ကျွန်တော်နဲ့ Dead Body(0:2)

ko sixJanuary 20, 20171min3598

========///========
ဒီတစ်ခါက
သိသိကြီးနဲ့ ကြုံရတာပဲ ဖြစ်သည်။
စ, ပါမည်။
ဝိညာဉ်ဆိုတာကို အယုံအကြည်ကင်းပေမေယ့် လူတစ်ယောက်သေသွားတဲ့အခါ အနည်းနဲ့အများ မကောင်းသော အာရုံ အသန္နကံအကြောင်းတရားကြောင့် အပါယ်ဘုံ လေးဘုံထဲက အသုရကာယ်ဘုံကိုတော့ ရောက်သွားနိုင်သည် မဟုတ်ပါလား။
သေချာတတ်အပ်တော့ အသိအမြင် မရှိပါဘူး။
ဘာပဲဖြစ်ဖြစ်
ကျွန်တော့် ကိုယ်တွေ့လေးတော့ ပြောပြပါရစေဦး။
အဲ … ဝိညာဉ်လေးနဲ့ပါ မိတ်ဆက်ပေးချင်ပါသည်။ (သေချာတော့ မပြောလိုပါဘူး)

×××
” ဟေ့.. မင်းအားရင် တစ်ခုခုသောက်ရအောင် ရွှေကုက္ကို ကို လာခဲ့ကွာ”
ဒီလို ဖုန်းဆက်လာသူက ကျွန်တော်နဲ့ ငယ်ငယ်လေးကတည်းက သူငယ်ချင်း။ ခု သူက
ပြည်ထဲရေးမှာ တိုက်နယ်ဒုစရိုက်နှိမ်နင်းရေး ရဲအရာရှိ တစ်ယောက်။

“အေးပါ။ ဘာကိစ္စ ရှိသေးလဲဟ”

ဤသို့ မေးရခြင်းက ကိစ္စမရှိဘဲ ဖုန်းဆက်လေ့မရှိတာကြောင့် မေးလိုက်ရခြင်းပင် ဖြစ်သည်။

“ငါ့ ဆီရောက်မှ ပြောပြတော့မယ်ကွာ။ မင်း လာမှာဆို မြန်မြန်လာခဲ့။ ငါ ဘီယာ တစ်ဂျားတောင် ကုန်တော့မယ် ”

ဟိုက်…
နောင်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုတဲ့ ဆိုရိုးအတိုင်း သုတ်ခြေတင် လိုက်ရတော့တာပါပဲ။ သူ့ဆီ ရောက်တော့

“ဘာများလဲကွာ။ မင်း ကိစ္စက အမောတကောကြီး”
ပြောပြောဆိုဆို တစ်ခွက် ကောက်ကိုင်မော့ချရင်း မေးလိုက်ပါသည်။

“ခု ဘယ်နှစ်နာရီ ရှိပြီလဲ”
အမ်.. သူက ပြန်မေးနေပြန်သည်။ လက်ပတ်နာရီကို ကမန်းကတန်း ကြည့်ပြီး ညနေ 4:48 ရှိနေပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

“အပြန် မိုးချုပ်မှာမို့ မင်းကို ခေါ်လိုက်ရတာ။ မင်း ငါနဲ့လိုက်ခဲ့ဦး။ ဇာတ်လမ်းကောင်းတစ်ပုဒ် ရစေရမယ်။ မကြာခင် ကားရောက်လာတော့မှာ။ သောက်ကွာ မြန်မြန်”

အမ်….။
ဘာမှ ပြောချိန်မရဘူး။ သူကချည်း လာမြန်မြန်၊ သောက် မြန်မြန် လုပ်နေသည်။
ရှိစေတော့။

“တစ်ခုတော့ မေးပါရစေဦး။ ငါက မင်းနဲ့ ဘာလိုက်လုပ်ရမှာတုန်းဟ”

“ဘာမှ မမေးတော့နဲ့။ လိုက်မလား။ မလိုက်ဘူးလား။ ဒါပဲ ပြော”

ခေါင်း ညိမ့်မိလား။ ခေါင်းခါ မိလား ဆိုတာတောင် ကိုယ့်ကိုယ်ကို သတိမထားမိတော့။ ကြောင် နေမိတာတော့ အမှန်ပါ။
ခက်ပါလား။ ဒီရောက်နေမှ မလိုက်ဘူးပြောရအောင်ကလည်း ရမှာမဟုတ်ဘူး။ သူပြောသလို ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဆိုရင်တော့ နိတ်တာပဲဟု တွေးနေမိတော့သည်။

