ကျွန်တော်. . .ကြီးလာပြီ
”ကျွန်တော် အသက် ကြီးပြီ”
—————————————————
လွန်ခဲ့သော နှစ်တွေတုန်းက ကျွန်တော့်မှာ
ပြဿ နာတွေ များပြားလှစွာ ရှိခဲ့သည်။
ကိုယ် မိုက်မဲဆိုးသွမ်းသောကြောင့် တက်လာသည့် ပြဿ နာများ မဟုတ်ဘဲ တစ်မိသားစုလုံးနှင့် ဆိုင်သည့်
မိသားစုပြဿ နာများ၊
အိမ်တွင်းရေး ပဋိပက္ခများသာ ဖြစ်ပါသည်။
ထိုစိတ်ညစ်စရာ အခြေအနေများကို ၂ နှစ်ကျော် ၃ နှစ်နီးပါး ရင်ဆိုင်ရသောအခါ ကျွန်တော့်မှာ သွေးရူးသွေးတန်း ပြေးထွက်သွားပြီး စိတ်ဖြေသိမ့်ဖို့ရာ နေရာများ ရှိရန် လိုအပ်လာခဲ့သည်။
ထိုနှစ်များအတွင်း မိဘ မောင်နှမများ ပါဝင်ဖွဲ့စည်းထားသော မိသားစုနှင့် ဝေးရာကိုသာ ပြေးထွက်သွားချင်သည့်စိတ်ဖြင့် တကယ်လည်း ပစ်ခွါ ထွက်သွားခဲ့ဖူးသည်။
အထူးသဖြင့် သီတင်းကျွတ်လိုမျိုး
မိသားစု စုံညီစုဝေးမည့်ကာလတွေမှာ ကျွန်တော် အိမ်မှာ ရှိမနေတော့ပေ။
သီတင်းကျွတ်လပြည့်နေ့သည် ကျွန်တော့်အတွက် အတိတ်ဆိုးတစ်ခု ရှိခဲ့ဖူးသည့် နေ့ရက်ဖြစ်သည်။
ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့ကို ကျွန်တော် ရှောင်ချင်ခဲ့သည်။
ကျွန်တော့်မှာ ကျွန်တော်ကိုယ်တိုင်ပင် ပြန်မတွေးချင်လောက်အောင် စိတ်ပျက်စရာကောင်းသော ကိစ္စများ ရှိပါသည်။
ထိုအကြောင်းများကို မည်သူ့ကိုမျှလည်း ပြန်မပြောချင်တော့သဖြင့် တိတ်တိတ်ကလေးသာ ကန့်လန့်ကာ ချခဲ့သည်။
———————————————
ဒီနှစ်တော့ ထူးခြားသည်။
ဆိုးဆိုးရွားရွား ဖြစ်ပျက်နေကျ အသိုက်အဝန်းတစ်ခုက တော်တော်ကလေးကို ငြိမ်သက်ပြီး ကောင်းမွန်နေသည်။
အကောင်းဘက်ကို မြှားပြနေသည်ကို အံ့ဩဖွယ်ရာ မြင်ရသည်။
ဒါပေမဲ့ ကျွန်တော်တစ်ယောက်ကတော့ဖြင့် မိသားစုနှင့် တမင် ဝေးအောင် ဖယ်ခွါရင်း ပြေးရင်း လွှားရင်းဖြင့် တကယ်ပင် ဝေးကွာသောအရပ်မှာ ရောက်သွားလေပြီ။
ဝေးချင်လို့ ပြေးထွက်ခဲ့ပေမဲ့ တကယ်လည်း ဝေးကွာသွားရော. . . နီးကပ်စွာ နေချင်လှပြန်တော့သည်။
လူ့စိတ်သဘာဝဆိုသည်မှာ ကိုယ်တိုင်၏စိတ်ကပင် ကိုယ်တိုင် နားလည်ရ ခက်လှသည်။
အမေ၊ အဖေ၊ အစ်ကို၊ ညီ၊ ညီမများနှင့် ဝေးကွာနေရချိန်များကို အသည်းမာချင်ယောင်ဆောင်ပြီး ကျော်ဖြတ်ရသည်။
ကမ႓ာပေါ်မှ တစ်ယောက်ထဲသော အဖေ၊ တစ်ယောက်ထဲသော အမေ ၊
တစ်ယောက်ထဲသော အစ်ကို ညီမ ညီ. . .
