ကြာရွက်ခင်းသော ၆၅၀၀ဝ ကျပ်တန်ထမင်း
65000 တန် အုန်းကြာပင်လယ်စာ
ပေ့ချ်တွင်ကြော်ငြာတင်ထားသောပုံ
မောင်ဆာမိတစ်ယောက် မဟာဖွဘုတ်တော်ကြီးကိုအတော်စိတ်နာလျှက်ရှိသည် ။
မဟာဖွဘုတ်တော်ကြီးကား ပျှော်ရွှင်ကြည်နူးစရာများကို သယ်ဆောင်လာသကဲ့သို့ စိတ်ညစ်ညူးစရာများကိုလည်း လက်ဆောင်ပေးတတ်သည် ။
အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်သကဲ့သု့ိ စီးပွားပျက်စရာကိစ္စများနှင့်လည်း မိတ်ဆွေဖြစ်တတ်ပြန်သေးသည် ။
ထို့အတူ … အထူးထူးသော ကောင်းကျိုး ဆိုးကျိုးများနှင့် ရှုပ်ထွေးနေသည့်အားလျှော်စွာ မောင်ဆာမိတစ်ယောက် စိတ်နာစရာများနှင့်ကြုံရသည်မှာ သိပ်တော့မထူးဆန်းပေ ….။
လင့်မျက်နှာ တစ်ရွာထင်ပါသည်ဟု ဆိုခဲ့ဖူးလေသော မဒမ်ဆာမိသည်ပင် မဟာဖွဘုတ်တော်နှင့် မျက်နှာခြင်းဆိုင်မိသည့်နောက် မောင်ဆာမိအား မေ့နေလေပြီ ။
တခါတရံ စကားပြောစရာရှိ၍ ပြောနေသည်ကိုပင် မကြားတချက် ကြားတစ်ချက် ။
ထို့ကြောင့်မောင်ဆာမိမှာ ရွှေညဏ်တော်စူးရောက်စွာဖြင့် မက်ဆင်ဂျာမှ လှမ်းပြောလိုက်မှပင် လိုရာခရီးရောက်လေတော့သည် ။
တစ်အိမ်တည်းနေ၍ မက်ဆေ့ပို့ရသည့်အဖြစ်ကား မဟာဖွဘုတ်တော်အစွမ်းပေတည်း … ။
ကောင်းလေစွ … သာဓု … ။
ယခင်က လက်ဖက်ရည်ဆိုင်တွင် လေပစ်နေကျ သူငယ်ချင်းများလည်း လက်ဖက်ရည်ဆိုင်ရောက်သည်နှင့် ယခင်လို စကားသိပ်မပြောဖြစ်ကြ ။
ဖုန်းပြားပြားလေးအား ပွတ်ပွဲသဘင် ကျင်းပနေလေတော့သည် ။
ဆိုက်ကားသမားများလည်း ဆိုက်ကားဂိတ်တွင်ပွတ်သည် ။ ဟင်းရွက်ကန်စွန်းသည်များလည်း နေ့လည်ဈေးကွဲချိန်တွင် အပြိုင်ပွတ်ကြသည် ။
ဟိုတလောက မျက်စိဆေးခန်းသွားပြစဉ် မျက်စိအထူးကုဆရာဝန်ကြီးမှာ ဖွဘုတ်ပွတ်ရင်း ဆေးစာရေးပေးနေသဖြင့် မောင်ဆာမိတစ်ယောက် ဘုရားတနေရသေးသည် ။ မတော် မျက်စဉ်းအစား H2SO4 ဆိုလျှင် …. ဆက်မတွေးရဲစရာ … ။
ဤသို့လျှင် မဟာဖွဘုတ်တော်ကြီး၏ ဘုန်းမီးနေလ ဟုန်းဟုန်းထလျှက်ရှိနေသော မြန်မာပြည်ကြီး၌ မောင်ဆာမိတို့လူဖြစ်ရသည်မှာ ကံကောင်းသည်လား ကံဆိုးသည်လား မဝေခွဲနိုင် ။
