှ အိမ်က ထွက်ဖြစ်သည်။ ၈း၃ဝ တွင် ကျောင်းတက်သောကြောင့်ဖြစ်သည်။

” ဘာလို့လဲ သားရဲ့ ”

” ကစားကွင်းက ပြန်ဖွင့်နေပြီ။ သား ကစားချင်တယ်။ နောက်ကျတော့ ခဏလေးပဲ ကစားရသေးတယ် ကျောင်းက တက်ရော ”

ဆောင်းဦးကာလမို့ ဆောင်းတွင်းတတွင်းလုံးပိတ်ထားသော လျှောကို ပြန်ဖွင့်ပေးပြီ။ ယခုမူ  နှင်းမရှိတော့ပြီမို့ ကစားခွင့်ပေလေပြီ။ သည်လိုနှင့် သားအမိ နှစ်ယောက် အိမ်မှ ခပ်စောစော ထွက်ကြသည်။

ကျောင်းအရောက် သားက သူတန်းစီနေကြ နေရာမှာ အိတ်ကိုချပြီး ကစားကွင်းဘက် ပြေးလေသည်။ ကစားကွင်းတွင် ကလေးအချို့ နှင့် တာဝန်ကျ ဆရာမ နောက် လုပ်အားပေး မိဘ နှစ်ဦး။  တခဏမျှ ရပ်ကြည့်ပြီး  အိမ်ကို ပြန်ခဲ့သည်။

သည်နေ့ ကိစ္စသည် လွန်ခဲ့သော နှစ်လက အစပြုသည်။  တရက်မှာ သားအိတ်ထဲတွင် စာတစောင် ပါလာသည်။ ကျောင်းတွင် ကလေးများကို သွားကျန်းမာရေး အတွက် ဆေးအဖွဲ့လာမည် ဟူသော အကြောင်းကြားစာဖြစ်သည်။ သုံးလေးရက် ကြာသောအခါ စာတစောင် ထပ်ရသည်။ သား ၏သွားများသည် အရေးတကြီး ကုသရန်လိုသောကြောင့်  ဆရာဝန်ပြရန် အိမ်သို့ စာပို့လိုက်ပါမည်ဟုပါ။ နောက်ထပ်တရက်ခြားမှာတော့ စာအိတ်တအိတ် ရောက်လာသည်။ သားသွားကို ကုသရန် ညွှန်းသောစာများပင်။

သူညွှန်ကြားသော ကျန်းမာရေး ဌါနသို့ ဖုန်းဆက် ရက်ချိန်းယူ။ လူနာများအားလုံးသည် ချိန်းထားသော အချိန်ကို အတိအကျ သွားရသည်။ အကြောင်းကြောင်းကြောင့် မလာနိုင်ပါက ဖုန်းဆက်၍ ပယ်ဖျက်နိုင်သည်။ အကြောင်းမကြားပဲ ပျက်ကွက်ပါက  လူနာတယောက်ကြည့်ခ C $  50 ပေးဆောင်ရမည်။ ရပ်ကွက်ကျန်းမာရေးဌါနမှ ကျွန်မတို့သည် နိုင်ငံသား မဟုတ်သလို ခိုလှုံသူလည်းမဟုတ်၍  ကျန်းမာရေးကတ်မရှိ၍  မိမိပြနေကြဆရာဝန်နှင့်သာ ပြရန် အကြောင်းပြန်သည်။ နောက်ထပ်  ပြနေကြ သွားဆရာဝန်ဆီ ရက်ချိန်းပြန်ယူ။

ပထမဆုံး သွားဆရာဝန်ဆီရောက်တော့ သွားများကို စစ်ဆေးရုံသာ။ ၃ချောင်းဖာ ၃ချောင်းနှုတ်ရမည်ဟု ပြောကာ ရက်ချိန်းထပ်ယူခိုင်းသည်။ စစ်ဆေးရုံသာဟု ရက်ချိန်းယူသည်မို့ ကြည့်ရုံသာ။  နာရီပိုင်းအခြားလိုက် လူနာချိန်းထားသည်မို့  တလက်စတည်းပဲ ဆရာရယ် ဖာလို့ရတာလေး ဖာပေးပါဟု ဈေးဆစ်၍ရမည်မဟုတ်ပါ။

