ဆင်းရဲခြင်း လွတ်ကင်းအောင်

ko sixJanuary 29, 20171min2152

(0-5)
လူအဖြစ်ရရှိလာတဲ့ အဘယ်လူသားမဆို သူအသက်ရှင်သမျှ ကာလတစ်လျှောက် ၎င်းလူသား၏ အဓိက ရည်မှန်းချက်မှာ ကျိကျိတက် သူဌေး (ဒါမှမဟုတ်) သုံးမကုန်ဖြုန်းမကုန်လေသော ခရိုနီ ဘောစိ။ သည့်ထက်ပိုရသော် ကမ္ဘာ့အဆင့် တစ်ကနေ တစ်ဆယ်ကြား ဖြစ်နိုင်သမျှဖြစ်ရေးသာ လုံးလစိုက်နေမိတာ မဟုတ်ပါလော။
ကျွန်တော်ကလည်း
ဘာအသားနဲ့များ ထုဆစ်၍ လူဖြစ်လာရပါအံ့နည်း။
ရှင်းပါတယ်။
ကျိကျိတက် မဟုတ်တောင် ကိုယ်ပိုင်းလုံးချင်းလေးတစ်လုံး။ ကိုယ်ပိုင် လိတ်တက်ကားလေးတစ်စီး ။ ကိုယ်ပိုင် …စသည့် လူချမ်းသာတစ်ယောက် ရှိသင့်ရှိထိုက်သော ဥစ္စာဓနတို့ ပိုင်ဆိုင်ချင်မိတာက ပြောနေစရာကို မလိုအပ်တော့သည် တမုံ့။

××× ×××× ××××
(0-4)
သူဌေးဖြစ်ချင်လာတာနှင့်အမျှ သူဌေးဖြစ်နည်း ပေါင်းစုံ လေ့လာရတော့တာပေါ့။ ကိုယ့်ကိုယ်လည်း တကယ်သူဌေးဖြစ်စေရမယ်ဆိုတဲ့ သံဓိဋ္ဌာန်ချမှတ်ကာ တက်ကျမ်းမျိုးစုံကို အားသွန်ခွန်စိုက် ဖတ်တယ်။ မှတ်တယ်။
နေအထွက်မှာ ရွှေခွက်နှင့် ခပ်ခဲ့ပါ ဆိုတာတွေ၊ ဝင်လာမစဲ တသဲသဲ ဆိုတာတွေ အိမ်ပတ်ပတ်လည် ထရံတိုင်းမှာ ကပ်ထားတာကလည်း အပြည့်။
အဲ….
မဖြစ်စလောက်ကြက်တစ်ဝပ်စာ ကျွန်တော့်ခြံလေးထဲမှာ လာဘ်ရွှင်ဂမုန်းတို့၊ ငွေလာဂမုန်းတို့ ဆိုတာတွေကလည်း ခြေချနင်းစရာ မြေမရှိအောင်ကိုပင် စိုက်ပျိုးထားတယ်ဗျ။ တစ်ချို့တွေရဲ့ပြောစကားအရ စိုက်ပြီးလို့ သန်သန်စွမ်းစွမ်း မဖြစ်ထွန်းရင် ဝင်လာတဲ့ ငွေတိုငွေစတွေကလည်း အဖတ်မတင်တတ်ပါတဲ့။ သို့ကလိုတွေကြောင့် ကျွေးလိုက်ရတဲ့ မြေဩဇာဆိုတာကလည်း
