ပန်းပျိုးလက် (ဝတ္ထုတို)
အချိန်ကား (၂၀၁၀) ခုနှစ်။
နေရာကား ယူကေနိုင်ငံ၊ တက္ကသိုလ်တခု၏ ဘွဲ့နှင်းသဘင်ခန်းမ။
‘ထက်မျိုးနွယ်‘
အခမ်းအနားမှူး၏ အသံအဆုံးမှာ စင်မြင့်ပေါ်သို့ တလှမ်းချင်းလျှောက်သွားလိုက်မိသည်။ ရင်ခုန်လိုက်သည်ဖြစ်ခြင်း။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် ရလာဒ်တခုကို ဒီနေ့ဒီအချိန်မှာ သူမ ရရှိခံစားလိုက်ရသည်။ မဟာသုတေသနဘွဲ့။ ဂုဏ်ထူးများစွာဖြင့် အောင်မြင်ခဲ့သည်မို့ ပါရဂူဘွဲ့ ဆက်တက်ရန် စကောလားရှစ်များလဲ ရရှိထားသည်။ သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် အမှုထမ်းရန် ပရော်ပဖက်ဆာထံမှ ကမ်းလှမ်းချက်ကလဲ ရရှိထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ပညာရေး အသိုင်းအဝိုင်း နယ်ပယ်ကို သူမ ခြေချနိုင်ခဲ့ပြီ။ မကြာမီ နှစ်အနည်းငယ်အတွင်းတွင်ပင် ပါရဂူဘွဲ့ဆွတ်ခူးနိုင်တော့မည်။ အတွေးတွေနဲ့အတူ သူမ၏ ခြေလှမ်းများက တက်ကြွနေခဲ့သည်။ အားမာန်ပါနေခဲ့သည်။
‘ဖြောင်း၊ ဖြောင်း၊ ဖြောင်း‘
လက်ခုပ်သံများက ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ စင်မြင့်ပေါ်က ဆင်းလာချိန်အထိ လက်ခုပ်သံများက မစဲသေး။ လက်ခုပ်တီးနေသည့် ပရိသတ်ကို သူမ မျက်လုံးဝေ့ကြည့်လိုက်မိသည်။ လူအများကြားမှာ တစုံတယောက်ကို သူမတွေ့လိုက်ရသလိုလို။
‘မဟုတ်ပါဘူး။ ငါစိတ်စွဲလို့ နေမှာပါ‘
ရုတ်ခြည်းဝင်လာသော အတွေးများကို သူမ ဖျောက်ဖျက်ပစ်လိုက်သည်။ ရှေ့ပိုင်းမှာ ပြီးဆုံးခဲ့သည့် ဘီအေ၊ အမ်အေ ဘွဲ့များအတွက် ဘွဲ့နှင်းသဘင်များ မတက်ရောက်ခဲ့သူမို့ ဒီတကြိမ်က သူမအတွက် ပထမဆုံး ဘွဲ့နှင်းသဘင်ကဲ့သို့ ဖြစ်နေသည်။ ဘွဲ့နှင်းသဘင်သို့ တက်ပြီးမှတော့ တက်ရောက်သူတို့ ထုံးစံအတိုင်း လုပ်ရပေဦးမည်။
ဦးထုပ်များကို လေထဲသို့ ပစ်မြှောက်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ကြရသည်။ အမှတ်တရ ဓာတ်ပုံများလဲ တဖျတ်ဖျတ်ရိုက်ကြသည်။ ရှန်ပိန်ခွက်လေးများ ကိုယ်စီကိုင်ရင်း စကားတွေ ဖောင်ဖွဲ့ဖြစ်ကြသည်။ အနာဂတ် ရည်မှန်းချက်များကို ဖလှယ်ဖြစ်ကြသည်။ ညနေပိုင်းရောက်လာတော့ အိမ်သို့ အပြေးအလွှား ပြန်ကြရပြန်သည်။ အပြေးအလွှားမပြန်လို့က မဖြစ်။ ညဘက်ကျရင် Graduation Ball ရှိသေးသည် မဟုတ်လား။ အချိန်မီ အဝတ်အစားများ သွားလဲကြရသည်။ အလှပြင်ကြရပြန်သည်။ အခမ်းအနားကျင်းပသည့် Hilton Hotel ကို ရောက်တော့ သတ်မှတ်ထိုင်ခုံမှာ ဝင်ထိုင်၊ Three course dinner ကို အားရပါးရစားကြရင်း ညဦးပိုင်း ကပွဲအတွက် ပြင်ဆင်ကြရပြန်သည်။ အတွဲများ ကိုယ်စီနဲ့ လာကြသူများတာမို့ အနည်းငယ်တော့ အားငယ်သွားမိသည်။ နောက်တော့မှ သူမလို အတွဲမပါသူများလဲ ရှိနေဦးမှာပဲလို့ တွေးမိပြီး စိတ်ဖြေသာရာ ရသွားသည်။
‘ဟေ့။ ဒါက ဒယ်နီယယ်တဲ့။ သူလဲ အဖော်ရှာနေတာ။ စကော့တစ်ချ် အက ကောင်းကောင်းကတတ်တယ်‘
သူငယ်ချင်း ထရီဇာက လူငယ်တယောက်ကို ခေါ်လာပေးသည်။ အက ကောင်းကောင်း ကတတ်သည် ဆိုတော့ ကောင်းတာပေါ့။ အုပ်စုလိုက်ကကြတဲ့အခါ ကိုယ့်အတွဲက အခြေခံသဘောတရားလေးကို နားလည်နေမှ အဆင်ပြေသည်။ မဟုတ်ရင် ဘေးက တွဲကရသူအဖို့ အလွန်ဒုက္ခရောက်တတ်သည်။ ဒီလိုနှင့် ကရင်း ခုန်ရင်း အချိန်များက တဖြည်းဖြည်း ကုန်သွားသည်။ ကပွဲအပြီးမှာ အချိန်ကို ကြည့်လိုက်တော့ ညတနာရီ ထိုးနေလေပြီ။
‘လိုက်ဦးမလားထက်။ တို့တွေက Number 7 ကို ဆက်သွားမလို့။ တညလုံး ဆက်ကဲကြမယ်လေ‘
ထရီဇာက မြူးမြူးလေး ပြောလာတော့ သူမခေါင်းညိတ်မိမလို ရှိသွားသည်။ ဒီအချိန်မှာ အသံတသံက နားထဲ ဝင်လာသလို ခံစားလိုက်ရသည်။
‘ပျော်တာကို မမကြီးက အပြစ်ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ပျော်တယ်ဆိုတာမှာ အကန့်အသတ်ရှိတယ်။ အပျော်မလွန်သွားရဘူး။ အပျော်လွန်ရင် အပျက် ဖြစ်တတ်တယ်‘
‘မလိုက်တော့ဘူး။ ငါပင်ပန်းနေလို့ပါ‘
ငြင်းဆိုစကားပြောရင်း Hotel Reception ဆီသို့ သူမထွက်လာလိုက်သည်။ Taxi Booking လုပ်ခိုင်းရမည်။ အရက်သောက်ပြီး ကားမမောင်းရဆိုသော ဥပဒေကြောင့် ဒီလိုညမျိုးမှာ ဘယ်သူမှ ကားမမောင်းကြသည်မို့ ကိုယ့်တက္ကစီ ရောက်ချိန်ကို အနည်းငယ်တော့ စောင့်ရပေဦးမည်။ ဆိုဖာပေါ်မှာ ထိုင်ချလိုက်တော့မှ ခေါင်းထဲမှာ ရီဝေဝေ ခံစားနေရတာကို သတိရသွားသည်။
‘ဟုတ်ပါရဲ့။ dinner စားတုန်းက ရှန်ပိန်၊ ကပွဲဆယ့်ငါးမိနစ် နားချိန်တုန်းက ဝီစကီ။ ထရီဇာက Red Wine ယူလာပေးတုန်းကလဲ သောက်လိုက်မိသေးတယ်။ နှစ်မျိုး၊ သုံးမျိုးပေါင်းမှတော့ မူးပြီပေါ့။ ငါ့ကိုကလဲလေ ပေကို ပေလွန်းပါတယ်။ မမကြီးသာသိရင် ခေါင်းခေါက်ဦးမှာပဲ ထင်ပါရဲ့‘
