သူချစ်တတ်သည်

 

 

“ခလွမ်… … …”

စက်ရာဆောင်အတွင်းမှ ပြုတ်ကျ ကွဲကျေသံများက ရာဝဏကို မနှစ်မျို့ဖွယ် စီးကြိုလိုက်သည်။

“သွား… ငါဒါတွေမစားချင်ဘူး”

“ဒါ… ဒါဆို… သခင်မဖုရားအနေနဲ့ ဘယ်အရာကိုများ ပွဲတော်တည်ဖို့ အာသီသရှိတော်မူပါ သလဲ မိန့်ကြားပါ ဘုရား”

“ငါ ဘာကိုမှလဲ မစားချင်သလို ဘာကိုမှလဲမသောက်ချင်ဘူး။ ပြီးတော့ နင်တို့တွေရဲ့ အသားနီမျက်နှာတွေကိုလဲ မမြင်ချင်ဘူး။ သွား… ထွက်သွား… ငါ့အနားက အခုထွက်သွားကြ။”

ချိနဲ့တုံရင်နေတဲ့ ရွှေစာရဲ့ အသံနဲ့ဆန့်ကျင်စွာ ခက်ထန်သောအသံတစ်ခုကို ရာဝဏကြားလိုက်ရသည်။

‘အလို… သီတာ… သီတာ… နှမတော်လေးရယ်။ မင်းရဲ့ နှင်းဆီဖူး နှုတ်ခမ်းနုနုလေးကနေ ဒီလိုစကားကြမ်းကြမ်းတွေ ဘာကြောင့်များ ထွက်ကျလာတာပါလိမ့်’

သူ့ရဲ့တစ်ကိုယ်ရေ ရေရွတ်မှုမဆုံးခင်မှာပဲ စက်ရာခန်းအတွင်းမှ ရွှေစာထွက်လာတာကို ရာဝဏတွေ့လိုက်ရသည်။

အပြိုပြိုအလဲလဲဖြင့် မွစာကြဲနေသော ပွဲတော်အုပ်ကို တုန်ရင်သောလက်အစုံဖြင့်ကိုင်ထားသည့် ရွှေစာ၊ အခန်းဝနံရံနားတွင် ရပ်နေသော သူ့တို့ရဲ့ အရှင်သခင်ဘုရင်မင်းမြတ်ကို တွေ့လိုက်ရသောအခါ အတော်ပင်ထိတ်လန့်သွားသည်။ သို့ပေမယ့် ယခင်ကအမြဲလို ခတ်ထန်မာကျောနေသောမျက်နှာအစား ပူဆွေးညိုးလျော်နေသည့် သူ့အရှင်သခင်၏အသွင်ကိုတွေ့လိုက်ရတော့ ရွှေစာအကြောက်အနည်းငယ်တော့ပြေသွား၏။

တစ်ကယ်တော့ ရာဝဏဆိုတာ တစ်ပါးသူများအပေါ်မှာ မည်မျှပင်ခတ်ထန်ကြမ်းတန်းစွာ ဆက်ဆံခဲ့ ဆက်ဆံခဲ့ သီတာဒေဝီရဲ့ စက်ရာဆောင်အတွင်းသို့ရောက်တာနဲ့ ကျားရဲတစ်ကောင်မှ ကြောင်ငယ်လေးအဖြစ်  အမြဲလို ပျောင်းလဲသွားခဲ့သူပင် မဟုတ်ပါလား။

“နှမတော် ပွဲတော်မတည်ပြန်ဘူးလား ရွှေစာ”

အတန်ငယ်မာကျော်နေပေမယ့် သူ့အရှင်သခင်ရဲ့ အသံမှာ ဂရုဏာရိပ်တွေ လွှမ်းမိုးနေတယ်ဆိုတာ ရွှေစာ ကောင်းကောင်းကြီး သိပါနေတယ်လေ။

“ မှန်… မှန်လှပါဘုရား။ ဒီနေ့နဲ့ဆို မဖုရားပွဲတော်မတည်တာ သုံးရက်တောင်ရှိနေပါပြီ ဘုရား”