နဲနဲနောနော မဟုတ်။ အဲ…
ဂန္ဘီရအစီအရင်ကိစ္စဆိုတာတွေလည်း အရှေ့တိုင်းပညာ အနောက်တိုင်းပညာ မလုပ်ဘူးတာ မရှိတော့။ နေ့ချင်းတက် ညချင်းတက် စီးပွားတက်အစီအရင် လုပ်နည်းဖြစ်တဲ့ ဂျင်းတက် နှစ်ခုကို ဈေးကနေ ဈေးမဆစ်ဘဲ ဝယ် ။
အတက်တစ်ခုပေါ်၌ နေ့ဟုရေးကာ ကျန်အတက်တစ်ခုပေါ်တွင်လည်း ည ဟု ရေးရပြီး ပန်းကန် သန့်သန့်ရှင်းရှင်းထဲ ထည့်ရတဲ့ အစီအရင်က တစ်မျိုး။
ကိုးနဝင်းချေနည်းဖြင့် ပြုလုပ်ရတဲ့ ပလိန်းပြားပေါ်မှာ လင်ပန်းတင်၍ ထိုလင်ပန်းအလယ်တည့်တည့်တွင် ပုလင်းတစ်လုံးကို ပလက်ထောင်ကာ ပုလင်းထဲမှာ လွန်ပူတစ်ချောင်းကို ရွှေပြားကပ်ပြီး ဘုရားလှူရသော နည်းက တစ်ဖုံ။
အနောက်တိုင်းနည်းတွေဖြစ်တဲ့ ဗူဘူစီလာတစ်ချောင်းကို လေးထိုးတံနဲ့တေ့ထိုးပြီး မနက် အာရုဏ်မတက်ခင် ငွေသံပေါက်အောင် လုပ်ရတာကလည်း အခါခါ။
အာဖရိကရဲ့ အဆင့်မြင့် လာဘ်အစီအရင်ဖြစ်တဲ့ ခွေးစွယ်ရယ်၊ ဝက်စွယ်ရယ်ကို ပူးချည်ပြီး တစ်နေ့ ခုနှစ်ခါ ဝေ့ရမ်းရတာကလည်း လက်ပြုတ်ကျ မတတ်။ ဥရောပ ဖန်လုံးနတ်ဖြစ်တဲ့ ဒီဗူးဗွားကို ပူဇော်ရတာကလည်း နေ့စဉ်နေ့တိုင်း။
နှုတ်ကလည်း နေ့မအားညမအား ရွတ်ဖတ်နေရတဲ့ ဓနသိဒ္ဓိဂါထာတော် ဖြစ်သော-
အရဟံ ဗဟိအန္တဇယံ သုဂတံ
…..
အစရှိသည့် ဓနသဒ္ဓိဂါထာတော် ပေါင်းများစွာကိုလည်း သတိရတိုင်း ရွတ်ဆိုနေရတာက တစ်သွယ်။။
ဒီကြားထဲ
အပတ်စဉ်ထုတ် ဂျာနယ်စာစောင်တွေထဲက လမ်းညွှန်ပေးကြတဲ့ ယတြာတွေနဲ့ တီဗွီ ရေဒီယို စတာတွေမှ ထုတ်လွှင့်တဲ့ ဗေဒင်ကဏ္ဍတို့ကိုလည်း အလွတ်မပေးခဲ့။
နောက်ဆုံးဗျာ….
