” အဝေးသတင်း “
“အဝေးသတင်းးးးးးးးးးးးးးးး”
ဒီနေ့မနက်ရုံးရောက်တော့ အမြဲပြုံးရွှင်နေတတ်တဲ့ မသင်း တစ်ယောက်
ခပ်ငေါင်ငေါင်ကြီးထိုင်နေတာမြင်ရတော့ စိတ်ထဲ အထူးအဆန်းကြီးဖြစ်နေပါတယ်။
ဒါနဲ့ သူ့နောက်မှာထိုင်နေတဲ့တစ်ယောက်ကို မေးငေါ့ပြီးအသံတိတ်မေးလိုက်တော့
ဖုန်းဆက်တယ်ဆိုတဲ့သင်္ကေတလေး လုပ်ပြတော့ကျနော်သဘောပေါက်သွားပါတယ်။
မယ်သင်း အိမ်က ဖုန်းလာ ထားလို့ ဆိုတာကို။
ကျနော့်ရုံးက နယ်မှာဆိုတော့ အိမ်နဲ့ဆက်သွယ်စရာတယ်လီဖုန်းဘဲရှိပါတယ်။
ဟိုအရင်က တော့ ဒီလို ရပ်ဝေးမှာလာပြီးအလုပ်လုပ်တဲ့သူများအဖို့
အဝေးသတင်း အတွက်
ပြတ်တောင်းပြတ်တောင်း
မပီ့တပီ အသံထွက်တတ်တဲ့ မြန်မာ့ဆက်သွယ်ရေးကိုဘဲအားကိုးခဲ့ရတာပါ။
အခုခေတ်မှာတော့လမ်းပန်းဆက်သွယ်ရေးကလဲကောင်း
ဆက်သွယ်စရာ လက်ကိုင်ဖုန်းကလဲ
မပုတုလဲရှိ
ကိုတာနောလဲရှိ
မအော်ရီလဲ ရှိဆိုတော့
အဝေးသတင်းရဘို့ မခက်ခဲ့တော့ပါဘူး။
ခဏနေလို့ မသင်း အပြင်ထွက်သွားတော့မှ
မွန်မွန် ကိုလက်ယပ်ခေါ်ပြီး အဝေးသတင်းကိုမေးရပါတော့တယ်။
“သူ့ မောင်လေး ဆိုင်ကယ် မှောက်လို ့ တဲ့ အဲဒါ ငွေလှမ်း ပို့ပေးဘို့ သူ မယ်တော်က မှာနေသံကြားတယ် “
လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကျနော်ရုံးမှာက မိန်းခလေး ၆ယောက်ရှိပါတယ်။
ရုံ့းမှာစာရင်းကိုင်လုပ်နေကြတဲ့ သူတို့ အဖွဲ့ ကို ရုံးနဲ့သိပ်မဝေးတဲ့နေရာမှာလုံးခြင်းအိမ်လေးတစ်လုံး ငှားပေးထားပါတယ်။
မနက်ဆိုရုံးလာ ညဆို အိမ်ပြန်အိပ်ပေါ့။
ရုံးနဲ့အိမ်နဲ့ကလဲ နီးနီးလေးဆိုတော့ လမ်းလျှောက်လာလိုက်ရုံပါဘဲ။
သူတို့တစ်တွေအားလုံးက နယ်ကနေလာပြီးအလုပ်လာလုပ်ကြတာပါ။
မန္တလေးမှာအဆောင်နေရင်းကျောင်းတက်။ ကျောင်းပြီးတော့ အိမ်ကိုမပြန်ကြတော့ ဘဲ အဆောင်မှာဆက်နေ။
သင်တန်းတွေတက်ပြီး ရရာအလုပ်ကိုဝင်လုပ်ကြတာပါ။
ကျနော်မှတ်မိသလောက်ဟိုအရင်က ကျနော်တို့ မန္တလေးတစ်ဝိုက်မှာ အဆောင်နေပြီးအလုပ်လုပ်သူနည်းပါတယ်။