မောင်ဆာမိတစ်ယောက်မှာတော့ မဟာဖွဘုတ်တော်ကြီး၏ တန်ခိုးရှိန်ဆော် အာနုဘော်ကြောင့် ဖွတ်ကလိဒင်္ဂါးများ တာ့တာပြ နှုတ်ဆက်သွားသည်မှာ အကြိမ်မနဲတော့ပေ ။
မြောက်များလှစွာသော အကြိမ်များထဲမှ အချို့အား ရှေ့မျက်နှာနောက်ထားပြီး ရှက်လှစွာဖြင့်ဝန်ခံရမည်ဆိုပါလျှင် …. ။
~~~~~~~~~~~~~~~~~~~~~~~~~~
အွန်လိုင်းလောက၏ ခေတ်ရေစီးတွင် မောင်ဆာမိတို့မှာ အွန်လိုင်းသတင်းကိုအကြွင်းမဲ့ယုံကြည်ကြသည် ။
ထို့အတူ …. မဟာဖွဘုတ်တော်ကြီး ( Face book ) ကိုလည်းဆွေရင်း မျိုးရင်းစာရင်းသွင်း၍ ယုံမိတတ်ကြသည် ။
ယုံကြည်အပ်သော အမှန်အကန် သတင်းများ ကုန်ပစ္စည်းကြော်ငြာများနှင့် လုပ်ငန်းများလည်း ရှိနေသလို အလိမ်အညာများ တစ်နပ်စားများလည်း “ဒုနှင့်ဒေး” ဆိုသလိုဖြစ်နေတော့သည် ။
တခါကဖြစ်သည် … ။
မောင်ဆာမိ၏ ချစ်လှစွာသောအိမ်သူမှ အွန်လိုင်းရှေ့ပင်းတွင် လက်ကိုင်အိပ်တစ်လုံးမှာလေသည် ။
ထိုပစ္စည်းရောက်ပြီဆိုသဖြင့် မောင်ဆာမိအား သွားရောက်ယူစေရာ ပစ္စည်းအား လက်ဝယ်ရောက်သည့်အချိန်မှစ၍ စိတ်ဆင်းရဲရလေတော့သည် ။
အကြောင်းမှာ သိမ်ကြီးဈေး ၊ မင်္ဂလာဈေးတို့တွင် ၃၀၀၀ဝ ခန့်ဖြင့် အချိန်မရွေးဝယ်ယူနိုင်သော ထိုအိပ်အား ၈၀၀၀ဝ ကျော်ခန့် ပေးဝယ်ရလေသောကြောင့်ဖြစ်လေ၏ ။
ထိုဈေးသည်ပင် ၄ဝ % လျော့ထားသောဈေးဖြစ်သည်ဟု ဆိုပြန်သေးသည် ။
ဤသည်ကား အလိမ်မခံရလျှင် အိပ်မပျော်သော မောင်ဆာမိ၏ဇတ်လမ်းပေါင်းများစွာထဲမှ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည် ။
မောင်ဆာမိသည်ကား မိမိကိုယ်တိုင်ပင် အလိမ်ခံရမှ စားဝင်အိပ်ပျော်သည်မဟုတ် ။ ဆွေမျိုးညာတကာ မိတ်ဆွေများကိုလည်း အဖော်ခေါ်တတ်ပြန်သေးသည် ။
မကြာလှသော ကာလတစ်ခုက ညီမတစ်ယောက်ဖုန်းဆက်လေသည် ။
ပိတ်ရက်တစ်ရက်တွင် သူတို့သူငယ်ချင်းများနေ့လည်စာ စုပေါင်းစားသောက်ရင်း တွေ့ဆုံကြမည် ။
ထို့ကြောင့် သင့်တော်မည့်ဆိုင်ကို လိုက်ပို့ပေးစေချင်သည် ဟုဆိုလာခဲ့သည် ။
မောင်ဆာမိမှာ အစားအသောက်မီးလိုတောက်သည့် မိတ်ဆွေများနှင့်ပေါင်းသင်းမိနေသည့်အားလျှော်စွာ ယခုတစ်လော ဖွဘုတ်တွင်တွေ့နေရသည့် ဆိုင်တစ်ဆိုင်ကို ညွှန်းလိုက်မိသည် ။