သူတို့ကို လွမ်းလှသည်။
နီးတကျက်ကျက် ဖြစ်ခဲ့သမျှ ဝေးတသသ ဖြစ်ရလေပြီ။
ဒါပေမဲ့ ဒီနှစ် ထူးခြားသည်။
—————————————————
အမေ ဦးဆောင်သော မိသားစုသည် ဒီ်နှစ်မှာတော့ ခါတိုင်းလို ဆူပူမနေတော့ဘဲ တဖြည်းဖြည်း ငြိမ်းချမ်းလာသည်။
ဒီ သီတင်းကျွတ် လပြည့်တွင် မိသားစု အားလုံးလည်း ဆုံညီစွာ အတူ ရှိကြသည်။
အဖေနှင့်အမေကို သား သမီးများက ရှိခိုးကန်တော့ကြမည်။
မတည့်အတူနေခဲ့ကြသော မောင်နှမ လေးယောက်က ”တကွဲတပြားနေရခြင်း”နှင့် ကြုံလိုက်ရတော့ ငြိမ်းချမ်းစွာ ပြန်လည် တည့်မတ်ချင်နေကြသလိုပင်။
အဖေနှင့်အမေကို အိမ်ဦးခန်းမှာ ထိုင်စေပြီး မောင်နှမတတွေ တန်းစီကာ ထိုင် ရှိခိုး ဦးခိုက်ကြတော့ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စို လက် တောက်ပ လျက်သား။ သည် သားသမီးတွေကို အမေ ဖြစ်စေချင်တဲ့ ကောင်းမွန်ရာဟူသမျှ ဆုတွေ ပေးလို့။ အဖေသည်လည်း သည်အတိုင်း။
”ကာယကံ ဝစီကံ မနောကံ ထဲက တစ်ပါးပါးသော ကံဖြင့်သော်လည်းကောင်း ကံသုံးပါးလုံးဖြင့်သော်လည်ကောင်း ပြစ်မှား ကျူးလွန် စော်ကား ရိုင်းစိုင်းခဲ့တာများ ရှိခဲ့လျှင် သားတို့ သမီးတို့အား ခွင့်လွှတ် ပေးပါ အဖေနဲ့အမေ. . .”
သည်အဖေနဲ့သည်အမေအပေါ် သည်သားသမီးတွေက ခွင့်မလွှတ်နိုင်လောက်အောင် ဆိုးသွမ်းသော လုပ်ရပ်များဖြင့်တော့ ဒုက္ခ မပေးခဲ့ပါဘူးလေ။
အကယ်၍ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့အမှားတွေ ရှိခဲ့လျှင်လည်း ဒီနေ့ ဒီ်အချိန်မှာတော့ ခွင့်လွှတ်ဖို့ တောင်းပန်ကြ ခွှင့်လွှတ်ကြောင်း ပြောကြနဲ့ပေါ့။
ဘယ်လောက် ကြည်နူးဖို့ကောင်းလိုက်သလဲနော်။
ဒီနှစ်တော့ ထူးထူးခြားခြား တစ်ခု ရှိပါသေးရဲ့။