×××××

“ဟော… ကားလာပြီ။ လက်စ ဖြတ်လိုက်တော့ သူငယ်ချင်း။ ဝေး… ရှင်းမယ်ဟေ့ .. ။ မြန်မြန်လေး”

ကြည့်…
စာပွဲထိုးကိုတောင် မနှေးစေရပါလား။

“ကားနောက်ဘက်ကပဲ စီးရအောင်ကွာ။ လာ ”

ကားက light track လေးပါ။
ကားပေါ်လှမ်းတက်မယ်လုပ်တော့ သတိထားတာက မဟန်ဘူး။ လူတစ်ယောက်ကို မိုးကာစ မလုံတလုံနဲ့ ထုပ်ထားတာကိုထောက်ရင်

“ဟ မင်းဟာက မသာကြီးလားဟ”
“အေးကွာ ။ ဓား နဲ့ လည်ပင်း အခုတ်ခံထားရတာ ။ ခု ကုတင် ၁၀၀ဝ ရင်ခွင်ရုံကို ပို့ရမှာ ။ ပြီးရင် ပြန်လာမှာပါ ။ မကြာပါဘူး။ ခဏလေး ”

ဒါလား ဇာတ်လမ်းကောင်း…..။
ကောင်းရောကွာ။
သူပြောသလို ဘာမှမကြာလိုက်ပါဘူး။ ရင်ခွဲရုံကို ရောက်ပါသည်။
ကြာတာက ရဲလုပ်ထုံး လုပ်နည်းတွေ အဆင့်ဆင့်လုပ်ပြီး စစ်တာဆေးတာတွေက ကြာနေတာ။ ဘယ်လောက်ကြာသည်ဆိုတာ မပြောခင် ခု အသတ်ခံရတဲ့ အလောင်းက ဘယ်လို မှုခင်း ဖြစ်ခဲ့ရတယ်ဆိုတာ သူ ရှင်းပြတော့ နားထောင်နေရသည်။ ဖြစ်ပုံက ကွက်ကွက်ကွင်းကွင်း မြင်လာအောင် သူက ပြောပြသည်က ကျောချမ်းစရာ ကောင်းလွန်းလှသည့် ရင်ခွဲရုံနားမှာပါလားဆိုတဲ့ အသိက ဦးခေါင်းကို မပြတ် ခေါင်းလောင်းထိုးသည့် အထိ။

××××

မှုခင်းဆရာဝန်က စစ်ဆေးပြီးတဲ့အခါ ကျွန်တော့်သူငယ်ချင်းကို လှမ်းခေါ်ပါသည်။ သူထ သွားတော့ ကျွန်တော်လည်း ထိုင်မနေရဲတာနဲ့ သူ့နောက်လိုက်သွားပါသည်။
ဟုတ်သည်လေ။
အချိန်ကာလကိုလည်းမေးပါဦး။ ည 8 ကျော်နေပါပြီ။ ရင်ခွဲရုံဆိုပေမယ့် ဆေးရုံနဲ့ ကပ်လျက်တည်ရှိနေတာမဟုတ်ဘူး။ အဝေးကြီး။ ပြီးတော့ ရင်ခွဲရုံကလည်း သေးသေးလေးလည်း မဟုတ်ဘူး။ အလောင်းထားဖို့ ရေခဲခန်းတွေတင် အများကြီး။
သူနဲ့ ကပ်ပြီး လိုက်လာခဲ့ရတာ။ ကြောက်စရာကောင်းလားတော့ မေးမနေနဲ့။
အထဲမှာ
မီးတွေက ထိန်နေအောင် ထွန်းပါသည်။
အံ့ဩစရာက စားပွဲတစ်ခုမှာ ထိုင်ရင်း စားရင်းလုပ်နေသူသည် ကျွန်တော်နှင့် ရွယ်တူလောက် မိန်းကလေးတစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့ထက် အခန်းတစ်ခုတည်းမှ ရုတ်တရက်ထွက်လာသူကလည်း အမျိုးသမီးပင် ဖြစ်နေပြန်သည်။
ကြောက်နေရင်းကြားကပင် ထိုအမျိုးသမီး ဝန်ထမ်းတွေကို မြင်တော့ ကိုယ့်ဘာသာ ရှက်နေမိသည်။ ဒါလည်း ကြာကြာရှက်နေရတာမဟုတ်။ သူ့မတို့ဘေးမှ သူငယ်ချင်းဖြတ်သွားတော့ ကျွန်တော်ကလည်း ကျန်နေခဲ့ရဲတာမှ မဟုတ်တာ။ အမြန်လိုက်သွားရပါသည်။ ထိုစဉ်

