အို…. ကနေဒါ…
O Canada! Our home and native land!
True patriot love, in all thy sons command.
With glowing hearts we see thee rise,
The True North strong and free!
From far and wide, O Canada/
We stand on guard for thee.
God keep our land, glorious and free!
O Canada, we stand on guard for thee,
O Canada, we stand on guard for thee.
ကနေဒါ နိုင်ငံတော် သီချင်းပါ။ သမီးတော်လေး ကျောင်းစတက်နေပြီမို့ ကျောင်းမှာ မနက်တိုင်း ဆိုရတဲ့ နိုင်ငံတော် သီချင်းကို အိမ်မှာလည်း သူ စိတ်ကူးရတိုင်း ဆိုနေတတ်ပါတယ်။
ခဏ ခဏ ကြားနေရလို့ ကျွန်မ စိတ်ထဲ စွဲနေသလိုကို ဖြစ်နေပါပြီ။ အခု ရေးချင်တာလည်း ကနေဒါ အကြောင်းမို့ ခေါင်းစဉ် စဉ်းစားတဲ့အခါ ခပ်လွယ်လွယ်ပဲ နိုင်ငံတော် သီချင်း အစ က စာလုံး အို…. ကနေဒါလို့ တပ်ပါရစေ။ သူ သီချင်းဆိုတိုင်း ကျွန်မ နားထဲ အဲ့သည့် အို… ကနေဒါ….. ဆိုတာပဲ ကြားရလို့ပါ။
စာရေးဖို့ ကိုယ့်ဘာသာ အားတင်းနေတာ ကြာပါပြီ။ စိတ်ဝင်စားစရာ အထူးအဆန်း တွေ့တိုင်း ချစ်ခင်ရသော ရွာသူားတွေကို ဝေမျှမယ် ဆိုတဲ့ စိတ်နဲ့ မှတ်တမ်းတွေလည်း အတော် တင်ထားဖြစ်ပါတယ်။ ကလေး ၂ယောက် ကျောင်းတဖက်နဲ့ အိမ်မှု ကိစ္စရယ် တပတ်ကို ၂ခါလောက် ကျောင်းမှာ လုပ်အားပေးဖြစ်တာကြောင့် စိတ်ကူးတွေ ပျက်ရတာ အကြိမ်ကြိမ်ရယ်ပါ ( ပျင်းတာလည်းပါတယ် ) ။ သည်ကို ရောက်တာ တနှစ်ကျော်ပြီမို့ အတွေ့လေးတွေလည်း စုံလှပါပြီ။ တွေ့တွေ့ချင်း ချက်ချင်းရေးတာ မဟုတ်တော့လို့ ပြန်ပြောပြသလိုတော့ ဖြစ်နေမှာပါ။
ကနေဒါမှာက နွေနဲ့ ဆောင်းပဲ ရှိပါတယ်။ နွေမှာတော့ တခါတရံ မိုးရွာတတ်ပါတယ်။ ဆောင်းကတော့ အတော်ကို ပြင်းထန်ပါတယ်။ ကျွန်မတို့လို အပူပိုင်း ဒေသက လာတဲ့ လူတွေအတွက်တော့ အတော်ကို ခံရခက်စေတာပါ။ ဆောင်းမှာ ပုံမှန် အေးချိန်ဆို အနှုတ် ၁ဝ ပတ်ဝန်းကျင်ရယ်ပါ။ အအေးဆုံး တခါတခါတော့ အနှုတ် ၄ဝ ကျော်လောက် ဆင်းသွားတတ်ပါတယ်။ နှင်းကျတာကတော့ ပုံမှန်ပါပဲ။ တါတခါတော့ ရေခဲမိုးလေးတွေ ရွာတတ်ပါတယ်။ သာကူစေ့လေးတွေနဲ့ သိပ်တူပါတယ်။ အဆိုးဆုံးကတော့ sleet ဆိုတာပါပဲ။ အတော် ပြင်းထန်ပါတယ်။ နှင်းရယ် မိုးရယ် ရေခဲမိုးရယ် တပြိုင်နက်တည်း ကျတာပါ။ ကြောက်စရာကောင်းပါတယ်။