ထိုဆိုင်သည် စမ်းချောင်းမြို့နယ် ကျောင်းကုန်းလမ်းတွင်ရှိသည်ဖြစ်ရာ မောင်ဆာမိနှင့် မဝေးလှသောကြောင့် သွားရေး လာရေး လွယ်ကူပေသည် ။
ဆီကုန်သက်သာသည်လည်းတစ်ကြောင်းပင်ဖြစ်၏ ။
ထိုဆိုင်၏ အမည်မှာ မဟာဖွဘုတ်တော်တွင် မကြာခဏတွေ့နေရသော ” ရွှေကြာနီ ” ပင်ဖြစ်လေ၏ ။
ဖွဘုတ်တော်အစွမ်းဖြင့်လည်းကောင်း ဖိုတိုရှော့အစွမ်းများဖြင့်လည်းကောင်း အဆိုပါဆိုင်မှ ဟင်းပွဲများမှာ သွားရည်ယိုစရာဖြစ်လေတော့သည် ။
ထို့ကြောင့် မဟာဖွဘုတ်တော်မှ ဟင်းပွဲများကို တိတ်တခိုးကြည့်ရင်း သွားရည်ကျခဲ့ရသမျှ ညီမတော်အား မည်သည့်ဟင်းပွဲက ဘယ်လိုကောင်းသည်ဟုပင် လေဖမ်းဒန်းစီး အာမခံနေမိသေးသည် ။
ဟင်းပွဲများဘွတ်ကင်လုပ်သောအခါတွင်လည်း မောင်ဆာမိတစ်ယောက်သွားရည်ကျခဲ့ရသော ” အုန်းကြာ ပင်လယ်စာ ” ဟူသောပွဲအား မှာယူရန် တိုက်တွန်းမိပြန်သေးသည် ။
အုန်းကြာ ဟူသောဘာမှန်းမသိသည့် ဟင်းပွဲအား စပ်စုချင်သောကြောင့်လည်းဖြစ်လေသည် ။
ရွှေကြာနီ ပေ့ချ်တွင်တင်ထားသော ” အုန်းကြာ ပင်လယ်စာ” မှာမည်သို့အရသာရှိမလဲဟု စိတ်ဝင်စားစရာဖြစ်နေသည် ။
သို့နှင့် ရုံးပိတ်ရက်တစ်ရက်၌ ညီမတော်နှင့် သူ၏ဘော်ဒါများကိုခေါ်ဆောင်ရင်း ကျောင်းကုန်းလမ်းသို့ ထွက်ခဲ့လေတော့သည် ။ကျောင်းကုန်းလမ်းဟူသည် တစ်ဖက်ပိတ်လမ်းကဲ့သို့ဖြစ်နေလေရာ လမ်းထိတ်မှ မီးလောင်လျှင်ပင် ပြေးပေါက်မှားနိုင်သောလမ်းဖြစ်ပေသည် ။
ရွှေကြာနီ သည်ကား အဆိုပါလမ်းထဲ၌ မြေညီထပ် နှစ်ခန်းတွဲဖွင့်လှစ်ထားပြီး သာမှန် စည်ဘီယာဆိုင်သာသာအဆင့်အဆင်အပြင်ဖြင့်သာ တွေ့ရလေသည် ။
ထို့ကြောင့် ဈေးနှုံးသင့်တော် မျှတမည်ဟု ထင်မိသေးပြန်၏ ။
ညီမတော်မှ သူတို့နှင့်လိုက်ပါစားသောက်ရန်ဖိတ်ခေါ်သေးသည် ။
{မောင်ဆာမိမှာ လူကြီးပီပီ ဖွတ်ကလိဒင်္ဂါးရှင်းရမည်စိုးသဖြင့် ” ထူးအောင်သင်း T&T” သို့သွားရန်ရှိသည်ဟုအကြောင်းပြလျှက် ငြင်းလိုက်လေတော့၏ …။
(ဤကား .. စကားချပ် ) }
များမကြာမှီ စားသောက်ပြီးသွားသော ညီမတော်တစ်သိုက် ရှုံ့မဲ့၍ ထွက်လာကြလေသည် ။
အကြောင်းကား … ဤသို့ဖြစ်လေတော့၏ ။
.