‘အို… သုံးရက်တောင် ရှိနေပြီတဲ့လား နှမတော်ရယ်…။ ဘာအတွက်ကြောင့်များ ကိုယ့်ကိုယ်ကို ဒီလောက်ထိအောင် ညှင်းပန်းနေရတာလဲ နှမငယ်ရယ်။ ဒြာဝိဒိယန်တို့ရဲ့ အရှင်သခင်မဆိုတဲ့ဘွဲ့ကို ငြင်းပယ်ထားလင့်ကစား အဆောင်ယောင်အခန်းနား ပြည့်ပြည့်စုံစုံရထားတဲ့ မင်းဟာ ရွှေဘုံစံမင်းသမီးလေးအဖြစ် ပျော်ပျော်ရွှင်ရွှင်နေနေရမှာ မဟုတ်ပေဘူးလား။ တကယ်ဆို မှော်ရုံတော်မှာ နန်းကျမင်းသားတစ်ပါးရဲ့ ကြင်ယာအဖြစ်ဆင်းရဲစွာနေရမယ့်အစား အခုလို အရှင်သခင်မတစ်ယောက်ရဲ့ဘဝကို ပျော်ပျော်ကြီး ခံစားနေရမှာ မဟုတ်ဘူးလား နှမရယ်’

ပျံ့လွင့်သွားသော အတွေးများကို မိမိရှေ့မှာ မလှုပ်မယှက်ရှိနေသော ရွှေစာအားတွေ့မှ ရာဝဏ ပြန်လည်ဖမ်းယူလိုက်သည်။

“အခုချက်ချင်း စားဖိုဆောင်ကိုသွား အကောင်းဆုံးဟင်းလျာတွေနဲ့ ပွဲတော်တစ်ခုကို နှမတော်အတွက် သွားပြင်ဆင်ခဲ့စမ်း”

“မှန်ပါဘုရား… ဒါပေမယ့်လေ သခင်မဖုရားက ပွဲတော် မ… မ…”

“စကားမရှည်စမ်းနဲ့ ရွှေစာ။ ငါပြောတဲ့အတိုင်းသာ အခုသွားလုပ်ချည်။ ဒီလိုမှမဟုတ်ရင်တော့ မင်းရဲ့ဦးခေါင်းကို လေးပြစ်ကွင်းမှာ ပြစ်မှတ်အဖြစ်ခံမလား ဒါမှမဟုတ် သားရဲတွင်းမှာ အစာကြွေးခံမလားဆိုတာကို ရွေးထား”

“မှန်… မှန်လှပါ… အမိန့်တော်မြတ်အတိုင်းပါဘုရား”

မိမိ၏ရှေ့မှ လေအဟုန်ဖြင့် ကြောက်လန့်စွာ ထွက်ခွာသွားသောရွှေစာကိုကြည့်ရင်း ရာဝဏ သက်ပြင်းရှည်တစ်ခုကို လေးတွဲ့စွာမှုတ်ထုတ်လိုက်သည်။ တစ်ကယ်ဆို သီတာဒေဝီရဲ့ရှေ့မှာမဆိုနှင့် သူ၏အရိပ်အငွေ့တွေရှိနေတဲ့နေရာမှာတောင် မင်းတစ်ပါးရဲ့ရာဇမာန်နဲ့ မာကျောမှုများကို သူလုံးဝမဖေါ်ပြလိုခဲ့။ သီတာ့အတွက်တော့ ရာဝဏဆိုတာ ချစ်မြတ်နိုးခြင်း အငွေ့အသက်တွေနဲ့ နူးညံ့နေစေရမယ်လေ။

။           ။           ။

စက်ရာခန်းဆောင်အတွင်း ရာဝဏဝင်လာခဲ့သည်ကို ညောင်စောင်းထက် အုံးစက်ရာပေါ်မျက်နှာအပ်ကာ ငိုကြွေးနေသော သီတာ သတိမထားမိခဲ့။ ဥဒေါင်းတောင်တွေနောက်ခံဖြန့်ကြက်ထားတဲ့ ညောင်စောင်းထက်မှာငိုကြွေးနေတဲ့ သီတာ့ရဲ့ မျက်ရည်တွေကို ပြေးကာသုတ်ပေးလိုက်ချင်ပေမယ် မိမိရဲ့ခြေလှမ်းများက ရှေ့သို့ဆက်တိုးရန်တွန့်ဆုတ်နေမိသည်။ တစ်ကယ်ဆို မိမိပိုင်ဆိုင်ရာ ဒီနန်းတော်ကြီးတစ်ခုလုံးကို အစီးအတားမရှိ လိုသလိုဖြတ်သန်းသွားလာနိုင်သူဖြစ်ပေမယ့် သီတာဒေဝီရဲ့ ခန်းမဆောင်ကတော့ မိမိမပိုင်ဆိုင်သော သီးခြားနယ်မြေတစ်ခုလို ရာဝဏခံစားနေရမြဲ။