ကိုယ့်ဘာသာကိုယ် ပြောမိရင်း အတွေးများက အတိတ်ဆီသို့ ပြန်ရောက်သွားသည်။
(၂)
ရွှမ်း
ခြေသလုံးပေါ်သို့ ကျလာသော ကြိမ်ချက်က ပြင်းထန်လွန်းသည်မို့ သူမမျက်ရည်များ ဝဲတက်သွားရသည်။ အော်ရင် ပိုဆိုးမှာမို့ အံကို တင်းတင်းကြိတ်ထားမိသည်။
‘ဒီလောက်စည်းကမ်းတွေ တင်းကြပ်နေတဲ့ကြားက လုပ်ရဲသေးတယ်။ နောက်တခါဆို ဒီထက် ပိုနာမယ်နော်။ သွား။ စာသွားကျက်တော့။‘
မမကြီးရဲ့ အမိန့်သံအဆုံးမှာ ခပ်ကုပ်ကုပ်လေး ထွက်လာဖြစ်ခဲ့သည်။ အဆက်မပြတ်ကျထားသော ကြိမ်ချက်များကြောင့် ခြေလှမ်းလိုက်တိုင်း နာကျင်မှု ဝေဒနာကို ခံစားရပေမယ့် ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘာမှ ပြန်မပြောရဲ။
အစစအရာရာမှာ စည်းကမ်းကြီးလွန်းလှသော မမကြီးကို လျှော့တွက်မိသည်ကိုက သူမရဲ့ အမှား။ ကျူရှင်ချိန်စခါနီးမှ အပြင်ပြန်ထွက်ပြီး၊ အတန်းပြီးချိန်မှာ အချိန်ကွက်တိ ပြန်ရောက်လာပါရဲ့နဲ့၊ လာကြိုသူ ကားဒရိုင်ဘာကတောင် မရိပ်မိပါပဲနဲ့ မမကြီး ဘယ်လိုများ သိသွားခဲ့ပါလိမ့်။
‘မျိုးမျိုး။ သမီးခြေထောက်နာနေသေးလား‘
စာကျက်နေတုန်း မမကြီးက ပြန်လာမေးသည်။
‘ရပါတယ်။ မမကြီး။ မနာတော့ပါဘူး‘
‘ဘယ်ဟုတ်မလဲ။ မမကြီး လက်ဆ ကို မမကြီး သိတာပေါ့။ လာ– ဆေးလိမ်းပေးမယ်။‘
မငြင်းသာသည်မို့ မမကြီး ခေါ်ရာသို့ သူမသွားလိုက်သည်။
‘နောက်ဆို အဲလိုမျိုး မလုပ်ပါနဲ့ မျိုးမျိုးရယ်။ မမကြီးက မျိုးမျိုးကို အုပ်ထိန်းနေရတာ။ မမကြီးရဲ့ အုပ်ထိန်းမှုအောက်မှာ တခုခုသာ ဖြစ်သွားရင် သမီးရဲ့ မိဘတွေကို မမကြီးဘယ်လိုမျက်နှာ ပြရမလဲ။ ခုဆို မျိုးမျိုး မိဘတွေက နိုင်ငံရပ်ခြားမှာ အလုပ်တာဝန်တွေနဲ့။ မြန်မာပြည်က ဆယ်တန်းအောင်သွားအောင်ဆိုပြီး မျိုးမျိုးကို မမကြီးဆီ ခဏအပ်ထားခဲ့တာ။ မျိုးမျိုးကတော့ မမကြီးကို အစ်မအရင်းမဟုတ်ဘူးဆိုပြီး စိမ်းချင်စိမ်းနေမှာပေါ့။ ဒါပေမယ့် မမကြီးကတော့ ညီမလေးတယောက် လိုချင်နေတဲ့အချိန်မှာ နှစ်အိမ့်တအိမ်လို့ နေတဲ့ မိသားစုထဲမှာ မွေးလာတဲ့ မျိုးမျိုးကို ညီမလေးအရင်းတယောက်လို ချစ်ခဲ့ရတာ။ သမီးပျက်စီးသွားမှာကို မမကြီး သိပ်စိုးရိမ်တယ်။ နောက်ဆိုဒီလိုမျိုး ထပ်မလုပ်နဲ့တော့နော်‘
‘ဟုတ်ကဲ့ မမကြီး။ နောက်ဆို မလုပ်တော့ပါဘူး။ စာအုပ်ဆိုင်မှာ အထူးထုတ်တွေ အသစ်ရောက်တယ်ကြားလို့ သွားကြည့်မိတာပါ‘
