အလုပ်က နားတော့မလို့လား..

နွေဦးJune 26, 20171min53122

” အဘရေ့.. ကျွန်တော်တော့ ဒီကောင်ကြီး  နှစ်ကောင် နသတ်ရုံ ထုတ်လိုက်တော့မယ်ဗျာ..   ”

ကိုတိုးကြီး ပြောလိုက်တဲ့ စကားကြောင့် အဘ မောင်တင် တွေဝေသွားတော့တယ် ။

ခုတလော အသက်ကထောက် လာတော့ အလုပ်တွေကို သူ့သားကိုတိုးကြီးကို လွှဲတန်သလောက်လွှဲ နေပြီ..။

ဒီစပါးတရာသီ ကစလို့ သူ့သားကို ဦးစီးပြီး လုပ်ခိုင်းတော့မလို့ ပြောနေကြရာကနေ ကိုတိုးကြီး ပြောလိုက်တာပါ ။

” ဟေ… ဝန်ပေါ့တော့ ဆွဲခိုင်းလို့ရသေး မဟုတ်လား..  ”

” အဘရာ.. ခိုင်းရမှာနဲ့ ကျွေးထားရမှာ မကိုက်တော့ဘူးဗျ.. အဘ ကောင်ကြီးတွေက  ကျနေပြီ. ခုနေ ပွဲစားလက်ထည့်ရင်တောင် ဈေးရမှာ မဟုတ်တော့ဘူး..”

” တို့နဲ့ အတူရုန်းလာတာ ကြာပြီလေ..  ”

” ဗြာတစ်ရှဉ်းက ဒီမိုး ခိုင်းရပြီလေ.. နနီတစုံကလဲ ဒီနွေဆို ထမ်းပိုးကျင့်လို့ရပြီ..  ”

အဘမောင်တင် တွေဝေနေဆဲပါ..အတူရုန်းလာတဲ့ ခြံပေါက်တွေမို့ ရုတ်ချည်းတော့ သံယောဇဉ် ဖြစ်မိသကိုး..

တကယ်တော့ အဘမောင်တင် အဖေတွေလက်ထက်ကထည်းက နွားတွေကို နွားတွေ ခိုင်းသလို ခိုင်းခဲ့ကြတာပါ။

ကောက်ရိုးလက်တပွေ့ ဖွဲနုရေ ကျဲကျဲနဲ့ မွေးခဲ့ကြတာပါ. ။

သူတကာပြောသလို ရုန်းဖေါ်ရုန်းဖက် ရဲဘော်ရဲဘက် စိတ် မထားခဲ့မိပါဘူး.။

ခိုင်းမရတဲ့နွား..ကျလာပြီဆိုရင် ပွဲစားလက်ထည့် ရောင်းပစ်ခဲ့တာချည်းပါဘဲ..။

ခုတော့ အဘ လည်း အသက်ကလေးရလာတော့ ဘာမှန်းမသိတဲ့ သံယောဇဉ်လိုမျိုးတွေ ဝင်လာတယ်ထင်ပါရဲ့ ။နွားနှစ်ကောင် ရောင်းထုတ်ဖို့ကို ဝေဝါးနေတယ် ။

” ဒီနှစ်ကောင် ခန ဒီတိုင်းထားပြီး သင်္ကြန်ပြီး နှစ်ဆန်းတရက်နေ့မှာ ဘေးမဲ့လွှတ်ရင် မကောင်းဘူးလားကွ..   ”

” အဘ ကောင်တွေ ဘေးမဲ့လွှတ်ပြီး ဘုရားဝင်းထဲ စားကျက်မှာ နေရင်း နွားသူခိုးတွေ ဖမ်းပြီး ပေါ် လိုက်မှာဘဲဟာ.. ”

” ဒါဆိုလဲ  အိမ်မှာဘဲ ဘေးမဲ့ထားလိုက်ကွာ.. ”

” အင်း.. အဘသဘောဘဲဗျာ.. ကျုပ်ဆိုရင် တော့ အသားမကုန်ခင် နသတ်ရုံ ပို့လိုက်မှာ..  ” ကိုတိုးကြီး မကျေမနပ်နဲ့ စကားဖြတ်သွားတော့တယ် ။

အဘမောင်တင် ပြောစရာစကားမရှိတော့မှ တဖြည်းဖြည်း တွေးရင်း ကိုတိုးကြီး နွားစာထည့်နေတဲ့ နွားတင်းကုပ်နားက  ကွပ်ပျက်မှာ ထိုင်နေရာက တခုတခုကို သတိရသွားပြီး သူ့သားကို လှမ်းအော်လိုက်တယ်..။

” ဟေ့ကောင် ငတိုးကြီး..  ”

” ဗျာ..အဘ.. အလန့်တကြား ဘာဖြစ်လို့တုန်း.. ”

“ငါ လဲ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့ဘူးကွ..”

