Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရဲရဲတောက် ကင်းသမား…

ဦးေက်ာက္ခဲSeptember 24, 20171min235129

မောင်ကျောက်ခဲ ခလေးအရွယ်ကနေခဲ့တဲ့ အိမ်နားမှာ ရပ်ကွက်ဘောလုံးကွင်း တစ်ကွင်းရှိတယ်ခင်ဗျ ။ ကာလရွေ့လျောလို့ အဘတို့ခေတ်ကို ရောက်တော့မှ ၊ အဲသည့် ဘောလုံးကွင်းလည်း ဘဝပြောင်းပြီး ရေလုပ်ငန်း အအေးခန်းကုန်လှောင်ရုံ ဖြစ်သွားပါတယ် … အိုဘယ့် အနတ္တ အစိုးမရ ၊ ထားပါတော့လေ … ။ အဲသည့် ဘောလုံးကွင်းရဲ့ နံဘေးမှာ ရပ်ကွက်ကောင်စီရုံး ရှိတယ်ဆိုတော့ ၊ အခါကြီးရက်ကြီး … လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ဆိုရင် မြို့နယ်က ကြီးမှူးပြီး နိုင်ငံတော် အခမ်းအနားပွဲတွေ ကျင်းပတဲ့ နေရာပါခင်ဗျာ ။ ထုံးစံအတိုင်း မဆလခေတ် ပေါ်လစီ အာဝါဒါး ဝိဝါဒါးတွေ ဖတ်ပြပြီး “xxx ရေး … ဒို့အရေး” “အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေ အစာပိတ်ရွတ်ရတဲ့ ပျင်းရိ ငြီးငွေ့စရာ လုပ်ပွဲတွေပေါ့ဗျာ ။

 

အရွယ်သိပ်ငယ်တုန်းက ဘာမှန်းမသိခဲ့ပေမဲ့ ၊ အသက် ရ – ၈ နှစ်လောက်အရွယ် နဲနဲသိတတ်လာတော့ ကျောင်းကဆရာမကို “ဒို့အရေး” နဲ့ “အောင်ရမည်” အကြောင်း မေးတော့တာပေါ့ဗျာ ။ ဆရာမကလည်း မောင်ကျောက်ခဲလေး နားလည်အောင် သေသေချာချာ ရှင်းပြပါတယ် ၊ လိုချင်တာကို “ဒို့အရေး” … ဖြစ်ကိုဖြစ်ရမယ် ဆိုတာကတော့ “အောင်ရမည်” တဲ့ ။ မဆလရဲ့ တေဇလူငယ် ကျောင်းသားလေးဆိုတော့ ကြွေးကြော်သံတွေကို အသုံးချလိုက်တာ ရပ်ကွက်လူကြီးတွေ မျက်လုံး ပြူးကုန်ကြပါတယ် ။ သူ့အိမ်ရှေ့က သဲပုံမှာ သွားဆော့တိုင်း ထွက်ထွက်ငေါက်တတ်တဲ့ အပျိုကြီး ဒေါ်လှကို ခလေးတစ်သိုက် ဦးဆောင်ပြီး “ဒေါ်လှ အိမ်ရှေ့ ဆော့ရရေး … ဒို့အရေး” လို့ သွားအော်လိုက်တာ တိုင်ခံထိလို့ အဗျင်းခံရပါရောဗျာ ။

 

နှပ်ချေးနဲ့ မျက်ရည်တွေသုတ် ၊ စပ်ဖျင်းဖျင်း ခြေသလုံးသားကိုပွတ်ပြီး ဝေဒနာကို အဖြေရှာနေတုန်း အိမ်နီးချင်း အယူတော်မင်္ဂလာ ဆရာကြီး အဖိုးဦးချစ်တင်က “ဒီကောင်လေးတွေ အရွယ်ရောက်ရင် တိုင်းပြည် ဆူမယ်” လို့ ရှေ့ဖြစ်ဟောပါတော့တယ် ။ ရှေးလူကြီးတွေ နိမိတ်ဖတ်တာ အတော် မှန်သဗျား ၊ မောင်ကျောက်ခဲလည်း လူပျိုဖြစ် “၈၈၈၈” အရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးပါလေရော ။ ရေးရင်းလက်စ စကားစပ်မိလို့ ပြောရရင် အရေးတော်ပုံ ဘယ်တော့ဖြစ်မယ်ဆိုတာကို အတိအကျမသိကြပေမဲ့ အဲသည့်မတိုင်ခင် ၁၉၈၆ လောက်ကတည်းက လူထုကြားမှာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ကောလဟလလိုလို တဘောင်လိုလို စ ပြန့်နေပါပြီ ။ ဗေဒင်တွေ ယတြာ လောကီပညာတွေယုံတဲ့ မဆလ အစိုးရလည်း ဘယ်နေမလဲ ၊ ရွှေတိဂုံဘုရားက နေ့နာမ်ဂြိုလ်တိုင်တွေကို သွေးအစား ဆေးအနီလောင်းပြီး ယတြာချေတာ လူသိရှင်ကြားပါ ။

 