မိုးစက်လေးတွေဟာ မိုးပေါ်က ကျလာလာခြင်း ကျရာနေရာမှာ ချက်ချင်းခဲတာပါ။ ကားမှန်တွေ ပေါ်ကျရင် ချက်ချင်းခဲသွားတဲ့ အတွက် ရေသုတ်တံနဲ့ သည်အတိုင်းသုတ်မရပဲ ရေပက်ပက်ပြီး သုတ်ရပါတယ်။ ရေခဲမိုးပါ ရောပါတော့ ကားတွေ အင်မတန် လျှောပါတယ်။ အေးစိမ့်ပြီး အတော် ဆိုးဝါးပါတယ်။ ကိုယ့်ကားကိုတင် ဂရုစိုက် မောင်းရရုံမက ဘေးဘက်က ကားတွေ လမ်းလျှော်ပြီး ကိုယ့်ဆီလာမလာပါ ကြည့်ရပါသေးတယ်။ အဲ့လိုနေ့ဆို မိုးလေဝသ ဌါနကအဝါရောင် အဆင့် သတ်မှတ်ပေးပါတယ်။ ကျောင်းကားတွေ မထွက်ပါဘူး။ ကျောင်းကားတွေ မလာတဲ့အတွက် ကလေးတွေ ကျောင်းမတက်လည်း ရပါတယ်။ ကျောင်းကတော့ ဖွင့်ပါတယ်။ ကိုယ့် အစီအစဉ်နဲ့ကို ပို့လို့ရပါတယ်။ ဆောင်းက ၆လလောက် အေးပါတယ်။
February ဆို ရေခဲပန်းပု ပွဲတော်တွေကျင်းပပါတယ်။ ရေခဲပြင်တွေကိုပဲ အချိန်အကြာကြီး မြင်နေရတာပါ။ April လောက်ဆို နည်းနည်း နွေးလာပါပြီ။ may ဆို ကျုးလစ်ပန်းပွဲတော်တွေ စပါပြီ။ နွေ ကတော့ အတော်ကို အရောင်စုံပြီး လှပါတယ်။ မြင်လေရာ အရောင်စုံ ပန်းတွေနဲ့ လှပါတယ်။
တဆောင်းလုံး နှင်းပြင်ဖြူလွလွနဲ့ ရိုးတဲ ကျဲကျဲ သစ်ကိုင်းခြောက်တွေ ကြီးစိုး ချယ်လှယ်နေရာကနေ ချက်ချင်း အရောင်စုံ ပန်းတော အဖြစ် ပြောင်းသွားတဲ့ ခံစားမှုက အတော်ကို လတ်ဆတ်ပါတယ်။
ကျယ်ပြောလှတဲ့ မြက်ခင်းပြင်ကျယ်ကြီးတွေထဲ အဝါရောင် ပန်းလေးတွေ ပျံကျဲချထားသလိုမို့ အတော်ကို ရှု့မငြီးစရာပါ။ တဆောင်းလုံး အိပ်နေရတဲ့ မြက်တွေ နိုးလာသလို သစ်ပင်တွေလည်း နိုးထလာပါပြီ။ ဆောင်းခိုနေကြတဲ့ လူတွေလည်း လှုပ်ရှားသွားလာနေကြပြီ။
တနယ်တကျေး ဆောင်းနဲ့အဝေး ထွက်ပြေးကြတဲ့ ကနေဒါငန်းတွေ ဘဲတွေ စင်ယော်တွေလည်း အိမ်ပြန်လာကြပါပြီ။
March လထဲမှာ daylight savings time ပြန်စပါပြီ။ နေဝင်ချိန် နောက်ကျလာပါပြီ။ ည ၈နာရီကျော်မှ နေဝင်ပါတယ်။ မိုးချုပ်ပြီးဆို ည ၉နာရီပါ။ နွေဖက်မှာ မနက်ဆိုလည်း ၄နာရီကျော် ၅နာရီဆို နေထွက်ပါတယ်။ ညကျတော့ ၈နာရီကျော်မှ နေဝင်ပါတယ်။ ရုံးတွေက ၄ ခွဲ ဆင်းတာမို့ မိသားစုအတွက် အချိန်တွေ အတော် အပိုရပါတယ်။ ဒါ့ကြောင့် လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး ၊ လှေစီး စတဲ့ ကိုယ်ဝါသနာပါရာကို လုပ်ကြပါတယ်။
ကျွန်မတို့လည်း ရောမရောက်နေတာမို့ ရောမလို ကျင့်ကြရပြန်ပါတယ်။ ညနေဖက် အော်တာဝါ ဖြစ်ကမ်းတလျှောက် လမ်းလျှောက်ချင်လျှောက်။ ကစားကွင်း ပို့တဲ့အခါပို့။ သားအဖတွေ ဘောလုံးကန်ချင် ကန်ပေါ့။
သည်နှစ်တော့ သားကို စက်ဘီး သင်ပေးဖို့ ဖြစ်လာပါတယ်။ ကျောင်းက တခါတရံ ကလေးတွေ စက်ဘီးစီးရတဲ့ အခါ သူမစီးတတ်မှာ စိုးလို့ သင်ပေးရပါတယ်။ ကနေဒါမှာတော့ အိမ်တိုင်းမှာ မရှိမဖြစ်က စကိတ်၊ စက်ဘီး နဲ့ ကနူးလှေပါ။ ကလေးတိုင်း စက်ဘီး စီးတတ်ပါတယ်။
