အာနိုးမ
အာနိုးမ
@@@
(၁)
မြို့ ကလေး ….။
မီးရထားလမ်းဆုံးမြို့လေး ဖြစ်သလို … မြစ်ကလေးတစ်စင်းကလည်း ရစ်ခွေစီးဆင်းသွားသည့် မြို့ကလေး …။ မြို့ကလေးရဲ့ အစည်ကားဆုံးဖြစ်တဲ့ တောင်မြောက်ပြေးနေတဲ့ လမ်းမကြီးတစ်ခု ၊ ထိုလမ်းမကြီးနှင့် ထိပ်တိုက်ဆုံတွေ့ပြီး စည်ပင်သာယာဈေးအဖြစ် အဆုံးသတ်သွားခဲ့သည့် အရှေ့အနောက် ဖောက်လုပ်ထားသည့် လမ်းတစ်ခု …။ ယင်းလမ်းနှစ်ခုဆုံရာ လက်ယာဘက်ခြမ်းတွင်တော့ မြင်းလှည်းဂိတ်၊ ကားဂိတ်၊ လက်ဘက်ရည်ဆိုင်တို့က စီစီရီရီ …။ မြင်းလှည်းဂိတ်ရှေ့တွင် မြင်းလှည်း သုံးလေးစီး ရပ်တန့်ထား၏။ ကားဂိတ်တွင်တော့ မော်တော်ကားနှစ်စီး ရပ်လျှက်၊ လက်ဘက်ရည်ဆိုင် အတွင်းတွင်မူ ကားသမားများ၊ မြင်းလှည်းသမားများနှင့် ခရီးသည်များဖြင့် စည်ကားနေပေသည်။
# # # # # # # # # # # # # # # # # #
သူမ နံနက်စောစော အိမ်ကထွက်လာပြီး ဂိတ်ကနေ မြစ်ဆိပ်သို့ တစ်ခေါက်၊ မီးရထားဘူတာရုံသို့တစ်ခါ ခရီးနှင်ခဲ့ပြီးချေပြီ။ သူမ၏ မျက်စိနှစ်ဘက်လုံးကို ဘေးကာများတပ်ဆင်ထားသည်မို့ မြင်ကွင်းသည်ကား ရှေ့တည့်တည့်သို့သာ….။ ခန္ဓာကိုယ်ပေါ်မှ ယားယံမှုကို ခေါင်းတခါခါ လည်တရမ်းရမ်းနှင့် ဖြေရှင်းနေရသည်မို့ သူ့လည်ပင်းတွင် ဆင်မြန်းထားသည့် ခြူသံတို့ကား တချွင်ချွင်၊ ခြေလက်များကလည်း တလှုပ်လှုပ်မို့ ကတ္တရာလမ်းနှင့် သူ့ခွာထိတွေ့ရာမှ တခွပ်ခွပ်အသံတို့ကလည်း စည်းချက်ညီညီ …..။
@ @ @ @ @ @ @ @ @ @ @ @
နံနက်ကတည်းက ထွက်လာခဲ့သည်မို့ သူမ အိမ်သို့ပြန်ချင်နေပေပြီ။ သို့သော် သူ၏ သခင်မှာကား လက်ဘက်ရည်ဆိုင်လေးအတွင်းမှာ ခရီးသည်ပင် ရှာနေလေသလား။ ဘဝတူ မြင်းလှည်းသမားများနှင့် လက်ဘက်ရည်သောက်ရင်း စကားစမြည်ဆိုနေလေသလား မသိနိုင်။သူမ၏ စိတ်တို့ကား အိမ်တွင် ကျန်ရစ်နေခဲ့သည့် သူ့သားငယ်ဆီသို့သာ ရောက်နေချေတော့၏။ သူမ၏ သားမြတ်တို့မှာ တင်းကားနေချေပြီ။ အိမ်တွင် ကျန်နေခဲ့သည့် သားငယ် နို့ဆာနေပေရော့မည်။ သူမ စိတ်အတိုင်းဆိုလျှင် သားငယ်ရှိရာနေရာသို့ ခုန်ပေါက် ပြေးလွှားသွားလိုက်ချင်သည်။ သို့သော် သူမ သခင်၏ အမျက်ဒေါသအကြောင်း သူမသာ အသိဆုံး မဟုတ်လား။ စိတ်မထင်လျှင် မထင်သလို လက်စွဲတော် ကြာပွတ် ကြိမ်တို့ကား သူမ၏ ကျောပေါ်သို့ တဖြန်းဖြန်းကျရောက်လာမည် မဟုတ်ပါလား။ ထို့ပြင် သူမအတွက် အာဟာရဖြစ်စေမည့် အစားအစာတို့လည်း ထို့နေ့အတွက် လုံလုံလောက်လောက်ရရှိနိုင်မည် မဟုတ်တော့ပေ။
***********************************************
သခင်ဖြစ်သူထံသို့ သူမ တစ်နှစ်ခွဲအရွယ်ကတည်းက ရောက်လာခဲ့သည်။ သူမ၏ ပျိုမြစ်သည့် အချိန် အင်အားတို့သည်ကား သခင့်မိသားစု စားဝတ်နေရေးအတွက် ပေးဆပ်ခဲ့ရသည်။ သူမမွေးထုတ်ပေးခဲ့သည် သားသမီးတို့ကလည်း သခင့်မိသားစုအတွက် အထောက်အပံ့ ဖြစ်စေခဲ့သည်သာ…။ သို့သော် သူမဘဝသည်ကား လွတ်ငြိမ်းခွင့် မရနိုင်သေးချေ။ သူမ မျက်လုံးများထဲတွင် မျက်ရည်တို့ ရစ်ဝဲလာချေပြီ။ သူမသားလေး နို့ဆာနေပေရော့မည်။ သားလေးသည် သူမပြန်လာမည့် လမ်းသို့ လည်တဆန့်ဆန့် မျှော်နေပေရော့မည်။ သူမ အသက်အရွယ်ရလာသည့်နှင့်အမျှ လျှင်မြန် ဖျတ်လတ်မှုတို့သည်လည်း တဖြည်းဖြည်း ပျောက်ဆုံးလာကြလေပြီ။ သူမ အသက်အရွယ်အရ အိုမင်းမစွမ်းသောအခါ ယခုကဲ့သို့ သခင်မိသားစုအပေါ် အလုပ်အကျွေးပြုရခြင်းမှ လွတ်ငြိမ်းခွင့် ရလေမည်လားဆိုတာတော့ မသေချာလှ။ သူမ အမည်ကား “အာနိုးမ” ….။ ခြေတံရှည်ရှည် လည်ဆံဖားဖား ဒေါက်ကောင်းကောင်း နီညိုရောင် မြင်းမတစ်ကောင် …..။ သူမ၏ အမည်နာမကို အစွဲပြုကာ မြင်းလှည်းလေး၏ နာမည်ကလည်း “အာနိုးမ”ပင် …..။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
(၂)
ခရီးသည်၊ ကုန်စည် နည်းပါးချိန် သခင် ထမင်းစားနားချိန်မျိုးတွင်တော့ သူမ အိမ်သို့ ပြန်ခွင့်ရသည်။ သားငယ်လေးနှင့်အတူ နေခွင့်ရသည်မို့ ပျော်ရွှင်မဆုံး တပြုံးပြုံးနှင့်ပေါ့။ သားငယ်လေးကား ယခုဆို ခြောက်လသားအရွယ်ပင် ကျော်ချေပြီ။ သူမ မစွမ်းဆောင်နိုင်သည့် အချိန်တွင် သူမနေရာကို အစားဝင်ယူမည် သူ …။ သူမလိုပင် သခင် အားကိုးရမည့် ကောင်ကလေး ….။
