မေ့မရပြီ စိတ်မှာစွဲ …

ဦးေက်ာက္ခဲSeptember 19, 20171min137420

 

အောင်ရင်တို့ ထူးအိမ်သင်တို့ရဲ့ နာမည်ကျော် သီချင်းလေး … 🎶 အို မေ့မရပြီ စိတ်မှာစွဲ … ဟဲ ဟဲ 🎶 … လို့
လွမ်းချင်းကလေးများချမိရင် အရင်ဆုံးသတိရတာက ၈၈၈၈ အရေးတော်ပုံကြီးပါပဲ ။ မြေပေါ် မြေအောက် ကွန်မြူနစ်တွေကပဲ လှော်လှော် ၊ ဆမူဆာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးကပဲ ဖွဖွ ၊ တို့ကျောင်းသားများကပဲ တော်လှန်တော်လှန် … စားဝတ်နေရေး ကြပ်တည်းလွန်းလို့ ကားဂိတ်နေသင်္ဘောအောင်း ဆိုက်ကားဂိတ်ပါမကျန် မဆလ ဘိုနေဝင်းကို အပြုတ်တိုက်ခဲ့ကြတာ ၂၉-နှစ်ပြည့်ခဲ့ပါပြီ ။ “ဆန်တစ်ပြည် ၁၆-ကျပ် စိန်လွင်ခေါင်းကိုဖြတ်” “ရရင်ရ မရရင် ချ ၊ ရရ မရရ ချ” ဆိုပြီး ဇမ်းတင်လိုက်တာ ပိုဆိုးတဲ့ စစ်ဖိနပ်နဲ့ တိုး ၊ G-3 စာမိပြီး လူငယ်တွေ တောထဲရောက်ကုန်တာ မြန်မာ့သမိုင်းမှာ အမှတ်တရပါပဲ ။ အဲသည့်လို အနစ်နာခံခဲ့ကြလို့လည်း ဒီကနေ့ မစိုမခြောက် ဒီမိုကရေစီ နိုင်ငံရေးစာမျက်နှာသစ် ဖွင့်နိုင်ကြတာပေါ့ ။

 

မဆလ အကြောင်းကတော့ အထူးပြောစရာမလို ၊ “တန်းစီ တိုးစား ၊ ရတာယူထား ဈေးမများ” ဆိုတဲ့ ခေတ်ပါ ။ အိမ်စောင့်အစိုးရနဲ့ “အရသာ” ကောင်းကောင်းသိသွားတဲ့ ဘိုနေဝင်းအတွက် မင်းမြှောင် (ဦး)ကိုကိုမောင်ကြီးတို့ ဦးချစ်လှိုင်တို့က ဖာထေး ဖြတ်ဆက် “မဆလ ဝါဒ” ကြီးကို တက်သုတ်ရိုက်ဖြန့်ချီပြီး ဂျင်းရော စပါးလင်ရော ပဒဲကောရာကျွေးသွားတာ ၊ သာမန်အရပ်သားမပြောနဲ့ နိုင်ငံရေးသမား ကွန်မြူနစ်ဟောင်းတွေတောင် မှိုင်းမိကုန်ပါတယ် ။ အဲသည့်ခေတ်မှာ ဘိုနေဝင်းက ဓမြဗိုလ်လုပ်ပြီး ရသမျှ သူချည်းအကုန် ဝိုက် ၊ သူ့ခြေရာနင်းရင် “စစစ” တို့ “ထောက်လှမ်းရေး” တို့နဲ့ ရှင်းထုတ်တာမို့ အောက်လက်ငယ်သားက အရိုးအရင်းကိုက် အာဏာပြယုံပဲ လုပ်နိုင်တာပါ ။ အဲ … သူ့နောက်မှာ ဆက်ခံတဲ့ စစ်အစိုးရတွေလက်ထက်မှာတော့ ဝေစားမျှစားတွေ လုပ်ကုန်ကြတာ မဆလ ကို သင်ခန်းစာယူပုံရတယ် ။

 

