မြန်မာအစားသည် တို့အစား – Burmese Foods
ဟိုတလောလေးက မြန်မာ့ အစားအစာ ဟင်း ထမင်းနဲ့ ပတ်သက်လို့ ဖေ့ဘုတ်ကြီးမယ် အညင်းပွါးကြတာ…
အစား သမား ကိုယ်ကတော့ လိုက်ဖတ်တာပေါ့။ ဝါသနာကိုး။
https://www.facebook.com/mayzin.hlaing.7/posts/731729290343047
https://www.facebook.com/poephyuthant/posts/659110411094634
https://www.facebook.com/poephyuthant/posts/659553354383673
https://www.facebook.com/than.kywe.98/posts/1672594866161964?hc_location=ufi
ဒါတွေက သူတို့ရဲ့ အမြင်ပေါ့လေ။
စတင်ပြောတဲ့သူရဲ့ ပို့(စ) မှာလည်း စေတနာနဲ့ အားမလိုအားမရဖြစ်တာကို နားလည်သလို သူတို့ အဆိုကို ပြန်ချေပဖို့ကို ပညာက မပြည့်တော့ လိုက်ဖတ်ကြည့်ရုံလောက် တတ်နိုင်တာပဲ။
ပြန်ချေပသူတစ်ချို့ရဲ့ မျက်စိမှိတ်ပြီး “မြန်မာ အစားအစာကို ကြိုက်တယ်၊ မြန်မာစာကိုမနှိမ်နဲ့ မြန်မာကွ” စတဲ့ ဘာညာသာရကာတွေကို ကျော်ဖတ်အပြီးမှာ
ဒီ အကို ရေးတဲ့ တုံ့ပြန်စာလေးတော့ အတော်ကြွေသွားတယ်။
https://www.facebook.com/aung.kyawthu.14/posts/1676758185770699?hc_location=ufi
ပညာရှင်ဆန်တယ်လေ။
လုံးဝ လက်ခံတယ်။
ကျနော့ တစ်ကိုယ်စာ ပြောရရင်တော့
ဒီလိုပညာရှင်တွေကပဲ မြန်မာ အစားအသောက်ကို
- အချိုးအစား၊
- ထည့်ရတဲ့ ပစ္စည်းစာရင်း၊
- ချက်ပြုတ်ချိန်
- မီး အချိန်အဆ
- ပါဝင်တဲ့ အာဟာရဓာတ်
စတာတွေကို စာတမ်းလို စာအုပ်လို ပြုစုသင့်ပြီ ထင်ပါကြောင်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငပိရည်ကျိုကို မမေ့သင့်ပါ။ (Credit to Aung Kyaw Thu)
သုံးတန်းတုန်းက မြန်မာစာဖတ်စာမှာပါ အာဟာရကြွယ်လွန်းလို့ သင်ခဲ့ရတဲ့ငပိ။
ဘယ်သူ့ကိုမှ ဦးတည်မပြောပါခင်ဗျာ။
ဖတ်မိဖတ်ရာ ဖတ်မိရင်း ရေးမိရေးရာ ရေးမိတာလေးပါခင်ဗျာ။
မြန်မာ့စားစရာတွေ ဘယ်လို ဘယ်ညာ ဘယ်လိုဟာ ရွံစရာဆိုပြီး ရေးနေကြတာတွေ့တော့ မနေနိုင်။ ဝင်ပါရပြန်ပြီဗျာ။
သမိုင်းမှာ နိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှု ဘယ်လောက်ခိုင်မာထင်ရှားသတုန်းကို အဲဒီနိုင်ငံရဲ့ ဘာသာစကားစာပေ၊ ဝတ်စားဆင်ယဉ်ပုံနှင့် နေထိုင်ရာအဆောက်အဦ၊ နောက်ပြီး အစားအစာကနေပဲ တိုင်းတာကြပါတယ်။