နယ်ကနေ မြို့တက်အလုပ်လုပ်တယ်ဆိုရင် နီးစပ်ရာဆွေမျုးိတွေအိမ်မှာ နေကြပါတယ်။
ယောက်ျားလေးတွေကတော့ နီးစပ်ရာ ဘကြီးဘုန်းကြီးကျောင်းမှာနေပြီးအလုပ်လုပ်ကြတာများပါတယ်။
နောက်ပိုင်းမှာ မြို့တက်အလုပ်လုပ်သူများလာတော့ နီးစပ်ရာဆွေမျုးိတွေကလဲ အိမ်ခေါ်မထားနိုင်တော့ပါဘူး။
ဘကြီး ဘုန်းကြီးကလဲ သူ့ခေါ်ထားငါ့ခေါ်ထားနဲ့ တစ်ရွာလုံးနီးပါးရောက်လာတော့ အဆင်မပြေနိုင်တော့ပါဘူး။
အဲ့တော့လဲ အဆောင်ငှားနေရတော့တာပေါ့။
အရင်က မန္တလေးတက္ကသိုလ်နဲ့နီးတဲ့ဗောဓိကုန်း တစ်ဝိုက်မှာတော့ အဆောင်တွေမိူလိုပေါက်ပေါ့။
နောက်ဒေသကောလိပ်ဆိုတာပေါ်လာတော့ ၃၅လမ်းပါတ်ဝန်းကျင်မှာအဆောင်တွေဖြစ်လာပါတယ်။
အစကတော့ အဆောင်နေခက ထောင်ဂဏန်း။
နောက်တော့ သောင်းဂဏန်း ။
အဲဒီကနေအဆင့်ပိုမြင့်လာတော့ အခန်းကျဉ်းကျဥ်းလေးထဲကိုလေးငါးယောက်နေတာတောင်မှ
တစ်လကို သုံးလေးသောင်းပေးရတဲ့ဘဝကိုရောက်လာကြပါတယ်။
မီးပလပ်မသုံးရ
ရေနွေးမတည်ရ ထမင်းမချက်ရ မီးပူ မထိုးရ ဆိုတဲ့ ကန့်သတ်ချက်တွေက များသထက်များလာသလို
အဆောင်ငှားက လဲ တက်သထက် တက်လာပါတယ်။
အဲတော့ အဆောင်နေပြီးအလုပ် လုပ်ရတာက မသာယာတော့ပါဘူး။
၁၉၈၉ ခုနှစ်နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ အုပ်ချုပ်ရေးတွေနဲ့အတူ နယ်စပ်ဒေသတွေနဲ့
အရောင်းအဝယ်လုပ်ငန်းတွေပိုမိုဖြစ်ထွန်းလို့လာပါတယ်။
မြန်မာပြည်ရဲ့နေရာအနေအထားက ထိုင်း အိန္ဒိယ တရုပ် စတဲ့ နိုင်ငံတွေနဲ့
နယ်မြေဧရိယာခြင်းဆက်စပ်နေလေတော့
ထိုင်းနယ်စပ် ဖြစ်တဲ့ တာချီလိတ်
အိန္ဒိယ နယ်စပ်ဖြစ်တဲ့ တမူး
တရုပ်ပြည်နယ်စပ်ဖြစ်တဲ့ မူဆယ် မြို့တွေဟာစီးပွားရေးအချက်အချာကြတဲ့နယ်စပ်မြို့အသွင်
ကူးပြောင်းလို့လာပါတယ်။
အဲဒီနယ်စပ်တွေကို မြန်မာပြည်ဘက်ကနေသွားပြီးစီးပွားရေးလုပ်ကြတဲ့သူတွေက နယ်ခံတွေကို သုံးခဲပါတယ်။
သူတို့အခေါ် ဗမာပြေ ကလူတွေကို ဘဲ ခေါ်လာကြတာများပါတယ်။
နယ်စပ်ဒေသတွေက အများအားဖြင့် မူးယစ်ဆေးဝါးနဲ့လောင်းကစားမကင်းကြလို့ပါဘဲ။