မိမိကိုမြင်လိုက်၍ ထိတ်လန့်သွားကျသော သီတာ့အပါးခစားနေကျသည့် လက်ရွေးစင် ကိုယ်လုပ်တော်ကညာပျိုတွေကို ရာဝဏခန်းမအပြင်သို့ထွက်သွားရန် လက်ဟန်ဖြင့်အမိန့်ပေးလိုက်သည်။ ရံရွှေတော်တွေ အပြင်ကိုထွက်သွားကျပြီဆိုမှ

“နှမတော်…”

မိမိအသံကိုကြားလိုက်ရသဖြင့် ဆတ်ကနဲ့ခေါင်းထောင်လာသော သီတာ့အသွင်အပြင်ဟာ အဆိပ်ပြင်းမြွေတစ်ကောင်ရဲ့ ဒေါသမျိုးနဲ့ပါလား။ မျက်ရည်စများဖြင့် ပူဆွေးဝမ်းနည်းခဲ့သောမျက်ဝန်းအစုံကတော့ ယခုပင်နဂါးမျက်စောင်းကဲ့သို့ မီးဝင်းဝင်းတောက်လုနေပြီ။

“နှမတော်…။ နှမတော် ပွဲတော်မတည်တာ သုံးရက်ရှိနေပြီဆို။ နေများမကောင်းလို့လား… ဒါဆို ဒြာဝိဒိယန်တို့ရဲ့ အတော်ဆုံးသမားတော်ကို အခုပဲအခေါ်လွှတ်လိုက်မယ်လေ။ ဒါမှမဟုတ် ခံတွင်းတွေ့စေမယ့် စားမြိန်ဖွယ်ရာများကို အာသီသဖြစ်တယ်ဆိုလဲ ပြောပြပါလေ။ ကျုပ်ချက်ခြင်းပဲ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်”

မိမိကသာ အမေးစကားတွေပြုနေခဲ့ပေမယ့် သီတာကတော့ မိမိကိုယ်ပင်စေ့စေ့မကြည့်။ ရွှေချည်ဖေါက်ပုဝါတွေဖြင့်ကာရံထားသည့် လေသာပြတင်းကို ငေးစိုက်နေ၏။

ဒီလေသာပြတင်း… သားရဲတွင်းရဲ့အထက်မှာရှိနေတဲ့ ဒီလေသာပြတင်း… မိမိတွေ့ဖို့လာတိုင်း သီတာဒေဝီအကြိမ်ကြိမ်ခုန်ချဖို့ ကြံခဲ့တဲ့ လေသာပြတင်းကို ရာဝဏ စက်စုပ်စွာကြည့်လိုက်သည်။

နှမတော်ရယ်… နှမကို အခုလို အိပ်ခန်းနဲ့အရွယ်တူ ရွှေလှောင်အိမ်ထဲမှာ ထားရတယ်ဆိုတာ နှမတော်ရဲ့ အသက်ကို မောင်တော်စိုးရိမ်လို့ပါကွယ်။

“အဟာရဖြစ်စေဖို့ တစ်ခုခုတော့ စားလိုက်ပါလား နှမတော်ရယ်။ ဒီလိုမှမဟုတ်ရင် ခွန်အားချိနဲ့ကာ နှမတော်အသက်အတွက် အန္တရယ်ဖြစ်လာလိမ့်မယ်”

“ဘယ်လို… ခွန်းအားချိနဲ့မယ်ဟုတ်စ။ အသင့်လို ယုတ်မာလွန်းလှတဲ့ လင်္ကာဒီပဘုရင်ရဲ့ အကျဉ်းသားအဖြစ် နေရတာထက်စာရင် သေသွားတာကမှာ ပိုကောင်းပါဦးမယ်ရှင်”