နောက် ရက်ချိန်းအတိုင်းအရောက်သွားတော့ ရှေ့ဘက် ကြီးသွား ၂ချောင်းကိုဖာသည်။ သာမာန်မျက်စိနှင့် သေသေချာချာ မမြင်ရသော အမည်းစက်ကို လေဆာနှင့် သေသေချာချာ အချိန်ယူ ဖာသည်။ နောက်တပတ်ခြားမှာတော့ အောက်ဖက် သွားစွယ်လေးကိုဖာသည်။ သားကို ကုသော ဆရာဝန်က သားနှင့်မေးလိုက် ဖြေလိုက် သူ့ ကိရိယာတွေ ပေးကိုင်လိုက်နှင့် အဖွဲ့များပင်ကျလို့။ အမှန်တော့ သူ ထုံဆေး ထိုးတော့မှာမို့ သားကို မကြောက်အောင်လုပ်နေခြင်းပင်။ ခဏနေတော့ သားကို နေကာမျက်မှန်တပ်ပေးပြီး  ပါးစောင်အတွင်း မှန်ပြားလေးထည့် ပုတ်ကာ ပုတ်ကာလုပ်နေသည်။ သားကိုလည်း စကားတွေ အများကြီးပြော ပြီးမှ သွားဖုံးကို ထုံဆေး ထိုးတော့သည်။ သား တချက်တော့ တွန့်သွားပြီး ပြန်ငြိမ်သွားသည်။ ကြည့်ရသည်မှာ ကျွမ်းကျင်လှပေသည်။ နောက်တော့ သစ်သားဆောက်ကလေးတွေကော ကိရိယာ စုံလင်စွာ လုပ်အပြီးမှာ ပြီးလေသည်။ နှုတ်ရန်ကျန်သည့် သွားအတွက် လူကြီးတွေ ရက်ချိန်း ယူနေချိန် သူတို့ ကလေး နှစ်ယောက်က  အရုပ်ရွေးနေကြသည်။ အခန်းဝက ခြင်းထဲက ကြိုက်ရာ အရုပ်တရုပ်ယူခွင့်ရှိသောကြောင့်ပင်။

နောက်တနေ့ ညနေမှာတော့ ကိုယ်တော်ချော ကိုယ်ပူလာသည်။ ပါးတဖက်လည်း ယောင်နေပြီ။  နောက်တနေ့သည် သွားနှုတ်မည့်ရက် မနှုတ်ဖြစ်တော့ပဲ  သွားကို ဓါတ်မှန်ရိုက်။ သားငယ်ငယ် ဂျုးတွေဆီမှာတုန်းက သွားဓါတ်မှန်က ဖလင်ပြားနှင်။ သည်မှာတော့ အဲ့သည်လိုမဟုတ်။ ရိုက်အပြီး ဘေးက ကွန်ပြူတာမှာတန်းပေါ်။ ဆရာဝန်က ချက်ချင်းဖတ်ပြီး သောက်ရမည့်ဆေး ရေးပေး။  ဆေးဆိုင်မှာ စာရွက်ပြ ဝယ်ရသည်။ ဆေးဆိုင်က ဆရာဝန်ရေးပေးသော ပမာဏထက် ပိုမပေးပါ အတိအကျ ချိန်ပေးလိုက်သည်။ နောက် နှုတ်ရန်ကျန်သည်များကို ၂ပတ်ကျော်တွင် ချိန်းပေးသည်။ သည်လိုနှင့် သည် ညနေသည် သား သွားနှုတ်ရမည့်နေ့ဖြစ်သည်။  ၃ချောင်းလုံး တပြိုင်တည်း နှုတ်ပါက သား ခံနိုင်ပါ့ မလားဟု သောက ပွားရပေသည်။

အိမ်သို့ ပြန်အရောက် အိတ်ကိုချ။ အဝတ်အစား လဲရန် အခန်းထဲအဝင် အိမ်ကြီးရှင်ဖုန်း မည်လေသည်။ မနက်စောစောတွင် ဖုန်းလာလေ့လာထ မရှိ၍ ထူးဆန်းလှသောကြောင့် ခဏရပ်ကာ အသံကို နားစွင့်မိသည်။

” အခု….  ဘာများ ဖြစ်သွားပါသေးလဲ ”

အိမ်ကြီးရှင် အသံ အနည်းငယ် တုန်နေသည်။ မျက်နှာလည်း ချက်ချင်း ပျက်သွားသည်။ ခြေမကိုင်မိ လက်မကိုင်မိ ပျာပျာယာယာ ဖြစ်နေသည်။ တခုခုတော့ မှားနေပေပြီ။ အဝတ်အစားကို မလဲတော့ပဲ အခြေအနေကြည့်ကာ ရပ်နေမိသည်။

” ဟုတ်ကဲ့ အခု လာခဲ့ပါ့မယ် ”

ဖုန်းပိတ်ပြီး ကျွန်မဘက်လှည့်ကာ ပြောလိုက်တာက မထင်မှတ်ထားသော စကားများ။

” သား  သား  လိမ့်ကျလို့တဲ့  လက်က ကျိုးသွားတယ် ထင်တယ်တဲ့ ”

”  ဟင်… အခုပဲ ပို့ခဲ့တာကို ”

ချက်ချင်း နှစ်ယောက်သား ကျောင်းကို အပြေးအလွှား။ ကျောင်းသွားရာ လမ်းတလျှောက် သောက ကြီးစွာနှင့်။ ကျောင်းရောက်တော့ သားက ရုံးခန်းထဲမှာ ဆရာတယောက်က ပွေ့ထားသည်။ သား ပတ်ပတ်လည်တွင် ခေါင်းအုံးတွေ။ ကျောင်းအုပ်ကြီးက မတ်တပ်ရပ်လျှက်။