ဘယ်လိုပဲ အစီအမံတွေလုပ်လုပ် ဖြစ်ချိန် ပျက်ချိန်တန်တော့လည်း တားမရပါဘူး ။ လည်ပါတ်နေတဲ့ ငွေစက္ကူတွေကို မိုက်မိုက်မဲမဲ တရားမဝင် ကြေငြာလိုက်တာ ပထမအကြိမ် တစ်ရာကျပ်တန်တုန်းက ပြန်လဲပေးလို့ သိပ်မသိသာလှပေမဲ့ ၊ ဒုတိယအကြိမ် ၁၅-ကျပ်တန် ၊ ၂၅-ကျပ်တန် ၊ ၃၅-ကျပ်တန် ၊ ၇၅-ကျပ်တန် တွေကို ကြေငြာတော့ လက်လုပ်လက်စား ဆင်းရဲသားပါမကျန် ခွက်ဆွဲစရာမရှိအောင် ဖြစ်တော့တာပါပဲ ။ ဒုတိယအကြိမ် ငွေစက္ကူတွေ တရားမဝင် ကြေငြာပြီး နောက်နေ့မှာ ရပ်ကွက် ကုန်စိမ်းဈေးထဲ ပိုင်ဆိုင်သမျှ ငွေအကြွေတွေကို လက်ထဲမှာ ကျစ်ကျစ်ဆုပ်ကိုင်ရင်း တဝဲလည်လည်ဖြစ်နေတဲ့ အိမ်ရှင်မတွေကို ညိုးငယ်သော မျက်နှာထားတွေနဲ့ တွေ့ကြရပါတယ် ။ ဈေးသည်တွေမှာလည်း ရောင်းကုန်သာရှိပြီး ဝယ်သူမရှိလို့ ရပ်ကွက်ထဲ အိမ်ပေါက်စေ့လိုက်ပြီး သူတို့ခေါင်းပေါ် ဈေးဗန်းထဲက ရောင်းကုန် အသီးအရွက် အသားငါးတွေနဲ့ ဆန် ဆီ ကြက်သွန်တွေ လိုက်လဲနေကြရတာ မမေ့နိုင်စရာပါ ။ နေ့ချင်းညချင်း ကုန်ပစ္စည်းချင်းဖလှယ်တဲ့ “ဘာတာ စနစ်” ကို လက်တွေ့ ကျင့်သုံးကြရတာကြည့်ပြီး အတော်ဝမ်းနည်းမိပါတယ် ။

 

ခေတ်ပျက်တယ်ဆိုတာ တကယ် နဖူးတွေ့ ဒူးတွေ့ကြုံရတော့ သွေးပျက်မယ်ဆို ပျက်ချင်စရာ ။ ၈/၈/၈၈ နေ့ အားစမ်းပွဲအပြီး မဆလ အစိုးရက နောက်ကိုတစ်လှမ်းခြေဆုတ်တော့ အုပ်ချုပ်ရေးယန္တရားပျက်ယွင်းပြီး တိုင်းသူပြည်သားတွေခမျာ ကိုယ့်ရပ်ရွာလုံခြုံရေး ကိုယ်တာဝန်ယူရပါတယ် ။ မယူလို့လည်းမဖြစ် တောကြောင်တွေက ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး လုတာယက်တာတွေက ဖြစ်လာပြီလေ ။ သေမထူးနေမထူး ကျူးရပ်ကွက်တွေက ကိုယ်တော်များကလည်း ကွန်မြူနစ် ပစ္စည်းမဲ့ ဘုံဝါဒလိုလို ညာသံတွေပေးပြီး ရပ်ကွက်တွေထဲ အုပ်စုဖွဲ့ လုယက်ဖို့တွေ ပြင်လာကြတော့ ၊ လမ်းတိုင်းမှာ ကင်းစခန်းတွေချ ဝါးကပ်တွေ သစ်တုံး အုံးပင်တွေနဲ့ အရံအတား လုပ်ကြရပါတယ် ။ ဒီကြားထဲ အဆိပ်ခတ်တာ ၊ ခေါင်းဖြတ်တာတွေကလည်း ခပ်စိတ်စိတ်ဆိုတော့ နယ်မကျော်ရဲဘူးလေ ။

 

ရေတွင်း ရေကန်တွေကို အဆိပ်ခပ်တယ် ၊ တန်ပြန် အဖျက်အမှောင့်တွေလုပ်ဖို့ ပဉ္စမံတပ်သားတွေလွှတ်တယ်ဆိုတာ ကောလဟာလလို့ ဆိုပေမည့် အမှန်ပါ ။ လူတစ်သိန်းလောက် မပြောနဲ့ လူတစ်ရာလောက်ကို သတ်ဖို့ အဆိပ်သုံးရမယ်ဆိုရင် အဆိပ်ရည် ဂါလံပုံးလောက်လိုမယ်ဆိုတာ အကြမ်းဖျဉ်းတွက်ကြည့်လို့ ရပါတယ် ။ ဒါပေမည့် အရေးတော်ပုံကို နာမည်ဖျက်ချင်တော့ လမ်းဘေးနေ လမ်းဘေးစား အခြေအမြစ် နောက်ကြောင်းမရှိတဲ့ လူတွေကို ယာဘဆေးပေါ်စဦး MDMA လို့ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေကျွေး ၊ လက်ထဲကို အဆိပ်ပုလင်း ပေါက်စနလေးထည့် ၊ လူအုပ်ကြားထဲ လွှတ်လိုက်တော့တာပါပဲ ။ ယုတ်မာချက်ကတော့ ကမ်းကုန် … အဲသည့် ကြောင်စီစီလူတွေကို ဖမ်းမိတော့ ပဉ္စမံတပ်သားဒလံတွေကပဲ ခေါင်းဖြတ်သတ်ဖို့ ဝိုင်းလှော်ကြတာ လူကောင်းသူကောင်း ကျောင်းဆရာမကလေးတောင် ဂယောင်ခြောက်ခြား အသိစိတ်လွတ် (Hysteria) ဖြစ်ပြီး လူသတ်သမားဖြစ်ရတဲ့ အထိပါ ။

 

တခြားတဘက်မှာလည်း ထောင်ဖွင့်ပြီး ရာဇဝတ်ကောင်တွေကို လွှတ်ပေးလိုက်တော့ အနှီသကောင့်သားများက အာဏာမရှိတော့တဲ့ “ရဲ” တွေကို ရက်ရက်စက်စက်သတ်ပြီး လက်စားချေတော့တာပါပဲ ။ တောင်ဥက္ကလာပက နယ်ထိန်းတစ်ယောက်ရဲ့ဇနီးဆို သူ့ရှေ့မှာတင် သူ့ခင်ပွန်းကို တစစီခုတ်ထစ်သတ်ပစ်လိုက်တော့ သွေးပျက်ပြီး ရူးသွားရှာတယ် ။ အဲသည့်အချိန်တုန်းက မိုက်ဇရှိတဲ့ ထောင်ထွက်တွေက အရပ်ထဲမှာ အတော် ဘုန်းကြီးတာဗျ ။ မြောက်ဥက္ကလာပက “ရောင်ကြီးဗွေ” တို့ဆိုရင် ဟောလီးဝုဒ် ဓာတ်ရှင်တွေထဲကလို တပည့်တပန်းတွေနဲ့ စိတ်ထင်တိုင်း ကြမ်းတော့တာပဲ ။ အဘယ် နိုင်ငံရေးခေါင်းဆောင်မှ အဲသည့် လူလွန်မသားတွေကို ဩဇာမတိုး ဖျောင်းဖျလို့မရ ၊ ယုတ်စွအဆုံး အဖြတ်ခံရတော့မည့် ခေါင်းတစ်လုံးတောင် မကယ်နိုင်တာ မျက်မြင်ပါ ။ အဝါဝတ် သံဃာတော်များ ကောင်းမှုကြောင့်သာ မြို့ရွာတွေမှာ ပိုးစိုးပက်စက် အလောင်းချင်းထပ်မကုန်တာ ငြင်းမရပါဘူး ။