အဲတော့ဗမာပြည်ကလူတွေ လာအလုပ်လုပ်ချင်အောင်
လစာအပြင် နေစရာပေးမယ် စားစရာပေးမယ်တွေဖြစ်လာပါတယ်။
မန္တလေးက အဆောင်တွေမှာ အစစ အရာရာ ငွေနဲ့စက်ပြီးလုပ်နေရတော့
နယ်စပ်ဘက်ကိုလိုက်သွားမယ်ဆိုရင်
နေစရာရမယ် တစ်လ သုံးသောင်းတော့သက်သာမယ်
စားစရာ ရမယ် ထမင်းဘိုးတစ်ဝက်တော့ သက်သာမယ်
ဆိုတဲ့အတွေးနဲ့ နယ်စပ် ရုံးတွေကို ပြောင်း လာတတ်ပါတယ်။
နယ်ကနေလာအလုပ်လုပ်တာခြင်းအတူတူ မြို့ပေါ်တွေမှာလုပ်တာထက်စာရင်
နယ်စပ်ဒေသတွေမှာလာလုပ်တာက ဘယ်လိုဘဲပြောပြော
ဝင်ငွေပိုကောင်းတော့ အိမ်ကိုလဲပြန်ထောက်ပံ့နိုင်ပါတယ်။
ဒါပေမယ့်လည်း သွားရေးလာရေးမလွယ်ကူတဲ့အစွန်အဖျားတွေမှာဆိုတော့
အိမ်ကို တစ်နှစ်တစ်ခေါက်လောက်သာပြန်နိုင်ပါတယ်။
ဒီတော့လဲ သူတို့လေးတွေမှာအိမ်လွမ်းစိတ်တွေ ရှိနေတော့တာပေါ့။
အိမ်တစ်ခေါက်ပြန်ဘို့ဆိုတာက ခွင့်ရက် ရှည်လဲ ရမှ
လမ်းပန်းဆက်သွယ်ရေးကလဲ ကောင်းမှဖြစ်တာကိုး။
ပြီးတော့ လမ်းစားရိတ်ကလဲ ကုန်အုံးမယ်။
နောက်ပြီး ကိုယ်အိ်မ်ကိုယ့်ယာပြန်တဲ့အခါ
မိဘမောင်ဘွားဆွေမျိုးညာတကာ အတွက်ကလဲ လက်ဆောင်ပစ္စည်းလေးတွေပါမှ
တင့်တယ်မယ်ဆိုတော့ အိမ်တစ်ခေါက်ပြန်ဘို့အရေး ငွေလမ်းခင်းရမယ်ဆိုတော့လဲ
အိမ်ပြန်ဘို့ သိပ်မစဉ်းစားသူတွေလဲရှိလာပါတယ်။
ကျနော်ရုံးကကလေးတွေခမျာ လကုန်ပြီဆိုတာနဲ့ သူတို့ စားဘို့ သုံးဘို့ဖယ်
အိမ်ကို ပိုက်ဆံလွှဲဘို့ စီစဉ်ကြပါတယ်။
ဒါကလဲ သိတတ်တဲ့ကလေးတွေမို့ပါ။
နို့မို့ဆိုရင် အဝတ်အစားအသုံးအဆောင်ပေါများတဲ့နယ်စပ်ဒေသမှာ
သုံးလို့တောင်လောက်နိုင်မယ်မထင်ပါဘူး။
ဘာဘဲပြောပြောအိမ်ပြန်ပို့နိုင်ဘို့ရာအတွက်သူတို့လေးတွေမှာ
အနေအစားတော့ ခြိုးခြံချွေတာကြရတော့တာပေါ့.။
ထမင်းစားတဲ့အခါ လဲ အတူစုပြီးစားတော့သက်သာပါတယ်။
တစ်လ တစ်လ အတွက်ငွေအချုးိကျထည့်။
ဆန် ကို အိတ်လိုက်ဝယ်။
ထမင်းဆိုင်က နေ ဟင်း သက်သက်လပေးယူ။
ခြောက်ယောက်ရှိတယ်ဆိုရင် လေးယောက်စာဘဲယူ။
