ဒီနိုဝင်ဘာက ငါ့ကို ပျော်ခွင့်မပေးဘူး
⬛⬛⬛KOSIX⬛⬛⬛
နင့်ကနဲ နေအောင် အံ့ဩထိတ်လန့်စရာ ကိစ္စမျိုး ရုတ်တရက် ကြားသိလိုက်ရတဲ့အခါထက်……
လူတစ်ယောက်အတွက် ကြိုတင်သိရှိနေရတဲ့ အမှန်တကယ်သေရမည့် ရက်စွဲကို ထိုသူကိုယ်တိုင်က ဘယ်လောက်ထိတ်လန့်နေရမလဲ။
အဲဒီလို ကြုံတွေ့နေခဲ့ရသော လူတစ်ယောက် ကျွန်တော့်မှာ ပိုင်ဆိုင်ထားခဲ့ဖူးပါသည်။ ခုတော့ သူပြောခဲ့သလိုမျိုး သေဆုံးသွားခဲ့ပါပြီ။ ထိုသူသည် ဆရာနှောင်းဟေမာန် (တောင်ငူ) ဟူသတည်း။
ကျွန်တော်နှင့်လွန်စွာ ရင်းနှီး၍ စာပေနယ်ပယ်တစ်ခုသို့ သောင်းပြောင်းထွေလာရယ်စရာဟု အမည်ရသောမဂ္ဂဇင်းတစ်ခု၌ သူ၏ အမည်နာမအနွတ္တညာကို စတင်သိရှိခဲ့ရပြီး……… ကျွန်တော်က သူ့ကို
ကိုနှောင်း
သို့မဟုတ်
ဆရာနှောင်းဟု တန်ဖိုးထားလေးစားစွာ ခေါ်မိခဲ့သူက ဒီနိုဝင်ဘာမှာ လူ့ဘဝက အပြီးတိုင် ထွက်ခွာသွားပြီလို့ ဆရာမင်းထက်သားညီ (တောင်ငူ)ဆီက သိရတော့ ကျွန်တော် ရင်ထဲမှာ နင့်ကနဲ။
ဪ… သွားနှင့်ပေဦးတော့ ကိုနှောင်းရေ…။
ခင်ဗျားက
လူအဖြစ်လာခဲ့တယ်။ စာရေးဆရာအဖြစ်နဲ့ ပြန်သွားတယ်။
ဒါပါပဲ။ ခင်ဗျားသမိုင်း
ဘယ်သူတွေ ဘာပဲပြောပြော ခင်ဗျားကို တန်ဖိုးထားလေးစားတယ်။
⬛⬛⬛
ည ၁၁ နာရီလောက်ကြီး ကျွန်တော့်ဖုန်းက ထမြည်လာသည်။
စိတ်ထဲမှာတော့ မကျေနပ်လှ။ အချိန်မတော် ဖုန်းဆက်လာတာကိုး” ပြောပါ။ ဘာအကြောင်းရှိပါသလဲဗျ ”
” ကိုစစ်ရေ … ငါ နှောင်းကြီးပါဟ ”
ကျွန်တော်လည်း ကိုနှောင်းဆိုမှ ထိတ်ထိတ်ပျာပျာ ပြန်မေးမိသွားသည်။
” ဟာဗျာ ကိုနှောင်းမှန်းမသိလို့ပါ။ ခင်ဗျားက ဖုန်းနံပါတ် ပြောင်းသွားပြန်ပီလား ”
” အေးကွာ။ မနေ့က ဖုန်းပျောက်သွားလို့ ။ ဒါနဲ့ မနက်ဖြန် ကုတင် ၁၀၀ဝ နေပြည်တော် လာစရာရှိတယ်။ အဲဒါ တို့ညီကိုနှစ်ယောက်ဆုံကြရအောင်လို့ ဖုန်းဆက်တာ ”
” OK လေ ။ နေပြည်တော် ရောက်ရင် ဖုန်းဆက်လိုက်တော့ ။လာခဲ့မယ်။ ဒါနဲ့ ကုတင် ၁၀၀ဝ လာစရာဆိုတော့ ကျန်းမာရေးက မကောင်းဘူးလားဗျာ”
” အာ …အဲလောက်ကြီး မဟုတ်ပါဘူး ။ မက်ဒီကယ်ချက် လောက်ပါဟ”
” အေးပါဗျာ။ စိတ်ပူလို့ မေးမိတာပါ။ ကျွန်တော်လည်း ကုတင် ၁၀၀ဝ ပြင်ပလူနာပါပဲဗျ”
