ဈေးလမ်းထဲ ကားဝင်တာလား၊ ကားလမ်းထဲ ဈေးဝင်တာလား
ဟိုးတစ်နေ့ကပါ။ လှည်းတန်း ပေ (၅၀) လမ်းထဲ လမ်းလျှောက်လာရင်း ကားတစ်စီးဝင်လာတယ်။ ပေ (၅၀) လမ်း ကို လှည်းတန်းဈေးလမ်းလို့ သိကြတဲ့သူများပါတယ်။ အဲဒီနေ့ကလည်း လမ်းဘေးဈေးသည်တွေကြားထဲ ကားတစ်စီးဝင်လာတော့ ဈေးဗန်းတွေရွှေ့ပေး၊ ဈေးသည်တွေဖယ်ပေးနဲ့ အတော်အလုပ်ရှုပ်သွားကြတယ်။ ကားကလည်း ဖြည်းဖြည်းချင်းလွတ်အောင် မောင်းရတာပေါ့။ အဲဒီအချိန်မှာ
လူတစ်ယောက်ပြောလိုက်တာကို အမှတ်မထင် ကြားလိုက်မိတာပါ။
“ဒီကားကလည်း ဈေးလမ်းထဲ ဝင်လာပြီးတော့” တဲ့။
အဲဒီမှာ တွေးမိသွားပါတယ်။ ဈေးလမ်းထဲ ကားဝင်တာလား၊ ကားလမ်းထဲ ဈေးဝင်တာလား။
တကယ်တော့ လှည်းတန်းအတွက် လှည်းတန်းဈေးရုံကြီး ရှိပြီးသားပါ။ ဈေးရုုံထဲမှာလည်း အသီးအရွက် သားငါး အစုံရပါတယ်။ ဒါပေမယ့် ဈေးရုံထဲက ဈေးကြီးတယ်။ ဒီလိုနဲ့ ခေါင်းရွက်ဗျက်ထိုး တောဈေးသည်တွေ ဈေးအပြင်ဘက်လမ်းမှာ ဟိုတစ်စ ဒီတစ်စ လာရောင်းရာကနေ ဈေးတန်းဖြစ်သွားပုံရပါတယ်။
အဲဒီဈေးတန်းဟာ ဈေးဝယ်ဖို့အတွက်တော့ မဆိုးလှဘူး၊ အဆင်ပြေတယ် ပြောလို့ရပေမယ့် အရေးအကြောင်းဆို အတော်ဒုက္ခရောက်ပါတယ်။ ဈေးသည်တွေက လမ်းဘေးတင်မကတော့ဘဲ လမ်းပေါ်မှာပါ ဗန်းချပြီး ရောင်းကြတာပါ။ တစ်ခါတစ်လေတော့ စည်ပင်လာရှင်းပေးရင် လမ်းနယ်နိမိတ်မကျော်ဘဲ ကားတစ်စီးသွားလို့ရအောင် ရှင်းသွားပေမယ့် ချက်ချင်းဆိုသလို လမ်းပေါ်ပြန်ရောက်လာတာပါပဲ။ တစ်ခါတစ်လေ အထုတ်အပိုးတွေနဲ့ သွားချင်လာချင်ရင်တောင် ကားဝင်ရတာခက်လို့ အထုတ်တွေကို မနိုင်မနင်းဆွဲ၊ တစ်ခါတစ်လေ မနိုင်ရင် အဲဒီလမ်းထိပ်လေးသွားဖို့ကို ဆိုက်ကားခေါ်ပြီး သွားရတာပါ။ ရေဘေး၊ မီးဘေးဆိုရင်တောင် ဝင်ဖို့မလွယ်လောက်ပါဘူး။ မိုးရွာပြီဆိုရင်လည်း အဲဒီလို သားငါးတွေနဲ့ ရွှံ့ဗွက်တွေလူးနေတဲ့လမ်းကို ဖြတ်လျှောက်ဖို့က အတော်လေး စိတ်ညစ်စရာကောင်းပါတယ်။