 

ပြည်သူ့ရဲဆိုတာလည်း အားကိုးဖို့မပြောနဲ့ လူရမ်းကားတွေက ရဲစခန်းကို မီးတင်ရှို့ရင် ရပ်ကွက်ပါ အချောင်ပြာပုံဖြစ်မှာစိုးလို့ လူထုက သူတို့ကိုပြန်ပြီး လုံခြုံရေးပေးရတဲ့ အဖြစ်ပါ ။ သေရေးရှင်ရေးဆိုတော့ အိမ်တွင်းပုန်း စာဂျပိုးပဲဖြစ်ဖြစ် ၊ နှမတွေကြားက ဂျော်လကီးပဲဖြစ်ဖြစ် နေစောင်းရင် တုတ်ဓားလက်နက်ကိုင်ပြီး ကင်းစောင့်ရတာမို့ မောင်ကျောက်ခဲလည်း ပြေးမလွတ်ပါဘူး ၊ အလှည့်ကျလည်း ကင်းစောင့်သလို အလှည့်မကျလည်း မအိပ်ခင် ဟေးလားဝါးလား လမ်းသလားတာပေါ့ဗျား ။ ၈၈၈၈ အရေးတော်ပုံက မောင်ကျောက်ခဲတို့လို တက်သစ်စ အရွယ်တွေကို အတွေ့အကြုံ အတော်ပေးသွားတယ် ။ တကယ်ပြောတာဗျ … အရေးအခင်းဖြစ်လို့ ကင်းစောင့်ရမှ Scrabble ကစားတတ် ၊ ဇယ်တောက်တတ် ၊ ဖဲရိုက်နည်းမျိုးစုံ ရိုက်တတ် … အတတ်ကောင်းတွေ ကာလသားကြီးတွေဆီက သင်ကြားတတ်မြောက်တော့တာဗျား … ။

 

လမ်းကြုံလို့ပြောရရင် မြန်မာလူမျိုးများ ၂-ယောက်ရှိရင် ၃-ဖွဲ့ဖြစ်တယ်ဆိုတာ ကိုယ်တွေ့မို့ ငြင်းချက်မထုတ်လို ၊ ဒီလောက် အရပ်ပျက်လို့ ကင်းစောင့်ရပါတယ်ဆိုမှ တလမ်းထဲသားချင်း တောင်ပိုင်း မြောက်ပိုင်း လာခွဲနေကြသေးဗျား ။ ရပ်ကွက်ကို မီးကွင်းလာပစ်ရင် ဘယ်သူက သံချောင်းခေါက် ၊ ဘယ်သူက လေးခွ ဂျင်ကလိနဲ့ပစ် ၊ ဘယ်သူက တုတ် ဓားနဲ့ ကာကွယ်ဆိုပြီး ပလန်ချပါမှ ဗိုလ်လုပ်ချင်သူတွေက များသကိုး ။ အဲသည့်ထဲမှာ မောင်ကျောက်ခဲတို့ ရပ်ကွက်ထဲက ရှေ့နေကြီးသား ၁၀၉/၁၁ဝ ယောင်-၆ဝ ကိုမောင်မြင့်ကတော့ အဆိုးဆုံးဖြစ်မယ်ထင်ပါတယ် ။ သူ့အိမ်က လမ်းထိပ် နှစ်ထပ်အိမ်ဆိုတော့ အပေါ်စီးကနေ အကုန်လုံးကို မြင်ရတာမို့ ရပ်ကွက်သားများက သူ့အမိန့်အတိုင်း နာခံကြဖို့တဲ့လေ ။ ဒါမျိုးတော့ ရပ်ကွက်ထဲက ကာလသားများကလည်း သည်းမခံ ၊ သူတို့ကလည်း မြွေမြွေချင်း ခြေမြင်ကြတာကိုး …

 

“ဟေ့ရောင် မောင်မြင့် … မင်းအကြံ ဒါအကုန်ပဲလား … ။ ငါတို့က အောက်မှာ ရပ်ကွက်အတွက် ကင်းစောင့် ၊ မင်းက မင်းအိမ် အပေါ်ထပ် ဝရံတာမှာနှပ်ပြီး ဇိမ်နဲ့ နေမို့မဟုတ်လား ။ မသိရင် ခက်ဦးမယ် … မင်း အရင်ကလည်း ဝရံတာမှာ ထွက်အိပ်နေကြ ”
ကိုမောင်မြင့်လည်း အနာပေါ်တုတ်ကျ ရှူးရှူးရှဲရှဲဖြစ်သွားပြီး …
“ဟေ့ရောင်တွေ မောင်မြင့်ကွ … သွေးကရဲရဲနီတယ် ၊ ငါက လိုအပ်လို့ ပြောတာ … အချောင်ခို နှပ်ချင်လို့ မဟုတ်ဘူး ၊ ငါ အိပ် မအိပ် မင်းတို့ စောင့်ကြည့်လိုက်”
ဘာပဲပြောပြော ကိုမောင်မြင့်အိမ်က “ဗျူဟာ” ကျတဲ့ နေရာမှာရှိတယ်ဆိုတော့ သူ့သဘောကို လိုက်လျောရတာပါပဲ ။ အဲသည့်မှာ ကိုမောင်မြင့်ကလည်း စစ်သွေးတွေကြွ ၊ မောင်ကျောက်တို့လို အငယ်တွေကို ယုံတမ်းစကား သူ့စွန့်စားခန်းတွေနဲ့ တော်ကီလွှတ်ပြီး ပွါးတော့တာပါပဲ ၊ အပျင်းလည်းပြေ ကွယ်ရာမှာ ဟားစရာလည်း ရတယ်ဆိုတော့ အေးဆေးပေါ့ ။