” အမ်! ကိုစစ်ကလည်း မကျန်းမာဘူးလား”
” အဟား… ခင်ဗျားပြောသလို ပါးပါးလေးပါဗျာ”
ထိုတုန်းက ရယ်သံတွေနဲ့ ညအိပ်ခဲ့ကြတာပေါ့။
⬛⬛⬛
ဆိုင်ကယ်ကို တောင်တက်လမ်းအတိုင်း တက်လာစဉ် လူတစ်ယောက်က လက်ပြနေတာ မြင်လိုက်လို့ ကြည့်လိုက်တာ ကိုနှောင်းကြီး။
” ဒီးနားက ထွက်စောင့်နေတာ။ ဆေးရုံက နောက်တစ်ပတ်ထပ် ချိန်းတယ်”
” ခုက ဘာပြောလဲဗျ”
” သောက်ဆေးတွေပဲ ပေးလိုက်တယ်လေ။ ကဲ ဆိုင်တစ်ဆိုင် သွားရအောင်ကွာ”
”go မယ်လေ”
သပြေကုန်းဈေးရဲ့ အနောက်မြောက်ထောင့်က ‘တောင်ထိပ်ပန်း’ဆိုတဲ့ ဆိုင်ကလေးဆီ ရွေ့ရင်း ကျန်းမာရေးကစပြီး စာအုပ်ကိစ္စတွေပါ ပြောဖြစ်ခဲ့ကြသည်။
ပျော်စရာ ကောင်းလိုက်သည့် ဖြစ်ခြင်း။ ထိုနေ့သည် အနုပညာပိုးတို့ လွတ်လွတ်လပ်လပ် ပျံသန်းကုန်ခဲ့သည်။ သို့သော်လည်း သူ၏ ကျန်းမာရေးသည် ထင်သလောက် ဆိုးဝါးနေလိမ့်မည်ဟုလည်း ထင်မနေခဲ့။ သူ့ကြည့်ရသည်က ဆိုးဝါးနေသည့်ဟန် မမြင်ရ။ ဒါသည် နောက်နောင် သူနဲ့ နောက်ဆုံးအကြိမ် ဆုံဖြစ်ကြသည်မှန်း ထိုစဉ်က စိုးစဉ်းမျှ မထင်ခဲ့။ အမှန်ဆို ကိုနှောင်းက သူ့အခြေအနေကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်သာ။
ဪ…… ခုတော့ သင်္ခါရမြစ်ထဲ ပက်လက်မျောသွားပါသွားချေပြီကိုး။
⬛⬛⬛
ကိုနှောင်းပြောသလို ဒီအပတ်ထဲ ဆေးရုံလာမည်လို့ ပြောလို့ မနက်အစောကြီးကတည်းက ဆုံဖြစ်အောင် စီစဉ်ထားလိုက်သည်။
ကိုနှောင်းဆီ ဖုန်းဆက်လိုက်တော့ ။
” ကိုနှောင်း… နေပြည်တော် လာနေပီလားဗျ”
” ကိုစစ်ရေ …စိတ်တော့မရှိနဲ့ ကွာ။ ဒီနေ့ မလာဖြစ်တော့ဘူး။ အမျိုးတစ်ယောက် နာရေးကြုံနေလို့။ မလာတော့ဘူး။ လာမည့်အပတ်မှပဲ လာတော့မယ်”
” ဟာ ! ဆေးရုံက ငေါက်နေမှာပေါ့ဗျာ။ အေးလေ နာရေးဆိုတော့လည်း ဘယ်တတ်နိုင်မှာတုန်း”
အမှန်တကယ်က ထိုနေ့မှာ သူ ကုတင် ၁၀၀ဝ ကို လာခဲ့သည်။ နာရေးရှိသည်ဆိုတာကလည်း လိမ်ခဲ့ခြင်းရယ်ပါ။ ကျွန်တော့်ကို ဒုက္ခ မပေးချင်လို့ဟု ညပိုင်းကျမှ ဖုန်းဆက်ပြောပြလာခဲ့သည်။
သူ့ကို စိတ်ဆိုးလိုက်တာ ပြောမနေတော့နဲ့။
” ခင်ဗျားဗျာ ။ ဘာလို့ ကျွန်တော့်ကို လိမ်ခဲ့တာလဲ။ ကုတင် ၁၀၀ဝ ဆိုတာ ကျွန်တော့် နယ်ပါဗျ။ ကူညီပေးရအောင်လို့ ဒီကဖြင့် စီစဉ်ထားခဲ့တာ။ ခင်ဗျား လွန်လွန်းတယ်”