ဖေ့စ်ဘွတ်မှာ မြွေနှစ်ကောင် ပူးနေတဲ့ပုံကို ရှဲယ်လိုက်ရင် ငွေအပုံလိုက်ရမှာဆိုတာမျိုးတွေ ရှဲယ်ရလွန်းလို့ လက်မတောင် နာလှပေါ့။
ကောင်းပြီ။
ဒီလောက်လုပ်နေတာ
ခင်ဗျား ချမ်းသာလာပြီလားဟု မေးစရာပဲ ရှိတော့တာ။ ဟုတ်ကဲ့။ မကွယ်အဝှက် ဖြေပါမည်။
ကျွန်တော် အရင်ကထက် ပို၍ပင် မွဲလာပါတယ်ဗျာ။ အရောင်အဆင်းကလည်း ဖွတ်ရောင်တောက်တောက်ထက်ကိုပဲ တောက်ပြောင်စူးလက်လာတယ်။ ခွေးဝဲစားတစ်ကောင်က ကျွန်တော့်ထက်သာလွန်ပါတယ်လို့ ပြောရလျှင် လွန်အံ့ထင်။ ခွေးဝဲစားကမှ ယားလျှင် ကုတ်ဟယ်ဖဲ့ဟယ် လုပ်နေချိန် ရှိသေးမယ်။ ကျွန်တော်ကတော့ အဆောင်တွေ၊ အစီအရင်တွေ ၊ လာဘ်ရွင်ဂမုန်းတွေ ၊ စီးပွားတက်ယတြာတွေနဲ့ လုံးချာလည်နေသည့်အတွက် ကုတ်ဖို့ဖဲ့ဖို့ကို အချိန်မရ။
ကုန်ကုန်ပြောရရင် ယားနေတာတောင် သတိထားမိတော့တာ မဟုတ်ပါဘူး။
×××××
(0-3)
” ကိုယ့်လူနှယ် မှတ်ထားကွ။ စီးပွားရေး အီကိုနောမစ်ဆိုတာက ဂလိုဘယ်လိုက်ဇေးရှင်အပေါ် များစွာတည်မှီနေသဟ။ ကမ္ဘာ့စီးပွားရေးတွေ ကျဆင်းလာရင် ငွေကြေးတွေကို ထိန်းချုပ်နေတဲ့ ကမ္ဘာ့ဘဏ်တွေကလည်း ဝင်ငွေလည်ပတ်စီးဆင်းမှုတွေ သွေးတိုးရောဂါလို တစ်ဖက်တည်း စောင့်တက်လာလို့ အလူးအလဲ ဒေဝါလီ ခံရတတ်တယ်။ စတော့အိတ်ချိန်းလို့ခေါ်တဲ့ စတော့ဈေးကွက်တစ်ခု တို့နိုင်ငံမှာ မအောင်မြင်သေးသ၍ ဒီနိုင်ငံသားတွေ စီးပွားရေးကို ကောင်းကောင်း မလုပ်တတ်သေးဘူးလို့ အဓိပ္ပါယ်ရနေတာ။ ဟော တို့နိုင်ငံမှာ စတော့အိတ်ချိန်းတစ်ခု 2016 ခုမှာ ပေါ်ပေါက်လာခဲ့တာပဲ။ လူဦးရေသန်း 50 ကျော်မှာ ဘယ်နှစ်ယောက်လောက် စတော့ဈေးကွက်ကို ကောင်းကောင်းနားလည်နေကြသလဲ။
လက်ချိုးရေလို့ ရတယ်။ ဒီလို စတော့ဈေးကွက်ကို နားလည်တတ်ကျွမ်းမှုမရှိကြလို့ မွဲနေကြတာ။
ခင်ဗျားတို့ ဈေးကွက်မသိရင် ကျုပ်ကို မေး ”
သူပြောတာတွေက ဗမာလိုတွေ ပြောနေတာမှန်ပေသိ။ တစ်လုံးမှ ကောင်းကောင်း နားမလည်။ အဲ နားလည်တာမလည်တာ အပထား ခေါင်းက တဆတ်ဆတ် ညိမ့်ပေးနေရတယ်။ ဒီလို ခေါင်းညိမ့်နားထောင်ပေးရတာက တစ်ပတ်ကို ငါးရက်။ တစ်ခါတစ်လေ စတော့ပိတ်ရက်ဆိုလား ဘာလားတော့ မသိ။ စတော့ဈေးပိတ်သောနေ့တွေမှသာ နားပူသက်သာရတာ။