‘မမကြီးကို ဘာလို့ မပြောတာလဲ‘
‘ဟို– ကြောက်လို့ပါ‘
‘ဘာကို ကြောက်တာလဲ‘
‘ဆူမှာစိုးလို့‘
‘ဘာကို ဆူရမှာလဲ‘
‘ဒီလောက်သင်ရိုးတွေ ကြေညက်အောင် သင်ပေးထားရက်နဲ့ အထူးထုတ်ကို အားကိုးချင်လားဆိုပြီး ဆူမှာ စိုးလို့ပါ။ သမီးက အဲဒီထဲက မှတ်စုတွေကို ကြည့်ချင်တာ မဟုတ်ပါဘူး။ မေးခွန်းပုံစံတွေ လေ့ကျင့်ချင်လို့ပါ‘
မမကြီးက သူမကိုကြည့်ပြီး ပြုံးသည်။
‘ခုတော့ အဆူခံရရုံတင်မကပဲ အရိုက်ပါ ခံလိုက်ရပြီ မဟုတ်လား။ အထူးထုတ်လိုချင်တာများ မျိုးမျိုးရယ်။ မမကြီးကို အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောရောပေါ့။ လူဆိုတာ ကိုယ်လိုအပ်တာကို ပွင့်ပွင့်လင်းလင်း တောင်းဆိုရဲရတယ်။ တောင်းဆိုဖို့ မကြောက်ရဘူး။ တောင်းဆိုပြီးမှ မမကြီးက ငြင်းလိုက်ရင်တော့ တမျိုးပေါ့။ ခုတော့ ကိုယ်လိုအပ်တာကို တောင်းဆိုဖို့ ကြောက်လိုက်တဲ့ ကြောက်စိတ်ဟာ မကောင်းမှုတခုကို ကျူးလွန်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။ ကြောက်စိတ်ဟာ တခါတရံမှာ အမှားတွေ ကျူးလွန်မိစေတတ်တယ်နော်။ ဒါကြောင့် မျိုးမျိုးရဲ့ ရင်ထဲမှာ ရှိနေတဲ့ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို ခုချိန်ကစပြီး ဖယ်ရှားပစ်ရမယ်။ ကိုယ်လိုအပ်တာကို အကျိုးသင့်၊ အကြောင်းသင့် တောင်းဆိုတတ်ဖို့အတွက်ပဲ ပြင်ဆင်ဖို့လိုတယ် ။ ဟုတ်ပြီလား‘
မမကြီးက ပြောရင်းဆိုရင်းနှင့် သူမခေါင်းလေးအား ဖွဖွလေး ပုတ်ပြီး ထွက်သွားသည်။ ဆေးစွမ်းကြောင့်လား၊ မမကြီးရဲ့ စကားစွမ်းကြောင့်လားတော့ မသိ။ နာကျင်မှုတွေက ပျောက်သွားသလိုလို။
(၃)
‘မမကြီး။ ဒါတွေက‘
သူငယ်ချင်းများနှင့် လျှောက်လည်ပြီး အပြန် သူမအခန်းထဲမှာ ပါဆယ်ထုပ်များ တွေ့လိုက်ရတာမို့ မမကြီးဆီ သွားမေးမိသည်။
‘စာအုပ်တွေလေ မျိုးမျိုး။ ဂျီစီအီး အိုလယ်ဗယ်စာအုပ်တွေ။ တက္ကသိုလ်တွေက ပိတ်နေတာ ကြာလှပြီ။ ဘယ်တော့မှ ပြန်ဖွင့်မယ်မှန်းလဲ မသိဘူး။ ဒီကြားထဲ အချိန်မကုန်အောင် ဂျီစီအီး စာမေးပွဲတွေ ဖြေထားရမယ်‘
‘မမကြီးရယ်။ မျိုးမျိုးက ဆယ်တန်းဖြေထားတာတောင် မကြာသေးဘူး‘