” အဟဲ… ညီ့ကို ဒုက္ခမပေးချင်လို့ပါကွာ။စိတ်မဆိုးပါနဲ့။ ဆေးရုံကလည်း ငါ့ကို တက်ခိုင်းနေတာကွ။ ငါ တိတ်တိတ်လေး ပြန်လစ်သွားတာ။ မင်းသိရင်လည်း ငါ့ကို တားနေမှာကိုး။ ငါ ခဏနေရင် မင်းဆီ ဖုန်းပြန်ဆက်မယ် ။ခု အကြောင်းလေးရှိသေးလို့”
”ခင်ဗျားဗျာ။ ဟုတ်ပြီ ။ ခဏနေ ခင်ဗျား ဖုန်းမခေါ်ရင် ကျွန်တော်က လှမ်းခေါ်မှာ”
”စိတ်ချ။ ငါဆက်ဆက် ခေါ်လိုက်မယ်။ ကိုစစ်ကိုလည်း ပြောပြစရာတွေ အများကြီးရှိနေသေးတယ်။ တစ်ခုပဲ ဘယ်သူ့မှ ပြန်ပြောမပြရဘူး။ ပြောပြချင်တယ်ဆိုရင်တော့ ငါသေသွားပြီးမှ တို့အဖွဲ့တွေကို ပြောပြလိုက်ပေါ့”
” ဟေ့လူ ဟာ”
ဖုန်းချသွားပြီသည်။ ဘယ်တုန်းကမှ ဒီလိုမျိုးမဟုတ်။ ဖုန်းပြောရင်ဖြစ်စေ၊ စကားပြောရင်ဖြစ်စေ အဲလို ပြတ်ပြတ်သားသား လုပ်လေ့မရှိ။ လိုရင်းမရောက်ဘဲ ဝေ့နေတတ်သည်သာ။ ခုတော့ သူက ပြောချင်တာပြောပီး ဖုန်းချသွားသည်။
ကျွန်တော်လည်း ပြန်ခေါ်မနေတော့ဘူး။ သူပြောတဲ့ ငါသေသွားရင် ဆိုတဲ့စကားကိုသာ တွေတွေကြီး တွေးနေမိတော့သည်။
ဘာ အဓိပ္ပာယ်ပါလိမ့်ပေါ့။
⬛⬛⬛
ထိုညက အချိန်လင့်သည်အထိ သူဖုန်းမဆက်လို့ ကျွန်တော် အကြိမ်ကြိမ်ခေါ်သည်။ ဖုန်းလည်း မကိုင်ပါ။ ဒီလူ ဘာလို့ ဒီလိုလုပ်နေတာလဲပေါ့။ ရင်ထဲမှာ အတော်ထိတ်လာခဲ့သည်။
မတွေးကောင်းရာ တွေးမိသွားသည်။ သူ့ဘာသာ ဆူဆိုက်လုပ်တာများလားပေါ့။
လျှောက်တွေးနေမိချိန်
”တူ တူ တူ”
” ဟလို။ ခင်ဗျားဖုန်းကို စောင့်နေတာဗျ။ ပြန်ခေါ်တော့လည်း ဘာလို့ ဖုန်းမကိုင်တာတုန်း”
” တောင်းပန်ပါတယ် ကိုစစ်ရာ……။ ဘေးဖြည့်နေတာမို့ပါ။ ခု ငါ မူးနေပြီ ကိုစစ်။ ဒါပေမယ့် မင်းကို ပြောစရာတွေ အများကြီးရှိတယ်။ အချိန်လေးတော့ပေးကွာ”
” ရပါတယ်ဗျာ။ ပြောမှာသာပြောပါ။ စိတ်ပူအောင်တော့ စကားတွေ သိပ်မပြောနဲ့။ ဒါပဲပြောထားမယ်။ ဟုတ်ပြီနော်။ တအားမူးနေရင်လည်း မနက်ကျမှ ပြောပြပါလား”
” ဟင့်အင်းကွာ ။ ဒီညပဲ ပြောပြမှာ။ နောက်ရက်တွေကျရင် ဖုန်း မကိုင်တော့ဘူး။ အိုကွာ ။ ဘယ်တော့မှ ဖုန်းကိုင်တော့မှာ မဟုတ်ဘူး”
”ဗျာ!”