သားကို ခေါ် ကားပေါ်တင်ကာ ကလေးဆေးရုံကို ပြေးရသည်။  ဆေးရုံ ဝင်ဝင်ခြင်းတန်းစီ။ မနက် ၉နာရီလောက်မို့ လူနာ သိပ်မရှိလှ။ တာဝန်ကျ ဆရာဝင်က လာခေါ်။ အခန်းထဲရောက်တော့ သားလက်ကို စစ်ဆေး။ လက်က အတော် ယောင်နေပြီ။  စစ်ဆေးပြီးတော့ တွန်းလှည်းပေါ်တင် အရေးပေါ်ကုသရာကိုပို့ခဲ့။ သားရှေ့တွင် ကလေးတဦး။ အသက် ၁ဝနှစ်လောက်ရှိမည်။ သူက ဘယ်လက် ၃ပိုင်းကျိုးသည်မို့ ကျပ်စည်းထားသည်။  ခဏနေတော့ အရေးပေါ် ကုသခန်းထဲဝင်။ အကန့်လိုက့် ၁ဝခန်းစီ တန်းလျှက် မျက်နှာခြင်းဆိုင်ရှိသည်။  ဆေးရုံကြမ်းပြင် မျက်နှာကျက်၊ နံရံတွင် ပန်းချီကား အရုပ် အရောင်အသွေးစုံ။ ဆေးရုံတခု၏ အနံ့နှင့် မွန်းကျပ်မှုများ မခံစားရပေ။

ရောက်ရောက်ခြင်း ဆရာမ နှစ်ယောက်က ဖြစ်စဉ်ကိုမေး။ မန်းကီးဘားမှ ပြုတ်ကျကြောင်း သားက သူ့ဘာသာ ဖြေနေလေသည်။  ဆေးထိုးပိုက်နှင့် ပန်းရောင် အရည်တချို့ နှာခေါင်းမှ ထည့်မည်ပြင်တော့ ကိုယ်တော်ချောက အော်လေသည်။  သည်အရည် နှာခေါင်းမှ ဝင်သွားလျှင် လက်အနာ သက်သာမည်ဟု သားကို  ချော့ပြောမှ လက်ခံသည်။ ခဏနေတော့ အနာသက်သာလာပုံရသည်။ နည်းနည်းလှုပ်လာပြီး ဟိုမေးသည်မေး စပ်စုလာသည်။ ပလာစတာ အဝိုင်းလေးနှစ်ခု ထုတ်လာကာ လက်ခုံမှာတခု လက်ဖျံသွေးကြောမှာတခု ကပ်ပေးသည်။  အပ်ထိုးလျှင် မနာအောင် ထုံအောင် ကပ်တာဟု သားကို ရှင်းပြနေသည်။

ခဏအကြာမှာ ဗလ ကောင်းကောင်း အမျိုးသား သူနာပြုက သားလှည်းကို ဓါတ်မှန်ခန်းသို့ လိုက်ပို့သည်။ သားလက် ဘာများဖြစ်သွားသလဲ မေးသည်ကို မည်သူမှ မပြောပါ။ ဓါတ်မှန်ရိုက်ပြီးလျှင် ဆရာဝန်ပြောမည်ဟုသာ ဖြေကြသည်။  အငယ်လေးက တဖက် နှင့် နှစ်ယောက်သား သောကတွေပွေ့ကာ  ခေါ်ဆောင်ရာ လိုက်ရပြန်ပါသည်။

ဓါတ်မှန်ရိုက်ပြီး မူလအခန်းထဲ ပြန်ပို့။  ဓါတ်မှန်ဆိုလို့ ကိုယ်တွေ မျက်လုံးထဲ ဖလင်ပြားကြီး ပေးမည်လေလားပေါ့။ ဘာမှ မပေးပဲ အူကြောင်ကြောင် သည်ဖက်ကို ပြန်ရောက်လာသည်။ သည်ဖက်ရောက်တော့ ဓါတ်မှန်က ကိုယ်တွေအရင် သည်ဖက်က ဆရာဝန်ကွန်ပြူတာထဲ ရောက်နှင့်နေပေသည်။  အွန်လိုင်းက ပို့လိုက်သည်ကိုး။ သည်တော့မှ ဆရာဝန်က လက်အဆစ်ပြုတ်ကာ အရှေ့အနောက်လွဲသွားသည်။ ခွဲခန်းဝင်ရမည်  ပင် ၃ချောင်းထည့်မည်။ ခွဲချိန် ၄၅ မိနစ်  ကြာမည်ဟု ရှင်းပြသည်။ သူနာပြုတွေ သားလက်ကို အပ်ထိုးဖို့ ပြင်တော့ အပ်မြင်ပြီး ကိုယ်တော်က ရုန်း။

” ပြီးပြီလား မေမေ  ”

” ပြီးပြီ  ”

” ဟင်… နာလည်း မနာဘူး  ”

သူ ပြောမှ သောက ကြားမှ ပြုံးမိသည်။

”  ဒါလေးတွေ ကပ်ထားလို့ ”

