ကိုယ့်အတွက် လက်ဆောင်
အိမ်ထောင်ပြုပြီး တွေ့သောသူတိုင်းဆီက ထိုစေတနာစကားများကို ခဏခဏ ကြားရသောအခါ။
(၁)
[မေး] “ကလေးမယူသေးဘူးလား..ယူတော့လေ”
[ဖြေ] “ရဖို့ကို ကြိုးစားမနေသလို .. မရဖို့လည်း မကြိုးစားနေဘူး ..”
[မေး] “အသက်ကြီးနေပြီ ..”
[ဖြေ] ….. ( ပြုံးပြ ) …
[ဂျစ်ကန်ကန်အတွေး] “အသက် ၅ဝဆယ်ထိ နေရမယ်ဆိုရင်တောင် နောက်နေရ ၁၈ နှစ် … ဘာကြောင့် စိတ်ပင်ပန်းခံတော့မှာလဲ”
[စိုးရွံအတွေး] “ဟုတ်တယ် … ငါ ကလေး ယူတော့မယ် .အသက်ကြီးလာရင် မလွယ်ဘူး ..”
(၂)
[မေး] “ကလေးယူ .. ဒါမှ အသက်ကြီးရင် အဆင်ပြေမှာ”
[ဂျစ်ကန်ကန်အတွေး] “ဟင် … ကလေးယူတဲ့ ရည်ရွယ်ချက်က .. ငါအသက်ကြီးရင် အဆင်ပြေဖို့လား … အိမ်ထောင်မပြုတဲ့သူတွေကျတော့ကော?
မွေးလာတဲ့ကလေးက မိဘကို လုပ်ကျွေးပြုစုပါမယ်လို့ သေချာလို့လား … ဘိုးဘွားရိပ်သာက .. လမ်းဘေးက သားသမီးရှိရဲ့သားနဲ့ စွှန့်ပစ်ခံ အဘွားအို အဘိုးအိုတွေကျတော့ကော?”
[စိုးရွံအတွေး] “ငါ့အိုဇာတာက ဘာပါလိမ့်”
[Management အတွေး] “သားသမီးက မိဘကို မလုပ်ကျွေး မပြုစြုခင်းဟာ Uncertainty မဟုတ် .. Risk တစ်ခုသာ .. ထို့ကြောင့် ငါကလေးရရင် ငါကလေး လိမ္မာအောင် မိဘကို သိတတ်အောင် ပျိုးထောင်ရမယ်”
[Business အတွေး] “လူလောကထဲ မရောက်သေးတဲ့ လူတစ်ယောက်ပေါ်မှာ ကိုယ့်အိုဇာတာကောင်းဖို့အတွက် ရင်းနှီးမြှပ်နှံခြင်း”
[အမှန်တရား] “ကျွန်မတို့ သိပ်ကို အတ္တကြီးကြတယ်”
(၃)
[မေး] “ကလေးယူ … ဒါမှ အိမ်ထောင်ရေးသာယာမှာ … ကလေးဆိုတာ အိမ်ရဲ့ဆည်းလည်းသံ … ကလေးရှိမှ ပျော်စရာမိသားစုလေးဖြစ်မှာ”
[ဂျစ်ကန်ကန်အတွေး] “ဘယ်လို … အိမ်ထောင်ရေးသာယာဖို့အတွက် ကလေး မဖြစ်မနေမွေးရမှာလား …
သမီးအပျိုအရွယ်ရှိတဲ့ဖောက်ပြန်တတ်တဲ့အဖေ KTV ရောက်နေတဲ့အဖေတွေကျတော့ကော?
တသက်လုံးကလေးမမွေးနိုင်ပေမဲ့ ရိုးမြေကျ ချစ်ခင်နားလည် ပေါင်းသင်းသွားတဲ့ သူတွေကျတော့ကော?
ဆည်းလည်းသံ .. အို .. ငါဒီလောက် အသံကျယ် စကားများတာကို..
ငါတို့၂ယောက်လည်း အခု တော်တော်ပျော်နေတာပဲ … ”
[စိုးရွံအတွေး] “ကလေးမရှိရင် တသက်လုံးမပျော်နိုင်ဘူးလား .. ၂ယောက်ထဲတည်ရှိခြင်းက မိသားစု မဟုတ်ဘူးလား .. ဒါဆို မြန်မြန်မွေးမှ”
[Business အတွေး] “လူလောကထဲ မရောက်သေးတဲ့ လူတစ်ယောက်ပေါ်မှာ ကိုယ့်အိမ်ထောင်ရေးသာယာဖို့အတွက် ရင်းနှီးမြှပ်နှံခြင်း”
[အမှန်တရား] “ကျွန်မတို့ ကိုယ်ချစ်ရသူရဲ့ သစ္စာတရားကို သံသယထားကြတယ်”
(၄)
ပတ်ဝန်းကျင်က စေတနာတွေထားကြတာများလာတဲ့အခါ … စေတနာက ဖိအားတွေဖြစ်လာတယ် .. အမှန်ကို မဆုံးဖြတ်နိုင်တော့ပဲ ကိုယ်မလုပ်ချင်တာတွေကို လုပ်နေပြီးသား ဖြစ်သွားတယ်။ အဲဒါတွေကလည်း အကောင်းဆုံးဖြစ်မလာဘူး .. စကားပြင်ပြောပါ့မယ် ..