“ဒီမယ် ဒီမယ်”

“အမလေး !!! လန့်လိုက်တာဗျာ”
ကျွန်တော် အသားတွေ တဆတ်ဆတ်တုန်နေအောင် လန့်ဖျန့်သွားပါသည်။

“ဒီအထဲကို အဲလောက်ကြောက်တတ်ရင် မလာခဲ့နဲ့။ ပြောတော ့ရဲ တဲ့။ ရှင်တို့က ဟို Dead body နံပါတ် 26 က အမှုခင်း ရဲတွေ မဟုတ်လား”

“ဟုတ်ပါတယ်”
သူငယ်ချင်းက ဖြေလိုက်ခြင်း ဖြစ်သည်။ အရေးထဲ ကျွန်တော့်ကိုပါ ရဲထင်နေသေး။ ကျွန်တော်ကတော့ ဒီအထဲမှာ
တစက်ကလေးတောင် မနေချင်တော့ပါဘူး။ ထွက်သွားချင်တာတောင် မထွက်ရဲဘူး။ ခု ရောက်နေတဲ့ နေရာကနေ ရှေ့ကဖြစ်စေ၊ နောက်မှာ ဖြစ်စေ အလောင်တွေ ထားသော သေတ္တာတွေချည်းပါပဲ။ ပြောရင်းနဲ့ ကြက်သီးတွေ တဖျန်းဖျန်းထလာသည်။ ခေါင်းကြီးကလည်း နွေးကနဲ ကြီးလာသလိုလို။
နှာခေါင်းထဲမှာ ညှီစို့စို့အနံ့ကြီးက ဝေ့ကနဲ ဝေ့ကနဲ။

“ဒါဆို သက်သေခံ ပစ္စည်းတွေဖြစ်တဲ့ သေသူရဲ့ အလောင်းပါ် အဝတ်အစားတွေကို ချွတ်ယူသွားပါ။ ပြီးတော့ အလောင်းကို Unknown လုပ်မှာ မဟုတ်လား။”

“ဟုတ်ကဲ့ပါ။”

ငါ့ကောင် လာ သွားမယ်ဆိုတော့ ကျွန်တော် ပျော်သွားတာပေါ့။ ဒီအထဲက ထွက်တော့မယ်ပေါ့။ အပျော်က တဒင်္ဂပါပဲ။
ကျွန်တော့်အထင်က အိမ်ပြန်ရတော့မယ် ထင်တာ။ တက်တက်စင်အောင် လွဲတော့တာပဲ။
သူငယ်ချင်းဖြစ်သူသည်
သူ့လက်ထဲက ကတ်ပြား နံပါတ်ကို ကြည့်ကာ အခန်းတစ်ခုတည်းကို ဝင်သွားရာ ကျွန်တော်လည်း လျင်မြန်စွာ အတူဝင်လိုက်ရပါသည်။
အို မိုင်ဂေါ့။
ခုံတန်းလျားအရှည်ကြီးပေါ်တွင် ပင်လက်အနေအထားဖြင့် အသတ်ခံထားတဲ့ အလောင်းကြီး။
ဒါကို လူတစ်ယောက်က အဝတ်အစားတွေ ချွတ်၍ သူငယ်ချင်းကို ပေးလေသည်။ သူငယ်ချင်းကလည်း အိတ်တစ်လုံးထဲကို စုထည့်လိုက်သည်။
အဝတ်တွေ ချွတ်ပြီးတော့ ကိုယ်တုံးလုံးဖြစ်နေသည့် အလောင်ကြီးကို ရေပိုက်ဖြင့် ပက်ဖျန်း၍ ရေချိုးပေးလေသည်။
သည်စဉ်….
အလောင်းကောင်ကြီးမှ ဦးခေါင်းကြီးသည် ခုံတန်းလျားပေါ်မှ အောက်သို့ ပြုတ်ကျသွားလေသည်။ သွေးသံတရဲရဲဖြင့် ထို ဦးခေါင်းကြီးအား ရေပိုက်ဖြင့်ထိုး၍ သန့်စင်ပေးပြီး သူ့လည်တိုင်နေရာသို့ ပြန်တတ်ပေးနေသည်ကို အစအဆုံး မြင်နေရသည်က သွေးလန့်မေ့မျော သွားစေလောက်ပါသည်။ ထိုရေချိုးပေးသူကတော့ သီချင်းတအေးအေးကလေးဖြင့် ဘာမျှ စိုးထိတ်မှု မရှိ။ ကျွန်တော်ကတော့ သူငယ်ချင်းအား ကိစ္စတွေ ပြီးရင် ပြန်ရအောင်လို့သာ ကပ်ပြောနေမိတာ အခါခါ။
သူငယ်ချင်းကလည်း ဒါယူပြီးရင် ပြီးပြီဟု ပြောပါသည်။