 

ဒါပေမဲ့ … ကြာကြာမခံပါဘူး “၁၈ စက်တင်ဘာ ၁၉၈၈” နေ့မှာ စစ်တပ်က အာဏာသိမ်းပါတော့တယ် ။ အဲသည့်ညနေက သို့လောသို့လောနဲ့ ဘယ်သူမှလည်း ရပ်ကွက်ပြင်မထွက်ရဲ ၊ အတွေ့အကြုံရှိတဲ့ လူကြီးတွေက စစ်တပ်က တကယ်ပစ်တော့မှာဆိုတာကို တွက်ဆမိလို့ တားတာလည်း ပါတာပေါ့ဗျာ ။ နောက်ဆုံးတော့ လမ်းထဲမှာ “မဆလ ပါတီယူနစ်ရုံး” ရှိလို့ စစ်တပ်က သေခြာပေါက် လာမယ် ၊ စစ်ကားသံကြားရင် ကင်းသမားတွေ အသာရှောင်ပြီး ကိုယ့်အိမ်ကို ကိုယ်ပြန်နေကြလို့ ဆုံးဖြတ်ချက်ချပါတယ် ။ လူဆိုတာမျိုးကလည်း အခက်သား ၊ ဘာမှမဖြစ်ခင်သာ အာကျယ်ကြတာ တကယ်ဘေးတွေ့မယ်မှန်းသိတော့ ဗိုက်နာသလိုလို ရှူးပေါက်မှာလိုလိုနဲ့ ည ၁၂-နာရီ မထိုးခင် လမ်းထိပ် ကင်းစခန်းက အလျှိုလျှို ကိုယ်ရောင် ဖျောက်ကုန်ကြပါလေရောဗျား ။

 

အဲသည့်မှာ သူ့အဖေ ရှေ့နေကြီးရဲ့ ရမ်ပုလင်းကို ခိုးကစ်ပြီး လမ်းထိပ်ကနေ မူးစစနဲ့…
“ဟေ့ရောင်တွေ … ကြည့်ထား ၊ ရပ်ကွက်ထဲကို စစ်ခွေးတွေမဝင်နိုင်အောင် လမ်းထိပ်ကနေ အသက်ပေးပြီး ကာကွယ်မည့် မောင်မြင့်ဆိုတာ ငါကွ” ဆိုပြီး ကြုံးဝါးသံနဲ့ နောက်ဆက်တွဲ ရှေ့နေကြီးရဲ့ ကိုမောင်မြင့်ကို ကလော်သံ ကြားလိုက်ရပါတယ် ။ ပြီးတော့လည်း ပြီးပြီးပျောက်ပျောက်ပါ ။ နောက်နေ့မနက် ဝေလီဝေလင်း ၆-နာရီ ထိုးကာနီး TE-11 စစ်ကားကြီးရဲ့ ဟွန်းသံ ဆဲဆိုသံတွေကြားလို့ ချောင်းကြည့်လိုက်တော့ … ရဲရဲတောက် ကိုမောင်မြင့်ရယ် ၊ သူ့အဖေ ရှေ့နေကြီးရယ် ၊ ရဲဘော်တွေနဲ့အတူ ဝါးကဒ်တွေဖြုတ် သစ်သားချောင်းတွေဖယ်ပြီး ထင်းဆိုက်ဖို့ စစ်ကားပေါ်တင်ပေးနေတာ “ခေါက်မုန့်သည်” ဒေါ်ဖြူလုံးရဲ့ ဈေးခုံလေးပါ အဆစ်ပါသွားတာ တွေ့လိုက်ရတယ်ခင်ဗျ … ရပ်ကွက်သားတွေကတော့ အပြစ်ပြောလို့ မဆုံးပေါ့ဗျာ ။

 

နောင် နှစ်တွေအတော်ကြာမှ ကိုမောင်မြင့်ကို လဘက်ရည်တိုက်ပြီး ချော့မော့မေးတော့ …
အဲသည့်ညက သူလည်း ခပ်ထွေထွေနဲ့ ဝရံတာမှာ အိပ်ပျော်သွားလိုက်တာ စစ်ကားကြီးက ဟွန်းတီးမှ လန့်နိုးပါသတဲ့ ။ အမှတ်တမဲ့ အိပ်နေတဲ့ ဝရံတာကနေ မတ်တပ်ထရပ်လိုက်တော့ စစ်သားတွေက သူ့ကိုမြင်သွားပြီး သေနတ်နဲ့ချိန် ၊ အိမ်အောက်ဆင်းလာခိုင်းပြီး သူနဲ့ သူ့အဖေ ရှေ့နေကြီးကို အရံအတားတွေ ဖယ်ခိုင်းတာပါတဲ့ …
ဘာပဲပြောပြော “ခေါက်မုန့်သည်” ဒေါ်ဖြူလုံးကတော့ ကိုမောင်မြင့်ကို လမ်းတွေ့တိုင်း “ရဲရဲတောက်ကြီး” ဆိုပြီး ကလော် ခနဲ့တော့တာပါပဲဗျား… :k:

.

.