အတော့်ကို အဩသွားမိသည်။ သူ့မှာ ဘယ်လောက် စိတ်ညစ်စရာရှိနေပြီလဲ။ ရင်ထဲမှာ မကောင်းလှတော့။
” ဒီလိုလုပ်ဗျာ။ မနက်ဖြန် တောင်ငူကို ကျွန်တော်လာခဲ့မယ်။ ဆုံကြမှ ပြောစရာတွေ ပြောပြတော့”
” နိုး နိုးနိုး။ မလာနေပါနဲ့။ ခု ငါပြောပြတာတွေသာ နားထောင်ပါကွာ”
ကျွန်တော် ရင်ထဲ တစ်ခုခု ပစ်ထည့်လိုက်သလို လေးသွားသည်။
” ခု ငါ အရမ်းမူးနေပြီ။ မူးနေလို့ လျှောက်ပြောနေတယ်တော့ မထင်ပါနဲ့။ ကိုစစ်ကို ခင်မင်ရင်းနှီးလွန်းလို့ ဒီလို ပြောပြရတာပါ။ ကိုစစ်ကို ညီအစ်ကို အရင်းတွေလို ခင်တယ်ကွာ။ မင်းက စိတ်ထား သိပ်ဖြူတဲ့ကောင်ပဲ။ အနုပညာကိစ္စမှာ ငွေကို ဘယ်တော့မှ ရှေ့တန်းမထားတဲ့လူပါ။ ငါတို့အဖွဲ့အတွက် အမှတ်တရ စာအုပ်တစ်ခု စီစဉ်နိုင်ခဲ့တာကို သေပျော်ပါပြီကွာ။ ရင်ထဲကနေ ပြောပြတာပါ။ နောက်တစ်အုပ်တော့ လုပ်ချင်သေးတာ။ ဒါပေမယ့် ငါ့ကျန်းမာရေးအခြေအနေက မနေရတော့ဘူး ဆိုတာ သေချာသိသွားပြီ ကိုစစ်ရေ”
ကျွန်တော် အံ့ဩလွန်းလို့ မျက်ရည် လည်မိသည့်အထိ။ သူ တကယ်ကြီးပဲ အခြေအနေ မကောင်းတော့တာလား။
ကိုနှောင်းက ငိုသံပါလာသော အသံတွေနဲ့ ဆက်ပြောလာပြန်သည်။
” ခု မင်းရယ်၊ မင်းသူငယ်ချင်းရယ် [ မင်းကျန်စစ် -နေပြည်တော် ကို ရည်ညွန်းနေခြင်းဖြစ်သည်] အတူထိုင်ခဲ့ကြတဲ့ စားသောက်ဆိုင်က ထလာတာ။ ခု ကေတုမတီ နားက လမ်းပေါ်မှာ ။ ဒီည အိမ်မပြန်ဘူးကွာ။ တအားမူးလာရင် လမ်းဘေးထိုးအိပ်ပစ်လိုက်မယ်။ ငါ့မြို့ကို တစ်ညလုံး ပတ်ကြည့်မယ်။ နောက်နောင် ကြည့်ခွင့်မရှိတော့တာ သေချာသွားပီကွာ။ စောစောက တံတံ[သီဟသက်တံ ] ဆီ ဖုန်းဆက်ပီးပီ။ ဒါပေမယ့် ငါ့ရောဂါအခြေအနေကိုတော့ မပြောပြခဲ့ဘူး။ ကိုစစ်ကိုတော့ အစအဆုံးပြောပြမယ်။ ဘာလို့လဲဆိုတော့ ခင်လွန်းလို့ပါ။ ငါသေသွားပီးရင်တော့ ဘေးကောင်တွေကို ပြောပြချင် ပြောပြလိုက်ပေါ့”
သူ စကားသံတွေ တိတ်ဆိတ်သွားပြန်သည်။ အတော်ကြာတော့ ဖုန်းထဲကနေ ရှိုက်သံ သဲ့သဲ့ကို ကြားလာရသည်။ ဟုတ်ပါသည်။ ကိုနှောင်း ငိုနေတာ ဖြစ်မည် သေချာပါသည်။
” ကိုနှောင်း ……ကိုနှောင်း”
” ငါ သေရတော့မယ် ကိုစစ်ရာ။ ဆေးရုံက သေချာရှင်းပြလိုက်ပီ။ နောက်ထပ် အလွန်ဆုံးနေရမှ တစ်လပဲတဲ့ကွာ …။
……………”
ကိုနှောင်း သည်းသည်းမည်းမည်းကြီးကို ငိုချနေပါပြီ။
ကျွန်တော့်ရင်တွေ ပွင့်မတတ်ကို ခံစားလာရသည်။ ဒါ လောက နိယာမ အစစ်တဲ့လား။ ဝေ့ဝဲလာသော မျက်ရည်စတွေကို သုတ်ပစ်ရင်း