၃နှစ်လောက်ဆိုရင်ကို ကျွမ်းကျင်စွာ စီးနေပါပြီ။ ညနေပိုင်းတွေမှာ စက်ဘီးလမ်းအတိုင်း လမ်းလျှောက်ဖြစ်တဲ့ အခါတိုင်း မိသားစုလိုက် စက်ဘီးစီးနေကြတာကို အမြဲလိုလို တွေ့ရပါတယ်။ ကောင်းလိုက်တဲ့ပါတဲ့ စက်ဘီးလမ်း။ အန္တရာယ်ကလည်း ကင်းလှတာမို့ သားတော်မောင်ကို သည်လို အရပ်မှာမှ စက်ဘီး မစီးတတ်ရင် ငါ့သား စီးတတ်မှာ မဟုတ် ဒါ့ကြောင့် ရအောင် သင်ရမယ် အမိန့်ချကာ ညနေတိုင်း သင်ပါတော့တယ်။
ပြောချင်တာက အခုမှ စမှာပါ…
ညနေတိုင်း မိသားစုလိုက် အိမ်အရှေ့ဘက်က ပန်းခြံထဲ၊ နောက် အိမ်အနောက်ဖက်က လူသွားလူလာ ကျဲတဲ့ စက်ဘီးလမ်း ( အမှန်တော့ အဲ့လမ်းလေးက လူနေအိမ်တွေကနေ အနောက်ဖက် အော်တာဝါ မြစ်ကမ်းတလျှောက်ဖောက်ထားတဲ့ စက်ဘီးလမ်းဆီကို ဖြတ်သွားတဲ့လမ်းလေးပါ) အဲ့လမ်းလေးမှာသင်။ သူက လမ်းတိုတဲ့ အတွက် များသောအားဖြင့် အိမ်ရှေ့က Carling park ထဲမှာ သင်တာများပါတယ်။ နေတော့ ပူတာပေါ့။ သူက လမ်းရှည်တဲ့ အတွက်အတော် သင်လို့ အဆင်ပြေပါတယ်။ ပထမရက်မှာတော့ ကျျွန်မနဲ့ အိမ်ကြီးရှင် တယောက်တလှည့် အနောက်က လိုက်ရပါတယ်။ သည်နေရာမှာ ကျွန်မ ကြော်ငြာ ဝင်ပါဦးမည်။ 🙂 🙂
သားသား စက်ဘီးနောက်ကို အိမ်ကြီးရှင်တယောက် အသွားအပြန် တခေါက် အပြည့် မလိုက်နိုင်ပါဘူး။ နောက်ဆုံးတော့ ကျွန်မပဲ အနောက်ကနေ ယောဂ တန်ခိုးနဲ့ အမောလုံတာကြောင့် အခေါက်ခေါက် အခါအခါ လိုက်ရပါတော့တယ်။
အိမ်ပေါ်မှာ အေးဆေးသက်သာ ယောဂကျင့်နေသူ ကျွန်မ သည်လောက် အမောခံနိုင်တာ ကိုယ့်ဘာသာတောင် အံ့ဩမိနေသေး။ တညနေလုံး တောက်လျှောက် သားနောက်က လမ်း ဟိုဘက်ထိပ် သည်ဘက်ထိပ်ကို တောက်လျှောက်လိုက်နေတာပါ။
သားသား နောက်ကို ၂ရက် လိုက်အပြီး ၃ရက်မြောက်နေ့မှာ သားသား စီးတတ်သွားလို့ မလိုက်ရတော့ပါဘူး။ ကင်းပဲ စောင့်ရပါတော့တယ်။ ပန်းခြံ သည်ဘက်ထိပ်မှာ ကျွန်မနဲ့ သမီး ကစားရင်း စောင့် သလို ဟိုး… နောက်တဖက်မှာတော့ အိမ်ကြီးရှင်စောင့်ပါတယ်။ သည်နေရာက တာဝန်ရှိသူတွေကို ချီးကျုးချင်ပါသေးတယ်။ ပြည်သူတွေအတွက် အစစအရာရာ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက စဉ်းစားပေးတာတွေဟာ အံ့ဩကုန်နိုင်ဖွယ်ရာပါ။ သည်လို နေရာ လမ်းတွေမှာ ကလေးတွေ စက်ဘီးစီးသင်မှာကိုလည်း ထည့်တွက်ထားတယ် ထင်ပါတယ်။
ကျွန်မ စောင့်နေတဲ့ နေရာမှာလည်း အဝိုင်းတခု ရှိသလို အိမ်ကြီးရှင် စောင့်နေတဲ့ နေရာမှာလည်း သုံးမြှောင်ပုံ လမ်းဆုံရှိပါတယ်။ ဒါကြောင့် သားသား စက်ဘီး စီးတဲ့ အခါ ဟိုဘက်ထိပ် ဒီဖက်ထိပ် စက်ဘီးပေါ်ကဆင်းပြီး ကွေ့စရာမလိုပါဘူး။ အတော်လေးကို အဆင်ပြေပါတယ်။
အော် လူတွေအတွက် အတော်ကို အကွက်စေ့အောင် လုပ်ပေးထားတာပါလားလို့ တွေးမိတာ အကြိမ်ကြိမ်ပါ။
သားသား စက်ဘီး စီးတတ်သွားတော့ အရသာသိသွားတဲ့ အတွက် ညနေတိုင်း စက်ဘီးကို တနွေလုံး စီးပါတော့တယ်။