“အေးလေ အဘ ကျုပ် လုပ်နိုင်နေပြီဘဲ.. အဘ အေးဆေး ထိုင်နေလို့ ရပြီလေ..”

“အေး တော်ကြာ ငါ့မကျွေးနိုင်လို့ဆို နသတ်ရုံ ပိုတော့ မခက်လား..”

“ဟားဟား.. အဘ ကရီစရာ ပြောနေပြန်ပြီ.. အဘကို နသတ်ရုံ ပို့စရာလား..”

အေး..ဒါပေမဲ့ အိမ်မှာ လူပိုကြီး ငုတ်တုတ် ဆို အနေခက်သကွ.. ”

“ဒါများ အဘရာ အဘ လှူထားတဲ့ ဇရပ်ရှိသားဘဲ ..အဲဒီရိပ်သာမှာ သွားနေပေါ့..”

“အေး..ဟုတ်ပါရဲ့ ငါ့ ဘေးမဲ့လွှတ်ဖို့ နေရာတော့ ရှိသေးသားပါလား..”

ခုတော့ အဘမောင်တင် လုပ်ဖေါ်ကိုင်ဖက် အတွက် စာနာတတ်လာပြီပေါ့..

သူ့သား ကိုတိုးကြီးကကော ဘယ်အချိန်မှာ ဒီလိုခံစားချက် ပေါ်လာမလဲ လို့ စောင့်ကြည့်ရမယ်..

….

နွေဦး ပင်စင်စားပါတော့မယ်.. ။

22 comments

  • ဦးကျောက်ခဲ

    June 26, 2017 at 2:12 pm

    အသက်ကြီးလာရင် ဘာမှ လုပ်စရာမရှိလို့ (ဝါ) မလုပ်နိုင်လို့…
    ဘုရားကျောင်းကန်ရိပ်မှာခိုရင်း သေနေ့ကိုစောင့်နေရတာတော့ မနိပ်ပေါင် …
    အူးနွေဦးလည်း ပင်စင်နာမစွဲအောင် … ကာရာအိုကေ မာဆတ်သွားပြီး …
    ဖြစ်-ပျက် ကမ္မဋ္ဌာန်း ရှုပါလေ … တကယ် တကယ်…
    အဲသည့်မှာ ဖြစ်ပြီး ပျက်ကုန်ကြတာ မြင်ရမှာမို့… တရားရဖို့ ပိုလွယ်တယ်… :k:

    • နွေဦး

      June 26, 2017 at 2:18 pm

      မဟေသီရဲ့ ခွင့်ပြုချက်ကလဲ အရေးကြီးသဗျ..
      ဘာသာတရားနဲ့နီးစပ်တဲ့သူတွေက အဲဒါတွေက အကုသိုလ် အလုပ်လို့ မှတ်ကြတာ..
      ဘာသာရေးကို ထဲထဲဝင်ဝင် သိသူတွေကတော့ ခန္ဓာရယ် စိတ်ရယ် ကျန်းမာဖို့ လိုတာကို တွေးနိုင်သဗျ..

    • နွေဦး

      June 26, 2017 at 2:20 pm

      ခက်တာက ကိုယ့်ကိုယ်ကို အာမမခံရဲတာဘဲ..
      ဦးကျောက်ပြောသလို ဖြစ်ပျက် ဆိုတာ သင်းတို့နဲ့ ဖြစ်ပြီး ကိုယ်ကပျက်သွားတော့မှ ဟုတ်ပေ့ဖြစ်နေမယ်..

      • ဦးကျောက်ခဲ

        June 26, 2017 at 3:43 pm

        အဲသည့်တော့လည်း … “တရားရှာ ကိုယ်မှာတွေ့” ဆိုတာ …
        တကယ်မှန်ကြောင်း သက်သေပြပြီးသား ဖြစ်တာပေါ့… အာ ဟိ :k:

  • သင့်အေးရိပ်

    June 26, 2017 at 3:34 pm

    စက်မှုလယ်ယာတစ်ခေတ် ဆန်းသစ်လာဖို့လည်း မျှော်လင့်အုန်းမှ။

    :k:

    အသက်ကြီးလို့ ပင်စင်စားရမယ့်အချိန် (၆၀)ကျော်ရင်
    တောင်ကြီးဘက်က ရွာလေးတစ်ရွာမှာ သီးပင်စားပင် ပန်းပင်လေးတွေ စိုက်မယ်။ စာကြည့်တိုက်လို စာအုပ်ဆိုင်လို တစ်ခုခု ထူထောင်ထားပြီး ခွေးလေးတွေ ကြက်ကလေးတွေ မွေးမယ်။ စာအုပ်ဖတ်လိုက် ခြံစိုက်လိုက် ခွေးလေးတွေနဲ့ဆော့လိုက်နဲ့ပေါ့။

    အဲ့လို နေနိုင်ဖို့ ကျနော်ဖြင့် အခုကတည်းက စီစဉ် စုဆောင်းရအုန်းမယ်။

    😆

  • Shar Thet Man

    June 26, 2017 at 6:07 pm

    နွားလေးတွေသနားစရာ

    • kai

      June 27, 2017 at 5:10 am

      သနားရင်.. တန်ဖိုးတခုရှိသွားအောင်.. စားပေးရသတဲ့…။ ဒါမှမဟုတ်ရင်.. လောကအတွက် ဘာမှအကျိုးမရှိပဲ.. ဘဝဆုံးသွားမှာ..။
      စားပေးတာကနေ ရှိလာတဲ့အားနဲ့.. မြောင်းတွေဖေါ်.. ယင်၊ခြင်တွေမပွားနိုင်အောင်လုပ်ပေါ့..။
      ဒါဆို.. ခြင်၊ယင်က ဖြစ်တဲ့ ရောဂါတွေ (နည်းနည်းတော့) လျှော့သွားမှာပဲ..။
      နောက်တာနော..။ တကယ်မဟုတ်ဖူးဆိုတာ ဟုတ်ပါကြောင်း..။ :k:

  • padonmar

    June 26, 2017 at 9:42 pm

    ပင်စင်ယူလို့ အားရင် စနေတနင်္ဂနွေမှာ အဘိဓမ္မာသင်တန်းတက်ဖို့ ဖိတ်ပါတယ်။
    သူကြီးနဲ့ငြင်းလို့ရအောင်။
    လေ့လာကြည့်ရင် သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

    • kai

      June 27, 2017 at 5:08 am

      ပင်စင်မယူခင်.. အခုလည်း ငြင်းလို့ရပါတယ်..။

      အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။
      ဘဝတွေကူးသွားတဲ့အခါမယ်.. အဲဒီသိမ်းထားတဲ့ မှတ်ဉာဏ်ဘယ်လိုသယ်သွားသလဲ ဆိုတာလည်း သိချင်လို့..။
      စိတ်ကော၊ရုပ်ကော ဖြစ်ရပ်ပျက်ဆိုတော့..

      • နွေဦး

        June 27, 2017 at 4:51 pm

        “အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။”
        ဆိုတာ နည်းနည်းတော့ရှင်းရခက်ပေမဲ့ အလွယ်ပြောရရင် မီးသီး တလုံး မှာ မီးလင်းအောင် လျှပ်စစ်ဓါတ် ဝင်တယ် ။ပြီး မီးပိတ်သွားတယ်. လျှပ်စစ်ဓါတ် က မကျန်ဘူး.. ဒါပေမဲ့ မီးသီးပူပြီး ကျန်နေတယ်..။
        အဲလိုမျိုုးဘဲ လူတွေမှာ စိတ် နဲ့ စေတသိတ် ဆိုတာ ရှိတယ် စိတ်က လျှပ်စစ်ဓါတ်လို ဖြစ်ပြီး ပျက်တယ် ။စေတသိတ် က ပူပြီးကျန်တဲ့အပူလိုမျိုးလေ.. အဲဒါကို ဖြန့်ကျက်တွေးပါ.. မရှင်းက အဘိဓမ္မာ စာအုပ်ကြီး ကိုင်ရှင်းနိုင်တဲ့ အမတော်တို့နဲ့ ဆွေးနွေးပေတော့..

        • padonmar

          June 27, 2017 at 10:05 pm

          သူကြီးဆီက ပွိုင့်ရအောင် ပို့စ်တင်ထားတယ်။
          လာငြင်းပေးကြပါ။

    • နွေဦး

      June 27, 2017 at 4:34 pm

      ကျွန်တော် မငြင်းပါ..
      သူကြီး အမြဲမှန်ပါတယ်…
      ဟိဟိ..