” သေချာရဲ့လာဗျာ”
ဒီလောက်ပဲ မေးနိုင်တော့သည်။ ရင်ထဲမှာ ဘယ်လို မေးခွန်းမျိုးတွေ ထပ်မေးရမည်တဲ့လဲ။
” သေချာတယ် ကိုစစ်။ ငါ့ရောဂါက သေကိုသေရတော့မယ့် ရောဂါ။ ငါ့ကိုငါလည်း သေခြင်းတရားရဲ့ အငွေ့အသက်တွေ ခံစားနေရပါပြီကွာ။ တကယ်ပါ။ ငါ သေရတော့မယ် ကိုစစ်………။
ငါသေသွားပြီးရင်သာ ငါ ခုပြောပြတာတွေကို တို့အဖွဲ့သားတွေကို ပြန်ပြောပြလိုက်ပါ။ ဒါကလည်း ကိုစစ် ပြန်ပြောပြချင်မှ ပြန်ပြောပြပါ။ နောက်ထပ် ပြောပြချင်တာကတော့ ဒုတိယ စာအုပ်ကို ငါ မစီစဉ်နိုင်တော့ပေမယ့် ကျန်တဲ့လူတွေနဲ့ ညှိပြီး ထပ်လုပ်ကွာ ။ ၁ ကနေ ၁၀ဝ တိုင်အောင်ပေါ့ ”
” ကိုနှောင်း မောနေပါဦးမယ်ဗျာ။ စာအုပ်အကြောင်း အသာထားပါဦး။ ခင်ဗျားရောဂါက ဘာမို့လို့ သေမှာသေချာနေတာလဲဗျ။ အသည်းကင်ဆာတဲ့လားဟင်။ အားတင်းစမ်းပါဦးဗျ။ ကျွန်တော့်ကို ထိတ်အောင် မလုပ်စမ်းပါနဲ့။ ကျွန်တော်က ခင်ဗျား ထင်သလောက် အသည်းမမာဘူးဗျာ”
နှစ်ဦးသား တိတ်ဆိတ်သွားပြန်ပါသည်။ ထိုညသည် နှစ်ဖက်စလုံးထိုးစိုက်နိုင်စွမ်းသည့် အချွန်ဖြင့် ထိုးဆွခံလိုက်ရသလိုပါပဲ။
သူ့အတွက်ကတော့ ပိုမိုနာကျင်နေမည်မှာ မလွဲပါဘူး။ ကျွန်တော့်ရင်ထဲ ဘယ်လိုမှ တောင့်မထားနိုင်တော့ ။
⬛⬛⬛
ကိုနှောင်းပြောသလို သူ တကယ်ပဲ သေသွားခဲ့ပါသည်။ တကယ့်ကို သေချာခိုင်လုံစွာ သေသွားခဲ့ပါပြီ။
အရင်လို ဖုန်းဆက်ပြီး စာပေ အကြောင်းတွေမပြောတော့ဘူးလား။ တို့အဖွဲ့သားတွေ ချစ်စရာကောင်းကြောင်း မပြောပြတော့ဘူးလား။
ခင်ဗျားက အသံတိတ်သေနတ်တစ်လက်ဆိုရင် ကျွန်တော်က ခင်ဗျားပစ်ခတ်ဖို့ ကျည်တစ်တောင့် ဖြစ်နေမှာပါ။
ခုတော့
ခင်ဗျားကို မုန်းသူတွေ၊ ချစ်သူတွေကို အပြီးတိုင် ကျောခိုင်းသွားခဲ့ပြီဆိုတာ ဟိုကောင်တွေကို ပြောပြလိုက်တော့မယ်။
ရယ်/ချစ်သူတွေ ပေမယ့်လည်း ရယ်မောနေကြမှာ မဟုတ်တာတော့ ကျွန်တော် သေချာပြောရဲပါတယ်။
သူတို့တွေကို ဒီနိုဝင်ဘာက ဘာလို့ မျက်ရည်တွေ ချပြနေရသလဲဆိုတာ ကျွန်တော်ခင်ဗျားကို မေးခွင့်လေး ရှိလိုက်ချင်တယ် ကိုနှောင်းရာ။
ပြီးတော့ ခင်ဗျားကို ကျွန်တော် ပေးခဲ့တဲ့ကတိအတိုင်း သူတို့တွေကို ခင်ဗျားမရှိမှ ပြောပြလိုက်တယ်ဗျာ။
ကျွန်တော် ကတိတည်ပါတယ်နော်။
#ကွယ်လွန်သွားလေပြီဖြစ်သော #ဟာသနှင့်ယူနိုက်တက် ပဲ့ကိုင်ရှင်
#နှောင်းဟေမာန်-တောင်ငူ အား
#ရည်ရွယ်၍
ညီငယ် ကိုစစ်(ရူပဗေဒ)