ဦးကျောက်ခဲ

29 comments

  • မဟာရာဇာ အံစာတုံး

    September 24, 2017 at 8:45 am

    ကျုပ်​တို့ အ​ဖေ​မေ​​တွေ ​ပြောကြတာ​တော့
    လူး​စေ့ကို ထမင်​းလုပ်​ပြီး စားခဲ့ရပါသတဲ့ ..
    အဲ့ဒီ​ခေတ်​က ထင်​ပါတယ်​
    ကျုပ်​​မွေးပြီး တစ်​နှစ်​​လောက်​ အကြာမှာ ဖြစ်​ခဲ့တဲ့
    အဖြစ်​အပျက်​ ​တွေမို့ ..
    အရင်​့အရင်​ ကြာဖူးနားဝ များထက်​ ဗဟုသုတ အများကြီး တိုးရပါတယ်​ အူး​လေး​ရေ …

    • ဦးကျောက်ခဲ

      September 24, 2017 at 10:57 am

      ဆန်ရှားတဲ့အရပ်တွေမှာ အတော်ဒုက္ခရောက်ကုန်ကြတာ …
      ဦးလေးတို့ကတော့ ဖွားအေကြီး အမျှော်အမြင်ရှိလို့ မငတ်ခဲ့ဘူး …
      သူတို့က အရေးအခင်းတွေ အဓိကရုန်းတွေ ကြုံဖူးတော့ …
      ၁၉၈၆ လောက်ကတည်းက အိမ်မှာ ဆန် ဆီ ရိက္ခာ စုထားတယ်လေ …
      ဒုတိယအကြိမ် ငွေစက္ကူကြေငြာတော့ ဦးလေးစုဗူးကြောင့် အေးဆေး … :k:

  • ကထူးဆန်း

    September 24, 2017 at 4:52 pm

    ပြီးသေးဘူးနော် …. 🙂 🙂

    အဲ့ အချိန် ပြည်တွင်းမှာ မရှိတော့ ဘာမှ သိပ်မသိလိုက်ပါ .. ပြန်ရောက်မှ သူများပြောတာ ပါးစပ်အဟောင်းသား နားထောင်ခဲ့ ရတာပါဘဲ …

    • ဦးကျောက်ခဲ

      September 24, 2017 at 5:35 pm

      ဒီမျှနဲ့ပဲ ကြေနပ်ပါ ဆြာ …
      မရှိတော့ မသိ ၊ ကင်းမစောင့်ရဘူးပေါ့ …
      ကျနော်လည်း အဖေ သင်္ဘောတက်နေလို့ အဖေ့ကိုယ်စား ကင်းစောင့်ရတာ …
      သူပြန်ရောက်လာလို့ ပြောပြတော့ အံ့တွေဩ … ပါးစပ် How Long … :k:

  • ကျော်လွင်ဖြိုး

    September 25, 2017 at 8:22 am

    အဲ့တုန်းက ကျနော် ဆို ၃ ၄လ သားပဲရှိဦးမပေါ့။
    ဒီ ကလေးသူငယ် နဲ့ ခေတ်ပျက် ထဲ အမေတို့ ဘယ်လို စခန်းသွားခဲ့လဲကတော့ ပြန်တွေးမရ။
    သူတို့ကို မေးတော့လဲ ဒီလိုပဲ ပြီးသွားတာပါပဲ ပြောတယ်။
    ဦးလေးတွေ ကင်းသွားစောင့်ရတာ ရယ် ဆန်တွေကို နှို့မှုန့်ပုံးတွေနဲ့ ထည့်ပြီး ရေတိုင်ကီထဲ ဖွက်ထားရတယ် ဆိုတာရယ်တော့ ပြောပြတာပဲ။

    ကျန်တာတွေကတော့ အိမ်ကလဲ သိပ်လှုပ်လှုပ်ရှားရှား မရှိတတ်တော့ ကြုံမိတယ် မထင်။

    း)

    • ဦးကျောက်ခဲ

      September 25, 2017 at 11:34 am

      အရေးအခင်းဖြစ်ချိန် အိမ်မှာ ကြိုစုထားတဲ့ …
      ဆန်ပီပါ-၃လုံး ၊ ဆီ – ၄ပုံး ၊ ငံပြာရည် စဉ့်အိုး – ၁လုံး ၊ ကြက်သွန်နီ – ၁အိတ် နဲ့
      ပုဇွန်ခြောက် ငါးခြောက် ပဲ … ရိက္ခာ အတော်ရှိတယ်ဗျ …
      အိမ်နီးချင်းတွေကို မျှတာတောင် တိုးတိုးတိတ်တိတ် ကြိတ်ဝေရတယ် …
      အလုအယက်တွေက ကြမ်းတာကိုး …
      ညဘက်ကင်းစောင့်ရင် ရပ်ကွက်က ဆန်ပြုတ် ကောက်ညှင်းပေါင်း မြန်မာမုန့်မျိုးစုံ…
      တလှည့်စီ တာဝန်ယူကြတာ ကြံဖန် ပျော်စရာတောင် ကောင်းသေး … :k:

      • ကျော်လွင်ဖြိုး

        September 25, 2017 at 12:25 pm

        နယူးရီးယားည ကာလသားတွေ စုပြီး ဟင်းချက်စားသလိုများ ဖြစ်နေမလား း)

        • ဦးကျောက်ခဲ

          September 25, 2017 at 12:56 pm

          အမှန်ပဲ … ကင်းတဲဘေးမှာ ဓား လှံ လက်နက် ဂျင်ကလိတွေချ ။ လမ်းလယ်ခေါင် ဓာတ်မီးတိုင်အောက်မှာ စားပွဲခုံခင်းပြီး Scrabble ၊ ဒိုးဇက် ၊ ဇယ်တောက်ခုံတွေ ဝိုင်းဖွဲ့ကြတာ ။ ဖဲဝိုင်းက နေ့ခင်းပိုင်း … ရပ်ကွက်လူကြီးတွေက စည်းကမ်းလုပ်ထားတော့ ၅-ပြား ၁၀-ပြားကြေး ။ တချို့ညတွေဆို နေ့ခင်းပိုင်း ဂိုထောက်ဖောက်တဲ့ဆီကရတဲ့ ငါးအသားလွှာတို့ ပုဇွန်တို့ကို မုန့်နှစ်နဲ့ တမ်ပူရ ကြော်စားသေးတာဗျား … ဒိုင်ခံကြော်ပေးသူက “ခေါက်မုန့်သည်” ဒေါ်ဖြူလုံး … ။ ချက်အရက်တွေ လှိုင်လှိုင်ပေါပေမည့် အဆိပ်ခတ်မှာလည်း ကြောက်ရ ၊ ဖောရှောလည်း ကြောက်ရ ၊ ရပ်ကွက်လူကြီးတွေလည်း ကြောက်ရ ဆိုတော့ ဂလုတဲ့သူမရှိ … ။ ခလေးတွေကလည်း လမ်းပိတ်ထားတော့ လမ်းပေါ်ထွက်ဆော့ … ပျော်စရာကြီး ။ :k:
          အိပ်မောကျချိန် ညည့်နက်ပိုင်းနဲ့ မနက် ဝေလီဝေလင်းသာ မီးကွင်းပစ်မှာ လန့်ရတာ …