သူက စက်ဘီးစီးနေချိန် တခါတလေ သမီးငယ်နဲ့ ဆော့တဲ့အခါဆော့။ တခါတရံတော့ ဟိုလျှောက်ကြည့် သည်လျှောက်ကြည့်ရင် အချိန်ဖြုန်းရပါတယ်။ အဲ့သည့်အခါ ကျွန်မ ဘာတွေ သွားတွေ့ သလဲဆို သစ်ပင် အခြောက်တွေကိုပါ။ နွေဦးကတည်း က အဲ့သည့် အပင်ခြောက်တွေကို တွေ့နေရတာပါ။
သစ်ပင်ခြောက်တွေ ဘာ့ကြောင့် မခုတ်ပါလိမ့်လို့လည်း မြင်တိုင်းတွေးမိပါတယ်။ ကိုယ့်အိမ်ရှေ့က သစ်ပင် ကိုယ်ခုတ်ချင်တိုင်း ခုတ်လို့တော့လည်း မရပါဘူး။ ဒါက ပန်းခြံထဲက အပင်တွေ။ စည်ပင်မှာ တာဝန်ရှိလို့ သူတို့ ခုတ်ရမှာပေါ့လို့ တွေးမိလို့ပါ။
တရက်မှာတော့ အဲ့သည့် သစ်ပင်ခြောက်တွေမှာ အစိမ်းရောင် ကြက်ခြေ ခတ်တွေကို တွေ့ပါတော့တယ်။ အပင်ခြောက် အကုန်လုံးလား ဆိုတော့ မဟုတ်ဘူး။ တချို့ တချို့သော အပင်ခြောက်တွေ မပါပါဘူး။ ဘာလို့ သည်လို အစိမ်းရောင် ကြက်ခြေတွေ ခတ်ထားပါလိမ့်ပေါ့။
ကျွန်မတို့ နေတဲ့ တိုက်က Richmond road နဲ့ prom Ottawa river park way လမ်း ၂ခု ဆုံရာ နေရာမှာတည်ရှိပါတယ်။ သည်လို လမ်းမကြီး နှစ်ခုကြား ။ နှစ်ခုလုံး ဘတ်စကားလမ်းမကြီးတွေပါ။
အဲ့သည်လို လမ်းမကြီးကြားထဲ ရှိနေတာတောင် ဘာအသံမှ မကြားရပါဘူး။ ဝါသနာပါရင် အိမ်ထဲမှာတင် တရားထိုင်လို့ရနေပြီး တိတ်ဆိတ်လွန်းလို့ တရားထူးများတောင် ရနိုင်ပါရဲ့။
တခါတရံ မီးသတ်ကားသံ ( ၂ဘလော့အကျော်မှာ မီးသတ်ရုံး ရှိပါတယ်) မှ လွဲပြီး ဆူညံသံ လုံးဝကို မရှိတာပါ။ အဲ့လို အမြဲတမ်း တိတ်ဆိတ်နေတဲ အရပ်မှာ တရက်တော့ ဆူညံသံ အကျယ်ကြီးကြောင့် လန့်သွားရပါတယ်။ တခါမှကို မကြားဘူးတာပါ။ ဘာပါလိမ့်ဆိုပြီး ဝရန်တာထွက် စပ်စုလိုက်တဲ့ အခါမှာ သစ်ပင် ခုတ်နေကြတာပါ။ အစိမ်းရောင် ကြက်ခြေခတ်တွေက သည်အပင် ခုတ်လို့ရပါပြီလို့ သတ်မှတ်ပေးတာပါတဲ့။
တချို့ အပင်တွေက အကိုင်းတော်တော်များများက ခြောက်နေပေမဲ့ အသက်ရှိနေသေးတာမို့ လုံးဝ မသေသေးလို့ ခုတ်ခွင့်မရသေးပါတဲ့။ နဂိုကတည်းက ထူးဆန်းတာ ဘာတွေ့တွေ့ ရွာထဲ လာပို့ ချင်တဲ့ အကျင့်ကြောင့် ထိုင်ပြီးကြည့်ကာ မှတ်တမ်း တင်ပါတော့တယ်။
ပိုထူးဆန်းတာက ကားက အစုံမို့ပါ။ လူကလည်း ၄ယောက် ၅ယောက်လောက်ရှိပါတယ်။ ပထမဆုံးကားက ကရိန်းလိုကားပါ။ အပေါ်မှာ လူရပ်နေပါတယ်။ ဝတ်စုံပြည့်ပါ။ ခေါင်းမှာ ဦးထုပ်ပါတယ်။ ခါးက ခါးပတ်နဲ့ ကားရဲ့ ကရိန်းနဲ့ တွဲထားပါတယ် လက်မှာ လက်ကို လွှသွားကိုင်ထားပါတယ်။ ကရိန်းက တဖြည်းဖြည်း မြင့်လာပြီး သူ ခုတ်ရမည့် ပင်စည်နားလောက်မှာ ရပ်သွားပါတယ်။ နောက် သစ်ပင်ကို ခုတ်ပါတယ်။ ကျွန်မ မြင်ရသလောက်တော့ အင်နဲ့အားနဲ့ သက်စွန့်ဆံဖျား မလုပ်ရသလောက်ပါ။ စက်အားနဲ့ ခေတ်မှီသကိုး။