သူနာပြုက ရီရင်း ရှင်းပြတော့ ကိုစပ်စုက ပလာစတာကို တောင်းကြည့်သည်။

ဆေးရုံရောက်တော့ ၉နာရီကျော်။စ စ်ရင်းဆေးရင်းနဲ့ ၁၂ နာရီထိုးပြီ။ သမီးလေးလည်း ပင်ပန်းပြီး အိပ်ပျော်နေပြီ။   ကလေးလည်း ပင်ပန်း လူကြီးလည်း နွမ်း။ လူကြီး နှစ်ယောက်လည်း  အဖြူရောင်မီးဟပ်လို့ ရေများပင် မသောက်နိုင်ပေ။

၁နာရီ ခွဲမှာမို့ သားကို ခွဲခန်းကိုပြောင်း။  ခွဲခန်းရဲ့ မျက်နှာကျက်နဲ့ နံရံမှာ ဂြိုလ်ကြီးတွေ အရောင်စုံ။ ခွဲခံရမဲ့ ကိုယ်တော်က ဟိုဟာက မားစ်။ သည်ဟာက ကမ္ဘာနဲ့  လိုက်များပင် ကြည့်နေတော့သည်။ ကလေးတွေစိတ်ထဲ ခွဲခန်းဟု ထင်မည်မဟုတ် အရောင်စုံ ပြတိုက်ထဲ ရောက်နေသည်ဟုသာ ထင်လိမ့်မည်။  ခွဲခန်းထဲမှာ  ကလေးစီးကား ၄စီးက နံရံမှာကပ်လျှက် အစီအရီ။  သားဖြစ်စဉ်ကို မေးသည်ကို အမေက ဖြေတုန်း သမီးတော်က ကားစီးမည် တပြင်ပြင်။ သမီးက တလှုပ်လှုပ်မို့ ဆရာဝန်တယောက်က သံစုံ မြည်သော အရုပ်ကလေး လာပေးတော့မှ ငြိမ်တော့သည်။ သားကို ခွဲမည့် ဆရာဝန်ကြီးက စိတ်မပူဖို့ ပြုံးပြကာ အကြိမ်ကြိမ် ပြောနေသည်က အားကိုးချင်စရာကောင်းလှသည်။  ခွဲခန်းထဲ တွန်းဝင်သွားသော သားကို ရပ်ကြည့်နေသော ကျွန်မ ပခုံးကို ပုတ်ကာ သူ့နောက် လိုက်ခဲ့ဖို့ ခေါ်လေသည်။ ခွဲခန်းအပြင် ခပ်လှမ်းလှမ်းမှာ ရှိသော လူနာစောင့် အခန်းကို လိုက်ပို့ကာ  နောက် ၄၅ မိနစ်နေရင် ပြန်လာခေါ်မည်ဟု ပြောကာ ပြန်ထွက်သွားလေသည်။

တညလောက် ဆေးရုံတက်ရမည် ဆိုသောကြောင့် မည်သူ သားနှင့် နေမည်ကို စဉ်းစားရပြန်သည်။ သားကလည်း အမေနှင့်နေချင်မည်။ သမီးကလည်း အိမ်မှာ အဖေနှင့်နေပါက ညဖက် ထငိုမှာ စိုးရပြန်သည်။  နှစ်ယောက်သား ခေါင်းပူ ရင်ပူနှင့်။ နားနေခန်းသည် အတော်အသင့်ကျယ်သည်။ တယ်လီဖုန်းရှိသည်။ တီဗွီ၊  အကြွေစေ့ထည့် မုန့် အအေး ဝယ်ရသော စက်ရှိသည်။ အိမ်သာရှိသည်။ အစစအရာရာ အဆင်ပြေအောင် လုပ်ပေးထားသည်မှာ တိုးတက်ပြီးသော နိုင်ငံများ၏ ဓလေ့များပင်ဖြစ်လိမ့်မည်။  ၄၅မိနစ်သည် ကြာလွန်းလှသလိုပင်။ သူနာပြုတွေ တယောက်ပြီးတယောက် မိဘတွေကို လာခေါ်။ အခန်းရှေ့ သူနာပြု ရပ်တိုင်း  ကိုယ့်များ ခေါ်လေမလား လည် တဆန့်ဆန့်။  နောက်တော့ ဆရာဝန်ကြီး ရောက်လာကာ စိတ်မပူဖို့ ပြောကာ ကလေးသတိရပြီ  အခြေအနေ ကောင်းလျှင် ညနေ အိမ်ပြန်ရမည် ပြောတော့ာ စိတ်နည်းနည်း သက်သာရသည်။