.
.
အုန်းကြာ ပင်လယ်စာကား မြန်မာငွေ ဖွတ်ကလ်ိဒင်္ဂါး ၆၅၀၀ဝ ကျပ်တိတိ ကျလေသည် ။
ပုံတွင်ပြထားသည့်အတိုင်း ကြာဖက်များပေါ်တွင် ထမင်းနို့ဆီဗူးနှစ်လုံးချက်ခန့် (အေးစက်နေသောထမင်း ) ကိုဖြန့်ခင်းလျှက် ကဏန်းအပျိုဖော်ဝင်စ သုံးကောင် ၊နို့ပြတ်ကာစအရွယ်ပုဇွန် ၁၂ ကောင် ၊ ငါးကြော် ၂တုံး ၊ မွေးမြူရေးကြက်ဥ ၄ လုံး ၊ ကင်းမွန် ၃ ကောင် ၊ ပြောင်းဖူးပြုတ် တစ်ဖူးစာခန့်ချွေထည့်ပြီးလျှင် ဂုံးခွံများဖြင့် တန်ဆာဆင်ထားလေ၏ ။
ဇွန်းခြစ်သာသာအုန်ူသီးအားထိတ်ဖြတ်ပြီးလျှင် ဂဏန်းလက်မအကျိုးတစ်ခုကိုအရင်းပြုလျှက် ပုံတွင်မြင်ရသည့်အတိုင်း ပြင်ဆင်ထားလေသည်။
ဤသို့လျှင် ကြာရွက်ခင်း အုန်းသီးအလယ်တင်၊ ပြောင်းဖူးထမင်းကို ဂဏန်းပြုတ် ပုဇွန်ဖုတ် ၊ ကြက်ဥပြုတ်တို့ဖြင့်စားရလေသော ဘာမှန်းမသိသော စားသောက်ဖွယ်အမည်သညှာခေါ်စရာကားးးးးး…..
” အုန်းကြာ ပင်လယ်စာ ” ဟူ၏ ….. ။
မည်သို့ပင်ဖြစ်စေ ….