အဖေ အမေကို ရှိခိုး ကန်တော့ဖို့ တန်းစီ ထိုင်နေတဲ့အထဲမှာ တစ်နှစ်နဲ့ခြောက်လသား အရွယ် ကျွန်တော်တို့ တူတော်မောင်လေး ”ဗန်ဗန်”လည်း ရော ထိုင်ပြီး ဦးတော် ဆိုပြီး မပီကလာ ပီကလာ ဝူးဝူးဝါးဝါး ပြောပြီး ဦးချနေလေရဲ့။ သူ့အဖိုးနဲ့အဖွားကို ပုဆိန်ပေါက်သလို ရှိခိုးနေတဲ့ အဲ့ဒီကလေးလေးကို ကြည့်ပြီး အားလုံး ရယ်မိကြသေးရဲ့။
အဖေနဲ့ အမေကို ကန်တော့ ပြီးတော့ အစ်ကိုအကြီးဆုံး ဖြစ်သူတို့ ဇနီးမောင်နှံကို ရှိခိုး။ ဒီအထိလည်း ကျွန်တော်ဖြင့် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပါပဲ။
အဖေ အမေ ဆိုတာဟာလည်း ကိုယ့်မိဘဖြစ်တာက တစ်ကြောင်း။ ဒီကမ႓ာပေါ်မှာ မှတပါးအခြားမရှိတဲ့ စေတနာမျိုးနဲ့ ကိုယ် လူလူသူသူ ဖြစ်အောင် မွေးကျေးဇူး၊ ကျွေးကျေးဇူးတွေရှိခဲ့တဲ့ လူသားနှစ်ဦး။ သူတို့အပေါ် မှားခဲ့တာတွေ ရှိခဲ့ရင် ခွင့်လွှတ်ပေဖို့။ ရှိခိုးဦးညွတ်ပြီး တောင်းပန်တာပဲ။ ကိစ္စ မရှိ။
ကိုယ့်အစ်ကိုအကြီးဆုံးဟာလည်း အစ်ကိုတာဝန် ကျေတယ် မကျေဘူးဆိုတာတွေ အသာထားပြီး ကြီးသူကို ရိုသေခြင်းဆိုတဲ့ စိတ်ထားနဲ့ အစ်ကို့အပေါ် စော်ကားပြစ်မှား ပြောဆိုပြုမှုမိတာ ရှိရင် ခွင့်လွှတ်ပါ။
ဒါလည်း ကိစ္စ မရှိ။
အစ်ကိုဖြစ်သူ ဇနီးမောင်နှံရဲ့အလှည့် အပြီးမှာ . . .
အမေက. . .
”ကဲ. . .သားငယ် သူရ. . .
အိမ်ဦးခန်းမှာ ထိုင်”တဲ့။
”ဟင်! ဘာလုပ်မလို့လဲ”
”သားကို သားရဲ့ညီနဲ့ညီမက ကန်တော့ချင်တယ်လို့ ပြောထားတယ်။ အဲ့ဒါ. . . ကန်တော့ခံလိုက်” တဲ့။
ဗုဒ္ဓေါ!!!
”ဟာာာာ မလုပ်ပါနဲ့။ ကန်တော့ ခံထိုက်တဲ့သူ မဟုတ်သေးဘူး”
ငြင်းပေမဲ့ . . .ကျွန်တော့်ကို ကန်တော့ဖို့ဆိုပြီး ကြို စီစဉ်ထားတဲ့ ပုဆိုးတို့ ဘာတို့ ရှေ့လာချပြီး လက်အုပ်တွေ ချီကုန်ကြရော။
အဲ့တော့လည်း စိတ်ထဲ လှုပ်လှုပ်ရှားရှားဖြစ်ပြီး ကန်တော့ခံရ။
အသက် ၂၉ နှစ်ထဲ ရောက်တဲ့အချိန်မှာ ဒါ ပထမဆုံးအကြိမ်ပဲ။
ညီအငယ်ဆုံးနဲ့ ညီမဖြစ်သူ ဇနီးမောင်နှံက ကိုယ့်ကို လက်အုပ်ချီ ကန်တော့ပြီး ပြောမှာဆိုမှား ရှိရင် ခွင့်လွှတ်ပါ ဆိုပြီး ပြောလာတော့. . .