ဒါက ကိုယ်မသိခဲ့တဲ့အချိန်ကတည်းက ရှိခဲ့တဲ့ ဈေးတန်းပေါ့။ ကိုယ့်မျက်စိရှေ့တင် ဖြစ်လာတဲ့ဈေးတန်းအကြောင်းလည်း ပြောပြပါဦးမယ်။
လှည်းတန်းလမ်းမပေါ် ထန်းတစ်ပင်လမ်းထိပ်နဲ့ ကမာရွတ် ထ (၅) ကျောင်းကြားထဲမှာ အရင်ကဆို ဘာဈေးသည်မှ မရှိပါဘူး။ ညနေဘက်မှသာ မုန့်ဆိုင် တစ်ဆိုင် နှစ်ဆိုင်လောက် ရှိတာ။ သိပ်မကြာခင်ကပဲ အဲဒီကြား ပလတ်ဖောင်းပေါ်မှာ မနက်ဖက်ဆို အညာဈေးသည်တွေ ဈေးလာရောင်းကြပါတယ်။ ကြက်သွန်ဖြူ၊ နနွင်း၊ ငရုတ်သီး၊ ဟင်းသီးဟင်းရွက် အဲဒါမျိုးလေးတွေ ရောင်းကြတာပါ။ ညနေဘက်ဆိုရင်တော့ အဲဒီဈေးသည်တွေနေရာမှာ မုန့်ဆိုင်တွေ ဖြစ်လာပါတယ်။ တစ်စတစ်စနဲ့ အတော်လေးများလာပါပြီ။ အဲဒီမှာပဲ မိုးရွာတော့ ပြဿနာ စပါလေရော။
မိုးတွင်းဆိုတော့ ဈေးသည်တွေအကုန်လုံးက ပလတ်ဖောင်းပေါ်မှာ အမိုးတွေမိုးပြီး ဈေးရောင်းကြပါတယ်။ မိုးရွာပြီဆိုရင် အဲဒီပလတ်ဖောင်းပေါ်မှာ လမ်းလျှောက်ဖို့ မလွယ်လှပါဘူး။ အမိုးတွေ လူတွေ အပြည့်ပါပဲ။ ပလတ်ဖောင်းနဲ့ ကပ်ရပ်မှာဆို ဒူးရင်းသီးတို့၊ နွားနို့တို့ စတာတွေ ရောင်းတဲ့ ဆိုက်ကားတွေ၊ လိုက်ထရပ်တွေက ရပ်ထားပါတယ်။ နောက် ကားတွေ ပါကင်ထိုးပြီး ရပ်ထားပါတယ်။ ဒါကြောင့် ပလပ်ဖောင်းဘေးကနေ ကပ်ပြီး ဆင်းလျှောက်လို့လည်း မရပါဘူး။ လမ်းပေါ်တက်လျှောက်မယ်ဆိုတော့ အဲဒီလမ်းက မိုးရွာထားတဲ့အရှိန်နဲ့ လကမ္ဘာဖြစ်နေပါတယ်။ ချိုင့်ခွက်တွေက အတော်လေး ကြီးပါတယ်။ ရေတွေလည်း အပြည့်ပါပဲ။ ကားတွေကလည်း အဲဒီချိုင့်ခွက်တွေကို ရှောင်ပြီး ဟိုဘက်ကွေ့မောင်း ဒီဘက်ကွေ့မောင်း လုပ်ရတဲ့အတွက် အဲဒီကြားမှာ ဖြတ်လျှောက်ရတာလည်း ကားကို ကြည့်ရတာတစ်မျိုး၊ ချိုင့်ခွက်ထဲ ကားရောက်တဲ့အချိန် ကိုယ့်ဆီ ရေတွေရွှံ့တွေ လာစင်မှာလည်း ကြောက်ရတာတစ်မျိုးနဲ့ အတော်မလွယ်လှပါဘူး။