နေပြည်တော်ကို အလည်သွားသခိုက် ကြုံခဲ့ရသည်ကို ပြန်သတိရမိပြန်ပါတယ်။ တိုက်ဘေးက ဓါတ်ကြိုးနဲ့ မလွတ်သမျှ သစ်ပင်တွေကို စည်ပင်ကလူတွေ လာခုတ်ပါတယ်။
ခါးမှာ ဓါးမထိုးပြီး သစ်ပင်ပေါ်တွယ်တက်။ လိမ့်ကျရင် မည်သူမှ တာဝန်ယူမည် မထင်ပါဘူး။ မမှီမကမ်း လှုပ်တုတ်တုတ် သစ်ပင်ခွကြားမှာ ထိုင်ကာ အချက်ပေါင်းမြောက်မြားစွာ ခုတ်ပါမှ သစ်ကိုင်းတကိုင်းရပါတယ် ခွန်နဲ့အားနဲ့ ခုတ်ရတာပါ။ နေပူပူမှာ ပင်ပန်းလိုက်ပါဘိတော့။
ဆက်ပါဦးမယ် သစ်ပင် တပင်လုံး ခုတ်အပြီးမှာတော့ နောက် ထပ် ကား တစီး ရှေ့တက်လာပါတယ်။ ခုနက ကရိန်းပါတဲ့ ကားက နောက် တပင်ဆီသို့ ကူးသွားပါပြီ။ အခုကားက နောက်ကျောဖက်ပေးထားပြီး သူ့တွဲလျှက်လေးက ခေါင်းတိုင်လေးက သူ့ နောက်ခန်းဖက်လှည့်ထားပါတယ်။ လူ နှစ်ယောက်က ခုနင်က ခုတ်ထားတဲ့ သစ်ပင် အပိုင်းတွေက ကိုင်းဖျားတွေကို သပ်ပြီး ခေါင်းတိုင်ပါတဲ့ နောက်တွဲယာဉ်လေး သစ်သားကြိတ်စက်တွဲလျှက်ပါပါတယ်။ စက်ကလေးထဲ သစ်ကိုင်းတွေ အထည့်မှာ လွှစာတွေ ဖွာထွက်လာပြီး ကားနောက်ခန်းထဲမှာ တခါတည်း လှမ်းထည့်ပြီးသားပါ။ သစ်ပင်ကိုယ်ထည်ကြီးကိုတော့ တတောင်ကျော်ကျော်လေးတွေဖြတ်ကာ နောက်ကား တစီးရဲ့ နောက်တွဲယာဉ်ထဲမှာ သေသေချာချာ စနစ်တကျ စီပြီးထည့်ပါတယ်။ သစ်ပင် သစ်ကိုင်း အားလုံး ကုန်သလောက် ရှိတော့ မြက်ခင်းပြင်ပေါ် တံပျက်စည်း လှည်းနေကြပြန်ပါရော။
သစ်ကိုင်းတို သစ်ကိုင်းစ တစလေးမှ ကို မကျန်ပါဘူး။ ဒီနေရာမှ ကျွန်မ သတိထားနေမိတာလေးရဲ့ အဖြေကို သွားတွေ့ပါတယ်။ လမ်းလျှောက်ထွက်တိုင်း တချို့ နေရာတွေမှာ သစ်ပင် အသစ်တွေ ချစိုက်တာတွေ တွေ့ပါတယ်။
ပျိုးပြီးသား မေပယ်၊ ဝက်သစ်ချ နောက် birch လို့ သူတို့ခေါ်တဲ့ ညောင်ရွက်နဲ့ အန်မတန်တူတဲ့ အရွက်ရှိတဲ့ အပင်လေးတွေပါ။ ကျွန်မ တရပ်လောက် ရှိတဲ့ အပင်လေးတွေပါ။ အဲ့ အပင်လေးတွေရဲ့ ပတ်ပတ်လည်မှာ လွှစာတွေ ပုံထားလေ့ရှိပါတယ် မြေဆွေးရအောင် ထင်ပါတယ်။ အဲ့ လွှစာတွေတွေ့တိုင်း ကျွန်မစိတ်ဝင်စားလို့ ကိုင် ကိုင်ကြည့်တတ်ပါတယ်။ သစ်ခွဲစက်တွေက များရသလားပေါ့။ အခုတော့ အဖြေတွေ့ပါပြီ။
ခုတ်လို့ရပါပြီလို့ တာဝန်ရှိသူက သတ်မှတ်ပေးထားတဲ့ အပင်ကို ခုတ်ပြီး အပို သစ်တို သစ်ကိုင်းစတွေကို အလေအလွင့်မရှိအောင် အကျိုးရှိအောင် သဘာဝပတ်ဝန်းကျင်ကို ထိန်းပြီးသားလည်းဖြစ်အောင် တော်တော်ကို စနစ်ကျပါလားလို့လည်း သိလိုက်ရပါတယ်။
သဘာဝပတ်ဝန်းကျင်ကို တိုးတက်ပြီး နိုင်ငံတွေက ပိုချစ်ပြီး ပိုပြီးထိန်းသိမ်းတယ် ဆိုတာကို စာတွေမှာပဲ ဖတ်ဖူးပါတယ်။ အခုတော့ တကယ်ကို တန်ဖိုးထားတာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာတဲ့အခါ အကြိမ်ကြိမ်အခါခါ အံ့ဩရပါတယ်။