”အေးပါ. . .ခွင့်လွှတ်ပါတယ်။ ကိုယ့် ညီတွေ ညီမတွေပဲ. . .။ ခွင့်လွှတ်နေတာပါပဲ။ ဆုတော့ ကောင်းကောင်း မပေးတတ်ဘူး။ လိုရာ ဆန္ဒတွေ ပြည့်ဝကြပါစေပေါ့”
ဒါလောက်ပဲ ပြောမိတယ်။
သူတို့လေးတွေ လိုရာဆန္ဒ ပြည့်အောင်လည်း ကိုယ်က ဘေးကနေ ကူညီ ပံ့ပိုးပေးခဲ့တာပါပဲ။ အထူးသဖြင့် ညီအငယ်ဆုံးလေးကို ပို ကြည့်ဖြစ်နေတာ။
ညီမဖြစ်သူက သူ့အိမ်ထောင်နဲ့သူ(အခုဆို သားတစ်ယောက်မိခင်)ဖြစ်နေပြီဆိုတော့ ကိုယ် ကြည့်ရမှာက အဖေအို၊ အမေအိုနဲ့ ညီအငယ်ဆုံးလေးပဲလေ။
ညီအငယ်ဆုံးနဲ့ ကိုယ်က အသက် ဆယ်နှစ်ကျော် ကွာတော့ ကိုယ်က လူကြီးအနေနဲ့ အမြင်မတော်တာတွေ့တာနဲ့အမြဲဆုံးမ ပြုပြင်ပေးလာတာ။
အဲ့ဒီကလေးရဲ့ စိတ်ဓါတ် ခွန်အားဖြစ်စေမယ့်စကားတွေ ဗဟုသုတရမယ့် စကားတွေလည်း အမြဲ ပြောပေးနေခဲ့တာ။ ဒီတော့ ဒီညီကလည်း ကိုယ့်ကိုဆို ရိုသေပြီး အားကိုး ရှာပါရဲ့။
ဒါနဲ့ပဲ ကိုယ်က ကန်တော့ခံ ထိုက်သွားရောလား။
ဆိုတော့ မဟုတ်သေးပါဘူး။
ကိုယ်က စင်ကြယ်နေတဲ့သူလည်း မဟုတ်တော့ ကိုယ့် ညီ ညီမတွေ ကန်တော့တာကို ခံရချိန်မှာ လိပ်ပြာတော့ သိပ်မလုံချင်။
ဝမ်းသာတာလား ဝမ်းနည်းတာလား ဘာရယ်လို့ မခွဲခြားတတ်တဲ့ ခံစားချက်မျိုး ဖြစ်လာပြီး ကြည်နူးမျက်ရည်တော့ ဝိုင်းမိတယ်။
မိသားစုတွေအကုန်လုံးရဲ့မျက်ဝန်းမှာလည်း ဒီလိုပါပဲ။ အမေကဆို ကျွန်တော်တို့ကို ပြုံးပြီး ကြည့်ရင်းကနေ . . .
” ကြည့်စမ်းပါအုန်း ငါ့သားတွေ. . .
ကန်တော့ ခံရတဲ့အရွယ်တောင်. . . ရောက်ကုန်ပါပေါ့” တဲ့။
”ဟုတ်ပါ့ အမေရေ။ သားကို ကန်တော့ပြီ ဆိုကတည်းက အဲ့ဒါ သား အသက်ကြီးပြီ လို့ သတိပေးလိုက်တာပဲ” လို့ ရယ်ရယ်မောမော ပြောဖြစ်ပါရဲ့။
အော်. . . .