အမှန်တော့ လူသွားလမ်းတွေကို ကောင်းကောင်းလုပ်ပေးထားမယ်ဆိုရင် ကားကျပ်တာကိုလည်း တစ်နည်းတစ်ဖုံ ကူညီရာရောက်တယ်လို့ မြင်မိပါတယ်။ ပလတ်ဖောင်းတွေပေါ်ကို ဆိုင်ခန်းတွေကျူးကျော်တာကို ပြတ်ပြတ်သားသား ဖြေရှင်းစေချင်ပါတယ်။ လှည်းတန်းမီးပွိုင့်ထိပ်ကနေ တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် ပလတ်ဖောင်းတွေ အသေအချာခင်းပေးထားလို့ လမ်းလျှောက်လို့ တော်တော်အဆင်ပြေတာတောင် ညနေဘက်ဆို ပလတ်ဖောင်းပေါ်မှာ အမိုးမိုးပြီး ခင်းထားတဲ့ဆိုင်တစ်ဆိုင်ရှိနေလို့ အဲဒီဆိုင်ကိုရှောင်ပြီး လမ်းပေါ်တက်လျှောက်ရပါတယ်။ မြေနီကုန်းဘက်မှာဆို ပိုဆိုးပါတယ်။ ပလတ်ဖောင်းပေါ်မှာ မီးစက်တွေကို အကျအနထားထားတာပါ။ နောက်ဆုံးတော့လည်း ရွှေသမင် ဘယ်ကထွက်လဲဆီပဲ ပြန်ရောက်တော့တာပါပဲ။
့အများပြည်သူပိုင်လမ်းပေါ်မှာ ပြည်သူတွေ အေးအေးချမ်းချမ်း လမ်းလျှောက်နိုင်စေဖို့ ပလတ်ဖောင်းတွေ ပြန်လိုချင်ပါတယ်ရှင်။
16 comments
ကျော်လွင်ဖြိုး
July 11, 2017 at 1:49 pm
ရွှေပြည်သာ တောဘက်မတော့ လမ်းလေးထဲမှာ ဈေးတန်း ခင်းထားတယ်။
လမ်းက ရှိလှမှ ၁၅ပေ ပေ၂ဝ ပေါ့။
ကားဝင်လဲ ဒီ လမ်း
ဆိုင်ကယ် စက်ဘီး လဲ ဒီလမ်း
လက်ဖက်ရည်ဆိုင် ကုန်စုံဆိုင် ကုန်ခြောက်ဆိုင် တွေလဲ ဒီ လမ်း
မင်္ဂလာဆောင် ခန်းမ တွေ လဲ ဒီ လမ်း
လူတွေ နေတာလဲ ဒီ လမ်း
မနှစ်တုန်းက အမေနဲ့ ဈေးခြင်း လိုက်ဆွဲ တာ
ဈေးသည် ဈေးဝယ်တွေလဲ ဆူ
ကားတွေ ဆိုင်ကယ် တွေလဲ ဝင်လိုက် ထွက်လိုက် နဲ့
ဒီ ကြားထဲ မင်္ဂလာဆောင် က ၂ ခု ရှိနေလိုက်သေး။ စပီကာကြီးတွေ ရှေ့ထုတ်ပြီးတော့။
အဲ့လမ်းထဲက လူတွေ ဘယ်လို နေကြတယ် မသိဘူး။
ကိုယ်တောင် ခဏ ဝင်သွားတာ မူးချင်ချင် း)
လုံမလေးမွန်မွန်
July 11, 2017 at 2:15 pm
ဟုတ်တယ်ဆို.. ကားတွေ လူတွေ နဲ့ မိုးပါရွာရင် စိတ်ကို ညစ်ရော.. အဲဒီ ပေ (၅၀) လမ်းပေါ်က အဆောင်တစ်ခုမှာ နေဖူးသေးတယ်.. မနက်ဘက်ဆို ရုံးသွားရင် ရွှံ့မပေအောင် ဘယ်လိုသွားရမလဲ စဉ်းစားရတာ.. အရေးထဲ ငါးခုတ်ရင် ကိုယ်ဆီ ငါးအရည်တွေ လာစင်မှာလည်း စိုးရသေးတယ်..