ဘိုနေဝင်းခေတ်မှာ တံခါးပိတ်ဝါဒနဲ့ ရှိသမျှ အကုန်ပိတ် ၊ သာမန် အရပ်သားများအတွက် သမဝါယမဆိုင်ကနေ ကွာလတီမမီတဲ့ ပြည်တွင်းဖြစ် စားသောက်ကုန် လူသုံးကုန်တွေ ဖြန့်ပေမည့် သူ့တပည့် အရာရှိ ယူနီဖောင်းဝတ်တွေအတွက်တော့ အထူးစပါယ်ရှယ် ထုတ်ကုန်တွေကို “ပဒုမ္မာ” ဆိုင်တွေလို အရောင်းဆိုင်တွေကနေ ဝယ်ယူခွင့်ပေးပါတယ် ။ အဲသည့်တော့လည်း နယ်စပ်ကနေ ခိုးသွင်းတဲ့ “မှောင်ခို” ဆိုတဲ့ ဈေးကွက်ကြီး နေ့ချင်းညချင်း ပေါ်လာတာပေါ့ ။ မော်လမြိုင်မှာ “မိုင်ဒါဈေး” ၊ ရန်ကုန်မှာ “စိန်ဂျွန်းဈေး” ဆိုတာ အဲသည့်ခေတ်မှာတော့ ထိတ်ထိတ်ကြဲပေါ့ ။ “ရှာဖွေရေး” လို့ ခေါ်တဲ့ “မီးရထားရဲ” နဲ့ “အကောက်ခွန်” ဆိုတာ အဲသည့်ခေတ်က ဝန်ထမ်းတွေထဲမှာ စတားပဲ ။ ကိုယ့်အိမ်ကိုယ်စားဖို့ တောကဆွေမျိုးတွေပေးလိုက်တဲ့ ဆန်တစ်ခွဲလောက်ကိုတောင် ခိုးသယ်ရတဲ့ ခေတ်ပါ ။

 

အဲသည့်လို ကောင်းစားနေတဲ့ မှောင်ခိုသူဋ္ဌေးတွေနဲ့ ဝင်ငွေလမ်းဖြောင့်နေတဲ့ နယ်စပ်က လက်နက်ကိုင် အဖွဲအစည်းတွေကို နှိပ်ကွပ်ဖို့ဆိုပြီး ငွေစက္ကူတွေကို တရားမဝင်လုပ်လိုက်တာ တကယ်တန်း ဘဝပျက်ကုန်ကြတော့ လက်လုပ်လက်စား
ဆင်းရဲသားတွေနဲ့ လူလတ်တန်းစားတွေပါ ။ အဲသည့်လို အထွေထွေ ကြပ်တည်းမှုတွေကြောင့် ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်လာတော့ မဆလ အမာခံတွေက ဘိုနေဝင်းမှာ အပြစ်မရှိ ၊ “စနစ်ကောင်းပေမဲ့ လူမကောင်း” လို့ဆိုပြီး အပြစ်တွေပုံကြပါတယ် ။ စေ့စေ့တွေးရင် ရေးရေးပေါ် မဆလ ဘိုနေဝင်း ခွေးကျကျတာ သူ့လူတွေကြောင့်ဆိုတာ ငြင်းမရပါဘူး ။

 

မဆလ ရဲ့ နာမည်ကျော် “လူနှင့် လူ့ပါတ်ဝန်းကျင်တို့၏ အညမည သဘောတရားများ” ဆိုတဲ့ စာအုပ်အပြာလေးကို အသက် ၅၀-တန်းတွေ ဖတ်ဖူးကြမှာပါ ။ အဲသည့်စာအုပ်ထဲမှာ မြန်မာတွေက ရဲစရာရှိရင် သူများထက်ရဲပြီး ၊ ကြောက်စရာရှိရင် သူများထက် ကြောက်တတ်တယ်ဆိုတာ အမှန်ပါပဲ ။ ဘိုနေဝင်းကို အာဏာရှင်ဖြစ်စေတာက သူ့ကို အမှန်အမှား ထောက်ပြရဲသူမရှိ ၊ ထောက်ပြရင် မင်းမြှောင်တွေက ရေကြည်အိုင်ပို့မှာဆိုပြီး အကြောက်တရားနဲ့ အုပ်ချုပ်သွားတာ ၂၆-နှစ် တိုင်ပါတယ် ။ မြန်မာတွေ အပင့် အဖား ကြမ်းချက်ကတော့ “အဖေကြီး” ဆိုပြီး အမျက်တော်ရှမှာစိုးလို့ ဝိုင်း ေ-ာမကြတာ “အဖေကြီး” လည်း “ေ-ွးတက်”ပြီး ခွေးကျ ကျပါလေရောဗျား …

 

အဲသည့်အချိန် မတိုင်ခင်တုန်းက ဦးကျောက်ခဲမှာ လူပျိုပေါက်သာဖြစ်လာတယ် ကျွန်းသစ်နဲ့ ကျောက်မျက်ကလွဲရင် ကိုယ့်နိုင်ငံ ဘာထွက်လို့ ထွက်မှန်းကိုမသိခဲ့ဘူး ခင်ဗျ … ၈၈၈၈ ကျေးဇူးနဲ့မှ စေ့စေ့ငုငု သိရပါတော့တယ် …