သူမ၏ ပျိုမြစ်မှု သန်မာမှုတို့ တစစ ပျောက်ဆုံးလာသည်နှင့်အမျှ စွမ်းဆောင်နိုင်မှုတို့သည်လည်း ကျဆင်းလာပေပြီ။ ယခင်က မြစ်ဆိပ် ဘူတာရုံ မြို့ပြင် ခရီးဘယ်လောက်ဝေးဝေး ကျော့ကျော့လေး ပြေးနိုင်သည်။ လှည်းပေါ်မှာ ခရီးသည် အပြည့်ပါလည်း ဂရုမစိုက် …။ ကုန်စည်အပြည့်ပါလည်း အသာလေး …..။ မောသည် ပန်းသည်ဟူ၍ မရှိ ..။
ယခုမူ နံနက်ပိုင်း ခရီးလေး နည်းနည်း ပြေးလိုက် လွှားလိုက်ရလျှင် ရင်ဘတ်ကြီး တစ်ခုလုံး ပေါက်ကွဲလုမတတ် မောပန်းလာတတ်သည်။ ခြေလှမ်း ခြေကျ မမှန်ချင်တော့။ ဒါတွေကြောင့်ပင်လျှင် သူမ ခန္ဓာကိုယ်အပေါ် ကြာပွတ် ကြိမ်ချက်တို့ များများကျရောက်စေလေသည်။ အသက်အရွယ်ရလာမှု ရိုက်နှက်ခံရမှုတို့ကား သူ့မစိတ်ဓာတ်တွေကို မြန်မြန်ကျဆင်းစေသကဲ့သို့ စွမ်းဆောင်နိုင်မှုတို့ကလည်း လျှင်လျှင်မြန်မြန်ပင် ကုန်ဆုံးစေတော့သည်။
# # # # # # # # # # # # # # # # #
မြို့ကလေးနှင့် နှစ်မိုင်နီးပါးခန့်ဝေးသည့် နေရာတွင် သမိုင်းဝင် စေတီတော်တစ်ဆူ တည်ရှိ၏။ ယင်းစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၁ဝ ရက်မှ လပြည့်နေအထိ ကျင်းပလေ့ရှိသည်။ ထိုပွဲတော်ရက်များတွင် ပွဲတော်သို့ သွားကြသူများမှာ မြင်းလှည်းနှင့်သာ သွားကြသူများသည်မို့ မြင်းလှည်းသမားတို့အတွက် တွက်ချေကိုက်သော နေ့ရက်များပင် ဖြစ်ေတော့သည်။
အာနိုးမတို့အတွက်တော့ ပင်ပန်းလွန်းသည့် နေ့ရက်များပင် …။ နေ့ရော ညပါ အသွားအပြန် သွားနေရသည်မို့ ပွဲတော် ပြီးခါနီးရက်များတွင် ခြေကုန်လက်ပန်းကျသွားတတ်ကြသည်။
“ဒီမြင်းမ သုံးစားလို့ကို မရတော့ဘူး ..။ ခရီးသည်လေး ငါးယောက်လောက်တင်လာတာကိုပဲ ပေကပ်ကပ်နဲ့ … သေချင်ပြီထင်တယ်” မြည်တွန် တောက်တီးသံနှင့်အတူ သူမ တင်ပါးပေါ်သို့ ကြာပွတ် တရွှမ်းရွှမ်း ကျလာတော့သည်။ သခင်သွားလိုရာသို့ မရောက်မီ သူမ ရင်တစ်ခုလုံး ဆို့တက်လာကာ အသက်ရှုမဝတော့ ပြေးနေသည့် ခြေလှမ်းတို့သည် ခေါက်ကနဲ့ တုန့်သွားကာ ခြေဖြင့် မရပ်တည်နိုင်တော့သည်မို့ ဒူးထောက်လျှက်သား …….။ “ဟာ … ဒီမြင်းမတော့ကွာ …။ သေချင်နေပြီနဲ့ တူတယ်…။ ထစမ်း … ထစမ်း …..