သီတာဒေဝီထံက ပထမဆုံးကြားလိုက်ရတဲ့စကားက ရာဝဏရင်ကို ပေါက်ကွဲသွားစေသည်။

“သေသွားတာ”တဲ့။ မကြားလိုဘူး… မကြားချင်ဘူး။ ဒီစကားတွေကို ရာဝဏမကြားရက်ဘူး။ စစ်ပွဲတွေအလီလီ ရန်သူတွေ အရာအထောင်ကို အကြောင့်အရွံ့မရှိ အောင်နိုင်ခဲ့တဲ့ အမောင်ဟာ နှမလေးကိုတော့ ဆုံးရှုံးရမှာ အလွန်ကိုပဲ စိုးမိပါတယ်။

သီတာရယ်… တစ်ကယ်တော့ မင့်ကိုချစ်လွန်းလို့၊ ဓမ္မကတောင်ခြေရင်း စမ်းချောင်းငယ်မှာ ရွှေရုပ်လွှာကားချပ်ကိုတွေ့ကတည်းက မေတ္တာသက်ဝင်ခဲ့မိလို့ အသက်ကိုပင် ဂရုမထားပဲ တစ်ရာ့တစ်ပါးသောမင်းတွေရှိရာ မိထိလာလေးတင်ပွဲကို တစ်ကိုယ်တည်း စွန့်စားလာခဲ့သူပါ။

မင်းကိုပိုင်ဆိုင်ခွင့်ရချင်လွန်းလို့ အမောင့်ရဲ့အချစ်ဆုံးနှမတော် တိရိဂမ္ဘီရဲ့အသက်ကို အာရိယန်မင်းသား ရာမရဲ့လက်မှာ စတေးခဲ့ရသူပါ။

မင်းကိုဆုံးရှုံးရမှာကြောက်လို့ တောင်ဆယ်လုံးကိုအောင်နိုင်သူ ဒဿဂီရိဆိုတဲ့ဘွဲ့၊ ဒြာဝိဒိယန်တို့ရဲ့ အရှင်သခင် သူရဲကောင်းအဖြစ်ကနေ ကာမပိုင်ရှိတဲ့မိန်းမကိုခိုးယူတဲ့သူယုတ်မာအဖြစ်ကို အလဲအထပ်လုပ်ခဲ့သူပါ သီတာရယ်။

“မပြောပါနဲ့ နှမတော်ရယ် ဆက်မပြောပါနဲ့တော့။ သေမယ်ဆိုတဲ့စကား နောက်တစ်ခါထပ်မပြောပါနဲ့တော့။ မှော်ရုံတောမှာ အသားဝါမင်းသားရဲ့လက်ကနေ ကျုပ် မင်းကိုခိုးယူခဲ့တယ်ဆိုတာ ချစ်မြတ်နိုးလွန်းလို့…”

မိမိ၏တစ်သက် တစ်ခါမှမသုံးခဲ့ဖူးသော နူးညံ့လှသော စကားကိုဆက်ရန် ရာဝဏ တွန့်ဆုတ်သွားခဲ့ပေမယ့် မိန်းမလှလေးရဲ့နှုတ်ဖျားမှ ရယ်သံများကတော့ လွင့်ထွက်လာခဲ့သည်။

“ဘယ်လို… ချစ်မြတ်နိုးလို့… ဟုတ်လား။ ထားပါတော့ လင်္ကာဒီပဘုရင်ရယ်”

သီတာဒေဝီရဲ့ အသံလွင်လွင့်က စစ်ဘုရင်အရင်အမာကြီးတစ်ဦးကို မလှုပ်ယှက်ငြိမ်သက်သွားစေနိုင်လောက်တဲ့ အမိန့်သံများထက်ပင် ခန်းနားနေ၏။

“ဒီမယ် လင်္ကာဒီပဘုရင်။ သင့်ရဲ့အပြုအမူတွေဟာ ချစ်မြတ်နိုးခြင်းရဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုတာကို အသင် သတိပြုမိသင့်တယ်”