မျှတစား ဆိုတော့ ဘယ်လိုဘဲပြောပြော ထမင်းသုံးနပ်ကတော့ ဝဝလင်လင်စားရပါတယ်။
ဒါပေမယ့်လည်း ဆိုင်ချက်ဆိုတာ ပုံသေနည်းနဲ့ချက်တော့ ကြာတော့လဲ ငြီးငွေ့လာ
ဟင်းအနံ့ကို မခံ ချင်အောင်ဖြစ်လာပြန်ပါတယ်။
ဒီတော့လဲ ချက်တာပြုတ်တာ ဝါသနာပါသူကချက်။
ဈေးဝယ်ထွက်သူက ထွက်နဲ့ ဝမ်းတစ်ထွာအတွက်ဖြေရှင်းကြရပါတယ်။
အလုပ်ဆိုတာကလဲ အမြဲတမ်း အဆင်ပြေနေတာမဟုတ်ဘူးလေ။
ပိုင်ရှင်နဲ့ ကိုယ့်အကြား
မန်နေဂျာနဲ့ ကိုယ့်အကြား
ကိုယ့်အချင်းချင်းအကြား စိတ်အခန့်မသင့်စရာ အဆင်မပြေစရာတွေရှိလာရင်
အိမ်ပြန်ချင်တဲ့အလွမ်းစိတ် ကတိတ်တဆိတ်မဟုတ်ဘဲ ပေါ်တင်ကြီးကိုရောက်လာတတ်ပါတယ်။
ဒါပေမယ့် လည်း ငါဒီမှာနေတာ အိမ်ကို ပြန်ထောက်ပံ့နိုင်တယ်ဆိုတဲ့အတွေးလေးဝင်လာတော့လည်း
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြိတ်မှိတ်ပြီး ပျော်အောင်နေမယ့် ငါ့ ဘဝတွေကို ဖန်တီးရပြန်ပါတယ်။
တစ်ခါတစ်ခါ ကျနော်သူတို့လေးတွေကိုကြည့်ပြီး သနားသလို သူတို့ရဲ့စိတ်ဓါတ်လေးတွေကိုလဲ
လေးစားမိပါတယ်။
မစားရက်မသောက်ရက်လေးတွေစု
ကို်ယ်ရဲ့ဝတ်ချင်စားချင်သုံးချင်စွဲချင်စိတ်လေးများကိုချိုးနှိမ်ပြီး အိမ်ပို့ဘို့အတွက်လုံးပန်းနေတတ်ကြလို့ပါ။
တစ်ခါတစ်ခါတော့လဲ သူတို့လေးတွေအစား သူတို့ ရဲ့ မာတာပီတုများကို စိတ်ချဉ်ပေါက်မိပါတယ်။
အားလုံးကိုေတော့ သိမ်းကျုံးမဆိုချင်ပါဘူး။
အချို့အချို့သော မာတာပီတုများကို ပြောချင်တာပါ။
တစ်နေ့ တစ်နေ့
ငါ့ သမီးလေး အဆင်ပြေရဲ့လား
လုံခြုံစိတ်ချစွာမှနေရ ရဲ့လား
စားရေးသောက်ရေးမှ အဆင်ပြေရဲ့လား
ရေခြားမြေခြားမှာေ နထိုင်ကောင်းပါရဲ့လား
အိမ်ပြန်ပို့နေရတော့လူတန်းစေ့မှသုံးနိုင်ပါရဲ့လား
လို့ တွေးတောမေးမြန်းဖော်မရဘဲ
ဘယ်သူ ကတော့ ဘာဖြစ်ပြန်ပြီ ငွေပို့ပါအုံး
ဒီလစုကြေးသွင်းရမှာမို့ ခါတိုင်းထက်ပို ပို့လိုက်ပါ အစ
ဟိုဟာ အဆင်မပြေ ဒီဟာအဆင်မပြေ
မပြေလည်သမျှတွေကို အဆုံး
ဗျသနပေါင်းစုံကို ဖုန်းဆက်ပြီး
အဝေးသတင်း တွေပေးတော့
