လုလင်ငယ်သွေး နှစ်ဆယ့်လေး

Mr. MarGaSeptember 12, 20171min3306

တစ်နှစ် တစ်နှစ်ဟာ ဘာမှ မကြာလိုက်သလိုနဲ့ အသက်တစ်နှစ် ထပ်ကြီးလာပြန်ပေါ့…
အိုင်တီခေတ်ကြီးထဲမှာ အိုင်တီသမားလုပ်ဖို့ ရွေးမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ထိုင် မေတ္တာပို့ရမလား မသိ…
တစ်နေ့တစ်နေ့ နည်းပညာနောက်ကို မျက်ခြေမပြတ်အောင် ပြေးလိုက်နေရတာ ပင်ပန်းလာမိတယ်။
အပြောင်းအလဲမြန်လှတဲ့ ခေတ်ကြီးထဲ နေထိုင်မှုပုံစံပါ တဖြည်းဖြည်း လိုက်ပြောင်းလာတာတော့ သတိထားမိရဲ့
ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံးကြား လွန်းပြန်ထိုးရင်း ရုံးတက်ချိန်တွေ စောလာသလောက် အိမ်ပြန်ချိန်တွေ ပို ညဉ့်နက်လာခဲ့
ပိတ်ရက်တွေမှာတော့ တစ်ပတ်စာ အိမ်အလုပ်တွေနဲ့ နပန်းလုံးရင်း
လူဟာလည်း တဖြည်းဖြည်း အိမ်တွင်းပုန်း သတ္တဝါ ဖြစ်မှန်းမသိ ဖြစ်လာရဲ့

အားလပ်ချိန်တွေမှာ
အပြင်လောကနဲ့ ဆက်နွှယ်ထားတဲ့ ပုံရိပ်ယောင်ဘဝထဲမှာပဲ အချိန်အများစု ကုန်ဆုံးရင်း
ကျန်တဲ့အချိန်တွေမှာ စာအုပ်နဲ့ ရုပ်ရှင်တွေပဲ ကိုယ့်အနားမှာ ထားမိနေရဲ့
ဒါတွေအကုန်လုံးဟာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ဖြစ်လာတာတွေမှန်း သိနေတော့လည်း
ဒီထဲမှာပဲ အသားကျနေမိတဲ့ ကိုယ့်ကိုယ်ကို မအံ့ဩမိတော့တာ မဆန်းပါဘု

ပတ်ဝန်းကျင်မှာ ခေတ်ရေစီးထဲ အလိုက်သင့် မျောပါနေတဲ့ လူငယ်တွေကိုလည်း တွေ့မိသလို
ဒီ ရေစီးထဲကနေပဲ ကိုယ်လိုရာလမ်းကို ရောက်အောင်ကူးဖို့ ကြိုးစားနေကြသူတွေလည်း မနည်းပြန်
ကိုယ်တိုင်ကတော့ ရေစီးထဲမှာ တရွတ်တိုက် မျောနေသလား ထင်ရလောက်အောင် လည်ထွက်နေလေရဲ့။
ဒီအရွယ် အပိုင်းအခြားကို ကမောက်ကမ သက်တမ်းလို့ပဲ သတ်မှတ်ထားရင် ကောင်းမလား…
ကလေးဆန်လို့လည်းမဖြစ်၊ ထိုက်သင့်သလောက်လည်း မရင့်ကျက်သေး၊ နောက်မျိုးဆက်နဲ့ ရှေ့မျိုးဆက်ကိုပဲ တအံ့တဩ ငေးကြည့်နေရတဲ့အချိန်
လွပ်လပ်မှုကို တောင့်တရင်း၊ စိတ်ကူးသစ်တွေ အိပ်မက်ကြည့်ရင်း ပတ်ဝန်းကျင်ရဲ့ မမြင်ရတဲ့ စည်းဘောင်တွေအောက် အနာဂတ်တချို့လည်း မှိန်ဖျော့ ပျောက်ကွယ်စ ပြုနေရဲ့

မြို့ပြရဲ့ မွန်းကျပ်မှုဟာ တစ်ရက်ထက်တစ်ရက် ပိုသိသာလာတယ်
ကွန်ကရစ် မြို့တော်သား ဖြစ်မှန်းမသိ ဖြစ်လာပြီးတဲ့နောက် မက်မိသမျှ အိပ်မက်တိုင်းမှာ စိမ်းစိမ်းစိုစို အေးအေးချမ်းချမ်းရှိတဲ့ နေရာတွေသာ ကြီးစိုးလာရဲ့။
ပျော်ရာမနေ တော်ရာနေ ဆိုတဲ့ထုံး နှလုံးမူလို့
ကိုယ့် အသက်မွေးပညာအတွက် ပဋိရူပ လို့ သတ်မှတ်ထားတဲ့ ဒီအရပ်မှာ သောင်တင်နေမိတာတောင် နှစ်နှစ်ကျော်ခဲ့ပြီ
ဒီလောက် ရုပ်ဝတ္တု ပစ္စည်းတွေ ပေါလှတဲ့ နေရာမှာ နေနေတာတောင် နေသားမကျ ဖြစ်နေတဲ့ အညာသားဟာ အညာပဲ ဆန်လွန်းရန်ကောလို့ အပြစ်တင်ရမလို

