နှစ်ရောင်စပ်ပုံပြင် (2)

ko sixJuly 29, 20171min3003

နှစ်ရောင်စပ်ပုံပြင် (2)

အခန်း-၃
အစားထိုး ပရယ်တီကယ် Major -9 နှစ်ချိန်စာ အတွက် လုပ်ပြီးတာနဲ့ ဌာနထဲမှ ထွက်လာခဲ့သည်။ဒီနေ့ ကျောင်းနောက်ဆုံးတက်ရသော နေ့လည်းဖြစ်သည်။ ရှေ့တစ်ပတ်ဆိုရင် ပထမပညာသင်ကာလ စာမေးပွဲကြီး ဖြေဆိုရတော့မည် ဖြစ်သည်။ အဆောင်ပြန်ပြီး စာကျက်ဖို့သာ ရှိတော့သည်။ မမနုတို့ ကန်တင်းဆိုင်မှ စာကျက်ရင်း အပျင်းပြေစားဖို့ မုန့်ဝယ်လိုက်ဦးမယ်လို့ တွေမိပြီး မမနုတို့ဆိုင်ဘက် သွားလိုက်မိသည်။
မမနုကိုတော့ မတွေ့ရ။ မမနုတို့အမေကိုသာ ဈေးရောင်းနေသည်ကို တွေ့ရသည်။ အမေကြီးက ကိုယ့်ကိုမြင်မြင်ချင်း……
“အတော်ပဲကွယ်…ဒီသမီးလေးကို အဝေးသင်ဌာနဘက် ပို့ပေးလိုက်ပါဦး။ ဒီမှာ မုန့်ရောင်းနေရတာ မအားသေးလို့ကွယ်။မင်း မမနုကလည်း ဈေးကုန် သွားဝယ်နေလို့ ”
မမနုတို့ အမေကြီးတို့ဆိုတာ ကိုယ်နဲ့ ပထမနှစ် ကျောင်းသားဘဝကတည်းက မိသားစုတွေလို နေခဲ့ကြတာပါ။ ကိုယ့်မှာ အကူအညီလိုပြီဆို အကူအညီပေးဖို့ ဘယ်တော့မှ ဝန်လေးနေလေ့မရှိ။ အမြဲတစေ ကူညီထောက်ပံ့ပေးနေခဲ့သည်သာ။ အမေကြီးက သွက်သွက်လက်လက်ရှိသူပီပီ ကိုယ့်ကိုပြောပြီးတာနဲ့ ကောင်းမလေးဘက်လှည့်ကာ
“သမီးလေး … စိတ်ချနော်။ သား လိုက်ပို့ပေးလိမ့်မယ်။ဘာမှ ပူမနေနဲ့ ”
ဒီလိုနဲ့ ။
ဦးတည်ရာ လမ်းကြောင်းက အဝေးသင်ဌာနဘက်ဆီ ဖြစ်သွားပြန်သည်။ ကောင်မလေးကို ကြည့်လိုက်တော့ ကျောပိုးအိတ်ကို ဇစ်ပိတ်ပြီး ကိုယ့်နောက်က လိုက်ဖို့ ဟန်ပြင်နေပါပြီ။
နက်မှောင်နေတဲ့ ဆံပင်တွေကို ဖြောင့်ပြီး အရှည်ချန်ထားသည်မှာ သူမ၏ မျက်နှာဝိုင်းဝိုင်းလေးဖြင့် အလွန်လိုက်ဖက်နေသည်။ အသားအရည်ကလည်း အဖြူလွန်းကြီးမဟုတ်ပေမဲ့ ကြည့်လို့လှနေသည်။ လက်သည်းခြေသည်းတွေကိုတိတိရိရိ ဖြတ်ထားသည်ကလည်း သူနဲ့လိုက်ဖက် ညီနေသည်။ အရပ်ရှည်သည်ဟု ပြောလို့မရပေမယ့် ပုပျက်ပျက်အရပ်မဟုတ်။ ဆိုတော့ကာ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရရင် လှတပတ ကောင်းမလေးဟု ။
ရိုင်းရာကျနေမည်စိုး၍ အကြည့်ကို ဖယ်ကာ ရှေ့ကလျှောက်လိုက်သည်။ သူသည်လည်း နောက်က လိုက်လာသည့် ခြေသံလေး တဖျတ်ဖျတ် ။
လေအဝှေ့မှာ တမာပန်းရနံ့တို့နှင့်အတူ သူ့ဆီမှ ရေမွှေးရနံ့တို့ကိုပါ ရှူမိလေသည်။ ရေမွှေးရနံ့လေးသည် သင်းသင်းကလေးနှင့် အတော်မွှေးသည်။ မိန်းမတစ်ယောက် သုံးစွဲသည့် ရေမွှေးရနံ့ကို သတိထားမိသည်မှာ ဒါ ပထမဦးဆုံး အကြိမ်မဟုတ်ပေမယ့် မိနိးမတစ်ယောက်နှင့် လမ်းတွဲလျှောက်မိတာကတော့ ဒါ ပထမဦးဆုံး ဖြစ်ပါသည်။ တစ်ယောက်ယောက်ကို အားနားတာလိုလိုနဲ့ ကိုယ့်ဘက်က အိုးတိုးအမ်းတမ်းကြီး ဖြစ်နေမိသည်။ ဒါလည်း ကြာကြာဖြစ်နေချိန် မရတော့။
အဝေးသင်ဌာနရောက်တာနဲ့ အမေကြီးက သူမအတွက် ကျောင်းအပ်စရာကိစ္စအဝဝကို ကိုယ်ခေါင်းပေါ် အကုန်တင်ပေးလိုက်မှန်း သိရတော့သည်။
သူမသည် ပထမနှစ် ပထဝီဝင် ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဘာမှမသိသေးသော (Fresher) တစ်ယောက် ဖြစ်နေသော ကြောင့်ပင်။ ဒီတော့ ကျောင်းအပ်စရာ အစစအရာရာ ကိုယ့်က တာဝန်ယူ လုပ်ဆောင်ပေးနေရတော့သည်။
ကျောင်းအပ်ဖောင်ကို အဝေးသင်ဌာနမှ ဝယ်ယူ၍ သူမ၏ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သည်။ ကျောင်းအပ်သည်။ ငွေရှင်းတော့ သူမကိုပဲ ရှင်းခိုင်းလိုက်သည်။