‘အချိန်ဟာ တန်ဖိုး ရှိတယ်မျိုးမျိုး။ ဆယ်တန်းအောင်တာဟာ ပညာရေးခရီးလမ်း ပြီးဆုံးသွားတာ မဟုတ်သေးဘူး။ ဆယ်တန်းအောင်လက်မှတ်ဆိုတာ အဆင့်မြင့်ပညာရေးဂိတ်ဝကို ဖြတ်သန်းဖို့ လိုအပ်မယ့် ပတ်စ်ပို့လေး တခုလောက်ပဲ ရှိသေးတယ်။ ဒါတောင် ကိုယ်သွားမယ့် အဆင့်မြင့် ပညာရေးက ကမ္ဘာ့အဆင့်မီ ပညာရေးကို မှန်းတယ်ဆိုရင် တခြားလိုအပ်မယ့် ပတ်စ်ပို့လေးတွေက ထပ်ရှိသေးတယ်။ အင်္ဂလိပ်စာ အောင်လက်မှတ်တွေအတွက် TOEFL, IELTS တွေ ရှိတယ်။ အမေရိကန် ကောလိပ်တွေအတွက်ဆိုရင် SAT exam တွေရှိမယ်။ ယူကေ တက္ကသိုလ်တွေအတွက်ဆိုရင် GCSE exam တွေ ရှိမယ်။ GCE A Level exam တွေ ရှိမယ်‘
‘ဒါဆို စာတွေ အများကြီး ထပ်ကျက်ရဦးမှာပေါ့‘
‘ဟုတ်တယ်။ စာတွေအများကြီးကို ထပ်ပြီး ဖတ်မှတ်လေ့လာရဦးမယ်။ ဦးနှောက်ဆိုတာ ဓားလိုပဲ။ အမြဲတမ်းသွေးနေရတာ။ မသွေးရင် တုံးသွားရော‘
‘တက္ကသိုလ်တွေ ပြန်ဖွင့်လာတဲ့အခါ ဒါတွေက အသုံးမဝင်တော့ရင် ဘယ်လိုလုပ်မလဲ‘
‘ပညာဆိုတာ ဘယ်ပညာပဲဖြစ်ဖြစ် အခါအခွင့်သင့်လို့ သင်ထားခွင့်ရရင် သင်ထား ငါ့ညီမ။ တခါတရံမှာ အမှတ်တမဲ့ သင်ထားလိုက်မိတဲ့ ပညာရပ်တခုဟာလဲ ဘဝအတွက် အသက်မွေးဝမ်းကျောင်း ဖြစ်သွားတတ်တယ်။ ဘယ်ပညာရပ်မှ အသုံးမဝင်ဘူးဆိုတာ မရှိဘူး။ အသုံးမဝင်သေးတာပဲ ရှိတယ်။ ကိုယ်က စားဝတ်နေရေးနဲ့ ဘယ်လိုမှ အချိန်မပေးနိုင်ရင်တော့ တမျိုးပေါ့လေ။ စားဝတ်နေရေးကို ပစ်ပယ်ပြီး ပညာတွေချည်းပဲ လိုက်သင်နေလို့ကလဲ ဘယ်ဖြစ်ပါ့မလဲ။ ဒါပေမယ့် ခုဆို မျိုးမျိုးက ဆယ်တန်းဖြေပြီးစပဲ ရှိသေးတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ တက္ကသိုလ်တွေကလဲ ပိတ်ထားတာ ကြာလှရောပေါ့။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာလဲ မသိဘူး။ ဒီလိုအချိန်မှာ လူငယ်လေးတွေဟာ စိတ်လေတတ်တယ်။ ပညာရေးလဲ အာရုံမစိုက်ဖြစ်၊ အလုပ်အကိုင်ကျတော့လဲ ဟိုလိုလို၊ ဒီလိုလိုနဲ့ ကြားမှာ လွတ်နေတတ်တယ်။ အဲလိုအခြေအနေမျိုးမှာ လမ်းမှားရောက်ပြီး ဘဝပန်းတိုင် ပျောက်နေကြရတဲ့ လူငယ်လေးတွေ အများကြီးပဲ။ မျိုးမျိုးကို အဲလိုမျိုး အဖြစ်မခံနိုင်ဘူး။ ကဲ– နက်ဖြန်ကစပြီး ဂျီစီအီးသင်မယ့် ဆရာတွေ အိမ်ရောက်လာလိမ့်မယ်။ ဒီမှာ အချိန်ဇယား။ အပြင်သွားစရာတွေ၊ ဘာတွေ ရှိတဲ့အခါ မမကြီးကို ကြိုပြော၊ ဟုတ်ပြီလား‘
မမကြီးစကားမို့ ခေါင်းညိတ်လိုက်ရပေမယ့် စိတ်ထဲကတော့ သိပ်မကျေနပ်လှ။ ဆယ်တန်းပြီးတာတောင် လွတ်လပ်ခွင့်မပေးပဲ ချုပ်ချယ်နေသည်ဟု ထင်မိသည်။ သူငယ်ချင်းတွေများဆို လွတ်လွတ်လပ်လပ်။ ဘာပဲဖြစ်ဖြစ် မေမေနဲ့ဖေဖေ နိုင်ငံခြားက ပြန်မလာမချင်းတော့ မမကြီးအိမ်မှာ နေရပေလိမ့်ဦးမည်။