ဖြစ်နိုင်မယ် ဆိုရင်
လွန်ခဲ့တဲ့ လေးငါးနှစ်က စိတ်အားထက်သန်မှုတွေ ပြန်လိုချင်တယ်
အဲ့ဒီအချိန်က ရည်မှန်းချက် အပြည့်နဲ့ လူငယ်တစ်ယောက်ကို ပြန်တမ်းတတယ်
အရွယ်နဲ့ အတွေးနဲ့ မမျှလောက်အောင် သွက်လက် ဖျတ်လတ်နေခဲ့သလောက် ခုတော့ ဘာကြောင့်များ ငြိမ်သွားသလဲ တွေးရခက်နေရဲ့
ဖြည့်ခဲ့တဲ့ အိုးပဲ ပြည့်လုနီးလာလို့ ဘောင်ဘင်မခတ်တော့တာ လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကြည့်မိတော့ သိပ်တော့ မဆိုးဘူးပဲ
နှစ်ဆယ့်လေး ဆိုတာ လူငယ်နဲ့ လူလတ်ကြား စပ်ကူးမတ်ကူး ကာလ လို့ပဲ သတ်မှတ်ပြီး တခါတလေ လူငယ်ဆန်ဆန် ရူးသွပ်ရင်း တခါတလေ အတိုင်ပင်ခံ လူကြီးနေရာ ဝင်ယူရင်းနဲ့ပဲ
နောက်ထပ် တစ်နှစ်မှာ ဘာဆက်ဖြစ်မလဲ ဆက်ကြည့်ကြတာပေါ့လေ…

24

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

6 comments

  • ဦးကျောက်ခဲ

    September 12, 2017 at 7:14 pm

    နှစ်ဆယ့်လေးဆိုတာ ဟိုမရောက် ဒီမရောက် အသက်အရွယ် …
    အသက်သုံးဆယ် ဝန်းကျင်အထိ ဘဝလမ်းကို သင်ယူရင်းနဲ့ လျှောက်လှမ်း…
    သုံးဆယ်ပြည့်တာနဲ့ အထိုင်ချဖို့ ကြိုးစားပါ …
    ပညာဆက်သင်မလား … စီးပွါးရေး တည်ထောင်မလား… ဝန်ထမ်းလုပ်မလား …
    ဘာပဲလုပ်လုပ် … ထိပ်ဆုံးရောက်အောင် အောင်မြင်အောင်လုပ် …
    လောကီကိုစိတ်ကုန်လို့ ဘုန်းကြီးဝတ်တောင် ကျောင်းထိုင်တော့ ဖြစ်အောင်လုပ် … :k:
    .
    HAPPY BIRTHDAY … ကိုရင်မာဃ
    ပြီးပြည့်စုံ အောင်မြင်တဲ့ဘဝကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေ … :k:

  • aye.kk

    September 12, 2017 at 9:27 pm

    ကိုယ်ပြုလုပ်တဲ့အလုပ်
    တစ်နည်းအားဖြင့်ကံ
    ကိုယ်ပြုလုပ်တဲ့အလုပ်(ကံ)တိုင်းမှာ
    ကောင်းဘို ့အမြဲလိုအပ်တယ်
    ကောင်းတာလုပ်နေသရွေ ့ကောင်းကျိုးခံစားရမှာအမှန်ပါဘဲ။

  • A mar nyo

    September 13, 2017 at 1:23 pm

    ကိုယ်လည်းတူညီတဲ့အသက်အရွယ်မို့ တူညီတဲ့အတွေးမျိုးပါပဲ ဘာကိုဘယ်လိုဆက်လုပ်ရမလဲ စဉ်းစားနေဆဲပါ

  • manawphyulay

    September 13, 2017 at 1:37 pm

    အင်း ၂၄ ဆိုတာ ပြောရရင် တစ်ရာပုံ တစ်ပုံတေင်မပြည့်သေးတဲ့အရွယ်ရောက်နေပြီလို့ ဆိုရမှာပေါ့နော်။ အဲလိုအချိန်မှာ ကိုယ်သွားချင်တဲ့လမ်းကြောင်းကို ရွေးချယ်ပြီး မှန်ကန်စွာသွားနိုင်ဖို့နဲ့ နောင်ဘယ်နှနှစ်မှာ ငါ ဘာဖြစ်ရမယ်ဆိုတဲ့ပလန်ရှိထားရင်တော့ အတော်ကောင်းတဲ့အရွယ်ပါပဲ။ မနောတို့အရွယ်ကြတော့ ပလန်ဖျရမယ့်အရွယ်မဟုတ်တော့ဘူး။ ဖြစ်နေရမယ့်အရွယ်ဆိုပေမယ့် ခုထိတော့…..

  • Shar Thet Man

    September 14, 2017 at 1:10 pm

    ဟုတ်တယ်..တခါတလေအဲလိုမျိုးတွေတွေးမိတယ် အသက်ရလာတယ်ထင်ပါရဲ့

  • kai

    September 20, 2017 at 11:08 am

    နောက်နှစ်ဆို.. ကွာတားစင်ကျူရီအသက်ရောက်ပြီပေါ့..။
    ကျုပ်တော့ အဲဒီအသက်မှာ.. နိုင်ဂျံဂါးမှာ.. ပုဂံဆေးဆိုလည်း.. ပုဂံဆေးအလုပ်မှာ.. ဆြာကျသလောက်ဖြစ်နေပြီ..။

    ဆိုတော့..
    နောင်မှ တရမယ့်အလုပ်.. အခုအကုန်လုပ်..။ :k:

Leave a Reply