ပြေစာရလာသောအခါ ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ ၊ သင်ကြားရေး အထောက်အကူပြု VCD အချပ်တွေ ထုတ်ယူရပြန်သည်။ ဟိုနေရာ သွားလိုက်ရ။ ဒီနေရာသွားလိုက်ရဖြင့် ။ ကျောင်းအပ်ရန် ကိစ္စအကုန်လုံး ပြီးစီးသွားသောအခါ လက်တွေထဲမှာ တပွေ့တပိုက်။ ဖတ်ဖတ်ကို မောနေပြီး။ ချွေးတွေကလည်း ကိုယ့်တစ်ကိုယ်လုံးမှာ ချွဲနစ်နေသည်။
သူမသည် တစ်ရှူးတစ်ချို့ကို ထုတ်ပေးရင်း
” အအေးပဲဖြစ်ဖြစ် တစ်ခုခု သောက်ကြရအောင်လေ ကိုကြီး”
သူမဆီမှ ချိုသာငြိမိ့ညောင်းသော မိတ်ဖွဲ့ကာရန်စကားတို့ ကြားရတော့ စိတ်ထဲမှာ အမှတ်တွေ ပေးနေမိသည်က ကိုယ်သာ။
“ကိုကြီး Canteen ဆိုတာကို သွားရအောင်လေ။ ကိုကြီးကိုလည်း ဧည့်ခံကျွေးမွေးချင်လို့။ ညီမလေးအတွက်လည်း နောင်မှတ်မိသွားတာပေါ့”
ဧည့်ခံသည်ဟု သူမကပြောတော့ ဧည့်သည်က သူမလား ကိုယ်လား စဉ်းစားကြည့်သည်တွင် လက်ရှိဧည့်သည်က သူမပဲ ဖြစ်နေတာ မေ့နေပုံရသည်။ ကိုယ့်စိတ်ထဲမှာပဲ ပြုံးနေလိုက်တော့သည်။
ကန်တင်းကို ရောက်ပြန်တော့—
“ဘယ်ဆိုင်က ပိုကောင်းလဲ…… ဟင် ”
“ဆိုင်တိုင်းလိုလိုကောင်းကြပါတယ်။ ကဲ အနီးဆုံးဖြစ်တဲ့ ပြည့်ဝေလျှံမှာပဲ ထိုင်ကြတာပေါ့ ”
အညာမြေက တက္ကသိုလ်တစ်ခု ဖြစ်သည့်အားလျှော်စွာ တမာပင်တို့က ကျောင်းဝန်းအနှံ့။
ခုလည်း တမာပင်အောက်က လူရှင်းသည့် စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။ သူမက ကိုကြီး ကြိုက်တာ မှာပါဆိုလို့ မန်းလေးထမင်းကြော် နှစ်ပွဲ မှာလိုက်သည်။ သူမက ထပ်ပြီး…
“ထောပတ်ဖျော်ရည်တစ်ခွက် ။ ကိုကြီးက ဘာသောက်ဦးမလဲ”
ခေါင်းခါပြလိုက်သည်။
စားကြသောက်ကြရင်း သူ့အကြောင်းကိုယ့်အကြောင်းတွေ ပြောပြကြသည်။ ဒီလိုနဲ့ပဲ သူမနဲ့ ကိုယ်နဲ့ အရမ်းခင်မင်ရင်းနှီး တဲ့သူတွေ ဖြစ်ကုန်ကြသည်။ သူမနှင့် အတော်လေးကို ခင်မင်သွားခဲ့ပါသည်။ သူမကလည်း ကိုယ့်ကို ခင်မင်တန်ဖိုးထား၍ အရမ်းခင်မင်သွား ပုံရပါတယ်။ သူမက မိန်းကလေးဆိုတော့ ထိန်းထိန်းသိမ်းသိမ်းတော့ ရှိမှာပဲပေါ့။ ဖြစ်သင့်ပါတယ်။ ဒါတွေက ကိစ္စမရှိ။ ကိုယ့်အပေါ် ခင်မင်နေဖို့သာ အရေးကြီးပါသည်။
“အစစအရာရာ ကူညီပေးတဲ့အတွက် ကိုကြီးကို အရမ်းကျေးဇူးတင်မိပါတယ်။ ညီမလေး တစ်ယောက်တည်းဆိုရင်တော့ ရွာပတ်နေတော့မှာပဲ။ ကိုကြီး ကူညီပေးလို့သာ”
ရယ်သံလွင်လွင်လေးဖြင့် ပြောလာသည်။
“မလိုပါဘူး ညီမလေးရယ်။ တကယ့် ခင်မင်ရင်းနှီးသွားကြတဲ့ မိတ်ဆွေတွေဆိုတာ စကားနှစ်ခွန်း ပြောခွင့်မရှိတော့ဘူးတဲ့။ အဲဒါ
No sorry နဲ့ No thank တဲ့လေ။ သေချာစဉ်းစားကြည့်ရင် မှန်နေတာပဲ။ အချင်းချင်းတွေကြားမှာ ကျေးဇူးတွေဘာတွေ တင်နေစရာ မလိုအပ်တော့သလို တစ်ခုခုပြုလုပ်ကြရင်းက အမှားကြုံလာခဲ့ရင်တောင် တောင်းပန်စကားတွေ ပြောနေစရာ မလိုအပ်တော့ဘူး။ ဒါမှ နှစ်နှစ်ကာကာ ရင်းနှီးခင်မင်နေကြတဲ့ မိတ်ဆွေတွေအရင်းအခြာတွေ ဖြစ်ကြတော့မှာ မဟုတ်လား”
” ဪ……”
ကိုယ့်ရင်ထဲက သူမအပေါ်ထားရှိနေသည့် ခင်မင်မှုတရားတို့ကို လေးလေးနက်နက် ပြောချလိုက်မိပါသည်။
သူမသည်လည်း တအံ့ဩဖြစ်သွားပြီးမှ ကျေနပ်လက်ခံသည့် အပြုံးတစ်ခုကို ပွင့်ပြရင်း ပျော်ရွင်သွားသည်။ သူပျော်တယ်ဆို ကိုယ်လည်း ပျော်သည်ပဲလေ။
အစောပိုင်းတုန်းက ပင်ပန်းထားခဲ့သမျှ ခုတော့လည်း လန်းဆန်းပေါ့ပါးလို့