(၄)
‘ဟင်။ မမကြီး လိုက်လာတယ်‘
ရဲစခန်းက စခန်းမှူးရှေ့မှာ ထိုင်ရင်း စခန်းမှူးနှင့် စကားပြောဆို လက်မှတ်ထိုးနေသော မမကြီးကို ထိုင်ကြည့်နေမိသည်။ မေမေနှင့် ဖေဖေက သူတို့ကိုယ်တိုင်မလာပဲ ဘာလို့များ မမကြီးကို လွှတ်လိုက်သည် မသိ။
စခန်းက ထွက်လာသည့် အချိန်အထိ မမကြီးက စကားတခွန်းမှ မဟသေး။ ကားကိုသာ ဂရုစိုက် မောင်းနေသည်။ သူမ မနေနိုင်တော့။
‘မေမေတို့ကလဲ ဘာလို့ မလာလဲ မသိဘူး။‘
‘လာစရာလား။ ဒီလိုနေရာမျိုးကို။ လူကြီးတွေက‘
မမကြီးက သူမအားလှည့်ကြည့်ရင်း ခပ်ဆောင့်ဆောင့် ပြောသည်။ စိတ်ဆိုးနေမှန်းသိတာမို့ သူမဘာမှ ဆက်မပြောဖြစ်တော့။
မေမေတို့ နိုင်ငံခြားက ပြန်ရောက်လာကတည်းက မေမေတို့နဲ့ အတူပြန်နေဖြစ်ခဲ့သည်။ အလုပ်တာဝန်များပြားနေသော မိဘများရဲ့ အုပ်ထိန်းမှုအောက်မှာ သူမကတော့ တနေ့တခြား လွတ်လပ်လာခဲ့သည်။ အိမ်ပြန်ရောက်ချိန် နောက်ကျတာ၊ စာမဖတ်ဖြစ်တာ၊ သင်တန်းဆိုပြီး ရှော့ပင်းထွက်တာများကတော့ မေမေတို့ သိပင်မသိ။ မမကြီးကတော့ အခါအားလျော်စွာ တွေ့သည်နှင့် ဆူပူကြိမ်းမောင်းတတ်စမြဲ။ သို့ပေမယ့် အုပ်ထိန်းမှုအောက်မှာ မဟုတ်တော့ သူလဲ ဘာမှ မတတ်နိုင်။ သူမကလဲ မမကြီးရဲ့ စေတနာကို သဘောပေါက်သလိုရှိပေမယ့် တဘက်သတ်လိုက် ချုပ်ချယ်နေတယ်လို့လဲ ထင်မိသည်။ မိဘအရင်းကတောင် ဘာမှမှ မပြောသည်ပဲ။
‘ကဲ။ ဒေါ်ထက်မျိုးနွယ်။ ကြွစမ်းပါဦး။ အိမ်ထဲကို‘
မမကြီးက အိမ်သို့ တန်းမခေါ်လာပဲ သူ့အိမ်ထဲသို့ ခေါ်သွားသည်။
‘မမကြီးက ဘာလုပ်မလို့လဲ။ သမီးကို ရိုက်မလို့လား‘
‘အေး။ ဟုတ်တယ်။ ဒါပေမယ့် ဒီအရွယ်ရောက်မှတော့ တုတ်နဲ့ မရိုက်ဘူး။ စကားနဲ့ပဲ ရိုက်မယ်‘
မမကြီးပြသော ဆိုဖာမှာ သူမဝင်ထိုင်ဖြစ်သည်။ စိတ်ထဲမှာတော့ အနည်းငယ် ရှိန်နေမိသည်။
‘ပြောစမ်းပါဦး အဖြစ်အပျက်ကို‘
‘သင်္ကြန်တုန်းက ရန်စပါ။ သမီးတို့ မဏ္ဍာပ်ကို သူတို့အုပ်စုက ခဲနဲ့ လာထုဖူးတယ်။ ဒီနေ့တော့ နိုက်ကလပ်မှာ သူတို့နဲ့ ပြန်တွေ့တာနဲ့ သမီးတို့ အုပ်စုနဲ့ ထပ်ညိကြတယ်။ အဲဒါအပြန်မှာ သူတို့ဘက်က လမ်းပိတ်တားပြီး ပြဿနာရှာတာပါ‘
‘မိန်းကလေးတန်မဲ့ ရန်ပွဲတွေထဲပါ၊ ရုံး၊ ဂတ်တွေရောက်နဲ့ မရှက်ဖူးလားဟင်။ မိဘအသိုင်းအဝိုင်းနဲ့ အဆင့်အတန်းကိုလဲ ပြန်ကြည့်ပါဦး။‘