အချိန်တွေ အကုန်မြန်လိုက်တာ။
ကြည့်စမ်း! ငါ့နှယ်. . .အချိန်တွေ ကုန်တာ မြန်ကြောင်းကို အသက် ၂၉နှစ်ထဲ ရောက်မှပဲ ပြတ်ပြတ်ထင်ထင် သတိထားမိတယ်။
လူသာ အသက်ကြီးလာတယ်။
အသိဉာဏ်က ထူးထူးခြားခြား ကြီးထွား ရင့်ကျက်လာဖို့ လိုအပ်နေသေးပါလားလို့ ကိုယ့်ကိုယ်ကို မှတ်ချက်ကလေး ပြုမိတဲ့နေ့ ဆိုပါစို့။
—————————————————
သင့်အေးရိပ်
16/10/2016
သီတင်းကျွတ် လပြည့်နေ့ အမှတ်တရ
12 comments
kai
October 21, 2016 at 4:15 pm
အိမ်ထောင်မကျသေးသမျှတော့.. အသက်မကြီးသေးလို့ဆိုရမှာပဲ..။
.. အိမ်ထောင်ကျပြီး.. သားသမီးရှိပါမှ.. ရင့်ကျက်တဲ့အရွယ်ရောက်တယ်လို့ ဆိုချင်မိတယ်..။
အသက်ကြီးတယ်လို့ …ခေါ်ချင်ခေါ်ပေါ့…။
Thint Aye Yeik
October 21, 2016 at 6:51 pm
အဲ့ဒါဆို အသက် လေးဆယ် ငါးဆယ် လူပျိုကြီးတွေကျတော့ရော
အသက်မကြီးသေးဘူးလို့ ဆိုမှာလားခည
:k:
အိမ်ထောင်ကျနေတဲ့သူတွေမှ ဘဝအတွေ့အကြုံ
ရင်ဆိုင် ကျော်ဖြတ်အား
ဦးဆောင်စွမ်းရည်
ပြုစုပျိုးထောင်ခြင်းအတတ်ပညာ စသည် စသည်တွေနဲ့ ရင့်ကျက်ပြည့်စုံမယ် လို့တော့ ကျနော်ဖြင့် တယ်လည်း လက်မခံချင်။
အိမ်ထောင် မကျပေမယ့် ယူထားတဲ့တာဝန်တွေ လုပ်နေတဲ့အလုပ်တွေ မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ရင့်ကျက်ပြည့်ဝနေတာမျိုးလည်း ရှိမှာပဲ မဟုတ်လား။
ဥပမာ. . .ဟို အန်တီကြီးကို ကြည့်
ဟို ဦးလေးကြီးတွေကိုလည်း ကြည့်
😆
kai
October 22, 2016 at 6:36 am
ကျုပ်ကိုယ်တိုင်က.. အသက်၄ဝလောက်အထိ.. အိမ်ထောင်မပြုပဲနေခဲ့သူမို့.. ဒါကို သေသေချာချာသဘောပေါက်ပြီး.. ပြောလို့ရတယ်..။
လူမှာ.. ကျားနဲ့မ ၂မျိုးထဲရှိတာမှာ.. တမျိုးအကြောင်းတမျိုးက…. နားအလည်(ပေး)နိုင်ဆုံးက.. အတူတူနေကြည့်.. ၂ယောက်လုံးနဲ့ဆိုင်တဲ့.. မျိုးဆက်တခုထားကြည့်တာပဲ..။
အဲဒါမှ.. လူ့လောကအကြောင်းပိုနားလည်တဲ့.. ယဉ်ကျေးမှု.ဓလေ့.. နိုင်ငံကို တည်ဆောက်လို့ရမယ်..။ လူဟာ.. လူသားဆန်မယ်..။ လူ့သဘာဝတရားလည်းဖြစ်တယ်..။
ချွင်းချက်တော့ ရှိမှာပေါ့..။
၁သောင်းမှာ.. ၁ယောက်..။ ၁သိန်းမှာ ၁ယောက်လောက်..။ :k:
ကိုပေါက်(မန္တလေး)
October 22, 2016 at 7:00 am
ဒီတစ်ခါတော့ လူလူချင်းကန့်တော့တာ ဘာဖြစ်ညာဖြစ်မပြောတော့ပါလား
