နှစ်ရောင်စပ်ပုံပြင်
အခန်း – ၁
နောက်ကြောင်းရာဇဝင်ဆိုတာ လူတိုင်းမှာရှိသော အရာသာဖြစ်သည်။ အတိအကျဆိုရလျှင် ရာဇဝင်ဆိုသည်မှာ သမိုင်းအဖြစ်အပျက်များကို မှတ်တမ်း တင်ထားသော အရာသာ ဖြစ်သည်။
သူ့နောက်ကြောင်းမှာကြတော့ ……
မှတ်တမ်းရေးထွင်းထားသော အရာမဟုတ်သဖြင့် သမိုင်းဟုခေါ်ဆို၍ မရနိုင်သလို ရာဇဝင်ဟု ခေါ်ဝေါ်ပါက သင့်လျော်မည်မဟုတ်။
ဒါဆို ဘာလဲလို့ မေးစရာရှိလာပြီ။
ဟုတ်သည်။ သူ့နောက်ကြောင်းက မှတ်တမ်းလည်း မရှိပါ။ လူမသိသူမသိနဲ့ ပုံပြင်လေးတစ်ပုဒ် သက်သက်မျှသာ။
ပုံပြင်ဟုဆိုသော်လည်း နားထောင်ကောင်းရုံ သက်သက်မဟုတ်။
ပန်းချီ သီအိုရီသဘောတရားအတိုင်း မတူညီသော အရောင်နှစ်မျိုးပေါင်းစပ်ရေးဖွဲ့လိုက်၍ အသစ်ထပ်ပြီး ဖြစ်ပေါ်လာသော မူလအရောင်တွေနဲ့ ကွဲပြားခြားနားသည့် အရောင်သစ် တစ်မျိုးလိုမျိုး။
မတူညီသော ကံကြမ္မာအခြေအနေနှစ်ခုတို့ ပေါင်းစပ် ရေးဖွဲ့လိုက်၍ ဖြစ်ပေါ်လာသောပုံပြင် အသစ်တစ်ပုဒ် ဖြစ်ပါသည်။
ထိုပုံပြင်အသစ်ကလေးကို ကျွန်တော်က တိတ်တိတ်ကလေးနဲ့ နှစ်ရောင်စပ်ပုံပြင်လို့ ကြေကွဲဝမ်းနည်းစွာ အမည်ပေးထားမိခဲ့ပါသည်။
!!!!!!!!!!!!!=!!!!!!!!!!!!!!!
အခန်း-၂
“ငါ စိတ်ဆိုးလာပြီနော် ”
” …… …… ……”
“ဒီဖုန်းနံပါတ်ကိုပဲ ခဏခဏ ပြောနေရတာ ဘယ်နှစ်ခါမှန်း မသိတော့ဘူး”
“…… …… ……”
“မသိဘူး။မသိဘူး။ နင် ငါ့အပေါ်ကို အလေးအနက်မထားဘူး”
ရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရသည်။ ကိုယ်ကအလေးအနက်ထားပြီး တစ်ဖက်လူက အလေးအနက်မထားရင် တော်တော်လေး ခံစားရသည်။ ခက်တာက ကိုယ်က အလေးအနက်ထားပါလျက်နဲ့ အလေးအနက်ထားရာမရောက်ခဲ့၍ ဒီလို အပြောခံရပြန်ရင်ရော။ ထပ်တူထပ်မျှ ခံစားရပါသည်။ တကယ်ဆို တစ်ဖက်လူအပေါ် အသေအချာ နားလည်ပေးဖို့ ကောင်းသည်။
တွေးတွေးပြီး ရင်တစ်ခုလုံး ပွင်ထွက်သွားအောင် ခံစားနေရသည်။
မျက်ရည်တို့ကလည်း ဒီလိုစကားသံတွေကြားတိုင်း အလွယ်တကူ စီးဆင်းချင်နေကြသည်။ ကြာလာရင် ခံနိုင်ရည် ရှိတော့မည် မဟုတ်။
ခုလည်း ဖုန်းပြောနေသော ကောင်းမလေး၏ငိုသံတစ်ဝက်နဲ့ ပြောဆိုသံတွေက အရှိုက်ဆီကို လာထိကြသည်။
တကယ်တော့ ကိုယ့်ကို ရည်ရွယ်ပြောဆိုနေတာ မဟုတ်မှန်းသိပါလျက်နဲ့ ကိုယ့်ကိုပဲ အော်ပြောလိုက်သလို ခံစားသွားရသည်။