 

“တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုတော့ တောကြောင်ထအောင် တောမီးရှို့တာ အဲသည့်ခေတ်က စစ်တပ်ပါခင်ည ။ ငှင် … မောင်မင်း ဘယ့်နှယ်သိလဲလို့ ငပိကြော်ကျွေးဖို့ အမေးရှိရင်တော့ “In the wrong place at the wrong time” … မောင်ကျောက်ခဲ အလုံသားပါခီည ။ ကုန်လှောင်ရုံ ဂိုထောင်တွေ ၊ စက်ရုံတွေ တန်းစီရှိတဲ့ ကမ်းနားလမ်းမကြီးက နောက်ကျောတင် ရှိတာပါ ။ အခု ဝါးတန်းဆိပ်ကမ်းရှိတဲ့ ကီလီ ဂိုထောင်တွေ ၊ အမှတ် (၂) (၄) သစ်စက်တွေ ၊ ပုလဲနဲ့ငါး (မွေးမြူရေးနှင့် ရေလုပ်ငန်း) ဂိုထောင်တွေ ၊ အခု သီရိမင်္ဂလာဈေးဟောင်းနဲ့ အေးရှားဝေါ ဆိပ်ကမ်းလုပ်ထားတဲ့ ထီးတန်း ဂိုထောင်တွေဆိုတာ မနီးမဝေး အပျင်းပြေလမ်းလျှောက်နေကျ နေရာတွေပါ ။

 

စက်ရုံ အလုပ်ရုံတွေလည်း သပိတ်မှောက် ၊ အရေးတော်ပုံ အရှိန်မြင့်လာတဲ့အချိန်မှာ စစ်တပ်က ဘဏ် (၂) နဲ့ (၃) ကို ဝင်စီးပြီး ငွေတိုက်တွေက ပိုက်ဆံတွေကို သိမ်းပါတယ် ။ နောက်တော့ ပိတ်ထားတဲ့ ဂိုထောင်တွေကို ဖွင့် ၊ စစ်တပ်အတွက် ရိက္ခာတွေသယ်ထုတ်ပြီး အရိုးအရင်းကျန်တာကို သည်အတိုင်း ဟောင်းလောင်း ထားပစ်ခဲ့တာခင်ဗျ ။ မြန်မာစကားပုံမှာ “လွယ်ရင် သူကြွယ်တောင် ဆွဲတယ်” ဆိုတော့ ၊ အခြေခံလူတန်းစားတွေလည်း ရသမျှ ဝင်ဆွဲတော့တာပေါ့ဗျာ ။ အဲသည့်တော့မှ “ဂိုထောင်ဖောက်တယ်” လို့ ပုဒ်မတပ် ၊ စစ်တပ်က တကြော့ပြန်ဝင်လာပြီး ပစ်လိုက်တာ အလောင်းတွေထပ်ရော ။ အဲသည့် ဂိုထောင်တွေလည်း အရေးတော်ပုံလည်းပြီးရော အကာအရံ သွပ်ပြားမပြောနဲ့ အုတ်ခုံတောင် မနည်းရှာယူရအောင် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ် …

 

၈၈၈၈ အရေးတော်ပုံနဲ့ စီးပွါးဖြစ်သွားသူတွေလည်း ရှိပါသေးတယ် ၊ ပုဇွန်တောင် ကြက်တန်းက ဘိုင်ကြီးတွေနဲ့ မြို့ထဲက ပေါက်ဖော်ကြီးတွေပါ ။ ဂိုထောင်ဖောက် ၊ စက်ရုံဖျက် … ထွက်သမျှ အကုန် ဒိုင်ခံဝယ် ၊ အကုန်လက်စဖျောက်ပြီး အသွင်ပြောင်းလိုက်ကြတာ အတော် ပရိုကျတယ်ပြောရမယ် ။ နောက်ထပ်အုပ်စုကတော့ မူးယစ်ရာဇာကြီးတွေနဲ့ ကျောက်မှောင်ခိုတွေပါ ၊ ခေတ်ပျက်တာအကြောင်းပြု လက်ရဲဇတ်ရဲ တပည့်တွေနဲ့ နယ်စပ်ကနေ အလျှိုလျှို အင်ပို့လုပ်လာကြတာ ကျောက်တိုင်တံဆိပ် ဖန်ဆီဒိုင်းတို့ ကွန်မက်သာဇင်တို့ဆို အောလပုံ ၊ နံပါတ်ဖိုး ပင်နယ်ဆလင်ပုလင်းခေါင်းချိုးတောင်မှ ၁၀၀-ကျပ်လောက်ပဲ ပေးရတော့တယ် ။