  • Shar Thet Man

    September 25, 2017 at 1:19 pm

    မမှီလိုက်တဲ့ခေတ်ကို ခုလိုပြန်ရေးပြတော့ အတော်တော့ဖတ်လို့ကောင်းသား ဗဟုသုတလည်းရပါတယ် စာအရေးအသားလည်း
    ကောင်းပါတယ်

    • ဦးကျောက်ခဲ

      September 25, 2017 at 1:56 pm

      ကျေးဇူး ဥပကာရ တင်ရှိပါဒယ် ခင်ဗျား … :k:

  • Foreign Resident

    September 26, 2017 at 10:58 am

    ကျနော်တို့က ရပ်ကွက်ထဲမှာလည်း အိမ်တစ်လုံး ရှိတော့ ၊
    အဲ့ဒီအိမ်မှာ သွားစောင့်နေရတော့ အများနည်းတူ ကင်းစောင့်ရတာပေါ့ ။
    နေ့ခင်းဘက်ဆို မြို့ထဲထွက်ပြီး တစ်ဖွဲ့ဖွဲ့နှင့် ဒို့အရေးအော် ဆန္ဒဝင်ပြလိုက် ။
    အို ညဦးပိုင်းဆို ရပ်ကွက် ကာလသားခေါင်း ဘေးအိမ်က ဆရာဝန်နောက်လိုက်ပြီး ၊
    ( ကျနော်တို့ ရပ်ကွက်က လူချမ်းသာများလို့ အလှည့်ကျ ကျွေးကြတယ်လေ )
    ဒီနေ့ ဟိုဘက်လမ်းမှာ ကြက်ကာလသားချက် နှင့် လဖက်ရည် သွားတီးလိုက် ၊
    နောက်နေ့ ဒီဘက်လမ်းမှာ ဝက်သား အိုးကြီးချက် နှင့် အချိုရည် သွားသမလိုက်နှင့် ၊
    ကြားချိန်တွေမှာလည်း လူကြီးတွေရဲ့ ဗဟုသုတ စကားမျိုးစုံကို စုဖွဲ့ နားထောင်လိုက် ၊
    ( လမ်းထိပ်က ဇော်လင်း အိမ်မှာစုမိတော့ ရုပ်ရှင်အကြောင်း ပြောကြတာ များပါတယ် )

    ပြောရမယ်ဆိုရင် လူငယ်ဘဝရဲ့ တကယ့် အမှတ်တရ ပျော်ခဲ့ရတဲ့ အချိန်တွေပါ ။
    ကျနော်တို့ ရပ်ကွက်ဖက်က စစ်တပ်ကို အပြင်းအထန် ချတဲ့သူ သိပ်မရှိတော့ ၊
    စစ်အုပ်ချုပ်ရေး ကြေငြာတော့လည်း ဘာမှ သိပ် အန္တရာယ် မရှိခဲ့ပါဘူး ။
    အင်းစိန် ထောင်ခါတော့ ၉မိုင် သချိုင်းမှာ စုမိနေတဲ့ကောင်တွေကိုဘဲ ပူရတာ ။
    စစ်တပ်လည်း အာဏာသိမ်းပြီးရော အဖေက ပြန်လာခေါ်သွားရော ။

    • ဦးကျောက်ခဲ

      September 26, 2017 at 12:19 pm

      ၈၈၈၈ မတိုင်မီက ကျနော်တို့လမ်းထဲမှာ ကန်ထရိုက်တိုက်လည်းမရှိ …
      ကိုယ့်အိမ်ဝိုင်းနဲ့ကိုယ် အိမ်ပေါက်စေ့က လူကုန်ကို သိကြတယ် …
      ဒါပေမဲ့ အိမ်နောက်ဘက်က အလုံအမှိုက်ပုံ (အခု ရွှေတောင်တာဝါ) မှာ …
      ကျူးကျော်တွေရှိတော့ သင်းတို့ ဒွတ်ခပေးလို့ ကျီးလန့်စာစား ဖြစ်ခဲ့ရတာ …
      အလုံမှာ ခေါင်းဖြတ်တယ်ဆိုတာလည်း သူတို့တွေပဲ …
      ဘာပဲပြောပြော … ပျော်တော့ အတော်ပျော်ခဲ့သား … :k:

  • Kaung Kin Pyar

    September 26, 2017 at 11:00 am

    ဦးကျောက်ရဲ့ အရေးအသားကိုတော့ လက်ဖျားခါတယ်….။ မျက်စိထဲကွင်းကွင်းကွက်ကွက်ပဲ…

    • ဦးကျောက်ခဲ

      September 26, 2017 at 12:20 pm

      အသာလုပ်ပါကွီ … ရေးတတ်သလို ရေးတာပါ… :k:

  • kai

    September 26, 2017 at 11:31 am

    မှီယုံတင်မက.. ပါလိုက်ရသမို့.. အဟောင်းတွေအသစ်ဖြစ်ပေါ့..။
    ဆိုတော့.. “ရောင်ကြီးဗွေ” က အခု ..ဖို့ဒ်ဝိန်းမှာနေသဗျ..။
    အမှတ်မမှားရင်.. အရက်သောက်ပြီး ကားမောင်းတာမှာ.. တားမရသမို့.. ရဲလည်း လက်မြှောက်ထားရသတဲ့..။
    သူ့ပြောစကားတခုရှိတယ်ဆိုပဲ..။ နွားလှည်းများ..မောင်းရင်.. မောင်းသူအရက်သောက်ထားလည်း.. နွားတွေက ဖြောင့်နေအောင်သွား.. အိမ်ပြန်တတ်တာတဲ့..။
    ကား ကျမှ.. ဟိုဝင်ဒီတိုက်နဲ့.. မောင်းသူက.. အဖမ်းခံရတာတဲ့လေ..။ :k:

    • ဦးကျောက်ခဲ

      September 26, 2017 at 12:25 pm

      ဝှါး … “ရောင်ကြီးဗွေ” သတင်းပျောက်နေလို့ သေပြီမှတ်ထားတာ …
      ဖို့ဒ်ဝိန်း ရောက်နေသဂိုး … အတော်ကြမ်းတဲ့ ဘဲဂျီး … :k:
      ခေတ်ရေစီးက လူတွေကို ပြောင်းလဲစေတယ်ဆိုတာ အမှန်ပဲ …

  • manawphyulay

    September 26, 2017 at 2:59 pm

    အဲဒီအချိန်က အင်းစိန်ထောင်မှာလည်း အကြီးအကျယ်ပေါ့။ မနောတို့ဆို ကလေးသာသာအရွယ် အိမ်အောက်မှာ မြေကျင်းတူးပြီး နေခဲ့ရတာကို ပြန်အမှတ်ရမိသေးတယ်။ အမကတော့ နည်းနည်းကြီးနေပြီဆိုတော့ ပြေးရင်း ခြေထောက်မနာအောင်ဆိုပြီး စီးမိစီးရာ စီးထားတာ ဒေါက်ဖိနပ်ကြီးဖြစ်နေတာ မြင်ယောင်မိသေးတယ်။

    • ဦးကျောက်ခဲ

      September 26, 2017 at 3:38 pm

      ထောင်ဆူလို့ သေလိုက်ကြတာလည်း သောက်သောက်လဲ …
      နှစ်ကြီး သေဒဏ် ကျွန်းသမားတွေကတော့ ထောင်ပေါက်တာတောင် မသွားတတ်လို့ ထောင်ထဲကိုပဲ ပြန်ဝင်လာတယ်လို့ဆိုတယ် … ။
      ကျောင်းသားတွေစုပြီး အိမ်ပြန်မည့် ထောင်ကျတွေကို ကူညီပေးခဲ့တာလည်း အမှတ်တရ …
      လေတပ်နဲ့ ရေတပ်က ဗုံးနဲ့ထုမယ် အမြှောက်နဲ့ပစ်မယ်ဆိုလို့ အိမ်ရှေ့က မြောင်းပေါက်ကို ခြေကုန်လက်ပန်းကျအောင် အဖုံးကလော်ခဲ့ရတာလည်း အမှတ်တရ … :k:

    • Foreign Resident

      September 26, 2017 at 5:33 pm

      ” လေတပ်နဲ့ ရေတပ်က ဗုံးနဲ့ထုမယ် အမြှောက်နဲ့ပစ်မယ်ဆိုလို့ ”
      ဟား ဟား ဟား ကျနော်ပြောတဲ့ ရပ်ကွက်ထဲက အိမ်မှာ သွားနေဖြစ်တဲ့
      အကြောင်းရင်းထဲမှာ အဲ့ဒဟာတွေလဲပါသပေါ့ ။
      ၁ ။ ကျနော်တို့တပ်က ရန်ကုန်တပ်ဆိုတော့ ဆန္ဒပြတဲ့ အထဲမှာ ၊
      ကျနော်တို့တပ်ကလည်း ယူနီဖေါင်းနှင့်ကို တော်တော်များများ ပါတယ် ။
      ၂ ။ အဲ့ဒီတော့ တပ်မ ၂၂ က ကျနော်တို့ကို သစ္စာဖေါက်လို့ ပြောတော့ ၊
      တပ်မ ၂၂ နှင့် ကျနော်တို့တပ်ကြားမှာ တော်တော်ကို တင်းမာနေတယ် ။
      ၃ ။ ဒီကြားထဲ ဝန်ကြီးချုပ်နှင့် ဝန်ကြီး တစ်ချို့က ကျနော်တို့ တပ်ဝန်းထဲမှာ ၊
      လာနေတော့ ၊ လေတပ်နဲ့ ရေတပ်က ထုမယ် ဆိုရင်လည်း မလွတ်ဘူး ။
      ၄ ။ အစပိုင်းမှာ ရန်ကုန်တပ် ကိုသုံးပြီး ဆန္ဒပြတာကို ဖြိုခွင်းခဲ့တော့ ၊
      ပြည်သူတွေကလည်း ရန်ကုန်တပ်တွေကို မကြည်ဘူး ဖြစ်လာတယ် ။
      ဆန္ဒပြသူတွေက လမ်းထိပ်မှာ တပ်မှူးကို ခေါင်းဖြတ်မယ် လာအော်တယ် ။
      ၅ ။ စိန်လွင် ရဲ့ နာမည်ကျော် ၊ ပစ် ၊ သေအောင်ပစ် ၊ ဒါဏ်ရာနှင့်မလိုချင် ၊
      ဆိုတဲ့ မိန့်ခွန်းကြောင့် ၊ တပ်ထဲက ရဲဘော်တွေဟာ သေနတ်ကြီးတွေကိုင်ပြီး ၊
      သူတို့ အရာရှိတွေကို ဖက်ပြီး ငိုခဲ့ကြတယ် ။
      တောင်ဥက္ကလာမှာနေတဲ့ အရာရှိ ရဲဘော်တွေကို တောင်ဥက္ကလာကိုဘဲ ၊
      သွားရှင်းခိုင်းတော့ ၊ သောက်ဂွတွေ အကုန်ဖြစ်ကုန်တာပေါ့ ။
      နောက်မှ တပ်မ ၂၂ ဝင်လာတာ ။

      ဒါတွေကြောင့် ကျနော်တို့ အဖေက ကျနော်တို့ကို ၊
      ဘေးကင်းတဲ့ ရပ်ကွက်ထဲက အိမ်ကို ပို့လိုက်တာ ။