ဒါနဲ့များဗျာ နားမလည်ပါးမလည် သွားနားထောင်နေသေးတယ်လို့ အပြစ်တင်ချင်ကြမှာပါ။ အလျင်မလိုပါနဲ့။
သူ့စကားတွေထဲ နားလည်တာ တစ်ခုရှိတယ်ဗျ။ အဲဒါလေးက စားဝတ်နေရေးလေးကို တစ်ထောင့်တစ်နားကနေ အထောက်အပံ့ဖြစ်စေတဲ့ စကားလုံးအဖိုးတန်တွေပေါ့ဗျာ။ ဒီထက် သူ့စကားလုံးတိုင်းကို နားလည်သဘောပေါက်ခဲ့ရင်လား အိုဘုရား သခင် ကျွန်တော်မျိုး ဘောစိဖြစ်နေတာကြာပြီပေါ့လေ။
သူ့စကားကို ဆက်နားထောင်ကြည့်လိုက်ရင် ရှင်းသွားမှာပါ။
“ကဲ အရေးကြီးတဲ့ အခန်းရောက်လာပြီ။ မနက် ကိုးခွဲဈေးကွက်က 57 တဲ့ဗျ။ ဒီတော့ မနေ့ကပွဲစဉ်အတိုင်းဆို 5 နက္ခတ် 3 ကို 7 ပါဝါ 3 နဲ့ ပေါင်းလိုက်။ ရလာတဲ့ နှစ်လုံးပေါင်း 5 ကို ပါဝါချ။ အဲဒါ ဒီညနေ ဘရိတ်အပိုင်ပဲ။ ကဲ ဘူဘရိတ်ကို အပြတ်သာဆော်ကြတော့ဗျို့”
ကဲ
ကျွန်တော် မပြောဘူးလား။ အဲဒီ နောက်ဆုံးစကားလုံးတွေက ကျွန်တော့်အတွက် စားဝတ်နေရေး အသေးစား စတော့ရှယ်ယာလေးပဲဗျ။ မရယ်ပါနဲ့။ အဲဒီ နောက်ဆုံးစကားလုံးတွေနဲ့ ကျွန်တော်တို့ရပ်ကွက်ကလေးဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ဖို့ တစ်တပ်တစ်အား ပါဝင်နေကြတယ်ဆိုတာ ယုံလိုက်စမ်းပါ။
အဆိုပါ စတော့အိတ်ချိန်း ဂုရုကြီးရဲ့ စီးပွားရေးစတော့ရှယ်ယာ ဈေးကွက်စက်ရပ် ကိန်းဂဏန်းများက လွဲမှားကွဲပျက်ခဲ့ရိုးထုံးစံ မရှိ။ တစ်ခုတော့ ရှိတယ်။ သူ့အပြောအရဆိုလျှင် ဆယ်ကွက်မက်သတ် ကစားလိုက်တာမှ စိတ်ချရပါသည်။
ယနေ့တွင်လည်း သူ၏ ဘူဘရိတ်ဆယ်ကွက် လမ်းစဉ်ပေါ် တစ်ရပ်ကွက်လုံး ခုတ်မောင်းကြရတော့မဗျို့။ ဂရုကြီးက ကျွန်တော်တို့ ရပ်ကွက်သူရပ်ကွက်သားများကို မနက် ဆယ်နာရီ ပတ်ချာလည်အချိန်လောက် လမ်းထိပ် လက်ဘက်ရည်ဆိုင်မှာ ဆုံဆည်းကာ စတော့ရှယ်ယာတို့၏ စက်ရပ်ကိန်းတို့ ခန့်မှန်းချက် ထုတ်ပြန်ပေးလေ့ ရှိသဗျ။။
ထိုသို့ မိန့်မှာပြီးသော် သူ့အိမ်သို့ ပြန်ကြွတတ်လေတယ်။