။” ကြာပွတ်ရိုက်ချက် ကြိမ်ရိုက်ချက်တို့သည် သူမ ခန္ဓာကိုယ်ပေါ်သို့ မရေမတွက်နိုင်အောင် ကျရောက်နေတော့သည်။ အရှေ့ တည့်တည့်သို့သာ မြင်နေရသည့် သူမမြင်ကွင်းထဲတွင် လျှပ်စစ်မီးတို့ဖြင့် ထိန်လင်းနေသည့် ရွှေသင်္ကန်းဖြင့် သပ္ပာယ်နေသည့် စေတီလေးက မှုန်ဝါးဝါး …. သူမ အမြင်အာရုံများ မရှင်လင်းတော့ …. ဝေဝါးလာသည်။ ထိုမှ အပြာရောင် …ထိုမှ လောကကြီး တစ်ခုလုံး မှောင်အတိကျသွားလေတော့သည်။
@ @ @ @ @ @ @ @ @ @
(၃)
ညသည် တိတ်ဆိတ် ငြိမ်သက်စွာ ……။ ရပ်ကွက်တစ်ခုလုံး အိပ်မောကျနေကြဟန်တူ၏။ ရပ်ကွက်ထိပ်ရှိ ကုက္ကိုပင်ကြီးဆီမှ ညငှက်အော်သံကို တစ်ချက် တစ်ချက် ကြားနေရသည်။ အချိန်သည်ကား ညဆယ်နှစ်နာရီခန့် …။ ရပ်ကွက်အစွန် အိမ်တစ်အိမ်မှ မီးရောင် ပျပျကို မြင်နေရသည်။ တီးတိုး စကားဆိုသံများ …. တစ်ချက်တစ်ချက် ညာဉ်းညူသံလိုလို ကြားနေရသည်။ တီးတိုးစကားသံကား နေအိမ်တွင်း အရှေ့ဘက် ဧည့်ခန်းဆီမှ ဖြစ်ပြီး ….။ ညာဉ်းညူသံကား အိမ်ခန်းအတွင်းမှ ဖြစ်သည်။ ဓာတ်မီးရောင်နှင့်အတူ အိမ်ပေါ်သို့ တက်လာသူမှ “ခုထိ မမွေးသေးဘူးလား” ဟု တီးတိုးမေးသံ …. ” ဟုတ်တယ် … မမွေးနိုင်သေးဘူး မနက်ကတည်းက ဗိုက်နာနေတာပဲ” ဆိုသည့် ပြန်ဖြေသံ ….. ” ဆရာမ ရောက်နေပြီ မဟုတ်လား ….” “ညနေကတည်းက ရောက်နေတာ … မွေးတော့ မွေးတော့မယ်နဲ့ တူတယ် အရီးရ ” ……..။
အိမ်ခေါင်းရင်းတွင် ချိတ်ဆွဲထားသည့် မီးရောင်အောက်တွင် မြင်နေရသော တိုင်ကပ် နာရီကြီး၏ နာရီလက်တံများကား နံနက် ၁ နာရီ ထိုးရန် ၁၅ မိနစ်အလိုသို့ ပြနေပေပြီ။ “အုဝဲ …. အု …ဝဲ …..အုဝဲ …..” တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် စူးစူးဝါးဝါး အော်ငိုသံ …….။ “ကိုရင်မှိုင်းရေ မွေးပြီဟေ …. ယောက်ျားလေးဟ … ကျောမှာလည်း အမှတ်ကြီးနဲ့ …. ” ဟူသည့် ဆရာမအော်ပြောသံကို ကြားလိုက်ရချေသည်။ ပထမ ရင်သွေးနှစ်ယောက်တုန်းက မိန်းကလေးတွေ….။ အငယ်မလေးပင် အသက် ကိုးနှစ်ကျော်ပြီ။ ယခု မွေးဖွားလာသည်က သားလေးဆိုတော့ ကိုရင်မှိုင်းတစ်ယောက် ထခုန်မိမတတ် … ဝမ်းသာမိချေတော့သည်။