ကျော်လွင်ဖြိုး
July 11, 2017 at 3:19 pm
မြို့ထဲ ပန်းဆိုးတန်း လမ်း ၅ဝ ဘက် မှာလဲ အဲ့လိုပဲ ထင်တယ်။
သူတို့က လမ်းလည် မှာပါ ဈေးတက်ရောင်းတာ။
ကားလာရင် ဈေးဗန်းတွေ လမ်းပေါ်ချ လူတွေ ရှောင်ပေး။
ကားက ဈေးဗန်းတွေကပေါ် ခွမောင်း။
တခါ ဗီဒီယို တစ်ခု ကြည့်ဖူးသလားလို့။ း)
ကထူးဆန်း
July 11, 2017 at 2:40 pm
သက်ဆိုင်ရာ ဒေသ ရပ်ကွက် အာဏာပိုင်တွေ အလုပ်မလုပ်ကြတာပေ့ါ ..အရင်တုန်းက ပေါင်းစား ရိုက်စား လို့ ဆိုပြီး ခုတော့လဲ ထူး မခြားနား .. .တစ်ခု စတည် ကထဲ က တား ရမှာ မတားတော့ အများဖြစ်လာတော့ မနိုင်တော့ …
ပြောရင် ပြောသူက ကိုယ်ချင်းမစာလို့ ဖြစ်ရ ပါဦးမယ် .. အမြန်လမ်းမကြီးဘေး ဆိုင်လေးတွေ တစ်ခုကနေ စလိုက်တာ ခုဆို ဆိုင်ကြီးတွေကော ဆိုင်လေးတွေကော အတော်များလာပြီ …
ပြောင်းလဲရန်လိုနေသေးသော သက်သေများ ပေါ့ .. 🙂 🙂
လုံမလေးမွန်မွန်
July 11, 2017 at 3:07 pm
အူးလေး နေကောင်းလား. မတွေ့တာကြာပြီနော်..
အလုပ်မလုပ်တဲ့အကျင့်တွေ ပေါင်းစားရိုက်စားတာတွေ ပြောင်းလဲဖို့တော့ အတော်ကြာဦးမယ် ထင်ပါရဲ့.. မရှိလို့ ဈေးရောင်းစားရတယ်ဆိုပြီး ပြသနာတွေရှာကြဦးမယ်.. ဇာတ်လမ်းတွေက မသန်း.. ကြက်ဥအစရှာမရသလိုပါပဲ 😥
manawphyulay
July 11, 2017 at 2:56 pm
အဲဒီလှည်းတ်နးဈေးလမ်းကတော့ ဖြတ်သွားတဲ့အခါ ကားမပြောနဲ့ လူတောင် မနည်းရှောင်ရတာ မိုးတွင်းဆို ပိုဆိုးသေး… ရွှံ့ပွက်တွေပါ ရှောင်နေရတာနဲ့ သွားလာရ ဈေးဝယ်ရ သိပ်မကောင်းဘူး။ ကားတွေပါ ဝင်လာရင် ဈေးသည်တွေမပြောနဲ့ ဈေးဝယ်တွေလည်း ဘယ်နားပြေးရမှန်းမသိဘူး။ ဒါကြောင့် သိပ်မဖြတ်ဖြစ်တော့တာများတယ်။
လုံမလေးမွန်မွန်
July 12, 2017 at 10:48 am
ဟုတ်တယ် အစ်မရေ… ဈေးဝယ်ရတာကလည်း နီးနီးနားနားမို့သာ.. မြင်နေတွေ့နေရတာ စားချင်စရာမရှိဘူး.. အသားငါးတွေဆို ဆေးဆိုးထားတာတွေချည်းပဲ 😥
weiwei
July 11, 2017 at 4:10 pm
အဲလိုတွေ ရောင်းနေဝယ်နေရလို့ ဈေးသက်သာတယ်လို့မထင်လိုက်ပါနဲ့ .. ဈေးကလဲကြီးသေးတယ် ..
kai
July 11, 2017 at 4:41 pm
အမေရိကားမှာ.. farmer market ဆိုပြီး.. နယ်ဖက်ကလာတဲ့စိုက်ခင်းသမားတွေ.. အိမ်နောက်ဖေးခြံဝင်းထဲစိုက်ထားသူတွေ ရောင်းဝယ်လို့ရအောင်.. တချို့မြို့နယ်ရဲ့ အထင်ကရလမ်းတွေကို.. မနက်စောစောစီးစီး.. ခဏဖွင့်ပေးပြီး.. farmer market ဆိုရောင်းကြတာရှိတယ်..။
မြန်မာတွေရဲ့.. ချဉ်ပေါင်ရွက်က.. အဲလိုအချိန်မှာ.. အဲလို farmer market တွေကနေရကြတာများတယ်..။ မြန်မာတချို့တွေက.. စောစောထ.. သွားစောင့်ပြီး.. လယ်သမားပါလာသမျှ.. အကုန်လိုလို.. ချုပ်ဝယ်ပစ်တာ..။ ပြီးမှ.. ရေခဲရိုက်ပြန်ရောင်းကြတာလည်းရှိပါ့..။
ဆိုင်ရာ ရပ်ကွက်ကို.. အခွန်ဆောင်.. သန့်ရှင်းရေးသမားအတွက် ငွေပိုပေး.. စနစ်တကျလုပ်ကြတာပါ..