သူ့အိမ်အပြန်မှာ လိုအပ်တဲ့ ခဲဖွယ်ဘောစဉ်တွေကို တပည့်တပန်းများက
တစ်ပါတည်း ဆက်သရပေးရလေ့ရှိတယ်။
“အဲ ကိုယ့်လူတို့ မနက်ဖြန် စနေနေ့ဆိုတော့ကာ ငါ့အတွက်က ကိစ္စမရှိဘူး။ ငါ့အိမ်က ခွေးပိန်မလေး နှစ်ကောင်အတွက် စနေ တနင်္ဂနွေစာ စမူဆာ သုံးပွဲလောက် ဝယ်မပေးချင်ကြဘူးလား ”
ခက်တာက စတော့ရှယ်ယာ ဂုရုကြီးဖြစ်နေလင့်ကစား သူ့အိမ်က ခွေးပိန်မလေးနှစ်ကောင်ကို ဘာလို့များ ဝဝလင်လင် မကျွေးနိုင်ရတာလဲတော့ မသိပေဘူး။
ရှိစေတော့ သူကဂုရုပေပဲ။
ကျွန်တော်ကတော့
အနှီစကားအရောက်တိုင်း အဓိက စက်ရပ်ဂဏန်းတွေသိရပြီမို့ အိမ်အပြန်လမ်းမပေါ်သို့ ထပြန်သွားလေ့ရှိတယ်ဗျို့။
××××
(0-2)
စောစောက ပြောခဲ့သည့်အတိုင်း ကျွန်တော့်မှာ များမြှောင်လှသော ကိစ္စဝစ္စတွေကြားထဲ ဝလချီးရမ်းနေရင်း တစ်နေ့တစ်ခြား ဖွတ်ရောင်တောက်ပလာသောအခါ စတော့ဈေးကွက်နည်းလမ်းကလည်း မဟန်။
ဘာညာသရကာ အစီအမံတွေကလည်း နေ့စဉ် စရိတ်ထောင်းလာတော့ ချောတိုင်တက်သမားလို အထက်ကိုကလည်းမရောက် မောတာကလည်း လျှာတောင် ခါးပုံစပေါ်မှာ ပုံကျလာချေမတတ်။
ဒီတော့
တခြားနည်းကောင်းနည်းမွန် ရှိလေဦးမလားရယ်လို့ ရှာပုံတော် ဖွင့်ရပေတော့တယ်။
ဒါနဲ့ပဲ
လူထူထူရှိတဲ့နေရာတွေမှာ သတင်းအစအန ဆုံးစမ်းရန် ချီတက်ခဲ့မိတယ်။
တစ်ဆယ်တန်ကားက ရွာတော်ဈေး
လမ်းဆုံမီးပွိုင့်နားတွင် ရပ်သဖြင့် ဆင်းလိုက်တယ်။ လူစည်ကားလှတဲ့ လက်ဘက်ရည်ဆိုင်ကိုမြင်မှ တစ်ခုခုတော့ ရတန်ကောင်းရဲ့လို့ တွေးမိပြီး
ဆရာတစ်ဆူကို ကိုးကွယ်ဆည်းကပ်ရန် စုံစမ်းသော်ကောင်းလေမလားဟု တွေးကာ ဝင်ထိုင်နေလိုက်တယ်။
ဒါကပဲက သူဌေးတစ်ယောက်ဖြစ်စေမယ့် လမ်းကြောင်းတစ်ခုကို တူးဆွကူညီပေးလိုက်တာက တစ်ကိုယ်လုံး အညိုရောင်ဆင်မြန်းထားတဲ့ ပုဂ္ဂိုလ်ထူးပါပဲ။
ဟုတ်ကဲ့။ ဒီတစ်ခါ အစစ်အမှန် သူဌေးတစ်ယောက် ကျွန်တော် ဖြစ်ရတော့မယ်ဆိုတာ ကျိန်းသေတယ်။
×××× ×
(0-1)
“သတ္တဝါအများ ကျန်းမာပါစေ ချမ်းသာပါစေ။ ဣစိတံ လိုရာပြည့်လို့ ဆင်းရဲခြင်း ကင်းပါစေ”