× × × × × × × × × × × × × × × × × × ×
မွေးကတည်းက တုတ်တုတ်ခဲခဲ … ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသည့် ကလေး။ ကျောပြင်တွင် အမှတ်အသားက ထင်ထင်ရှားရှားမို့ …. မိဘတွေက ချစ်စနိုးနှင့် ဖိုးမှတ်ဟု ခေါ်ကြသည်။ တစ်ဦးတည်းသော သားကလေးမို့ ကိုရင်မှိုင်း တုန်နေအောင် ချစ်လေသည်။ ခက်နေသည်ကား သားလေးက သူ့အနား မကပ်။ သူနှင့် ဝေးဝေးနေသည်။ သူခေါ်လျှင် အော်ငိုသည်။
မောင်ဖိုးမှတ်လေး အခါလည်ကျော်လာတော့ ဆော့ကစားသည့် ကစားနည်းကား သူ့လည်ပင်းတွင် သူ့အား ကျောပိုးရာ၌ အသုံးပြုသည့် ပိုးတဘက်ကို် ရစ်ပတ်ကာ လေးဘက်ထောက်ပြီး ပြေးလွှားဆော့ကစားခြင်းပင် ……။
မောင်ဖိုးမှတ် စကားတီတီတာတာ ပြောတတ်သည့် အရွယ်ရောက်လာတော့ …. “တားတား နာမယ်က ဖိုးမှတ် အဟုတ်ဘူး … နာနိုးမ ….နာနိုးမ …” မပီကလာ ပီကလာဖြင့် ဟုပြောသည်။
ကိုရင်မှိုင်း အံ့ဩရချေပြီ။
“အားနိုးမ နေမကောင်းဖြစ်လို့ … လှည်းကိုမဆွဲနိုင်တာကို ဖေဖေက ကြာပွတ်နဲ့ ရိုက်တာ …။ အဲ့ဒါ ကျောကို ပေါက်ရော …..။ အဲ့လို …. အဲ့လို …. ရိုက်တာ …. ” လက်ကလေး တမြောက်မြောက်ဖြင့် ပြသပြောဆိုနေသော သားကလေးရဲ့ ဟန်ပန်ကို မြင်ရတော့ ကိုရင်မှိုင်း မျက်ရည်ကျမိချေပြီ။
“သေချာပြီ …. ကိုမှိုင်းရဲ့ …. သားကလေးဟာ အာနိုးမ သေလို့ဝင်စားတယ်ဆိုတာ …. သူသေပြီးကတည်းက ကျမ ညတိုင်းလို အိပ်မက်တာ … ကျမတို့ဆီမှာ နေပါရစေဆိုပြီး လာလာပြောနေတာ။ သူ့သားလေးကို စိတ်မချလို့ပါတဲ့လေ ” မသိန်းမေ၏ စကားကား သူ့နားထဲတွင် တဝဲလည်လည် …..။
နေ့နှင့်ညတို့သည် ပုံမှန် လည်ပတ်လျှက် ….. ထိုနည်းတူစွာ သံသရာစက်ဝန်းမှာလည်း ……………………………….
လေးစားစွာဖြင့် ……
ထွန်းဝင်းလတ်
10 comments
kai
August 22, 2016 at 1:49 pm
အဲလို မြင်းတွေသေရင်.. ပေါ်စားလိုက်မှာပေါ့နော..။
စားဖူးလား..။
မြန်မာပြည်မယ်.. မြင်းသားစားကြတာသိပ်မတွေ့ဖူးပေမယ့်.. မြင်းတွေတော့ ..ရှိကြတယ်နော..။
အဲ..