သားနေရမည့် အခန်းထဲရောက်တော့ သားက သတိကောင်းကောင်း ရနေပြီ။ ပြုံးပြုံးရွှင်ရွှင်နှင့် သူ့လက်မှာ ပတ်ထားသော အဝါရောင် လက်ပတ်လေးကို စိတ်ဝင်စားလို့။  ကုတင်ပေါ်က သားကြည့်ရတာ အဆင်ပြေအောင် ဆရာမက တီဗွီကို နေရာချိန်ဆပြီး ကာတွန်းကား ဖွင့်ပေးသွားတယ်။ လူမမာက တီဗွီကို သူ့နားဆွဲယူပြီး သူကြိုက်တဲ့ ကာတွန်းလိုက်ရှာနေသေး။ ခဏအကြာမှာ သားကို ရေတိုက်လို့ရပြီမို့ တိုက်စရာလိုက်ယူရန်နှင့် ယူရမည့်နေရာကို လိုက်ပြမှာမို့ လိုက်ခဲ့ဖို့ ခေါ်လေသည်။ ပတ်ပတ်လည် လူနာခန်းတွေရဲ့ အလည်မှာ ဆရာဝန်များနေရာ။  သူတို့နှင့် ကျောချင်းကပ်လျှက်မှာ  အခန်းတခု။ တံခါးအဖွင့်မှာတော့ အထဲမှာ ရေခဲသေတ္တာ ၃လုံး။ ကော်ဖီဖျော်စက်တလုံး။ တခါသုံးခွက်တွေ ပန်းကန်တွေက စဉ်တခုနှင့်။  အသင့်လှီးထားသော သစိသီးမျိုးစုံ၊ ပေါင်မုန့်၊ အအေးမျိုးစုံတွေက သက်ဆိုင်ရာ ရေခဲသေတ္တာတွေထဲမှာ။ ရေခဲခန်းမှာက ရေခဲချောင်းအရောင်စုံ။ ကလေးမပြောနှင့်ကျွန်မပင် စားချင်လာသည်။  ကလေးကို မေးကြည့်ပါ ရေသောက်ချင်လျှင်ရေတိုက် မသောက်ချင်လျှင် ရေအစား သည်ရေခဲချောင်းတွေ ကျွေးပါတဲ့။ အားလုံး လူနာအတွက် ကြိုက်ရာကျွေးပါတဲ့။ အံ့ဩရသည်မှာ ပြောစရာစကားပင် ရှာမရချင်တော့ပါ။  လူနာတွေ အခက်အခဲ မရှိအောင် ထောင့်စုံက စီမံတတ်ပါပေသည်။ ညနေစာကို ကိုယ်တော်လေးက စပါကတီတပွဲနှင့် ကြက်စွပ်ပြုတ်သောက်တော်မူလေသည်။  ကိုယ် ဂျီးများက သည်တခါတော့ ကောင်းလိုက်တာ မေမေရယ်တဲ့။

ညနေ ရောက်တော့ သားလည်း လန်းလန်းဆန်းဆန်း အတော်ပင် ကောင်းလာပြီမို့ ဆေးရုံဆင်းခွင့်ရသည်။ နောက်တပတ်နေလျှင် ပြန်ပြရမည်။  ပထမတရက်သာ အနေခက်ပေမဲ့ နောက်နေ့မှာတော့ သားသည် လျှင်လျှင်မြန်မြန် သက်သာလာလေသည်။  ကျောင်းတော့ မတက်သေးပါ။

တပတ်ပြည့် ဆေးရုံပြန်ရောက်။ သည်တခါတော့ အရေးပေါ် ဝင်ပေါက်မှ မဟုတ်ပဲ အရှေ့ မျက်နှာစာဖက်မှ ဝင်ရသည်။  ဝင်ဝင်ခြင်းမှာ လက်ဆေး ဆပ်ပြာစင်ကလေးနှင့် မျက်နှာအုပ်သော  နှာခေါင်းစည်းဘူးများချထားပေးသည်။ ကလေး လူကြီး နှစ်မျိုးရှိသည်။ မည်သူမဆို အလာကားယူနိုင်သည်။  ဆေးရုံနံရံတွင် ဆရာဝန်များ၏ နာမည်များကို ကလေးများဖတ်ချင်စရာကောင်းအောင် လုပ်ထားသည်ကလည်း တမူထူးလှသည်။  ဆရာဝန်နှင့် ဝင်တွေ့အပြီး ဓါတ်မှန်ပြန်ရိုက်ခိုင်း။  ဓါတ်မှန်ခန်းကို သွားဖို့ နံရံပေါ်က ဘဲခြေရာလေးတွေနောက် လိုက်သွားပါဟု လမ်းညွှန်လေသည်။ ဘဲခြေရာ အဆုံးမှာ ဓါတ်မှန်ခန်းကို ရောက်လေသည်။ ဓါတ်မှန်ရိုက်ဖို့ စောင့်ရသည့် အခန်းသည် ကလေးကစားကွင်း အငယ်စားလေးနှင့် တူလှသည်။  နံရံပေါ်မှာ အရောင်စုံ ကလေးကြိုက် ပန်းချီကားက နံရံ လေးဖက်အပြည့်။ ကောင်တာတွင် ကလေးတွေ ရောင်စုံချယ်စရာ စာရွက်နှင့် ရောင်စုံခဲတံက ခြင်းအပြည့်။  စောင့်ဆိုင်းရင်း ကလေးတွေ အရောင်ချယ်နေကြသည်။