 

ဂိုထောင်ဖောက်တယ်ဆိုလို့ ပြောပြရဦးမယ် ။ အဲဒါကလည်း သက်စွန့်ဆံဖျား ဓားကိုင်ပြီး ရရာဆွဲရတာဆိုတော့ ရွေးခွင့်မရ ကံထိုက် ဘေထုပ်ဖောက်သလိုပါပဲ ။ တချို့ကျတော့လည်း ကံလိုက်ပြီး ဉာဏ်မလိုက်တော့ ဖောက်စားခံရတာပါပဲ ။ ဥပမာပြောရရင် … အလုံ လွတ်လပ်ရေးကွက်သစ်လို့ခေါ်တဲ့ ကျူးကျော်ရပ်ကွက်က မိသားတစ်စုပေါ့ … ။ ထီးတန်း ဂိုထောင်တွေက သူတို့အိမ်နားမှာဆိုတော့ ဂိုထောင်ဖောက်ချိန် ရှေ့ဆုံးက ဝင်ဆွဲသူတွေပါ ။ အဖြူရောင် ပီနံအိတ်တွေနဲ့ ထည့်ထားတာ ထမ်းလာရင်း စမ်းမိတာကလည်း အစေ့လေးတွေဆိုတော့ ဆန်အိတ်မှတ်ပြီး အခေါက်ခေါက်အလီလီ သူတို့တဲနန်းကို ကဲ့လာကြပါတယ် ။ ရသမျှ သယ်ချလာပြီး ချက်စားတော့မှ ကွိုင်တက်တော့တာပါပဲ ။ ဘယ်လောက်ပြုတ်ပြုတ် နူးလည်းမနူး ၊ သာကူစေ့လည်း မဟုတ်ပြန် … ဘာမှန်းလည်းမသိ ၊ ခဲလေသမျှ သဲရေကျပြီဆိုပြီး စိတ်ဓာတ်ကျနေတုန်း မြို့ထဲက ပေါက်ဖော်တစ်ယောက်က ဒေါ့ဂျစ်ကားနဲ့လာပြီး အဲသည့်အစေ့တွေကို ရသမျှ သိမ်းကြုံးဝယ်သွားပါတယ် ။ သူတို့လည်း အမှိုက်ထဲကငွေပေါ်လို့ ပျော်မဆုံး မော်မဆုံး ။ နောင် စစ်အစိုးရခေတ်မှာ “ပလပ်စတစ် လုပ်ငန်းရှင်” ဆိုပြီး ထင်ရှားကျော်ကြားလာတဲ့ အဲသည့် ပေါက်ဖော်ကို တီဗွီမှာတွေ့တော့မှ သူတို့ရောင်းလိုက်တဲ့ အစေ့တွေက အလွန် အဖိုးတန်တဲ့ “ကော်စေ့” တွေမှန်း သိတော့တယ် …

 

ခေတ်ပျက်ဆိုတော့ ခွန်နဲ့ အားနဲ့ ဗလနဲ့ဆိုရင် အလုပ်ဖြစ်တယ်လို့ ပြောရရင်လည်း မမှားဘူးခင်ဗျ ။ သာကေတဘက်က အိမ်တစ်အိမ်ဆိုရင် ဆန်ဂိုထောင်ဖောက်တိုင်း ရှေ့ဆုံးက ချီတက်ပြီး သယ်ချလာလိုက်တာ အိမ်တောင် ကျိုးကျတယ် ။ အဲသည့်မိသားစုမှာ သားချည်း ၅-ယောက်ရှိတယ်ဆိုလားပဲ ။ မောင်ကျောက်ခဲတို့ ရပ်ကွက်က စည်ပင် ရေစက်မောင်းတဲ့ လင်မယားအဖြစ်ကျတော့လည်း ငိုအားထက် ရယ်အားသန် ။ သူတို့လင်မယားခမြာ ဂိုထောင်ဖောက်တယ်ကြားတော့ အားကြိုးမာန်တက် ချီတက်သွားကြပြီး အပြန်မှာ ဂုန်နီအိတ်နဲ့ ထုပ်ထားတဲ့ အထုပ်ကြီးတစ်ထုပ်ကို မနိုင့်တနိုင် သယ်ချလာပါတယ် ။ ရပ်ကွက်သူ ရပ်ကွက်သားများလည်း ပိုက်ဆံအိတ်ချိုင်းကြားညှပ် ၊ သူခိုးအားပေးလုပ်မလို့ ဝိုင်းကြည့်နေတုန်း အထုပ်ဖောက်လိုက်တာ ဂုန်လျှော်ကြိုး အပြတ်စတွေဖြစ်နေလို့ လင်မယားနပန်းသတ်ကြပါလေရောဗျား …