သူတို့ဘယ်လို အချင်းချင်းဆက်သွယ်ကြသလဲ၊ အတွေးအခေါ်ဘယ်လောက်မြင့်မားကြသလဲ ၊ဘယ်လို အတိတ်ကိုမှတ်တမ်းတင်ကြသလဲကို ဘာသာစကားစာပေကနေသိနိုင်ပါတယ်။
ဘယ်လောက်ထိ လူမှုစရိုက် ယဉ်ကျေးလာရသလဲကို အဝတ်အစားနဲ့ နေထိုင်ရာအဆောက်အဦကနေသိနိုင်သလို ဘာတွေစားကြသလဲကို ကြည့်ပြီး လူမျိုးတစ်မျိုးရဲ့ ကျန်းမာရေးနဲ့ သန်မာထွားကြိုင်းမှုကို ခန့်မှန်းနိုင်ပါတယ်။
ရှေးက မြန်မာတွေဟာ အခုခေတ်လို ရောဂါပေါင်းသောင်းခြောက်ထောင် ခံစားနေမနေဆိုတာ ပြောရခက်ပါတယ်။ အဲဒီခေတ်က စမ်းသပ်စရာစက်ပစ္စည်းကိရိယာမရှိတာကတစ်ကြောင်း ၊ပဋိဇီဝ ပိုးသတ်ဆေးမပေါ်သေးတာကတစ်ကြောင်း၊ တစ်ကမ႓ာလုံးအတိုင်းအတာနဲ့ဆိုရင် လူတစ်ယောက်ရဲ့ ပျမ်းမျှ အသက်က အခုခေတ်လို မရှည်သေးတာကို နိုင်ငံတိုင်း မှာတွေ့ရပါတယ်။
ဒါကို ဒီအစားအသောက်ကြောင့် အသက်တို အနာများနေတယ်လို့ စွပ်စွဲရင်တော့ ——
ပထမဆုံးအနေနဲ့ ပြောချင်တာက မြန်မာစာတွေဆိုရင် ဆီများတယ်ဆိုပဲဗျ။
ဟုတ်ကဲ့ များပါတယ်။ များမှကိုရပါမယ်။ မြန်မာတွေ အဓိကနေနေတဲ့ ဒေသရဲ့ ရာသီဥတုကို ကြည့်ကြည့်ပါ။
အထက်စစ်ကိုင်းတိုင်းကနေ အညာ၊မြေလတ်၊ မြစ်ဝကျွန်းပေါ်၊ မြိတ်၊ထားဝယ်အထိ မြန်မာတွေနေတာ ရာသီဥတုက ပူတဲ့ဘက်ချည်းပါ။ နွေဟာ နွေပီသလွန်းနေတာကို လူတိုင်းသိမှာပါဗျာ။
ဒီလို အပူချိန်နဲ့ ဆီနည်းနည်းသာသုံးကြည့် မနက်က ချက်တဲ့ဟင်း နေ့လည်ထမင်းမစားခင် သိုးရောလေ။ ကိုယ့်ဟင်းလေးသိုးမသွားအောင် ၊ အိမ်ကချက်တဲ့ဟင်း လယ်ထဲမရောက်ခင် ချဉ်မသွားအောင် ကိုယ့်ရွာထဲက ကြိတ်တဲ့ ပဲဆီ ၊ နှမ်းဆီ တွေနဲ့ စိမ်ထားသလောက်ထည့်ချက်မှ အထားခံမယ်ဆိုတာ လူတိုင်း သိရမယ့် ညာဉ်လေဗျာ။
ဆီပါမယ်။ဆီများမယ်။ စိမ်ထားသလိုကို ထည့်မယ်။ ထည့်ကို ထည့်ရပါမယ်။ ဆီများလို့ ကျန်းမာရေးနဲ့ မညီဆိုတာကိုက လွဲနေတာ။ ဘယ်သူကမှ ဆီကို ကြိုက်လှချည့်ဆိုပြီး ခပ်သောက်မနေ။ စစ်ပဲစားကြတာလေဗျာ။
မာလာဟင်းရဲ့မွေးရပ်မြေ၊ အပူအစပ်ရဲ့ဘူမိနက်သန် တရုတ် ၊ စီချွမ်ပြည်နယ်၊ မြို့တော်ချိန်တူးရောက်တုန်းက ခေါက်ဆွဲမှာစားတာ ပန်းကန်လုံးကြီးတစ်ခုလုံး နီရဲချိတ်နေတာနဲ့ ခပ်ထုတ်ရတာ ဆီက ထမင်းစားပန်းကန်တစ်ဝက် ငရုတ်သီးက ပန်းကန်တစ်လုံးရတယ်။ မာလာငါးပွဲကြီးမှာတုန်းကဆို ဆီက ခပ်ထုတ်ရတာ ငါးဆယ်သားပြည့်ပြည့်ရတယ်။