ဓါတ်မှန်ခန်းအသွား နံရံမှာ ကမ္ဘာကျော် ကလေးတွေ ဘဝရဲ့ တီထွင်သူ ဆရာကြီးတွေရဲ့ ပုံတွေ အစီအရီ။ ဝေါဒစ်္စနေးဆရာကြီးပုံက အရှေ့ဆုံးက။ ဆေးရုံလမ်းနှင့်မတူ ပြတိုက်ထဲ ရောက်နေသလို ခံစားရသည်။ သည် တခါတော့ ဓါတ်မှန်မတောင်းမိတော့။

body shop  အခန်းက သားနံမည်ခေါ်တော့ ဝင်သွား။ သားလက်ကို ကျောက်ပတ်တီး ပြန်စီးရမည်။ သည်တော့မှ ကွန်ပြူတာထဲမှ သားလက် ဓါတ်မှန်ကို မြင်ရသည်။ အဆစ်ပြန်မလွဲအောင် အသားကိုဖေါက်၍ လက်ညှိုးတချောင်းစာ အရှည်ရှိသော ပင် ၃ချောင်းကို  တံတောင်ဆစ်ကွေးက ထည့်ကာထိန်းထားသည်။ ပတ်တီးစည်းသည်မှာ ကျွမ်းကျင်လွန်းလှသည်။ ပထမဆုံး ဂွမ်းလိပ်ပတ်။ ဂွမ်းသည်  လက်နှစ်ဆစ်သာသာအရှည် ပတ်တီးလို အလိပ်ကလေး။ သားလက်တလျှောက်ပတ်။ တံတောင်နေရာကို ထူထူပတ်။ စိတ်ကြိုက်ပတ်ပြီးတော့ အစကို အသာဖြတ်ကာ လက်ဖဝါးနှင့် ပွတ်လိုက်တော့  တသားတည်းကပ်လို့။ သည်တခါ ကျောက်ပတ်တီး စည်းတော့ မှာမို့ ကတ်ထူပြားတခုမှာ အစီအရီ ကပ်ထားတဲ့ နမူနာ အရောင်တွေကို သားကိုပြကာ ရွေးခိုင်းတော့သည်။ အရောင်စုံ ၁ဝရောင်။ ကလေးတွေ ပတ်တီးကို စီးချင်လာအောင်ကို ဆွဲဆောင်နိုင်လွန်းလှပါတယ်။ သားကတော့ အပြာရောင်တဲ့။ တယောက်က ပတ်တီး  နှစ်ထုတ်ယူလာကာ ကျန်တယောက်က ရေဇလုံစင်လေးတွန်းလာပါတယ်။ အရာအားလုံးသက်တောင့်သက်သာရှိလှပါသကော။  ပတ်တီးပါကင်ကို ဖောက်ပြီး ရေဇလုံထဲ ခဏစိမ်။ ပြီးတော့ သားလက်က ဂွမ်းအပေါ်ကနေ အသာအယာ ပတ်သွားပါတော့တယ်။ ပတ်လို့ပြီးတော့ အဆုံးစကို သေသေချာချာ လက်ဖဝါးလေးနဲ့ သပ်ရင်းသပ်ရင်းကနေ ပတ်တီးက မာလာပါတော့တယ်။ ပတ်တီးအဆုံးက အသားကို ရှမှာစိုးလို့  နူးညံတဲ့ ဂွမ်းတိပ်ကလေးတွေနဲ့ အစသတ်။  လည်ပင်းမှာကြိုးလည်းသိုင်းပြီးရော အားလုံးပြီးပါတော့တယ်။

ကျွန်မတို့ဆီက ကျောက်ပတ်တီးနဲ့ မတူလှတာမို့ မေးကြည့်တော့ ကိုယ်တော်က ပြုံးတော်မူကာ ပြောတာက အဲ့ဒါတွေက ဟိုးးးး   ရှေးရှေးတုန်းက ဟာတွေဆိုပဲ။  ခုဟာက ပိုပေါ့တယ် ပိုမာတယ် ကလေးတွေကို သက်တောင့်သက်သာပိုရှိစေတဲ့ နောက်ဆုံးပေါ်ပါတဲ့။ အခန်းအပြင်ရောက်မှ အမှိုက်ပုံးထဲထည့်လိုက်တဲ့ ပတ်တီးထည့်တဲ့ ပတ်ကင်အိတ်လေးမှ မတောင်းခဲ့ရလို့ နောင်တတွေတောင်ရမိပါတယ်။

အော်…. ချမ်းသာတဲ့ နိုင်ငံတွေများ လူကို ဘယ်လို ပိုသက်သာစေမလဲများတွေးပြီး ပိုပိုကောင်းအောင် လုပ်နေပါလားလို့ စဉ်းစားမိပါတယ်။  တကယ်ကို အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။