‘သမီးက ရန်ဖြစ်တာမှ မဟုတ်တာ။ သူတို့တွေ ထိုးနေလို့ ဝင်ဆွဲရင်း ကိုယ်ပါပါသွားတာ‘
‘ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ ဒီလိုလူတွေနဲ့ ဒီလိုနေရာမျိုးတွေသွားရင် ဒါမျိုးတွေ ဖြစ်တတ်တယ်ဆိုတာ မင်းနားမလည်ဖူးလား။ ဒီအချိန်မျိုးဟာ မိန်းကလေးတယောက် အိမ်အပြင်မှာ ရှိနေသင့်တဲ့ အချိန်လား။ အေး– မိသားစုဝမ်းရေးအတွက် လုပ်ကိုင်စားသောက်နေရတဲ့ မိန်းကလေးတွေကို ငါမဆိုလိုဘူး။ ဒါပေမယ့် အဲလိုမဟုတ်ပဲ ညသန်းခေါင်ကျော် လမ်းပေါ်ရောက်နေတဲ့ မင်းလိုမိန်းကလေးမျိုးကိုတော့ တန်ဖိုးရှိတဲ့ မိန်းကလေးလို့ ငါမသတ်မှတ်နိုင်ဘူး‘
‘မမကြီး အဲလိုမပြောပါနဲ့။ သမီးက လူငယ်ပါ။ လူငယ်တယောက် လွတ်လွတ်လပ်လပ် ပျော်တာ အပြစ်လား၊ ပျော်တာနဲ့ပဲ တန်ဖိုးမဲ့ရရောလား‘
‘ပျော်တာကို မမကြီးက အပြစ်ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ပျော်တယ်ဆိုတာမှာ အကန့်အသတ်ရှိတယ်။ အပျော်မလွန်သွားရဘူး။ အပျော်လွန်ရင် အပျက် ဖြစ်တတ်တယ်။ တန်ဖိုးမဲ့တတ်တယ်။ လူ့ဂုဏ်သိက္ခာတွေ ကျဆင်းသွားတတ်တယ်။ ခု မင်းသွားလာနေထိုင်နေတာက ပျော်တာမဟုတ်တော့ဘူး။ အပျော်လွန်တာ ဖြစ်နေပြီ။ မင်းဘဝအနာဂတ်အတွက် မင်းဘာတွေ လုပ်ထားပြီလဲ။ ပထမအရွယ် ပညာရှာတဲ့။ ခုမင်းပညာရှာနေသလား။ စာထဲမှာ အာရုံမစိုက်ပဲ ကုန်နေတဲ့ အချိန်တွေ ဘယ်လောက်ရှိပြီလဲ။ မင်းကိုယ်မင်း အသိဆုံးပဲနေမှာပေါ့။ ပညာမရှာတော့ ဥစ္စာကော မင်းရှာနေလား။ မိဘပြည့်စုံတယ်လို့ လာမပြောနဲ့။ လူတယောက်ဘဝမှာ ပညာနဲ့ ဥစ္စာဆိုတာ ဟန်ချက်ညီဖို့ အရေးကြီးတယ်။ မင်းမိဘရဲ့ ဥစ္စာပစ္စည်းတွေသာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားခဲ့ရင် ပညာလဲ မပြည့်စုံသေးတဲ့ မင်းက ဘာနဲ့ လုပ်ကိုင်စားသောက်မလဲ။ မင်းခြေထောက်ပေါ်မင်းဘယ်လို ရပ်တည်မလဲ။ အခု မင်းဟာ တန်ဖိုးမဲ့ ဆန်ကုန်မြေလေး ဖြစ်နေပြီ။ မင်းမှာ ဘာတန်ဖိုးမှ မရှိတော့ဘူး။ နားလည်လား‘
သူမဝုန်းကနဲ ထရပ်မိသည်။ မမကြီးရဲ့ စကားလုံး ရိုက်ချက်များက တုတ်ချက်များထက် ပိုမို ပြင်းထန်သည်ပဲ။
‘မမကြီး စောင့်ကြည့်လိုက်လေ။ ဘာတန်ဖိုးမှ မရှိဘူးလို့ မမကြီး ပြောခဲ့တဲ့ ထက်မျိုးနွယ်ဆိုတာရဲ့ တန်ဖိုးကို‘