ရန်ကုန်လည်း အဲလိုလုပ်ရင်ဖြစ်မယ်ထင်တာပဲ..။
ဇီဇီ
July 12, 2017 at 2:58 pm
ကိုသိန်းတန်
ကိုသိန်းတန်
စိုး ပေါ်ကို သင်္ဘောဂျီး တက်လာဖီ။
:k:
သင့်အေးရိပ်
July 13, 2017 at 11:19 am
အရင် အစိုးရလက်ထက်မှာ လမ်းတွေ အတော်များများ ခင်းပါတယ်။ ရကွက်တွင်းလမ်းတွေရော
ပါရမီလမ်းလို လမ်းမတွေရော။ ဒါမယ့် ပလက်ဖောင်းနဲ့ရေမြောင်း ပါမလာဘူး။
ပါရမီလမ်းကို ရှု။
လမ်းဘေး ဈေးသည်တွေကို စနစ်တကျ မစီမံနိုင်သေးတဲ့ စည်ပင်ကိုလည်း အခုထိ အားမရနိုင်စရာာာာာ
အရင်ကကျော်စွာဦးကြီးမိုက်
July 13, 2017 at 3:35 pm
အမေတို့နေတဲ့ ဝါယာလက်မှာလည်းအာ့တူတူပဲ…ဈေးသယ်တွေကြောင့်
ကားလမ်းကကားတောင်ဝင်မရတော့ဘူး
ကထူးဆန်းပြောသလိုပဲ…တစ်ဆိုင်နှစ်ဆိုင်စကတည်းကရှင်းရမှာ…ခုတော့မလွယ်တော့ဘူး
padonmar
July 13, 2017 at 8:45 pm
အဲဒီလမ်းထဲ အန်တီမမနဲ့ ကားမောင်းဝင်ဖူးတယ်။ အမလေး နောက်ဆူတ်မရ ရှေ့တိုးမရ၊ နောက်ဆုံး ထန်းတပင်ကျောင်းထဲ အရောက်မောင်းပြီး ကားရပ်ရတယ်။ မြို့ထဲ ၁ရ လမ်း ၁၈ လမ်း ထိုနည်းလည်းကောင်း ၊တခါက တိုးရစ်တွေက ဈေးဗန်းတွေပေါ် ကားဖြတ်မောင်းတာ ရိုက်ပြထားသေးတယ်လေ။
နေရာတခုကို ယူလိုက်ပြီးရင် အပိုင်လို့ ထင်သွားကြရော။ ကျူးကျော်ဆိုတာ လမ်းဘေး တဲထိုးနေမှ မဟုတ်ဘူး။ ဈေးရောင်းရင်း ကျူးနေတာတွေလည်း တပုံကြီး။
တောတွင်းပျော်
July 15, 2017 at 1:26 pm
အဝေးပြေးကားဂိတ်တွေမှာတော ့
ကားထဲ ဈေးဝင်တာ တွေ ့ဖူးတယ်
Shar Thet Man
July 17, 2017 at 5:48 pm
ဟုတ်တယ် ငါလည်းထောက်ခံတယ်
ဦးကျောက်ခဲ
July 17, 2017 at 6:01 pm
ဟိုးအရင် ၂-နှစ် ၃-နှစ်လောက်က …
ဓာတ်ကြိုးပြတ်ကျလို့ လူသေတာ အဲသည့်ဈေးလမ်း မဟုတ်လား …
မီးရေးထင်းရေး နာရေးဖျားရေး အရေးပေါ် အခြေအနေဖြစ်ရင် ဒွတ်ခပဲ …