လူတွေ အပန်းဖြေဖို့နေရာတွေ။ သဘာဝတရားကို ပုံစံမပျက် လက်တကမ်းမှာပဲ ခံစားလို့ ရအောင် လုပ်ပေးထားတာတွေကြောင့် သည်နေရာကလူတွေကမှ အသက်မရှည် ဘယ်နေရာက လူတွေများ အသက်ရှည်မလဲလို့ပါ အတွေးဝင်ရပါတယ်။
ကျန်းမာရေးလည်း အတော်လိုက်စားကြပြီး လိုက်စားလို့ရအောင်လည်း နေရာတွေက လက်တကမ်းမှာတင် ဖန်တီးပေးထားကြတာလေ။ ထောင့်ပေါင်းစုံက စဉ်းစားပေးပြီး ဟာကွက်မရှိအောင် အဆင်ပြေအောင် လုပ်ပေးထားတာတွေကလည်း အတုယူစရာတွေကြည့်ပါပဲ။
ခုနင်က သစ်ပင် ခုတ်တဲ့ သူတွေရဲ့ အပြုအမူတွေဟာ အံ့ကြပြီးရင် အံ့ဩရတာပါ။ သစ်ပင် တပင်လုံး ခုတ်ပြီးသွားပါပြီ။ သစ်တို သစ်ကိုင်း သစ်စမှ မကျန် အပြောင် တံပျက်စီးနဲ့ လှည်းကျင်းသုတ်သင်ပြီးပါပြီ။ အားလုံးအပြီးမှာ လူ ၂ယောက် ကားပေါ်ကနေ မြေဆွေးထုတ်တွေ ချလာပါတယ်။ ခုနင်က အခုတ်ခံထားရတဲ့ သစ်ပင်နေရာမှာ မြေဆွေးချ မြက်မျိုးစေ့ချကာ ပြီးတော့ရေလောင်းပေး သေချာ ပျိုးသွားပါတယ်။ သူတို့ ကားတွေ ပြန်ထွက် သွားတော့ အဲ့ သည့်နေရာ မှာ သစ်ပင် ရှိခဲ့တယ် ဆိုတာတောင် သတိမူမိတော့မယ် မထင်ပါဘူး။
ဘယ်လောက်များ စနစ်ကျပြီး တာဝန်ကျေသလဲဆိုတော့ နောက် သုံးလေးရက် အကြာမှာ မြက်ပင်လေးတွေ ပေါက်နေတာများ စိမ်းစိမ်းစိုစို။ ကွာတာတော့ အတော့်ကို ကွာတာပါ။ အရာအားလုံး သစ်ပင်ခုတ်ခဲ့ပါလားလို့ မသိရတော့ လောက်အောင် သပ်ရပ်မှုုကို မြင်ပြန်တော့ သက်စွန့်ဆံဖျား သစ်ပင်တွေ ခုတ်အပြီး တိုက်ဘေးက ရေမြောင်းထဲ ကန်ချခဲ့တာကိုလည်း သတိရမိပြန်ပါတယ်။ မည်သူ့မှာ တာဝန်ရှိသနည်းလို့တော့ မမေးလိုတော့ပါဘူး။
တို့နိုင်ငံမှာ သစ်တော သစ်ပင် သိပ်များတယ် လို့ ဂုဏ်မယူရဲတော့ပါဘူးကွယ်။
သည်မှာ သစ်ပင် သစ်တောတွေကို သဘာဝမပျက် ထိန်းသိမ်းတာတွေက အတော်များတာကိုး။ တောထဲအပင်တွေကို ထိန်းသိမ်းတာတင်မဟုတ်ဘဲ အိမ်ဘေးက သစ်ပင်တွေ မြက်ပင်တွေကိုပါ ထိန်းသိမ်းစောင့်ရှောက်နေကြတာ။ မြက်ပင်လေးကို တောင် တန်ဖိုးထားမှတော့ သစ်ပင် သစ်တော ချစ်ကြမှာကို ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့ မြင်နိုင်ကြပါစေလို့ ….. ။
20 comments
hmee
February 10, 2017 at 5:04 am
ရွာထဲက အမျိုးများ ဖတ်နိုင်စေဖို့ရာ တနေကုန် ကြိုးစား ရိုက်ကာ တင်ပြီးသကာက အိမ်မှာတော့ သည်နေ့ ဂဇက်ဟင်းနဲက လွေးရပါပြီလို့… 😛 😛 😛
kai
February 10, 2017 at 2:14 pm
မစ္စတာထရမ်လက်ထက်မှာ.. အမေရိကားနေတဲ့.. တရားမဝင်နေသူတော်တော်များများ.. ထရမ့်ကိုမကြိုက်တဲ့သူများများ… ကနေဒါကို ပြောင်းဖို့ကြိုးစားနေကြပါတယ်…
သူတို့(ကနေဒါ)မှာ အမှတ်ပေးစနစ်နဲ့ ပြောင်းခိုသူတွေလက်ခံတဲ့စနစ်ရှိတာမို့.. အဆင်ပြေကြပုံပါ…။
ဆိုတော့..