kai
October 22, 2016 at 7:19 am
လူလူချင်း.. ကန်တော့တာက.. ဓလေ့ဖြစ်နေသမို့.. အိုကေချင်.. ကေလို့ရပါတယ်..။
ကျုပ်တောက်လျှောက်ကန့်ကွက်တာက… ရှိခိုး၊ပူဇော်၊ဖူးမျှော်၊မာန်လျှော့ကန်တော့တာ..။ :k:
Thint Aye Yeik
October 22, 2016 at 10:11 am
ဖူးမြှော်မာန်လျှော့ ကန်တော့တယ်ဆိုတာ အဝါရောင် ဝတ်တဲ့ ကိုယ်တော်တွေကို ဆိုလိုရင်းလား မသိ။
အင်း ပြောမယ့်သာ ပြောနေတာ။ ကျနော်လည်း ဆရာတော် ဦးသုမင်္ဂလရဲ့ မှော်ဘီ မင်္ဂလာတိုက်ကျောင်းကို ၂၀၁၂ ခုနှစ်က တစ်ကြိမ် ရောက်ပြီး ဒယ်အိုးဆရာတော်ကို ကန်တော့ခဲ့တာ
အဲ့ဒီနောက်ပိုင်း တခြား ဘယ်ကိုယ်တော်ကိုမှလည်းဟထပ် မဖူးမြှော် မာန်မလျှော့မိတော့တာ ဒီနေ့ထိ
စိတ်ထဲက ကြည်ညိုစိတ်ဖြစ်မိတဲ့ ကိုယ်တော်ကြီးတွေတော့ ရှိပါ့။ ဖန်သားပြင် ပေါ်တဲ့ အရုပ်ကို ကြည့်ပြီးပဲ ကြည်ညိုမိတာ။ အပြင်မှာ သံဃာကို ထိုင် မကန်တော့ဖြစ်တာ လေးနှစ်လောက် ရှိပါပေါ့လား
တိန် တိန်
ဝင့်ပြုံးမြင့်
October 22, 2016 at 2:51 pm
သံယောဇဉ်တွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ မိသားစုမို့ အမြဲပဲ အားကျခဲ့ရတာ။ ကန်တော့ခံဘဝရောက်သွားတဲ့ လူပြိုကြီး သင့်အေးရိပ်ကိုတော့ သနားတာပေါ့။
Thint Aye Yeik
October 22, 2016 at 5:02 pm
လူပျိုကြီး စာရင်းထဲလည်း ဝင်လာချိန်
ကန်တော့ခံဘဝထဲလည်း ရောက်သွားချိန် ဆိုတော့ ဘာပြောကောင်းမလဲ အမရယ်
:k:
ဇီဇီ
October 27, 2016 at 10:15 am
လူသာ အသက်ကြီးလာတယ်။
အသိဉာဏ်က ထူးထူးခြားခြား ကြီးထွား ရင့်ကျက်လာဖို့ လိုအပ်နေသေးပါလားလို့ ကိုယ့်ကိုယ်ကို မှတ်ချက်ကလေး ပြုမိတဲ့နေ့ ဆိုပါစို့။
ဒီ အသိလေးအတွက် သာဓု ခေါ်ပါတယ်။
Thint Aye Yeik
October 27, 2016 at 11:17 am
သာဓုခေါ်သွားတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်
သာဓု
:k:
aye.kk
October 29, 2016 at 1:33 pm
လပြည့်နေ ့အမှတ်တရထက်
နေ ့တိုင်းညအိပ်ရာမဝင်ခင်လေးမှာ
ကိုယ့်ကိုယ်ကိုပြန်စီစစ်ပြီး၊အလေ့အကျင့်လုပ်တတ်သွားရင်
ပိုပိုပြီးကောင်းမယ်လို့မှတ်ချက်ပေးပါတယ်။။
Thint Aye Yeik
October 31, 2016 at 2:45 pm
ဟုတ်ကဲ့ တီအေး
ကြိုးစားကြည့်ပါမယ်