‘ချစ်မြတ်နိုးချင်းရဲ့ ဆန့်ကျင်ဘက်’ ဟုတ်လား။ ဒီစကားတွေကို ရာဝဏနားမလည်ပါ။

လောကမှာ ချစ်မြတတ်နိုးမှုကိုပိုင်ဆိုင်လိုတဲ့သူတွေဟာ မိမိချစ်မြတ်နိုးသူတွေရဲ့ ဆင်းရဲဒုက္ခကိုမဖန်တီးရဘူး၊ မိမိချစ်မြတ်နိုးသူရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ကို အမြဲရည်ရွယ်ရမယ်၊ အဲ့ဒါဟာ ချစ်မြတ်နိုးခြင်းဆိုတာရဲ့ ဂုဏ်လက္ခဏာများစွာထဲက တစ်ခုသာရှိသေးတယ် လင်္ကာဒီပဘုရင်

ဘာတွေလဲ… ဒါဘာတွေလဲ… ဒီစကားတွေရဲ့ အဓိပ္ပါယ်ကို ရာဝဏလုံးဝနားမလည်ခဲ့။ မိမိလို စစ်ဘုရင်တစ်ဦးအတွက်လဲ ဒီအချစ်ဆိုတဲ့အရာအတွက် ဋိကာတစ်ခုဖွဲ့ကာ ဇာချဲ့စရာလိုမှာမှမဟုတ်ဘဲ။

“အို ဒါတွေ ကျုပ်နားမလည်ဘူး သီတာ။ ကျုပ်နားလည်ထားတာတစ်ခုက ကျုပ်ချစ်ရတဲ့မင်းကို ဆုံးရှုံးရမှာကြောက်တယ်၊ ဒါကြောင့်လဲ မင်းကို မင့်မောင်တော်ရာမလက်ထဲက လုယူခဲ့တာဖြစ်တယ်။ အေး… ဒီနေရာမှာ ဆုံးရှုံးမှာစိုးခြင်းနဲ့ ပိုင်ဆိုင်လိုခြင်းဆိုတာကိုတော့ မင်းအနေနဲ့ ခွဲခြားသိသင့်တယ် သီတာ”

မိမိ၏အသံများ အနည်းငယ်မာသွားမှန်း သတိပြုမိသွားသဖြင့် ရာဝဏ စကားကိုခဏရပ်လိုက်၏။

“နားထောင်ပေးပါ နှမတော်။ ကျုပ် နှမကိုလုယူခဲ့တာမှန်ပေမယ့် အလိုမတူသိမ်းပိုက်လိုခြင်းတော့ အလျင်းမရှိခဲ့ပါဘူး နှမတော်”

“အော်… ဟုတ်လို့လား လင်္ကာဒီပဘုရင်ရယ်။ အသင် ဒီလိုမျိုး ရွှေလှောင်ချိုင့်ထဲမှာ ကျွန်မကိုပိတ်လှောင်ထားတာဟာ အလိုမတူသိမ်းပိုက်တာမဟုတ်ဘူးပေါ့”

သီတာဒေဝီရဲ့ ခနဲ့စကားတွေက တိုက်ပွဲအလီလီမှာ ကြုံတွေ့ခဲ့ရတဲ့ မြားတံတွေထက်တောင် အဟုန်ပြင်းနေ စူးရှချွန်မြနေပါလား။

“မဟုတ်ဘူးနှမတော်… မဟုတ်ဘူး။ ကျုပ် နှမကို ယခုလို ရွှေလှောင်အိမ်မှာထားရတာ ကျုပ်နဲ့ဝေးရာကို နှမထွက်ပြေးမှာစိုးလို့၊ နှမတော်ကိုယ့်အသက်ကို ရန်ရှာမှာစိုးလို့ပါ”

မိမိ၏အမိန့်ကြောင့်တတ်ဆင်ထားခဲ့ရသော ရွှေလှောင်အိမ်မှ တိုင်များကို ရာဝဏမုန်းတီးစွာကြည့်လိုက်သည်။