အမေရိကားမှာ.. ကနေဒါက.. ဟော့လာနေတယ်ဆိုပါစို့..။
အဲဒီအချိန် မှီမမ စာတွေ့တော့..စာလေးက.. ချောလည်းချော… သဘာဝထိမ်းမှုအနှစ်ကလေးလေးပါသမို့.. သတင်းစာထဲထည့်.. ပုံနှိပ်ချင်ပါတယ်လို့..။
ဒါပေမယ့် စာက သတင်းစာအတွက်( ပုံလည်းထည့်ချင်သမို့.. )နည်းနည်းရှည်နေပါတယ်..။
မူလစာကို.. ၅ပုံ ၁ပုံ လောက်ဖြတ်ပေးပြီး.. editor@MyanmarGazette.net ကိုပို့ပေးနိုင်မလားလို့..။
hmee
February 10, 2017 at 9:29 pm
စာတွေ တင်ကတည်းက ရွာအတွက် ရည်ရွယ်ပြီး တင်တာမို့ သဂျီး စိတ်ကြိုက် သုံးနိုင်ပါတယ်။ သဂျီး ကိုယ်တိုင် စိတ်ကြိုက်လုပ်လို့ မရဘူးလားဟင်။ ဒီအထဲ တခါတည်း တန်းရိုက်တာဆိုတော့ ကျွန်တော့မှာ မရှိတော့ဘူး။ နောက်ပြီး ဘယ်လို ပြန်လုပ်ပေးရမလဲလည်း နားမလည်ဘူး စာက ရေးချင်လို့ကို စိတ်ထဲရှိတာ သည်အတိုင်းရေးတာ။ ဖြစ်နိုင်ရင် သဂျီးဖာသာတည်းဖြတ်ပြီး ထည့်လို့ မရဘူးလား။ မဖြစ်မနေ လုပ်ပေးမှ ရမယ် ဆိုရင်တော့ ကြိုးစားကြည့်ပါမယ်။ ရပါ့မလားတောင် မသိဘူး။ 🙂 🙂
kai
February 11, 2017 at 3:54 pm
ကြိုးစားကြည့်ပါဦး…။
၁ပတ်အချိန်ရပါတယ်..။
hmee
February 17, 2017 at 12:53 am
သူဂျီး ပို့လိုက်ပါပြီ။ ထပ်ပြီး တည်းဖြတ်ရန် လိုပါသေးလျှင် သဂျီး သဘောကျ တည်းဖြတ်ပါလို့ မလုပ်တတ် လုပ်တတ် မနည်း လုပ်ထားရတာ။ ကိုယ့်ဘာသာသာ စိတ်ကြိုက် တည်းဖြတ်ပါတော့ လို့
kai
February 17, 2017 at 6:20 pm
ကျေးဇူး..
ဇီဇီ
February 10, 2017 at 9:27 am
သန့်လိုက်တာ။
စားဝတ်နေရေးရယ်လို့မပူရတဲ့
လူစိတ် အပြည့်ရှိတဲ့
လူ့အခွင့်အရေး ရှိတဲ့ တိုင်းပြည်တွေမှာ မြက်ပင်ကအစ အချစ်ခံရတာ ဘာဆန်းတုန်းလေ။
<3
hmee
February 10, 2017 at 9:35 pm
ဟုတ်တယ် ဇီရေ။ အဲ့ သစ်ပင်ခုတ်တဲ့ ကလေးတွေ။ တခါတလေ မြက်ရိတ်နေတဲ့ ကောင်ကလေးတွေ ကောင်မလေးတွေ သန့်နေတာပဲ။ ရုပ်ကလေးတွေ သန့်လိုက်တာ အလုပ်သမားနဲ့တောင်မတူဘူးလို့ အမ ကပြောတော့ အမျိုးသားက စက်အားနဲက လူမှ မပင်ပန်းတာ။ ပစ္စည်းကိရိယာကလည်း အစုံပဲလေတဲ့ နောက် ရုပ်ကလေးတွေက သန့် ငယ်ငယ်လေးတွေဆိုတော့ သန့်မှာပေါ့တဲ့ ကျောင်းသားတွေ အခိန်ပိုင်း အလုပ်လုပ်ကြတာလေတဲ့။ ကိုယ်တွေဆီဆို ဒါမျိုးလုပ်တဲ့ သူဆို အလုပ်ကြမ်းသမား လူတန်းစားအဖြစ် သတ်မှတ်ထားတာ။ သည်မှာတော့ မည်သူ့ကိုမှ မခွဲခြား လူဆိုတာကို လူဖြစ်နေရုံနဲ့ကို တန်ဖိုးထားကြတယ်။ သစ်ပင်တွေ မြက်ပင်တွေ တောင် ဥပေးစိုးမိုးမှုကို အပြည့်အဝ ခံစားကြရတယ်။
Thint Aye Yeik
February 10, 2017 at 12:41 pm
.တရေးနိုး ထ မေးလည်း… အဲဒီလိုနိုင်ငံမှာ နေကြည့်ချင်တယ်လို့ပဲ ဖြေမိမှာ….