ဆတ်လိုကောင်ကျ.. အရှင်လတ်လတ်.. တကောင်မှကို မမြင်ဖူးပေမယ့်.. ဆတ်သားကျ.. တော်တော်ပေါတာ..။ :k:
ဦးကျောက်ခဲ
August 22, 2016 at 3:03 pm
“ဆတ်” လား… တောထဲဝင်ရှာတောင် တွေ့မှာမဟုတ်…
မြန်တျန့်က ဆတ်သားဆိုတာ ကျွဲပေါက်စ နွားပေါက်စ Veal တွေခီည…
မယုံရင် သားသတ်ရုံတွေရှေ့ မနက်အာရုံမတက်ခင် သွားစောင့်ကြည့်… :k:
kai
August 23, 2016 at 3:37 pm
တလောက.. မိုင်၃၁၀ဝခရီးသွားတာမှာ.. Yellowstone N Park ထဲ.. ကားရှေ့က.. Elk တွေဖြတ်တာမို့.. ထိုင်စောင့်လိုက်ရသဗျ..။
https://www.youtube.com/watch?v=DS6WY8SS_5U
kotun winlatt
August 22, 2016 at 5:16 pm
မြင်းတွေ သေရင် ပေါ်စားကြတယ် ပြောတာပဲ . . . မြင်းသား မစားဘူးပါဘူး . . .
ဆတ်သားဆိုတာတော့ စစ်တာရှားတယ် . . .
ကျွဲသားတွေလို့ ပြောကြတာပဲ ဟုတ်မဟုတ်တော့ သေချာမသိ . . . ဘာလို့လဲဆိုတော့ ကိုယ်မှ လက်တွေ့မမြင်ရတာ . . . .
ဦးကျောက်ခဲ
August 22, 2016 at 3:07 pm
စွဲလမ်းခြင်းက ဘဝတဏှာကို ဖြစ်စေသတဲ့… စာအုပ်တွေထဲ ဖတ်ဖူးတာ
အဲသည့်လို လူဝင်စားတွေအကြောင်း အတော်များများဖတ်ဖူးပါရဲ့…
မျက်မြင် ကိုယ်တွေ့ကတော့ … မယုံအခက် ယုံအခက် ၅ဝ – ၅ဝ :k:
kotun winlatt
August 22, 2016 at 5:17 pm
ကျနော်လည်း သိပ်မယုံဘူး ဦးကျောက်စ်ရ . . . ဒါပေမဲ့ တကယ်တမ်းပြောရရင် လောကကြီးမှာ ကိုယ်လိုက်မမီတဲ့ ကိစ္စတွေ အများသားဗျ
Foolish Girl
August 24, 2016 at 9:58 am
ယုံတာမယုံတာထက် ဖတ်လို့တော့တကယ်ကောင်းပါတယ်
အားပေးသွားပါတယ်နော်
လုံမလေးမွန်မွန်
August 24, 2016 at 12:46 pm
ဖတ်ပြီး ရင်ထဲမကောင်းဘူး . . . တိရစ္ဆာန်တွေဆို သနားတတ်နေတာ စိတ်ညစ်တယ်
မမချွိ
August 26, 2016 at 8:52 am
ခု အသက်ထိကို လူဝင်စား ပီပီပြင်ပြင်မတွေ့ဖူးသေးဘူး
ငါ့ အကို ရေးထားတာတော့ ဖတ်လို့ကောင်းတယ်။
uncle gyi
August 28, 2016 at 4:16 pm
မြန်မာမှာမြင်းသားသီးသန့်စားတယ်မကြားမိ
ဘာပြောပြောလူဝင်စားတော့မယုံမရှိနဲ့
ဇာတ်လမ်းအစအလယ်အဆုံးကြိုက်တယ်ဗ ျို့