အကောင်းဆုံးဖြစ်မလာဘူးဆိုတာထက် … အကောင်းများများ ဖြစ်မလာတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူဆုံးဖြတ်ချက်ဟာ သူကိုယ်တိုင် ယုံကြည်တဲ့အရာ လုပ်ချင်နေတဲ့အရာ မဟုတ်လို့ပါ။
(၅)
ကျွန်မတို့ဟာ အစဉ်အလာတွေထဲမှာပဲ ပိတ်မိနေကြတယ် … လူတစ်ယောက်ရဲ့ဘဝကို အစဉ်အလာတွေနဲ့ပဲ တိုင်းတာကြတယ် … အစဉ်အလာကို ဖောက်ထွက်မိတဲ့ လူဟာ အနှိမ်ခံ အပြောခံဖြစ်တော့တာပဲ။ တည်ရှိနေပြီးသား နည်းလမ်းတွေဟာ ယေဘုယျ တွက်ချက်ထားတာသာဖြစ်ပါတယ်။
ဒီနည်းလမ်းကိုသုံးလို့ ဒီ Result ကျိန်းသေပေါက် ရမယ်လို့ မျှော်မှန်းလို့မရပါဘူး။
လူတစ်ယောက်ဟာ သူ့ဘဝကို အကောင်းဆုံးတည်ဆောက်ဖို့ … တခြားသူတွေကိုမထိခိုက်တဲ့ သူကြိုက်တဲ့နည်းလမ်းသစ်များကို သုံးခွင့်ရှိပါတယ်။
လူတစ်ယောက်ရဲ့ဘဝကို တိုင်းတာတဲ့အခါ ကိုယ့်မှာရှိပြီးသားအရာတွေနဲ့ နှိုင်းယှဉ်တိုင်းတာလို့မရပါဘူး။ ကိုယ့်အတွက် အဲ့အရာက မှန်ပေမဲ့ သူအတွက် မှားနိုင်ပါတယ်။ ကိုယ့်အတွက် အဲ့အရာက လိုပေမဲ့ သူ့အတွက်လိုချင်မှလိုမှာပါ။
သူ့ဘဝကို သူကိုယ်တိုင် တကယ်ကျေနပ်နေတယ် ဆိုရင် သူ့အတွက် လုံလောက်ပါပြီ။
(၆)
ကျွန်မဟာ ..
ကလေးမဖြစ်မနေယူမယ် လို့ ဆုံးဖြတ်မထားသလို …
မယူတော့ဘူးလို့လည်း တရားသေ မတွေးထားပါဘူး …
ကျွန်မဟာ ..
ကိုယ့်ယုံကြည်မှု နဲ့ ကိုယ်
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး
ပျော်ပျော်ရွှင်ရွှင် လေးလေးနက်နက်
ဘဝကို ဖြတ်သန်းနေပါတယ် …
(၇)
ပန်းတစ်ပွင့်ဟာ ပွင့်သင့်တဲ့အချိန်ရောက်ရင် ဘယ်သူမှ တားလို့မရပါဘူး …
အဲ့ဒီပန်းကလေးဟာ လှပစွာ ပွင့်လာပါလိမ့်မယ်။
အချိန်ကပေးတဲ့ …
သဘာဝကပေးတဲ့ …
ကံစပ်လို့ ရောက်လာတဲ့ …
လက်ဆောင်ကိုသာ ကျွန်မ မျှော်လင့်ပါတယ်။
[ဒီ site ထဲ စာမတင်ဖြစ်တာ ကြာသွားပါတယ် … Sorry … 😀 ]
2 comments
Thint Aye Yeik
October 14, 2016 at 8:54 am
စာရေးကောင်းသူမို့ စာတွေ မျှော်နေမိတာ ဝန်ခံပါကြောင်း။
———
သားသမီးဆိုတာ ရတနာ ဆိုလား ပြောကြတာပဲ
Kabyar Phyu Phyu
October 19, 2016 at 2:51 pm
မျှော်တဲ့သူ ရှိတာ ဝမ်းသာမိပါကြောင်း