အဲသလို မေတ္တာပို့ အမျှဝေကာ စားပွဲတိုင်းကို အလှူလိုက်ခံနေတဲ့ ရသေ့ဝတ် သူတော်စင်ပုဂ္ဂိုလ်က ကျွန်တော်ထိုင်နေတဲ့ စားပွဲဝိုင်းကို ရောက်လာတဲ့အခါ
“ဟန်ကျသကွဲ့ ! ချစ်သားဟာ ယနေ့ကစ ကံထူးသူပေပဲ။ မနှေးအမြန်ဆိုသလို ဘာမှလိုလေသေးမရှိတဲ့ ပြီးပြည့်စုံတဲ့ဘဝကို များမကြာခင်မှာပဲ ရောက်ရလတ္တံ့။ ကိုင်း…
ချစ်သားစားပွဲဝိုင်းမှာ ခေတ္တခဏထိုင်ပြီး မိန့်မှာပါရစေဦး”
အနှီစကားဟာ ကျွန်တော့်အတွက် သိပ်ကိုနိပ်တဲ့ စကားပါ။
“ထိုင်ပါ … ထိုင်ပါ… ရသေ့ကြီး ။ ဘာများသုံးဆောင်လိုပါသေးသလဲ ခင်ဗျ”
ခေါင်းကို သွင်သွင်ခါရမ်းရင်း
“အဟောင်းကံတွေအပထား အကြောင်းမှန်တွေ အပျံစား ပစ္စက္ခအစချီ၊ သင်ဟာ ဒီကနေ့ နေဝင်ရီမှာပဲ သူဌေးဂုဏ်အင်ဝင်ရောက် ခြေထောက်ပင်မြေမထိ ဘဝင်ငြိသည်းတုန် မွဲပုံတွေပြာကျ ကဲ သင် သူဌေးဘဝအစထင် လူတကာမြင်ကပ်အောင် အကုန်ပေါလေတော့ဟယ်”
“သာဓု သာဓု သာဓု”
“ဘယ့်နှယ့် သာဓုခေါ်နေရတာတုန်း”
“သိဘူးလေ။ အဲလိုပြီးရင် သာဓုခေါ်ရတယ်မှတ်လို့”
“အသင်က တယ်ထူသကိုး။အာ့ကြောင့် မွဲကြောထနေရတာ။ ခုမှ ဆုပေးအစပဲရှိသေးတာဟဲ့။ ဆက်နားထောင်ဦး။ — — — —”
အဲလိုနဲ့ပဲ။
ထိုရသေ့ကြီးဆီက လူချမ်းသာ တစ်ယောက်ဖြစ်ဖို့ ဆောင်ရန် ရှောင်ရန်တွေ ပြောပြခဲ့တာပါပဲ။
အစတုန်းက ဒီနည်းလမ်းကို ဘယ်သူ့မှ ပြောပြတော့ဘူးရယ်လို့ဟာပဲ။ ကျွန်တော့်ရဲ့မိတ်ဆွေတွေထဲမှာလည်း အတော့်ကို မွဲတေစုတ်ပြတ်နေကြလေတော့
သွေးသောက်တွေ အကုန်ဆုံတုန်းလေး ပြန်ရှဲလိုက်တာ။ အထူးမှာလိုတာက ကျွန်တော့်စာကို ဖတ်မိကြသူအားလုံးအပြင် ကိုသီဟသက်တံ ၊ ကိုနှောင်းဟေမာန် နဲ့ ကိုဧကန်တစ်တွေ အထူးလိုက်နာစေလိုပါတယ်။
အကြောင်းက ၎င်းစာရေးဆရာများဟာ ဆင်းရဲတွင်းထဲမှာ ခြေနှစ်ဘက်ဆင်းထားရရုံသာကမက တစ်ကိုယ်လုံး မြုပ်နေကြတာ ကြာပြီ။
အဲဒါကြောင့်
ဒီနည်းလမ်းကို မဖြစ်မနေ မျှဝေလိုက်တာ ဖြစ်ပါတယ်။
(0-0)