.ကျနော်တို့ နိုင်ငံလည်း… နောက် ဆယ်စုနှစ်တွေအတွင်း… အဲ့လောက် မဟုတ်တောင် အဲ့လောက်နီးပါး တိုးတက်လာလိမ့်မယ်လို့…
.မျှော်လင့်ပါတယ်။ မျှော်လင့်ရုံပါ။
😆
နောက်ထပ်… မျှဝေပေးပါအုန်း တီမှီ
hmee
February 10, 2017 at 9:39 pm
စာတွေ စုထားတာတော့ အားကြီးပဲ ရေးမှာပါ ဆက်ဆက်ရေ။ ဘတ်စကား အကြောင်းရေးဖို့ ပိုပြည့်စုံအောင် စုနေတယ်။
အရင်ကကျော်စွာဦးကြီးမိုက်
February 11, 2017 at 11:31 am
အဲ့လိုနိုင်ငံမျိုးမှာနေမှ လူစစ်စစ်ဖြစ်တာဗျ…ကံကောင်းတယ်ပြောရမှာပေါ့…သစ်ပင်ခုတ်ပုံအကြောင်းတော့ ကိုဖေါလည်း
ပြောဖူးတယ်..ဩဇီမှာလည်းအဲ့လိုပဲတဲ့…အအေးလွန်တာတော့လန့်စရာပဲနော…
hmee
February 12, 2017 at 7:21 am
အေးတာတော့ မပြောပါနဲ့ ဦးမိုက်ရယ်။ စိတ်ညစ်ရလောက်အောင်ကို အေးတယ်။ နောက်တခါ လူနေအိမ်တွေနဲ့ ကပ်လျှက် လမ်းလေးပဲခြားတဲ့ သိန်းသိမ်းထားတဲ့ တောလေးအကြောင်း ရေးဦးမယ် ဦးမိုက်။
CharTooLan
February 14, 2017 at 11:13 am
ကိုယ်မနေရရင်တောင်
ကိုယ့်သားသမီးအလှည့်ကျရင်အဲ့လိုနေရာမျိုး
အဲ့လိုစနစ်မျိုးလေးတွေနဲ့နေစေချင်တယ်
hmee
February 16, 2017 at 8:39 am
သူ့ခြံမှာ နီဝါတွေတင့်ရင်ဖြင့် ကိုယ့်ခြံမှာ ဖြူပြာတွေ ဝင့်စေချင်တာပါကွယ်။ အဲ့လိုလေး…
•*¨နန်းတော်ရာသူ •*¨
February 22, 2017 at 4:50 pm
ပထမအကြိမ်အစောကြီးဝင်မန့်ထားခဲ့ပေမယ့် ကိုယ့်မန့်မရောက်မှန်းခုမှသိတယ်မွမှီရေ…
အရမ်းနေချင်စရာကောင်းတယ်။စိတ်ကူးထဲအရမ်းနေချင်ခဲ့တယ်။လက်တွေ့မှ အေးတဲ့နိုင်ငံတွေနဲ့ကျန်းမာရေးနဲ့ဘယ်လိုမှမရပ်တည်နိုင်မှန်း ပိုပိုသိလာရတယ်။နည်းနည်းအေးတာနဲ့ နေမကောင်းချင်သလိုလိင။ပုံတွေကြည့် ဗဟုသုတလေးတွေလေ့လာရင်းပဲ ကျေနပ်ရတော့မယ်။
hmee
February 25, 2017 at 8:20 pm
အရမ်းအေးတဲ့နိုင်ငံမိုက သာမီးတော်လေး ရင်ကျပ်အတွက် စိုးရိမ်နေတာ။ ရန်ကုန်မှာ တလ ၂ခါလောက်ကျပ်နေတာ သည်ရောက်မှ လုံးဝမကျပ်ဘူး။ အိမ်တွေ အဆောက်အဦးတွေ ကားတွေကအစ အပူချိန်က မျှတယ် တသမတ်တည်းဆိုတော့ အဆင်ပြေတယ်။ အပြင်ထွက်တဲ့ အခါလည်း သူတို့ အဝတ်အစား အသုံးအဆောင်တွေက အအေးဒဏ်ကို လုံအောင် ကာကွယ်နိုင်တယ်။ အဓိကကတော့ တိုင်းပြည် ချမ်းသာတဲ့အတွက် လူတွေ ရာသီဥတုနဲ့ အဆင်ပြေအောင် လုပ်ပေးနိုင်တော့ သက်တောင့်သက်သာ အဆင်ပြေတယ်။
•*¨နန်းတော်ရာသူ •*¨
February 25, 2017 at 10:34 pm
ဟုတ်ပါတယ်မွမှီ အေးတိုင်းရယ်မဟုတ် အိမ်မှာလဲ။အဖေနဲ့သားကြပ်ကြတယ်။
အရင်က ဝပ်ရှော့စက်ပစ္စည်းနံတွေကြောင့်သားကကြပ်တာမို့ အခု မကြပ်တော့။
အဓိကကလေထုမသန့်ရှင်းလို့ပါ။
လေထုမသန့်ရှင်းတဲ့နေရာနေခဲ့ရပြီးအကြီးမလေးပါထိပ်ခပ်နာဖြစ်လာခဲ့တယ်၊
စက်နံ့တွေကြောင့်ပေါ့။
Mr. MarGa
February 23, 2017 at 1:29 am
လာချင်တယ်
ခေါ်ကြပါ
ဗြဲ….
:k: :k: :k:
hmee
February 25, 2017 at 8:14 pm
ဝဲကမ်း ပါလို့
ဦးကြောင်ကြီး
February 27, 2017 at 4:39 am
တီမှီဘဲ ထလရ ဟွတ်သလား