ကောင်းသည် ဆိုးသည် ဟု ပြောစရာမရှိ …။
သို့သော်….. ပေးရသောဈေးနှင့် ပြန်ရသောပစ္စည်းမှာ လွန်စွာကွာဟလွန်းနေသည်။
ခြောက်သောင်းခွဲဟူသော ငွေပမာဏသည် ရွှေဘဲစားသောက်ဆိုင်တွင် လူ ၄ယောက်အဝစားနိုင်သောပမာဏဖြစ်၍ အိမ်ထောင်စုတစ်ခုအနေဖြင့်လည်း တစ်ပတ်စာ မီးဖိုချောင်စားရိတ်နှင့်ညီမျှလေသည်။
ထိုထိုသောပမာဏကို ရယူထားသောဆိုင်အဆင်အပြင်နှင့် အဆင့်အတန်းကား “အမြင်မတော် ဆင်တော်နှင့်ခလောက် ” ဆိုသကဲ့သို့ပင်ဖြစ်နေပေတော့သည် ။
တစ်ခုတော့တွေးမိပါသည် ။
ရန်ကုန်သူ/ သားတွေမှာ ကြာဖက်ကြာရွက်ကို မြင်ဖူးဟန်မရှိလေသည်လားတော့မသိ။
မြို့လယ်ကောင်စမ်းချောင်းတွင်ကြာရွက်ခင်းပြီး ရောင်းသောထမင်းသည် ၆၅၀၀ဝ ကျပ်တိတိ ဖြစ်နေသည်။
ထို့ကြောင့်မောင်ဆာမိလည်း အားကျမခံ ပိန်းရွက်များဖြန့်ခင်းပြီးလျှင် သံပရာသီးများအလယ်တွင်ပုံလျှက် ” ပိန်းသံပရာ ပင်လယ်စာ ” ဟု တီထွင်ရောင်းချရလျှင်ကောင်းလေမည်လားးးး ဟု တွေးရင်းးးး ရင်း……
( လုံးစုံများစွာ သတ္တဝါ ၊ လိမ်ညာလှည့်ဖျားကင်းစေသော်ဝ် …. )
လေးစားလျှက်
ဈာန်
17 comments
Tawwin Pan
August 8, 2016 at 2:28 pm
အဲဒီဆိုင် အခုတလော ကြော်ငြာအားအရမ်းကောင်းနေပါ့။
အဲဒီလိုဆိုင်တွေဈေးကြီးမယ်မှန်းသိလို့ ကပ်လည်းမကပ်နိုင်ပါဘူးကွယ်။
sorrow
August 8, 2016 at 7:17 pm
အဲ့ဒီဆိုင်ကပျားလိမ်မော်က တရက်အရသာတစ်မျိုးအစ်ကို ..ပထမတစ်ခါသွားသောက်တုန်းက ကောင်းတယ်ဗျ..နောက်ရက်လဲသွားတော့မကောင်းတော့ပြန်ဘူး ..
ဖေ့ဘွတ်ကနေ ရီဗျူးရေးတဲ့လူက အပိုတွေလျောက်ရေး..ကျော့်ကောင်မလေးဥဏ်တိမ်က အသည်းအသန်ပူဆာ…ပြီးတော့လဲဘာမှမဟုတ်…
ဂျစ်စူ
August 8, 2016 at 9:25 pm
နာလဲ အုန်းမုတ်ခွက် ဘီအီး ရောင်းအူးမှဘာ
မောင်စာမိ အူးဂျစ်ကို လဗျူး ကောင်းကောင်းရေးပေးရမယ်
ဦးကျောက်ခဲ
August 8, 2016 at 10:28 pm
၆၅၀၀ဝ တန် ကြာရွက်ခင်းတဲ့ ထမင်းအစား ငှက်ပြောဖက်ခင်းတဲ့ ချစ်တီးထမင်းစားချင်လာပြီ…
ဖွဘုတ်က ညွှန်းတဲ့ဆိုင်တွေကိုတော့ မယုံရဲသေးဘူး …
အခုလို လက်ရွေးစဉ် ကွန်မန်ဒိုတွေ သွားစားပြီး ဝေဘန်ချက်ထွက်လာမှ စဉ်းစားတော့မယ်…
နှမြောတသ ၃-ကြိမ်ရွတ်ပြီး ရေစက်ချ အမျှဝေလိုက်ဖို့ ညီမတော်တစ်သိုက်ကို အကြံပေးလိုက်ပါ…
:k:
nozomi
August 9, 2016 at 8:34 am