” ဟ! ဒီ အဝတ်အစားတွေက ပြန်ယူလာရမှာ ဟုတ်လား”

“အေး”
ဟု တစ်လုံးတည်း ဖြေချလိုက်သော်လည်း ကျွန်တော့်မှာ မည်မျှ ကြောက်ရွံ့နေမည်လဲဟု နည်းနည်းလေးမှ တွေးပေးပုံ မပေါ်ဘူး။
ဘာပဲဖြစ်ဖြစ်
အဝတ်အစားတွေယူပြီး ရင်ခွဲရုံက ပြန်ထွက်လာသော
အခါ ည ၉ နာရီကျော်ပါပြီ။
နှစ်ဦးသား မသာတိုက်တဲ့ကားက ပြန်သွားပြီမို့ တက္ကစီ တစ်စီးငှားပြီး ပြန်လာခဲ့ရသည်။
လမ်း၌
ဘီယာဆိုင် တစ်ဆိုင်တွင်ခဏ ထိုင်သောင်ကြရင်း ……

“ငါ့သူငယ်ချင်းက သွေးနည်းလား၊ ရဲကောရဲလား စမ်းကြည့်တာပါကွာ။ ”

“ဟ … အဲ့လောက်ကြီးတော့ မဆိုးပါဘူးဟ။ သတ္တိတော့ ရှိပါသေးတယ် ။ ငါ ကြောက်တတ်တယ်ဆိုပေမယ့် မင်းသွားတဲ့နေရာတိုင်း ပါနေတာပဲ မဟုတ်လား”

“အပြောမကြီးနဲ့ ။ မင်းတစ်ယောင်တည်း အဲဒီအခန်းတွေထဲ ဝင်ရဲလား”

ကျွန်တော် ငိုင်ကျသွားပါသည်။
ခုတောင် ပြန်တွေးမိရုံနဲ့တင် ခေါင်းကြီးလာပါသည်။ စိတ်ထဲတွင်လည်း နောင်ကို ဒီကောင် ခေါ်တိုင်း ဘယ်တော့မှ မလိုက်တော့ဟုလည်း ဆုံဖြတ်ထားပါသည်။ တကယ်က သတ္တိ ရှိလွန်းနေသည် ဆိုပါစို့။
ထိုစဉ်

“ငါတို့ ငှားလာတဲ့ ကားကိုခွေး ဝိုင်းအူနေတာ သတိထားမိလား”
သူငယ်ချင်းဖြစ်သူက နား နားကို ကပ်ပြီးပြောတာနဲ့ ကားကို လှမ်းပြီးကြည့်လိုက်ရာ ဟုတ်သည်ဗျို့။
ကားပတ်ပတ်လည်မှာ ခွေးတွေ အူနေကြတာ မြင်မကောင်းဘူး။ နားထောင်မကောင်းဘူး။
သူငယ်ချင်းက ထပ်ပြောပြန်သည်။

“ဒါမျိုးဖြစ်တာ ဒီတစ်ခါတည်း မဟုတ်ဘူးကွ။ အလောင်းက သက်သေခံပစ္စည်း ယူယူလာတိုင်းပဲကွာ”