နောက်ထူးခြားတာတခုက ကလေးကို ဆေးလုံးဝမတိုက်တာပါပဲ။ သို့ပေမဲ့ သားကတော့ သက်တောင့်သက်သာနဲ့ လျှင်လျှင်မြန်မြန် သက်သာလာပါတယ်။ ကျိုးပြီး တပတ်အကြာကျောင်းပြန်တက်ပါတယ်။ ၃ပတ်အကြာမှာ ပတ်တီးဖြည် ပင်ပြန်ထုတ်။ နောက်ထပ် ၃ပတ်အကြာမှာ ဓါတ်မှန်တခါပြန်ရိုက်ပြီးကြည့်ပါတယ်။  လက်ကောင်းတော့ သွားဖက် တခါပြန်လှည့်ရပြန်ပါတယ်။ မလှည့်လို့ကမရ ကျန်းမာရေးဌါနက ဆရာဝန်က ကုသမှုမပြီးသေးလို့ စာပြန်မပို့တာ ကြာနေလို့ ဖုန်းက အကြိမ်ကြိမ်လာ။ လက်ကြောင့်သွားက ၂လနီးပါး နောက်ကျသည်ကိုး။ အခုတော့ လက်လည်း ကောင်းသွားသလို  သွားတွေလည်း အနှုတ်ခံရပြီးပါပြီ။ သားအတွက်တော့ ခက်ခဲတဲ့ ရက်တွေပါပဲ။

အားလုံးပြီးတော့ ကျွန်မရဲ့ သေတ္တာလေးလည်း ပစ္စည်းအသစ်တွေ လက်ခံရပါတယ်။  သားရဲ့ စာအုပ်ကလေးထဲမှာ သားရဲ့ ခက်ခဲတဲ့ ရက်တွေ အကြောင်းရယ် အဝါရောင်လက်ပတ်အသစ်ကလေးရယ်ပါ။  သေတ္တာကလေးကတော့ တတိယမြောက် လက်ပတ်ကလေးကို လက်ခံယူရင်း နောင်တချိန် ပိုင်ရှင်ကို ပြန်ပေးရမဲ့ ရက်ကို မျှော်နေမယ် ထင်ပါတယ်။

 

11 comments

  • မမချွိ

    July 1, 2016 at 5:07 am

    ဖြစ်ရလေ သားးလေးး…

    လူလူချင်းး ညှာတာသက်သာအောင်ထားဖို့စိတ်နဲ့ နိုင်ငံချမ်းသာတဲ့ အကြောင်းက ဘယ်ဟာ အရင်လာမယ် မသိ မမှီရေ…

    နိုင်ငံ ချမ်းသာမှ လုပ်ပေးနိုင်တာကို မျှော်ရတာနောက်မှ ပြင်နိုင်တဲ့ ကိုယ့်စိတ်လေးတွေ ပြင်ကြတာတော့ ပိုနီးစပ်လေမလားးး

    ဥပမာ – လမ်းမှာ အရာရာတိုင်းးဒေါသ ဖြစ်လာရတဲ့ ဝန်ထမ်းဟာ သူ့ အလုပ်ထဲက Service အတွက် စိတ်ပိုင်းဆိုင်ရာ အကောင်းမြင်မှု အနည်းနဲ့ အများတော့ လျော့ပြီလေ..
    စိတ်တို အဆိုးမြင် Chain နဲ့ လည်ပတ်နေတဲ့ လူတွေ ဖြစ်ကုန်တော့တာပေါ့..

    :a:

    • hmee

      July 1, 2016 at 7:18 pm

      အားလုံးဟာ ဆက်စပ်နေတာပါ ဇီရေ

  • kai

    July 1, 2016 at 4:54 pm

    ဆင်းရဲတဲ့နိုင်ငံကျတော့လည်း.. ဝဋ်ကြွေးတို့… ။
    အခုဖြစ်နေသမျှ.. ခံနေရသမျှတွေက.. အရင်ဘဝက..အကြွေးပြန်ဆပ်နေတာပါတို့.. နဲ့.. လှိမ့်သမျှခံပေါ့..။
    ..
    အဲဒီလိုအရိုးစွဲနေတာကို.. ဖြေရှင်းကြပုံက.. .. သိပ်ခက်ခက်ခဲခဲကြီးတော့မဟုတ်..။
    ဟိုမှာဖက်.. အိမ်နီးချင်းနိုင်ငံဖက်ထွက်ပြေးသွားလိုက်.. ပြီးတာပဲ..။
    အဲလိုနဲ့.. မြန်မာ၁ဝသန်းလောက်… နိုင်ငံခြား.. ရောက်သွား.. ရောက်သွား… :k:

    • kai

      July 1, 2016 at 4:56 pm

      အဟမ်း.. ပြောချင်တာတွေများသွားတာနဲ့.. မူရင်းပို့စ်ကို ဝေဖန်ဖို့ကျန်ခဲ့တယ်..။
      ငြိမ့်ငြိမ့်လေး.. စီးဆင်းနေတဲ့မိခင်မေတ္တာ… လက်ဆွဲခေါ်ပြနေသလိုပါပဲ…လို့..။