ဒီတော့ တစ်ကမ႓ာလုံးမှာ မြန်မာဟင်း တစ်မျိုးတည်းပဲ ဆီများတယ်လို့ စွပ်စွဲရင် သိစရာမှတ်စရာတွေအများကြီး ကျန်နေပါသေးလားဆိုပြီး ဆက်လက်လေ့လာအေးဆေးနေတာကောင်းပါတယ်လို့ အကြံပြုချင်ပါတယ်။ PA မပါပါခင်ဗျာ။ သဘောပြောပြတာပါ။
ဒါဆို ဘာလို့အခုခေတ်မှာ သွေးတိုး ဆီးချို လေဖြန်းလေဖြတ် များလာတာလဲဆိုတော့ ဆီများလို့တဲ့။
တစ်ဝက်ပဲမှန်ပါတယ်။ အရင်ခေတ်တွေကလို ပဲဆီ နှမ်းဆီပဲသုံး ၊ တစ်နေ့တစ်နေ့ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၊ ဘာမှ မဖြစ်စေရဘူး။ ဆီမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး အကြမ်းခွဲလို့ ရတယ်။
ပြည့်ဝဆီထဲမှာ အဆိုးဆုံး အုန်းဆီ၊ စားအုန်းဆီ နဲ့ ဝက်ဆီကိုနေ့တိုင်းစား၊ တစ်နေကုန်ပေါင်းမှ ခြေလှမ်းတစ်ရာတောင်မလျှောက်နဲ့။ ဒီလိုလူတွေမှ ရောဂါမဖြစ် ဘယ်သူဖြစ်မတုန်း။
အဓိကက သုံးတဲ့ဆီအမျိုးအစားရယ်၊ ကိုယ်လက်လှုပ်ရှားမှုရယ်နဲ့ပဲ ဆိုင်တာပါခင်ဗျာ။
ရှေးမြန်မာတွေလို သွားလာလှုပ်ရှား ကြိုးစားရုန်းကန်ကြည့် ။ တော်ရုံ ဘာရောဂါမှ မဖြစ်ဘူး။ ဒီလို သွားလာလှုပ်ရှားဖို့ စွမ်းအင်မြင့်တဲ့စားစရာလိုတယ်။ ဆီကို ဒီလောက်စားပေးမှ ဒီလို လုပ်နိုင်ကိုင်နိုင်တာ။
အညာမှာနေတဲ့ ကျန်းမာလှုပ်ရှား မြန်မာကြီးတစ်ယောက်ကို ဆူရှီလေး တစ်ပွဲ၊ဂျုံကြမ်းပေါင်မုန့်လေးကြွေးပြီး၊ ဆလပ်ရွက်ကို သံလွင်ဆီလေးငါးစက်ထည့် ဆားလေးတစ်တို့နဲ့ ခရမ်းချဉ်နှစ်ဖတ်၊ ဂေါ်ဖီထုတ် ဖွာဖွာနဲ့ သံပုရာတစ်စိတ်ညှစ်ပြီးကျွေးကြည့်။ မွန်းမတည့်ခင် မူးမလဲရင် ကြိုက်တာပြော။
ဒီလိုချွေးထွက်များတဲ့နိုင်ငံတွေမှာ ဟင်းအရသာလေးတာ လေးကိုလေးနေရပါမယ်။ ကျွန်တော်ဆိုတစ်ခြားနိုင်ငံသွားရင် ရေထက် ဓာတ်ဆားရည်နဲ့ အသီးဖျော်ရည်ပဲသောက်ပါတယ်။ မြန်မာ့ရေမြေအရ ခံနိုင်ရည်ရှိနေတဲ့လူတစ်ယောက် ဟင်းအပေါ့တွေစား ၊ပြေးလွှားလမ်းလျောက်တော့ ချွေးထွက်တာ ဒီလို မသောက်ရင် ခြေသလုံး ကြွက်တက်လွန်းလို့ပါ။ဒီတော့ပြောချင်တာက ဆီစားတာနည်းတာများတာထက် အောက်ကြေးအစုတ်အပြတ်စားအုန်းဆီတွေစား၊ ပိုက်ဆံမရရင် မျက်တောင်တောင် မခတ်ချင်တဲ့ ထိုင်ခုံပေါ်က ရုပ်တုကြီးတွေလို နေနေကြတဲ့ ယနေ့ခေတ်သစ် လူ့စရိုက်တွေကြောင့်လားဆိုတာ ကွဲပြားကြပြီလို့ ထင်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံကို နည်းမျိုးစုံနဲ့ ဝင်လာတဲ့ လူစားစရာမဟုတ်တဲ့အစားအသောက်နာမည်ခံအားလုံးကို ပြင်းထန်တင်းကြပ်စွာတားနိုင်သမျှ တားပေးရမှာ အစိုးရမှာတာဝန်လုံးလုံးရှိပါတယ်။