အလုပ်လုပ် နေတဲ့ကလေးတွေမှာ ပြန်သွားလို့ လဲမရ
လာကြည့်လို့လဲမဖြစ်
ငွေလွှဲပေးဘို့ ကလဲ အဆင်မပြေ ကြုံရတဲ့အခါ အလုပ်ထဲမှာစိတ်မပါတော့ပါဘူး။
အချို့ကြပြန်တော့လဲ အိမ်ပြင်ဘို့ ဆိုင်ဆောက်ဘို့ ဆို ငွေလုံးကြေးလုံးနဲ့
ပိုင်ရှင်ဆီက ချေးငှားပေးလိုက်ရတော့
ကိုယ်ရတဲ့လခထဲကနေ လစဉ်ဖဲ့ဆပ်နေရတော့
ကိုယ်ရှာတဲ့ငွေ ကိုယ်တောင် ပူအောင်မကိုင်လိုက်ရတော့ပါဘူး။
ကြာလာတော့လဲ အလုပ် လုပ်ရတာအလကားလုပ်ပေးနေရသလိုဖြစ်လာတော့
ကလေးတွေက အလုပ်လုပ်ရတာ စိတ်မပါတော့ပါဘူး။
ဒါကြောင့်လဲ ရပ်ဝေးနေမိဘများကို အကြံပေးချင်တာကတော့
ပေးနေတဲ့ အဝေးသတင်းတွေက
အဆွေးသတင်းအဖြစ်ပြောင်းလဲမသွားစေချင်ပါဘူးဆိုတာကိုပါ။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
12517
3 comments
ကထူးဆန်း
May 14, 2017 at 8:59 pm
တစ်ခါတစ်လေ သိတတ်တဲ့ လိမ္မာ တဲ့ သားသမီးတွေ အတွက်သနားမိတယ် .. သူတို့ လိမ္မာလေ သိတတ်လေ ဒုက္ခများလေ ဖြစ်နေတတ်ကြတယ် ..
အဓိက က တော့ လစာ နဲ့ စားဝတ်နေရေး အသုံးစားရိတ် မမျှ နိုင် သေးတာဘဲ ..
အိမ်ဖော်ကလေးမလေးတွေဆိုလည်း လစာကိုသူတို့ ကိုင်ရတယ်သုံးရတယ်မရှိ .သုံးလပြည့်တာနဲ့ နောက်သုံးလစာ အတွက် ကြိုထုတ်ခိုင်း ဘာဖြစ်လို့ညာဖြစ်လို့နဲ့ ပို့ခိုင်း အရက်သောက်တဲ့ အဖေရယ် ချဲဒိုင်ခံထိုးတဲ့ အမေတွေ အတွက် သူတို့မှာ အဆင်ပြေတဲ့ အိမ်ကနေလစာ ကြို မပေးရင် လစာကြိုရအောင် အခြားအိမ်ကို ပွဲစားကခေါ်ထုတ်ပြီး ပြောင်းကြ မျက်ရည်စမ်းစမ်းနဲ့ ပြောင်းကြရတာလဲ ရှိ ..
ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးတာ …
ဦး လေး မန်း
May 19, 2017 at 1:10 pm
ရေကြည်ရာ မျက်နုရာ ရှာရင်း အိမ်မပြန်နိုင်တဲ့ ဘဝတွေ များလှတယ်။
အိမ်ပြန်လို့လဲ အလုပ်က လောက်လောက်လားလား လုပ်စရာမရှိတော့ သူများနိုင်ငံ မှာ ထွက်လုပ်ရတဲ့ သူတွေများလာတော့တာပေါ့။
သင့်အေးရိပ်
May 19, 2017 at 9:47 pm
တကယ့်ဘဝတွေထဲထိ လေးပေါက်ရဲ့စာမူတွေ
ရောက်နေပြီ