ဟိုက်။
သေတော့မှာပဲ။ စောစောက ဒီကိစ္စကို မစဉ်းမိခဲ့ဘူး။ ဟုတ်သားပဲ။ ကြားဖူးသည်။ သေတုန်းဝတ်ထားရတဲ့ အဝတ်ကို ချွတ်ယူရင် နောက်က တကောက်ကောက် လိုက်တောင်းနေတတ်တယ်ဆိုပဲ။
ပြောကာမှ
ကျွန်တော့်မျက်လုံးထဲ ရိပ်ကနဲ အရာ တစ်ခုခုမြင်လိုက်မိသလိုလို။
“ဒီမယ် သူငယ်ချင်း
မင်း ဘာမြင်လိုက်တယ်ဆိုတာ ငါမြင်လိုက်ပါတယ်။ ကြောက်စိတ်ဆိုတာ အလွန် အန္တရာယ်များတယ် သူငယ်ချင်း။ မင်း မြင်လိုက်ရတယ်ဆိုတာ တကယ်တော့ မသိစိတ်က မင်းကို ခြောက်လှန့်နေတာပါ။ ခု သေသေချာချာ ပြန်ကြည့်လိုက်စမ်း။ ဘာမှမမြင်ရဘူးမဟုတ်လား။ ခွေးတွေက ကားနားလာအူတာ အဆန်းလားကွ။ သေသူရဲ့အဝတ်တွေကသွေးညှီနံ့တွေ ရှိနေတာကိုး။ ကဲ မင်းက အဲလောက်မတုံးပါဘူးကွာ ”

သူပြောသလိုဟုတ်တာမဟုတ်တာ အပထား။
ကျောချမ်းနေတာကတော့ …..၊၊
(ကြောက်တတ်တဲ့ သူငယ်ချင်းအမှတ်တရ)
တစ်ခုခုရသွားမယ်ဆိုရင်ဖြင့်

ကိုစစ်(ရူပဗေဒ)

8 comments

  • Thint Aye Yeik

    January 20, 2017 at 10:37 am

    အမငိ
    ကျနော်သာ ဆိုရင်လည်း ကြောက်နေမိမှာပဲ။
    ကိုယ်တွေက တစ်ခုခုဆို အတွေး များတော့ ပို ကြောက်စရာ ဖြစ်နေမယ်ထင့်။

    ဆရာစစ်က သဲထိတ်ရင်ဖိုလည်း ရေးနိုင်တာပဲကိုးးးး

    • ko six

      January 20, 2017 at 12:05 pm

      အဟဲ
      ချောက်တာပါဗျ။
      နောက်တစ်ခါမှ အတူတူ သွားရအောင်လား

  • Ma Ei

    January 20, 2017 at 12:28 pm

    တခါက ဆိုတော့ ရတန်း လောက်ကထင် အသုဘတခုပို့လိုက်သွားတာ လူကြီးတွေကသေသူရဲ့ ခြေထောက်လေးကိုင်ပြီး နွေးနေတာဘဲ ဆိုတာနဲ့ ဘုမသိ ဘမသိ သွားကိုင်လိုက်တာ အမယ်လေး ရေခဲတုံးနဲ့လဲမတူ အေးစက်ပုံများ စိုစိစိနဲ့ ခုတောင်ကျောချမ်းချင်ချင်ရယ်…

    • ko six

      January 20, 2017 at 2:25 pm

      အမငီး။
      နွေးတယ်ဆိုပြီးကိုင်ခဲ့တာ။
      ပြေးပြီဗျာ

  • kai

    January 20, 2017 at 1:02 pm

    တော်တော်တော့ ဆန်းကြယ်ပါတယ်..။
    ရှင်လူက.. သေလူကိုကြောက်တယ်ဆိုတာ…

    ဆိုတော့….
    အဲဒါမျိုး မွေးနေ့ရက်(တနင်္လာ၊အဂ င်္ါ စသည်..) မှာ ၃ ခါကြုံရင်.. မကြောက်တတ်တော့ဘူးတဲ့..။
    စမ်းကြည့်..။ :k:

    • ko six

      January 20, 2017 at 2:26 pm

      စမ်းကြည်သေးတာပေါ့ သူဂျီးရယ်။
      အဖော် လိုသေးလား

  • ဇီဇီ

    January 20, 2017 at 3:04 pm

    ကိုစစ် ဒီလိုမျိုးတွေ ရေးတော့လည်း ဖတ်လို့ကောင်းတယ်။ 🙂

    • ko six

      January 20, 2017 at 5:15 pm

      ဟုတ်ကဲ့။ ဆက်ရေးပါ့မယ်။

Leave a Reply