ပြီးတော့ ငပိကိုရွံစရာကောင်းအောင်လုပ်မှ ရွံပါ။
သန့်သန့်ရှင်းရှင်းလုပ်ထားပြီး ယင်လည်းမနားအောင်ထား ဆေးမသုံးဘဲ လုံခြုံစွာထုတ်ပိုးထားတဲ့ ငပိကို အလကားအခြောက်တိုက် ရွံနေရင်တော့ … တစ်ခုခုလွဲနေပြီဗျာ။
တရုတ်၊ ဂျပန်နဲ့ ကိုရီးယားမှာ ပဲပိစပ်ကိုတမင်အပုပ်ခံပြီးလုပ်တဲ့ ပဲပုပ်နဲ့ အဲဒီကထွက်လာတဲ့ အပုပ်ရည်ကို ပဲငံပြာရည်ဆိုပြီးလုပ်ထားတာကြတော့ ဘယ်သူမှ ရွံရကောင်းမှန်းမသိ။
ပဲပြားတုံးကို ဖွေးဖွေးလှုပ်မှိုတက်အောင်ထားပြီးမှ အရက်၊ ငရုတ်သီးမှုန့်၊ ဝှာကျောင်မှုန့်နဲ့ ဆားနိုင်နိုင်ထည့်ပြီးမှ လုပ်တဲ့ ဆီတိုဟူးတွေဆိုတာ တရုတ်တို့ရဲ့ ရိုးရာစားစရာပါ။
ဒီလို ငပိ၊ပဲငပိ၊ ငပိရေကြို၊ငံပြာရည်၊ ပဲငံပြာရည်၊ဆီတိုဟူးတွေဟာ ငါးနဲ့ပဲကနေရတဲ့ အသားဓာတ်ကို fermentation အပုပ်ခံလုပ်ပြီး glutamate, tryptophan အမိုင်နိုအက်ဆစ်တွေထွက်လာအောင်လုပ်တာပါ။
Glutamate ကနေရလာတဲ့အရသာကို ဂျပန်လို Umami အရသာလို့ခေါ်တယ်။ နံပါတ်ငါးခုမြောက်အရသာပေါ့ဗျာ။
အဲဒီ Glutamate ဆိုတာကို ဒီလို သဘာဝနည်းနဲ့ရအောင်မလုပ်ဘဲ ဓာတ်ခွဲခန်းထဲကနေထုတ်တဲ့အခါ monosodium glutamate (MSG) အချိုမှုန့်ဆိုပြီး ဖြစ်လာတာပေါ့ဗျာ။
Glutamate ဆိုတဲ့ဓာတ်ကို လျှာက ချို၊ချဉ်၊ငန်၊ခါး တင်မကဘဲ အသားအရသာအနေနဲ့အာရုံကသိနိုင်တော့ လူ့အကြိုက်ပေါ့ဗျာ။
ဒီတော့ အသားဆိုရင် ပိုအရသာရှိအောင် ငပိ၊ငံပြာရည်တွေ ထည့်ချက်တာ ယဉ်ကျေးမှုတစ်ရပ်ပါ။
ဒါကို ဒီမှာ ငပိထည့်တာကိုရွံတယ်၊ပဲငံပြာရည်ကိုကျတော့ နိုင်ငံခြားဟင်းလေဆိုပြီး လုပ်နေကြတာ ချဉ်ပေါင်ကာပြန်ကန့်လန့်တွေလို့မြင်ပါတယ်။
နောက်တစ်ခါ မြန်မာဟင်းတွေက အသားအမျိုးအစားပဲပြောင်းတယ်။ ဒီအနှစ်ချည်းပဲဆိုပဲ။အင်းဗျာ။ ဟိုဘက်နိုင်ငံတွေမှာ နေတာကြာလို့ မြန်မာဆိုတာ ဘားမားလောက်ပဲသိတယ်ဆိုရုံလောက်ပဲသိတော့တယ်ထင်တယ်။
မဟုတ်ရင်တော့ အစကတည်းက မြန်မာ့ရိုးရာစားစရာတွေကို မကြိုက်လို့ရယ် ၊စားဖို့ဝေး မြင်ကိုမမြင်ဖူးဘူးလို့ရယ်လို့ မြင်ပါတယ်။
မြန်မာ့ဝက်သားနီချက် တစ်ဖြစ်လဲ အမရပူရဘက်က တောင်မြို့ဝက်သားစအုချက်ဆိုတာ ဝက်စတူးရဲ့ အရသာအောက်မရောက်ပါ။