သေချာတယ် ကိုဆာ ဒီဆိုင် ကို ဘယ်တော့ မှ မေ့တော့ မှာ မဟုတ်တော့ဘူး
ကျနော် တော့
၂၀၀၃ လောက် က အဖြစ်တစ်ခု အခုထိ သတိရတုန်း
Thint Aye Yeik
August 9, 2016 at 11:56 am
ဦးဈာန် ထွင်တဲ့ဟင်းပွဲကိုရော ဘယ်လောက်နဲ့ရောင်းမှာလဲငင်။
:k:
kotun winlatt
August 9, 2016 at 12:20 pm
ဒါကိုယ်တွေ့ကို ရေးပြရမှာ ရှက်လို့ သူများတွေကို လွဲချထားတာပါ . . . ငိ ငိ
၆၅၀၀ဝ ခွဲတန်ဆိုတော့ကာ ဘုရားသာ တမိတော့သည် တကားးးး
kai
August 9, 2016 at 5:00 pm
ဒေါ်လာ၆ဝလောက်ပေါ့…
အမေရိကားမှာဆို… တော်တော်.. တော်တော့ကို ကောင်းကောင်းစားရမယ်..။
လုံမလေးမွန်မွန်
August 10, 2016 at 12:24 am
1.9k shares တဲ့ . . . တော်ကြာ လုပ်ကြံခံနေရအူးမယ် 😛
အောင် မိုးသူ
August 10, 2016 at 9:26 am
ဖွဘွတ်က ရဗျူးရေးလို့ တာမွေ အရိုးကုန်းလမ်းထိပ်က တော့ပုကီဆိူင်မှာ သွားစားပါတယ် စုတ်ပြတ်သတ်နေကော
မမချွိ
August 10, 2016 at 12:39 pm
ယောက်ခမ ကို ဝန်းရံဂျ။
ယောက်ခမ အရမ်းအောင်မြင်နေပြီ။
အဟိ။
ကံကောင်းလို့။
ဒီ ဆိုင်ကို တညား သွားစားအူးမို့။
:k:
အရင်ကကျော်စွာဦးကြီးမိုက်
August 11, 2016 at 9:53 am
.ခံရချက်နာသဗျာ…
.နောက်လူတွေမခံရအောင်ပို့စ်ရေးတင်တာကျေးဇူးတင်ပါတယ် ကိုရင်ဆာ
CharTooLan
August 12, 2016 at 4:59 pm
ဪ့ ဪ……… ကက်ကက်လံ စွာစိ နေကြတာ ဒီပိုစ့်ကိုလား 😀
အခုလိုကြိုတင်အသိပေးတဲ့ အူးဆာကို ကျေးဇူးအများးးးးးးးးကြီးတင်တယ် :*
Ma Ei
August 15, 2016 at 9:20 am
ကောင်းလှချည့် တန်လှချည့် လို့ပို့နေတဲ့ စာထက် စားသုံးသူတွေအတွက်တော့ ဒီလို အမှန်တွေရေးမယ့်သူတွေလိုအပ်ပါတယ် ခုတော့ ဆိုင်အနေနဲ့လဲ ကြော်ငြာတာတမျိုး တကယ်ပြင်ပေးတာတမျိုး မလုပ်တော့ရင် အမုန်းခံရေးရတာ တန်ပါတယ်နော့်
အောင် မိုးသူ
August 15, 2016 at 11:03 am
အဲ့ဆိုင်ပိုင်ရှင် ကိုယ့်ကိုယ်ကိုဖော်ရင်း နစ်နေပြီ
uncle gyi
August 16, 2016 at 4:42 pm
ကဏန်းအပျိုဖော်ဝင်စ သုံးကောင် ၊နို့ပြတ်ကာစအရွယ်ပုဇွန် ၁၂ ကောင်
စာဖတ်တာနဲ့တင်မ ျက်စိထဲတဝဲဝဲမြင်အောင်ရေးနိုင်ပါပေ့ကွယ်
မှော်ဆရာ
August 16, 2016 at 9:22 pm
ကလောင်သွား နဲ့ ဟင်းခုတ်ဓါးမ ဘယ်ဟာပိုထက်မလဲ စောင့်ကြည့်ရမယ့်ပိုစ့်ပဲ ….
သံချပ်ကာဝတ်နေပါလေ …