      • hmee

        July 1, 2016 at 7:26 pm

        စေတနာတွေ သိပ်ကွာကြတယ်။ သည်လို နိုင်ငံရောက်လာတော့ ပိုပို သိလာတယ်။ သည်နေ့ဆို ကနေဒါနေ့။ ဘတ်စ်ကားတွေ အားလုံး အလကားစီးရမယ်။ ပတ်ဝန်းကျင်ကို နေချင်စရာကောင်းအောင် ဖန်တီးပေးထားတယ်။ အပန်းဖြေစရာ ခပ်ဝေးဝေး သွားစရာ မလို။ ကိုယ့်အိမ်နားတင် အားလုံး အဆင်ပြေအောင် လုပ်ပေးထားတယ်။ အဖက်ဖက်က အဆင်ပြေအောင်ကို လုပ်ပေးထားတာ။ ဂျုးတွေနဲ့ မတူတာက သည်မှာ လူရော စိတ်ရော အတော်ကို ငြိမ်းချမ်းတယ်။ ဒါ့ကြောင့် သည်က လူတွေ အသက်ရှည်တာ ဖြစ်မှာ

    • ဦးကြောင်ကြီး

      July 2, 2016 at 8:06 am

      မာမူခိုင်မ် မည်သည့်ဘာသာ ကိုးကွယ်ပါသနီးခမြှာ။။။

      • kai

        July 2, 2016 at 9:19 am

        ဂေါတမဗုဒ္ဓကတော့.. “အတ္တာ ဟိ အတ္တနော နာထော” တဲ့..”မိမိကိုယ်သာ ကိုးကွယ်ရာ”..။

  • တောတွင်းပျော်

    July 2, 2016 at 11:34 pm

    တမေ ့တမောကြီး ဖတ်လိုက်ရတာ..
    သူများနိုင်ငံက လူနာတွေအပေါ် စောင် ့ရှောက်တာကိုဖတ်ပြီး
    ကိုယ် ့ဆီက အခြေအနေယှဉ်လိုက်တော ့ စိတ်ဓါတ်တောင်ကျချင်သွားတယ်။
    – – – – – – – – – – – —
    ဒီကနေ ့ 2/72016 မနက်မှာပဲ ဆေးရုံကို လူနာပို ့ဖို ့သွားခဲ ့တယ်။
    မနေ ့ကတည်းက အဲဒီလူနာကို သွေးစစ်ဖို ့ ဆေးရုံကိုပို ့ခဲ ့ပြီးပါပြီ။
    စစ်ချက်အဖြေ စောင် ့နေရမှာမို ့ လူနာကို အိမ်ပြန်ခေါ်လာပြီး
    ဒီမနက်မှ ဆေးရုံကို ပြန်ခေါ်လာတာ။
    လမ်းတစ်ဝက်မှာ ဆေးရုံက ဓါတ်ခွဲခန်းဆရာမကို ဖုန်းဆက်တော ့
    ဆေးရုံဆရာဝန်ကြီးရဲ ့ ဆေးခန်းကို လာခဲ ့ပါတဲ ့။
    ဒါမျိုးက ဖြစ်သင် ့သလား?
    ကိုယ်တွေက ဆေးရုံကို အားကိုးလို ့ သွားပါတယ်ဆို
    ဆရာဝန်ကြီးက သူ ့ဆေးခန်းဝင်ငွေတိုးအောင် လုပ်ချလိုက်တာ ..
    ဆေးခန်းကိုရောက်တော ့ ဆရာဝန်ကြီးမရှိလို ့ စောင် ့ရမယ်တဲ ့။
    လူနာရှင်တွေလည်း စိတ်ဓါတ်တော်တော်ကျနေပြီး ဆရာဝန်ကိုမပြတော ့ပဲ
    စစ်ချက်ကိုပဲ ယူပြီး ပြန်လာခဲ ့တယ်။

    • hmee

      July 4, 2016 at 12:47 am

      ဆရာဝန်နဲ့ လူနာ အချို ုးမညီလို့လေ။ ကိုယ်တွေ ဆီမှာ ပြင်ရမှာတွေ အားကြီးပဲ။

  • Thint Aye Yeik

    July 4, 2016 at 12:04 pm

    သူများနိုင်ငံနဲ့ယှဉ်ရင် ဒီမှာက အစစ နိမ့်ကျနေတော့တာပဲ။
    .ကောင်းတဲ့နိုင်ငံတွေနဲ့မယှဉ်ကြည့်တော့ဘဲ ဆိုးနေတဲ့နိုင်ငံတွေနဲ့ ယှဉ်မှ
    နည်းနည်း သာသလိုလို ရှိသွားတယ်
    😆

  • အောင် မိုးသူ

    July 5, 2016 at 10:27 am

    ဒီပို့စ်လေးကိုဖတ်ပြီး ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်နေပြီလားလို့ သက်ပြင်းချမိပါရဲ့။

Leave a Reply