ခင်ဗျားလည်း လူချမ်းသာတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်တော် ပြောပြတဲ့ နည်းလမ်းအတိုင်း တသွေမသိမ်း လျှောက်လှမ်းပါလော့။
ပထမဦးစွာ စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းသွားစေရန်အတွက် မိမိမှာရှိသမျှ ငွေကြေးများကို စင်တင်စာသောက်ဆိုင်များမှာ ပန်းကုံးစွပ်ပစ်လိုက်၊ KTV ကောင်းကောင်းတို့မှာ မကုန်မချင်း သောက်စားပျော်ပါးပစ်လိုက်ပါ။
မိမိအိုင်သမျှ မကုန်မချင်းလုပ်ရမှာနော်။
ဟ! ဒါက လူချမ်းသာဖြစ်တဲ့နည်းတဲ့လား။ ဒါလို သုံးလိုက်မှဖြင့် ခွေလုံးလုံး ဖြစ်ကရောပေါ့လို့ သောက်ပြစ်တင် မစောပါနဲ့။
ဟုတ်ကဲ့။ ရှင်းပါ့မယ်။ ခွေးလုံးလုံးမဖြစ်ကြောင်းကိုလည်း အာမခံပါတယ်။
ဒါနဲ့ ကြားဖြတ်ပြောပြစရာ သာဓကတစ်ခုက
ဘုရားအလောင်းတော် ‘ပညာရှိ ပေါက်တူးသမား’ အကြောင်းလေဗျာ။ ခင်ဗျားတို့ သိပါတယ်။ သူပိုင်တဲ့ ပေါင်တူးလေးတစ်လက်ကို စွဲလမ်းပြီး ဒုက္ခရောက်နေရတာလေ။ ဟော မြစ်ရေ အလည်ခေါင်မှာ မျက်စိမှိတ်လွှင့်ပစ်လိုက်တော့မှပဲ ချမ်းသာစစ်ချမ်းသာမှန်ကို တွေ့ရှိသွားရတာမဟုတ်လား။
တကယ်တမ်း ချမ်းသာချင်ကြရင် စီးပွားရေးတွေ ရှာဖွေရမှာ မဟုတ်ပါဘူး။ မျက်စိလည်သွားကြလား။ သေချာဖတ်ပါ။
မိမိမှာ ရှိသမျှ ဥစ္စာဓနတွေကို သုံးဖြုန်းပစ်ရမှာ မဟုတ်လား။ ပညာရှိပေါက်တူးသမားလိုတော့ မြစ်ထဲ မမျောပစ်ပါနဲ့။
အထက်တုန်းပြောထားသလို သုံးဖြုန်းပစ်လိုက်ပြီးတာနဲ့ နောင်တလည်း ရမနေပါနဲ့။
နိမိတ်နောက်နမာလိုက်တယ်ဆိုတဲ့ စကားကြောင့် ဘယ်တော့မှလည်း မရှိဘူးဆိုတဲ့စကားကိုလည်း ပြောမထွက်ပါစေနဲ့။
ဖြေချင်းဖြေရင် ဘာမေးမေး အလွန်ပေါဟုသာ ဖြေရမယ်။
ဥပမာ ပိုက်ဆံရှိလားဟုမေးသော် ဘယ်ချိန်မေးမေး အလွန်ပေါ။ ဘာကိုမေးမေး။ အလွန်ပေါ။
ဒီလိုနဲ့
သင်ဟာ သင်နေထိုင်ပတ်ဝန်းကျင်တစ်ခွင်မှာ အလွန်ပေါသူတစ်ယောက်ဟု တခဏအတွင်း ရောက်ရှိသွားပေလိမ့်မည်။
နောက်ဆုံး လူမှုကွန်ယက်ထဲတွေမှာပါ အလွန့်အလွန် ပေါသူ အဖြစ် ဆယ်လီဆယ့်တလီ ဖြစ်လာတော့မယ်ဆိုတာ….
ကိုစစ်(ရူပဗေဒ)

2 comments

Leave a Reply