 

ဘာပဲပြောပြော … ခေတ်ပျက်မှာ အသက်နဲ့ရင်းပြီး ဂိုထောင်ဖောက်ထားတာတွေကို သယ်မပြီး ရောင်းချသူတွေရှိလို့ မငတ်ခဲ့ပါဘူး ။ မငတ်ရုံတင်မဟုတ် … စားကောင်းသောက်ကောင်း မစားဖူးတာတွေပါစားရတာဗျား…
တကယ်ခင်ဗျ … အမဲနှပ် စည်သွတ်ဗူး ၊ ငါးသလောက်ပေါင်း စည်သွတ်ဗူး ၊ ငါးသေတ္တာ ၊ အေးခဲ ငါးအသားလွှာ / ပုဇွန်ထုပ် ၊ အသီး စည်သွတ်ဗူး ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ် … ဆိုတာတွေကို မြန်မာနိုင်ငံမှာလည်း ထုတ်လုပ်သည်ဆိုတာ အရင်က မသိခဲ့ပါဘူး ။ ကိုယ်တွေက ပျားဂေဟာ ကြက်ကြော် မေတ္တာမွန်နို့မှုန့် ကျိုက္ကဆံဘီစကွတ်လောက်ပဲ သိတာကိုး ။ ပြည်သူကို မဖြန့်ဖြူးပဲ နိုင်ငံခြားကိုပို့ သူတို့ လူကြီးပိုင်းပဲ ကြိတ်ဝိုက်နေတာ ပုလဲနဲ့ငါး ဂိုထောင်နဲ့ ၊ စက်ဆန်း စက်မှု/စားကုန် ၊ စားဖျော် ဂိုထောင်တွေပေါက်မှ ပေါပေါများများ မြည်းစမ်းခွင့်ရပါတယ် ။ အတော်နိပ်သားဗျ … နေ့ခင်းဘက် မုန့်သည်မရှိလို့ အဆာပြေတောင် ကြော်စားခဲ့သေးတာ …

 

ရန်ကုန်မြို့မှာ အဲသည့်အချိန်တုန်းက ဆန္ဒပြချိန်ကလွဲရင် မင်းမဲ့တိုင်းပြည်လိုဖြစ်နေတာမို့ လူတွေကလည်း ဓားတွေ လှံတွေ ဂျင်ဂလိတွေကိုင် ၊ လောင်းကစားဝိုင်းတွေကလည်း လမ်းဘေးတင်ပေါ်တင် ၊ ရှမ်းပြည်ဘက် ကရင်ပြည်နယ်ဘက်က အာဝါဒေးပွဲတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ။ ညနေစောင်းပြီဆိုရင်တော့ ခေါင်းဖြတ်တာ လုယက်တာတွေနဲ့မို့ အပုပ်ချိန်လို့ လူကြီးသူမတွေက သမုတ်ကြပါတယ် ။ တနေကုန် မြို့ပါတ်ပြီး ကင်းထောက်တဲ့ မောင်ကျောက်ခဲလည်း နေ့လည်သာသာ နေမစောင်းခင် အိမ်ရောက်အောင်ပြန် ဝါးတီးဆွဲပြီး အိပ်တော့တာပါပဲ ။
ဝုတ်ကဲ့ … ညရောက်ရင် ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ရဦးမှာခင်ည …
.
.

လက်ညောင်းဘီ… ဆက်ရန် … :k:

20 comments

  • kai

    September 19, 2017 at 4:20 pm

    ပဒုမ္မာတခုထဲမဟုတ်..။ မေတ္တာမွန်ဆိုတာလည်း ရှိသေးတယ်..။
    ပဒုမ္မာမှာရောင်းတာ.. ပတ်ကားဘောပင်တချောင်း.. ၁ဝကျပ်တောင်မပြည့်ဘူးလို့ မှတ်မိတာပဲ..။ :k:

    • ဦးကျောက်ခဲ

      September 19, 2017 at 8:26 pm

      ပဒုမ္မာ (၂) က ဟယ်လ်ပင်လမ်းထိပ် ထောက်လှမ်းရေး (၇) ဝင်းထိပ်မှာ …
      မေတ္တာမွန်ကတော့ စက်ဆန်း ၊ ကလေးနို့မှုန့်တောင် အဲသည့်နာမည်နဲ့ထုတ်သေးတယ်…
      အဲသည့်ခေတ်မှာ ယူနီဖောင်းဝတ်တွေလည်း မထူး …
      ထုတ်ပြီးရင် အဲသည့်ဆိုင်ရှေ့က ပစ္စည်းကောက်သူတွေဆီ ပြန်သွင်းရတာပဲ …
      ဘီအီး ချက်နို့ဆီ ကာဘော်လစ်နဲ့ ငစိန် မီးတုံးက လူတန်းစား ပြယုဂ်ပဲ … :k:

      • kai

        September 20, 2017 at 9:53 am

        ရွှေဝါ၊ ဧည့်မထ၊ ခြင်းလုံးစွပ်ကျယ် တွေလည်း သတိရမိသား..။
        ပဒုမ္မာဆိုင်ကရောင်းတာတွေက.. .. ဒုဝန်ကြီးနှင့်အထက်ပဲ ဝယ်လို့ရတာလို့ ထင်တယ်..။

        ဆူးလှေဘုရားနားမှာ.. သံတမန်ကုန်တိုက်ဆိုတာလည်းရှိသေး..။
        ၁ေ ဒါ်လှကို.. ၇-၈ကျပ်လောက်နဲ့လဲပြီး.. ဝယ်လို့ရတာတွေ..။

        • ဦးကျောက်ခဲ

          September 20, 2017 at 12:06 pm

          ဆူးလေ ဗဟိုမီးသတ်နားက.. သံတမန်ကုန်တိုက် ( နောက်ပိုင်း Escapade ဆိုပြီး ကလပ်ဖြစ်သွားတယ် ) မှာ ဝယ်ချင်ရင် သာမန်အရပ်သားက FE Bank က Earning နဲ့ ဝယ်ရတယ် ။ အစိုးရဈေးက ၆-ကျပ် ၃၅-ပြား ၊ အပြင် မှောင်ခိုဈေးက ရ – ၈ ကျပ် ။ အထူးထုတ် မန္တလေးဘီယာ ပုလင်းပုတွေကနေ သံချောင်း သွတ်ပြားအထိ မှာဝယ်လို့ ရသဗျား ။ ပန်းဆိုးတန်းနဲ့ အခု Park Royal ဟိုတယ်နေရာမှာ (အရင် Auto Car) ကားအရောင်း စင်တာတွေလည်း ရှိဖူးတယ် ။ မဆလနည်းနဲ့ သင်္ဘောသား ရှိုးဂျော့တွေဆီက နိုင်ငံခြားငွေကို ပြန်သဲ့ယူတာ … :k:

  • Shar Thet Man

    September 19, 2017 at 5:33 pm

    ဥိီးကျောက်ခဲရေးတာ ခေတ်လေးတွေတော်တော်ကိုစုံသွားပါတယ်..မမှီခဲ့ပေမယ့် ခုလိုပြန်ရှယ်ရေးပေးတာကျေးဇူးပါ.

    • ဦးကျောက်ခဲ

      September 19, 2017 at 8:31 pm

      မဆလ ခေတ်မှာ အကုန်လုံးနီးပါး မရှိတာ အတူတူပဲ …
      ဆင်းရဲ – ချမ်းသာ လူတန်းစား ဒီလောက် မကွာဟဘူး …
      ရှိတဲ့သူလည်း သိုသိုသိပ်သိပ် မနေတတ်ရင် နှိပ်ကွပ်ခံရတယ် …
      ကျောင်းစိမ်းလုံချည် ၉၉၉ တံဆိပ်တို့ အုန်းပင်တံဆိပ်တို့ ဝတ်နိုင်ရင် ဘူဇွာ … :k:

  • ကထူးဆန်း

    September 20, 2017 at 11:30 am

    ဆက်ရန် မျှော် .. 🙂 🙂

    • ဦးကျောက်ခဲ

      September 20, 2017 at 12:54 pm

      မကြာခင် လာပါမယ် ခီည …
      ဆြာတို့က မရေးတော့လည်း ရေးရတော့တာပေါ့ … :k:

  • aye.kk

    September 20, 2017 at 3:01 pm

    ရေးပါ,ရေးပါ
    စောင့်မျှော်၍ဆက်လက်၍ဖတ်ပါမည်။
    လွမ်းသည်,လွမ်းသည်
    မဆလခေတ်ကနေမျက်စိပိတ်လာတာ
    အခုမှပဲရက်သားမျက်စ်ကလေးလို,,ကလယ်,ကလယ်လေးနဲ ့
    ဖြစ်နေသေးတယ်။