ဘာမှ ထပ်မပြောပဲ သူမလှည့်ထွက်လာခဲ့သည်။ တလမ်းတည်းမှာ ရှိသော သူမအိမ်ကို ဘယ်လိုပြန်ရောက်လာသည်မသိ။ အိမ်ရောက်ရောက်ချင်း မေမေ့ကို သူမပြောသည်။ မေမေပို့လိုသော အင်္ဂလန်ကို သူမအမြန်ဆုံးသွားမည်ဟု—-။
(၅)
အတွေးထဲ လွင့်မျောနေဆဲမှာပဲ ဟိုတယ် ဧည့်ကြိုက တက္ကစီရောက်ပြီဖြစ်ကြောင်း ပြောသည်။ တက္ကစီပေါ်မှာ လိုက်ပါလာရင်း မမကြီးဆီ ဖုန်းဆက်ရင် ကောင်းမလားလို့ တွေးမိသည်။ စိတ်ဆိုး၊ စိတ်နာနာနှင့် မြန်မာပြည်က ထွက်လာပြီးကတည်းက အိမ်ကို ဖုန်းဆက်ဖြစ်သည်မှလွဲ၍ တခါမှလဲ မပြန်ဖြစ်တော့။ စာထဲမှာပဲ အာရုံစိုက်သည်။ အလုပ်တဘက်နှင့်တွဲ၍ ပညာရေးခရီးလမ်းကို တကွေ့ပြီးတကွေ့ ကျော်ဖြတ်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိလာအောင်၊ တန်ဖိုးတက်လာအောင် ကြိုးစားရုန်းကန်ဖြစ်ခဲ့သည်။ အချိန်တွေကြာလာတာနဲ့အမျှ မမကြီးရဲ့ စေတနာကိုလဲ သဘောပေါက် နားလည်မိပါသည်။ ဒါပေမယ့် ဘာရယ်ကြောင့် မသိ။ အလွတ်ရဆဲ မမကြီးရဲ့ ဖုန်းနံပါတ်ကို မနှိပ်ဖြစ်။ တစုံတရာက တားဆီးနေသလိုရှိသည်။ မေမေကတော့ ဖုန်းဆက်ဖြစ်တိုင်း မမကြီးဆီပါ ဖုန်းဆက်ဖို့ တိုက်တွန်းနေကြ။ သူမရဲ့ သတင်းတွေကိုလဲ မမကြီးက အမြဲနားစွင့်နေသည်ဆိုပဲ။
‘ဟယ်လို။ ဒေါ်ခင်မာထိုက် ရှိပါလားရှင်‘
အိမ်ပြည်ရောက်သည်နှင့် မေမေ့ဆီတောင် ဖုန်းမဆက်အား။ မမကြီးဆီသို့ ဖုန်းခလုတ်ကို အရင်နှိပ်မိသည်။
‘မနေ့ကပဲ ဆုံးသွားပါတယ်ရှင်‘
‘ရှင်‘
သူမ လက်ထဲမှ ဖုန်းကလေးက ရုတ်တရက် လွတ်ကျသွားပါသည်။
ပန်းပျိုးလက်တစုံကတော့ လူ့လောကထဲမှ လွင့်ကြွေသွားခဲ့လေပြီ။
သူပျိုးထောင်ပေးခဲ့သော ပန်းကလေးကတော့ အစွမ်းကုန် ဖူးပွင့်လျက်။
ခင်မမမျိုး (၂၊ ၉၊ ၂၀၁၀)
(စာကြွင်း။ ။ လောကကြီးမှာ ကျွန်မတို့ တတွေရဲ့ ဘဝပန်းလေးတွေ ဖူးပွင့်လာဖို့အတွက် အမုန်းခံပြီး အကျိုးလိုစိတ်နဲ့ ဆုံးမခဲ့ကြတဲ့ ပန်းပျိုးလက် အစုံကို ပိုင်ဆိုင်ကြသော မိဘတွေ၊ ဆရာသမားတွေ၊ လူကြီးသူမတွေ အများကြီးပါ။ အဲဒီပန်းပျိုးလက်အစုံလေးတွေ မကြွေလွင့်သွားခင်မှာ သူတို့ပျိုးထောင်ခဲ့တဲ့ ပန်းလေးတွေ ဖူးပွင့်လာခဲ့ပြီဆိုတာကို ဖုန်းခလုတ်လေးတွေကို နှိပ်လို့ပဲဖြစ်ဖြစ်၊ စာလေးတကြောင်းနှစ်ကြောင်း ရေးလို့ပဲ ဖြစ်ဖြစ် အသိပေးရင်း တချိန်က ပြစ်မှားမိခဲ့တာတွေအတွက် တောင်းပန်လိုက်ကြမယ် ဆိုရင်ဖြင့်)