“ဒါပေမယ့်လေ။ ကျုပ် နှမတော်ကိုအလိုမတူပဲ သိမ်းပိုက်ခြင်းမပြုခဲ့ဘူးဆိုတာကိုတော့ သတိပြုမိသင့်ပါတယ်။ နှမတော် ကျုပ်ရဲ့နန်းတော်ကိုစရောက်လာကတည်းက ပုဝါတစ်ကမ်းအကွာကမဆိုထားနဲ့ နှမတော်စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ စက်ရာခန်းထဲကိုတောင် အချိန်တိုင်းအဝင်အထွက်မပြုခဲ့တာကိုတော့ သတိပြုမိသင့်ပါတယ်။ ဒီနန်းတော်မှာ ကျုပ်ကြောင့် နှမတော် မှဲ့တစ်ပေါက်တောင် အခုထိမစွန်းထင်းခဲ့ဘူးဆိုတာ သိသင့်ပါတယ် နှမတော်။ ကျုပ်ဟာ နှမတော်ရဲ့ အရိပ်ကို မြင်နေရရင်တောင် ကျေနပ်နေတဲ့သူဆိုတာ…”

အိပ်ခန်းဆောင်တံခါးနားမှ လူရိပ်ကိုတွေ့လိုက်ရသဖြင့် ရာဝဏစကားစကို ရပ်လိုက်သည်။

“တံခါးဝက ရွှေစာလား”

အမေးပြုလိုက်သော ရာဝဏ၏စကားမှာ သီတာဒေဝီကို ပြောနေသောအသံနှင့် ဆန့်ကျင်ဘက်ခြားနားလှ၏။

“မှန်လှပါဘုရား”

“နှမတော်အတွက် ပွဲတော်အုပ်အသင့်ဖြစ်ပြီဆို အထဲကိုဝင်လာပြီး မြန်မြန်ခစားစမ်း”

“မှန်… မှန်လှပါဘုရား”

အခန်းတွင်းဝင်ကာ ပွဲတော်အုပ်ကို သီတာ့အနား ယူသွားသော ရွှေစာကို ရာဝဏမမှိတ်မသုန်ကြည့်နေ၏။ ပြီးမှ နူးညံ့သော မျက်ဝန်းများဖြင့်

“နှမတော်အနေနဲ့ အခုအချိန်မှာ ကျုပ်ကို အမုန်းကြီးမုန်းနေမယ်ဆိုတာ ကျုပ်နားလည်ပါတယ်။ သို့ပေမယ့် ကျုပ်ကိုမုန်းတာက မုန်းတာပဲနှမတော်။ မိမိကိုယ်ကိုတော့ ဒုက္ခဖြစ်အောင် မလုပ်ပါနဲ့။ ဒီပွဲတော်ကို တည်လိုက်ပါ၊ လိုအပ်တာ မှန်သမျှကိုလဲ ရွှေစာ့ကို ခိုင်းစေပါ နှမတော်”

မိမိအားရွံရှာစွာ ကြည့်နေသော မျက်ဝန်းများအောက်မှ ရာဝဏရုန်းထွက်မည်ပြုပြီးမှ သီတာ့အားလည်ပြန်ကြည့်ကာ

“ယခုတော့ ကျုပ်ဘဝရဲ့ အကြီးမားဆုံးသောစစ်ပွဲတစ်ခုအတွက် ပြင်ဆင်ဖို့သွားရဦးမယ်။ ဒီစစ်ပွဲဟာ လင်္ကာဒီပအတွက် ဒြာဝိဒိယန်တို့ရဲ့နယ်မြေအတွက် ကျုပ်ရဲ့ဂုဏ်သိက္ခာအတွက်သာမဟုတ် ကျုပ်ရဲ့နှလုံးသားအတွက်ပါအရေးကြီးနေတဲ့စစ်ပွဲမို့ အကောင်းဆုုံးဖြစ်အောင် ကျုပ်ပြင်ဆင်ရဦးမယ်။ မကြာပါဘူးနှမတော်… မကြာတော့ပါဘူး။ ဒီလောကမှာ ဒဿဂီရိနဲ့ ရာမ တစ်ယောက်တည်းသာကျန်ခဲ့မယ့် အချိန်ဟာရောက်လာတော့မှာပါ”။         ။

 

(ဆရာချစ်ဦးညို၏ လင်္ကာဒီပချစ်သူဝတ္ထုအား ထပ်ဆင့်ခံစားရေးသားသည်)

 

အနုပညာသည် အနုပညာအတွက်ဖြစ်သည်

Courage

About Courage

has written 49 post in this Website..