“အေးနော်။ ဒီတစ်ခါ နောက်ဆုံးပဲ။ နောက်ဆို လုံးဝခွင့်မလွှတ်ဘူး ”
ကိုယ့်မှာတော့ နောက်ဆုံးအခွင့်အရေးဆိုတာ ရှိခဲ့ပါရဲ့လား။ ကိုယ့်မှာ အဲဒီလို နောက်ဆုံးအခွင့်အရေးဆိုတာမျိုး လုံးလုံး မရှိခဲ့ပါဘူး။ရင်ထဲမှာ စူးကနဲ နာကျင်လာပြန်သည်။
ထို ဖုန်းပြောသံတွေနဲ့ ဝေးရာသို့ ခြေလှမ်းတွေက အလိုလို ရွေ့လျားနေကြသည်။ ရင်ထဲမှာတော့ တစ်ခုခုချိတ်ဆွဲခံထားရသလိုမျိုး လေးလံလို့။
ဟူး……။
သက်ပြင်မောတို့သည် လေပြေလေညှင်းတို့လို မဟုတ်။ ရင်ထဲကဝေဒနာတွေကို ပေါ့ပါးလန်းဆန်းသွားစေနိုင်စွမ်း မရှိကြပါ။
အကြောင်းတစ်ခု ရှိတိုင်း ထထ သတိရနေတတ်တဲ့ နှလုံးသားက
ခုလည်း သည်းသည်းမည်းမည်း လွမ်းဆွတ် အောင်းမေ့ရပြန်ပြီကော ကောင်မလေးရယ်……
မင်းကို လွမ်းလှပြန်ပြီပေါ့။
!!!!!!!!!!!!!!=!!!!!!!!!!!!!!!!!!!
အပုင်း( 2 ) ကို မျှော်ပါ။
အရာအားလုံးကို တန်ဖိုးထားလေးစားလျှက်
ကိုစစ်(ရူပဗေဒ)
5 comments
သင့်အေးရိပ်
July 29, 2017 at 11:08 am
အပိုင်း၂ ကို စောင့်နေပြီဗျို့။
ဆရာစစ်ရဲ့ ကျစ်နေတဲ့- စကားပြေ ရေးပုံကို
အားရ အားကျပါကြောင်း
ko six
July 29, 2017 at 11:50 am
ဟုတ်ကဲ့။ ဆရာသင့်ရေ ။
စာရေးရတာ အများကြီးရေးမရလို့ ခွဲတင်နေရတာပါ။ သူဂျီးကို ပြောပြီးမှ ရေးတင်တာပါ။
ပယ်ပယ်နှယ်နှယ် ဝေဖန်ပေးဗျာ။ နော့
သင့်အေးရိပ်
July 30, 2017 at 1:44 pm
ဘယ်လို ခွဲ တင်တင်
ဘယ်သူ့ကို ပြောပြီး တင်တင်
တင်လာသမျှ ဆက်လက် ဖတ်ဖို့သာ ကျနော့်အလုပ်ဗျို့။
🙂
အဲ ဝေဖန်တာတော့ အခုတလော နားထားတယ်။
ဒါတောင် ဆရာစစ်ရဲ့ စကားပြေ ရေးဟန်လေး ကျစ်နေတာကို အားရ အားကျကြောင်းလေး လွှတ်ခနဲ ပြောမိသွားသေး။ သဘောရိုးနဲ့ ပြောတာမို့ တမျိုးတမည် အထင်မလွဲစေလိုပါ။
manawphyulay
July 31, 2017 at 3:58 pm
အမယ်လေး သူ့စာတွေစောင့်ဖတ်ရတာလည်း ကိုရီးယားကားကြည့်နေရသလိုပါပဲလား…
ko six
August 2, 2017 at 3:09 pm
ဟုတ်ကဲ့ပါ အစ်မရေ……
ဒါ ပထမဆုံးနဲ့ နောက်ဆုံး ရေးတင်မယ့် ဝတ္ထုတို ဖုန်းဆက်ပါ။ အားပေးတာကိုပဲ ကျေးဇူးတင်မိပါတယ်။ ကျနော်တို့ရွာက ရသအသားပေးမဟုတ်မှန်း သတိထားမိပါတယ်။ တင်ခဲ့မိပြီမို့ ဆုံးအောင်တော့ ထပ်တင်လိုပါတယ်ဗျာ။ 🙁