  • aye.kk

    June 26, 2017 at 10:43 pm

    ပင်စင်စားရင်
    တာချီလိတ်မှာ
    ရိပ်သာဝင်ဖို ့ဖိတ်ခေါ်ပါရစေ။

    • နွေဦး

      June 27, 2017 at 4:36 pm

      ဖိတ်ခေါ်လို့ ကျေးဇူးတင်ပါတယ်ခင်ဗျား.. ရိပ်သာမဝင်ခင် အဘိဓမ္မာကို အရင် သင်ယူပါ့မယ်.. နို့မို့ စကားပြန်မပါဘဲ ကုလားကားကြည့်သလိုဖြစ်နေမှာစိုးလို့ပါ..

  • အသက်ကြီးလာရင် ဘယ်သူ့ကိုမှ အားမကိုးရတဲ့သူဖြစ်ချင်တယ်.. အခုကတည်းက စုထားဆောင်းထား ပလန်ချထားမှ ထင်တယ်နော်.. (အပျိုကြီးဖြစ်ချင်လည်း ဖြစ်မှာဆိုတော့) :mrgreen:

  • Kaung Kin Pyar

    June 27, 2017 at 12:27 pm

    စာအရေးအသားကောင်းလိုက်တာ ဆရာနွေရေ…
    မနေ့က FB မှာ ဖတ်ရကတည်းက ပြောချင်နေတာ..။
    ပင်စင်ယူဖြစ်တော့ စာများများဖတ်၊ စာများများရေးဖို့ အချိန်ပိုရတာပေါ့…။ မိသားစုအတွက်လဲ အချိန်ပိုပေးနိုင်သွားပြီ..
    အာတီဒုံနဲ့ အန်တီအေးဆီလဲ တလှည့်ဆီသွားပါ…

    • နွေဦး

      June 27, 2017 at 4:44 pm

      ဟဲ့ ခလေးမ.. စကားပြောရင် အနှောင့်အသွားလွတ်ပါစေ..
      ကျုပ် ပင်စင်ယူပြီး ဟိုနှစ်ယောက်ဆီ တလှည့်စီ သွားပေါ့ လို့ တိုက်တွန်းတာတော့ မကောင်းဘူးနော်.. 😀 😀
      သူတို့ဆီမှာ အဘိဓမ္မာ တရားသွားလေံလာပါ လို့ ပြောဟာ.. 😛

      • Kaung Kin Pyar

        June 27, 2017 at 5:10 pm

        အဲ့ဒါပြောချင်တာပါ.. ဟီးးးး
        အဘိဓမ္မာ အဘိဓမ္မာ :k:

  • ကျုပ်ပင်စင်ယူပြီးရင်တော့ခရီးလျှောက်သွားမယ်တွေးထားတယ်..မြန်မာပြည်ထဲတင်မရောက်ဖူးတဲ့နေရာ
    တပုံကြီးကျန်နေသေးလို့…နောက်တော့စာဖတ်ပေါ့…တရားအလုပ်လည်းလုပ်ရအုံးမှာပဲ
    သူ့အချိန်နဲ့သူပေါ့… :k:

    • နွေဦး

      June 27, 2017 at 4:55 pm

      ကျန်းမာတဲ့အချိန် သွားနိုင်သမျှ သွားတာကောင်းပါတယ်..
      စာဖတ်တာကို အချိန်များများပေးပြီး ပိုတဲ့အချိန်က တရားရှာရမှာ.. ခုထိ ကိုယ်မှာ တရားကမရှိသေး..

  • ဇီဇီ

    June 30, 2017 at 1:21 pm

    အမှန်က အသက် ၆ဝ ဆိုတာ ပင်စင်သက်လို့ ဘာလို့ ထားလည်းမသိ။
    သတိကောင်းရင် တွေးခေါ်မှု စဉ်းစားနိုင်ချေ အတွေ့အကြုံတွေ အကြွယ်ဝဆုံး အရွယ် ဘာလို့ နားခိုင်းကြလည်းမသိ။

    🙄

    • နွေဦး

      July 1, 2017 at 1:26 pm

      တန်ဖိုးမသိလို့ပေါ့ကွယ်..
      မလုပ်နိုင်တော့ဘူးဆိုတာတခုထဲနဲ့ အဲလိုစဉ်းစားကြတာကိုး..
      ခန္ဓာနဲ့ ရုန်းရတဲ့သူတွေအတွက်တော့ ဒီအရွယ် ထိဘဲ လုပ်နိုင်ပေမဲ့
      ခေါင်းသုံးပြီးလုပ်တဲ့ အဘတို့ကတော့ ၇ဝကျော်ထိ အလုပ်လုပ်သွားကြတယ်မဟုတ်လား.
      ခုထိ ပင်စင်မယူဘဲ ၇ဝကျော် လူငယ်လေးတွေလဲ လုပ်နေကြတုန်းဘဲလေ..

Leave a Reply