    • ဦးကျောက်ခဲ

      September 20, 2017 at 3:19 pm

      မဆလ ခေတ်က ဓားပြကြီး ဘိုနေဝင်း ဓားမိုးပြီး အုပ်ချုပ်သွားတော့ …
      တိုင်းသူပြည်သား အကုန် မျက်စေ့ပိတ် နားပိတ် … ပြိုင်ဆိုင်မှုလည်း မရှိ …
      အခု … ကလယ် ကလယ်ဖြစ်လာတော့ လိုချင်တာတွေ များလာပြီ … ဟီး :k:

  • aye.kk

    September 20, 2017 at 9:09 pm

    မှန်ပ
    .
    .
    .
    .
    .မှန်ပတူမောင်ကျောက်ခဲရေ ့။

  • မဟာရာဇာ အံစာတုံး

    September 23, 2017 at 8:26 am

    ငယ်​ငယ်​က​ပေါ့ဗျာ …

    အိမ်​​ရှေ့မှာ ကစား​နေတုန်​း ​ဘေးအိမ်​က အန်​တီကြီးက ထွက်​လာပြီး ​ပြောတယ်​။

    ‘ သား​လေး အန်​တီတို့အိမ်​ ခဏ သွား​စောင်​့​ပေးဦး။ ​ဈေးက ပြန်​လာရင်​ သား အတွက်​ မုန်​့ဝယ်​ခဲ့မယ်​ ‘

    ကိုယ်​လည်​း ဝမ်​းသာ အားရနဲ့ လက်​တစ်​ဘက်​ကို စူပါမန်​း စတိုင်​နဲ့ ​မြှောက်​ပြီး ..

    ‘အိမ်​​စောင်​့ အစိုးရ .. တက်​လာပြီ … ဝူး .. ဝူး .. ဝူး ..’

    ဆိုပြီး ​ပြေးသွားမယ်​ အလုပ်​ … ကျုပ်​ အန်​တီက စိုးရိမ်​တကြီး ​လေသံနဲ့ .. ‘ ဟဲ့ .. ဘာ​တွေ ​ပြော​နေတာလဲ၊ အဲ့လို ​နောက်​တစ်​ခါ မ​ပြောနဲ့’ ရယ်​လို့ တားမြစ်​သ​ပေါ့ဗျာ။

    ကိုယ်​က က​လေး ဆို​တော့ ဘာသိမှာလဲဗျ​နော။ အန်​တီ ကို ကြည်​့ပြီး စိတ်​ထဲက​တောင်​ ​ကြောင်​​တောင်​​ကြောင်​ ဖြစ်​သွားမိ​သေးတယ်​။ အိမ်​​စောင်​့အစိုးရ ​ပြောရုံ​လေးနဲ့ ဒီ​လောက်​ထိ ဖြစ်​သွားရတာ … ဘာလားဟ …။

    အူး​လေး စာထဲက အိမ်​​စောင်​့ အစိုးရ ဆိုတာနဲ့ ပတ်​သက်​လို့ … ​မေ့မတဲ့ အတိတ်​ တစ်​ခု​ပေါ့ ခီညာ။

    • ဦးကျောက်ခဲ

      September 23, 2017 at 2:52 pm

      ကလေးသူငယ် သဘင်သည် သူရူးတို့ရဲ့ အရည်မရ အဖတ်မရစကားကို …
      “အတိတ် တဘောင်” လို့ အယူရှိတာမို့ လန့်သွားတာဖစ်မယ် …
      ဒါတောင် အိမ်စောင့်အစိုးရမို့လို့ … နဝတ လို့ အော်လိုက်ရင် … ဟီ ဟိ :k:

  • ဦး လေး မန်း

    September 23, 2017 at 7:34 pm

    အဲဒီ​ခေတ်​ကတန်​းစီတဲ့ သီချင်​း​လေးရှိတပုဒ်​ရှိသဗျ။
    ​ရေနံဆီ အိမ်​မှာကုန်​သွားပြီ ဆိုင်​မှာ​မေတန်​းစီ
    တမိုင်​​လောက်​ဘဲရှည်​ပါသည်​ ထမင်​းချက်​ဘို့ခက်​​နေပြီ ဟင်​းချက်​ဘို့ခက်​​နေပြီ
    သင်​းပျံ့ပျံ့ ​မွေးတဲ့​ရေနံဆီ ​ရေနံဆီ။

    • ဦးကျောက်ခဲ

      September 24, 2017 at 10:47 am

      :k: “မှုံရွှေရည်” သီချင်းလေး …
      ရေနံဆီဆိုလို့ ဒီဘက်ခေတ်မယ် မူးရင်ရှုဖို့တောင် ရှာဖို့လွယ်မယ်မထင် …
      ကပစ ထုတ် သတ္တုဖြူ ရေနံဆီမီးဖိုလေးတွေ ရှိသေးရင် ထောပြီပဲ … :k:

  • သင့်အေးရိပ်

    September 25, 2017 at 8:45 am

    ၈ရ မှ ဖွားတော်မူတာမို့…
    ဒိလို ကိုယ်တွေ့ကြုံရတဲ့ လူကြီးသူမတွေ ပြောပြမှပဲ….
    ကိုယ်ဖွားတော်မူရာ… ခေတ် အခြေအနေကို ပြန်လေ့လာနိုင်တယ်။
    ငယ်ငယ်ကတည်းက အမေတို့ အဖေတို့ ပြောပြတဲ့ ခေတ်ပျက်ကြီးမှာ ခါလည်သားလေး ကျနော့်ကို ပိုက်ပြီး ဘယ်လို
    ဘယ်ချမ်းသာ ဘယ်သင်း ဘယ်ဆီရယ်လို့ …ပြော ပြောပြရင်လည်း
    ပါးစပ် အဟောင်းသားလေးနဲ့ နားထောင်ခဲ့ရ….

    😆

    ဒီတစ်ပုဒ် ဖတ်ပြီးပြီမို့…ဦးလေး ရေးထားတဲ့ နောက်တစ်ပုဒ်ဆီ ပြေး ဖတ်တော်မူလိုက်ပါအုန်းမယ်

    • ဦးကျောက်ခဲ

      September 25, 2017 at 11:25 am

      တကယ် ဒုက္ခရောက်တာက အဲသည့်အချိန်အတွင်း …
      နာမကျန်းဖြစ်နေသူ နာတာရှည် ဝေဒနာရှင်တွေရယ် …
      ကလေးမီးဖွားတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရယ် …
      အိမ်သား အနိစ္စရောက်တဲ့ အသုဘရှင်တွေရယ် …

  • Foreign Resident

    September 26, 2017 at 11:33 am

    အခု Sedona ဘေး စူနီရမ်ပါတ်ထဲမှာ ပဒုမ္မာ တစ်ဆိုင် ရှိတယ် ။
    ပဒုမ္မာဆိုင်မှာ ဝယ်ခွင့်က MD / ပါတီ ဗဟိုကော်မတီဝင်ဆို ရပါပြီ ။
    အကြမ်းဖျင်း 323 စီးတဲ့သူတွေဆို ရပြီ ။ စိတ်ကြိုက်တော့ ဝယ်လို့ မရဘူး ။
    ကိုယ်ရတဲ့ လစာထက် ပိုများပြီး ဝယ်ရင် ပြသာနာ ရှိတယ် ။

    • ဦးကျောက်ခဲ

      September 26, 2017 at 12:09 pm

      မဆလ ခေတ်ဦးပိုင်းမှာ သိပ်မဆိုးဘူးဆိုတာ ကျနော့် အဘိုးလည်းပြောပါတယ် …
      နိုင်ငံရေးသမားဟောင်းတွေ ရှိသေးတော့ မဟုတ်တာ မလုပ်ရဲသေးဘူးပေါ့ …
      နောက်ပိုင်း ဖြုတ်ထုတ်သတ်နဲ့ ရှင်းပြီးတော့မှ ဂျိုထောင်တော့တာပဲ …
      မဆလခေတ်မှာ ဘိုနေဝင်းကလွဲရင် ကျန်တဲ့သူက မဝါးရဲတော့ …
      အစိုးရက ထုတ်ပေးတဲ့ Mazda 323 ကိုရောင်းပြီး ပါရမီမှာ အိမ်ဆောက်တဲ့ …
      နိုင်ငံတော် ကောင်စီဝင်ကို မှတ်မိမယ်ထင်ပါ့ … ပြုတ်သွားရှာတယ် … :k:

  • Foreign Resident

    September 26, 2017 at 11:44 am

    မဆလ ခေတ်က အစပိုင်းမှာ သိပ်မဆိုးပါဘူး ။
    ကျနော်တို့ ညီအကို ငယ်ငယ်က SMA နို့မှုန့် အစိုးရဈေးနှင့် ရောင်းပေးတယ် ။
    ကျနော် ငယ်ငယ်က လက် တံခါးညပ်တော့ အဖွားနှင့် မြို့ထဲ စစ်ဆေးရုံ ပြေးရတယ် ၊
    အဲ့ဒီ စစ်ဆေးရုံမှာ မနက် နေ့လည် ညစာ အကုန်လုံး ဆေးရုံက ကျွေးတယ် ။
    မှတ်မိတာက အဲ့ဒီ စစ်ဆေးရုံ မနက်စာမှာ အမြဲတမ်း ကြက်ဥပြုတ် တစ်လုံး ပါတယ် ။

Leave a Reply