အပိုင်း-3 ကို စောင့်ဖတ်ပေးပါဦး။
ကျေးဇူးအထူးတင်ပါတယ်ဗျ။

အရာအားလုံးကို တန်ဖိုးထားလေးစားလျှက်
ကိုစစ်(ရူပဗေဒ)
29 July 2017

3 comments

  • သင့်အေးရိပ်

    July 30, 2017 at 1:38 pm

    ဒီအထိ လိုက်ပါ ဖတ်ရှုလာပါကြောင်း

    😀

    • ko six

      July 30, 2017 at 3:10 pm

      ဟုတ်ကဲ့။ ဖုန်းအဆင်မပြေလို့ခွဲတင်နေရတာပါ

      • သင့်အေးရိပ်

        July 30, 2017 at 3:27 pm

        ခွဲ တင်တာ ပိုကောင်းပါတယ်။ တထိုင်တည်း စာအရှည်ကြီးကို ဖတ်ရတဲ့သူတွေ မျက်လုံး အညောင်း သက်သာတာပေါ့။

        နောက်တစ်ခုက သူကြီးရဲ့ ဂဇက် ဆိုတာကိုက ရသ အသားမပေးတဲ့ ရေးသူ ဖတ်သူတွေ ဆုံစည်းရာ နေရာ ဆိုတော့ကာ. . . တပုဒ်ထဲသာ စာအရှည်ကြီး တင်လိုက်ရင် ကျော် မဖတ်သွားဘူးလို့ မပြောနိုင်

Leave a Reply