      • ဦးကျောက်ခဲ

        September 26, 2017 at 7:08 pm

        ၈၈၈၈ အချိန်မှာ ဝန်ကြီးချုပ်က သူရဦးထွန်းတင် …
        သူ့အရင် ဦးမောင်မောင်ခကတော့ သားမက်ကောင်းမှုနဲ့ ပင်စင်အပေးခံလိုက်ရတာ ခပ်ကောင်းကောင်း ဖြစ်သွားတယ် ။
        ၂၂ တပ်မမှူးက ဗိုလ်မှူးကြီးတင်လှ (ဝါးလွန်းလို့ ဒု-ဗိုလ်ချုပ်ကြီးနဲ့ ပြုတ်) ။ ရန်ကုန်ကို နှိပ်ကွပ်တော့ ခေါ်ချလာတာ တိုင်းရင်းသား ရဲဘော်တွေ အများစု ၊ မြို့ပေါ် ဗကပတွေကို နှိမ်နင်းဖို့တဲ့ … :k:

  • aye.kk

    September 27, 2017 at 4:36 pm

    ရဲရဲတောက်
    ကင်းသမားနာမည်နဲ ့လိုက်အောင်
    သွေးကြွခဲ့တဲ့အန်တီအမျိုးသားကို
    မြင်ယောင်မိတယ်။
    အန်တီကဒုတိယသားမွေးနေတဲ့အချိန်
    မီးနေသည်အခန်းမှာနေနေရတုန်းပဲရှိသေးတယ်။
    မီးဖွားနေတဲ့မိန်းမကိုထားပြီး၊လွယ်အိပ်ထဲ
    ဂျင်ကလိ,လေးခွကိုင်ပီးကင်းသွားစောင့်ပေးတာအမှတ်ရမဆုံးပါ။
    ၈၈အရေးခင်းထဲမှာမွေးလာတဲ့သားလေးကလည်း
    ဆယ်ကျော်သက်လာတဲ့အထိ
    အိပ်မက်အမြဲလိုလိုထယောင်တာ
    တက်တက်,တိုက်တိုက်ပဲ။
    တော်သေးတယ်၊ကြီးလာတော့မှပျောက်သွားလို ့။
    သူ ့မွေးနေတဲ့အချိန်သူ ့အဖေက
    မီးတွင်းထဲမိန်းမအနားမှာမနေပေးလို ့အန်တီကတော့
    စိတ်ထဲမကြေနပ်တော့
    သားကိုနောက်ကြောင်းပြန်လှန်ပီးပြောပြောပြမိတယ်။
    ရဲရဲတောက်ကြီးဆိုပီးတော့ပါ။

    • ဦးကျောက်ခဲ

      September 27, 2017 at 7:05 pm

      အဲသည့်အချိန်တုန်းကတော့ အကုန် တက်ကြွတဲ့ ကြက်ဖတွေချည်း … :k:
      အရေးတော်ပုံအတွင်း မီးဖွားတာဆိုတော့ အတော် ကသီမယ် …

  • aye.kk

    September 27, 2017 at 9:29 pm

    အမှန်ဘဲတူမောင်ရေ ့
    နိုင်ငံအရေးအခင်းနဲ ့ပတ်သက်လာတော့
    သားမယားဆိုတာကြီးပါမေ့ပီးပစ်သွားတဲ့
    အန်တီအမျိုးသားကို၊အန်တီကပြောမဆုံးပေါင်ဖြစ်ရတယ်။
    ခံစားရမဆုံးပါဘဲ။မှတ်မှတ်ရရစိတ်မှာစွဲလို ့ဖျောက်မရအောင်
    ဖြစ်မိဘူးတာပါ။

    • ဦးကျောက်ခဲ

      October 2, 2017 at 5:16 pm

      အသက်ဘေး နိုင်ငံအရေးဆိုတော့လည်း လက်ရှောင်လို့မရဘူးလေ …

  • ဂျစ်စူ

    September 29, 2017 at 3:17 pm

    ဟုတ်တယ်
    ကျနော်လဲ ကင်းစောင့်ခဲ့ရတာပေါ့
    ခြင် ၅ ကောင်တောင် ဝင်ကိုက်သွားသေးတယ်
    မယုံမေးကျိ

    • ဦးကျောက်ခဲ

      October 2, 2017 at 5:14 pm

      မေးကျိကို ဝင်ကိုက်သွားတာဂိုး … ခွိ :k:

  • သင့်အေးရိပ်

    October 2, 2017 at 1:50 pm

    စက်တင်ဘာ ၁၈ အာဏာ သိမ်းတဲ့နေ့ဟာ…
    ကျနော် အသက် တစ်နှစ်တင်းတင်း ပြည့်တဲ့နေ့….

    အဲ့ဒီအတိတ်တွေကို သေချာ မျက်မြင်ကိုယ်တွေ့လိုက်ရသူတွေ ပြန် ပြန် ပြောပြရင်…
    ပါးစပ်အဟောင်းသားနဲ့ နားထောင်ချင်တုန်းပဲ။

    လေးကျောက်ပြောပြတာတွေ ဖတ်ရတာ …
    ခြေရာပျော်မြစ် စာအုပ် ဖတ်ရတုန်းက ခံစားချက်မျိုးထက် ပို ဖတ်လို့ ကောင်း

    • ဦးကျောက်ခဲ

      October 2, 2017 at 5:13 pm

      တစ်နှစ်ဆိုတော့ ဘာဆို ဘာမှ မှတ်မိမှာမဟုတ် …
      အူးလေးတို့အတွက်လည်း သာယာကြည်နူးဖွယ် အတိတ်မဟုတ်လို့ …
      မေ့ချင်ပေမဲ့လည်း အချိန်ကျရင် သတိရမိနေတာ အခက်သား …

    • သင့်အေးရိပ်

      October 2, 2017 at 8:35 pm

      ခြေရာပျောက်မြစ် စာအုပ်လို့ ရေးမလို့ကို
      ခြေရာပျော်မြစ် ဖြစ်သွားတယ်။ အာ့-လာပြန်ပြောတာ
      :k:

Leave a Reply