- ဝက်သားသုံးထပ်သားကို အလောတော်အတုံးကြီးတုံး၊
- ဖီးကြမ်းသီးမှည့်မှည့်ရယ်၊ ဆန်အရက်နည်းနည်းရယ် ၊ကြက်ဥအကာရယ်၊ အကြော်မှုန့်ရယ်၊ အာတာလွတ်မှုန့်ရယ်၊ဆား၊သကြား၊နာနတ်ပွင့်မှုန့်နည်းနည်းသင့်သလိုထည့်ပြီး နယ်၊
- နှပ်ထား၊
- ပြီးတော့ ပဲဆီဖောဖောနဲ့ မြုပ်နေအောင်ကြော်၊
- ဝက်ခေါက်ထောင့်လေးတွေ ရဲလာရင် ဆယ်ပြီး ဆီစစ်ထား၊
- ပြီးမှ ဆီနဲ့ရေသင့်သလိုထည့်၊
- တစ်ညလုံးမီးသေးသေးနဲ့ ပွက်ရုံထိုးထား၊
- မနက်ရောက်တော့ ကြက်သွန်ဖြူဥကြီးတွေ ဖြူးထည့်ပြီး မွှေ၊
ဒါမျိုးဝါဝါနီ နူးအိမွှေးကြိုင်နေတဲ့ဟင်းမှ မကောင်းရင် ဝက်ကို တစ်ခြားချက်နည်းတွေ ပိုကောင်းတယ်လို့ကိုမမြင်။
ပြီးတော့ ဝက်သားဟင်းလေးချက်ကိုကြည့်။
- ဒီနွေခါမှာပေါ်တဲ့ သရက်သီးစိမ်း၊ဇီးဖြူ၊ဖန်ခါးတွေကို ရေစင်စင်ဆေး၊
- နေပြင်းပြင်းပြ၊ မှိုတောင်တက်ချိန်မရလိုက်။
- တန်းခြောက်သွားတာမည်းနေတာပဲ။
- ဒါကို ဓားနဲ့ နုတ်နုတ်စဉ်း၊ ကြက်သွန်နီကို အကွင်းလိုက်လှီး၊ လေသလပ်ခံ၊ ဆီအလောတော်ထည့်ပြီး မွှေးနေအောင်ကြော်၊
- ကျက်ခါနီးမှ ကြက်သွန်ဖြူ၊ဂျင်းထောင်းထားတာထည့်ပြီး ဆီအိုးကိုတန်းချ၊
- ဆီအသစ်ပြန်ထည့်
- ဝက်သားကို ဆားနည်းနည်း သကြားနည်းနည်း နဲ့နှပ်ထားတာ ထည့်၊
- ရေလေးထည့်၊
- ခုနက ဓားနုတ်စဉ်းထားတဲ့ သရက်ကင်းခြောက်ထည့် ၊
- နူးအိပြီးကျက်ခါနီးတော့ ကြက်သွန်ကြော်ထည့်ပြီး သမအောင်မွှေ၊
- နောက်ဆုံး ကြက်သွန်ဖြူဂျင်းကြော်လုံးထားတဲ့ဟာနဲ့ ရောမွှေ။
တစ်ပွဲရပြန်ပြီ။
ဒါနဲ့တွဲစားရမှာက ပုဇွန်ခြောက်ကြော်။
- ကြက်သွန်နီ ဝါနေအောင်ကြော်၊ကျက်ခါနီးတော့ဆယ်၊
- ကြက်သွန်ဖြူပါးပါးလှီးထားတာ ပြန်ကြော်၊
- ငရုတ်သီးကုလားအော်မှုန့်ကို ပဲဆီအလောတော် ဆီသပ်၊
- နောက်ဆုံး ပုဇွန်ခြောက်မှုန့်ထည့်၊
- ဆီ ပြန်လိုက်ပေး။
- အားလုံးကိုရောမွှေ။
ပြောရတာလွယ်တယ်။ တကယ်မယုံရင် ကြော်ကြည့်။
ကြက်သွန်နီဖြူ၊ပုဇွန်ခြောက်မှုန့်၊ငရုတ်သီးမှုန့်၊ တစ်ခုမှ မီးမကျွမ်းပဲ ဝါထိန်နေအောင်ကြော်ကြည့်ပါအုံးဗျာ။
တကယ်လက်ဝင်တယ်ဗျ။
ပြီးတော့ Chicken broth ချည်းသောက်မနေနဲ့ဦး။
ဒီဘက်က ချက်တဲ့ ကြက်ရိုးပြုတ်ရည်ထဲကို မိုးဦးကျစမှာပေါ်တဲ့ နွားလျှာကြီး၊ကင်းပုံ၊မိုးနှံ၊ကျီးအာ၊ ပြည်ပန်းညို၊ဆူးပုတ်ကလေးညွန့်စိမ်းစိမ်းနုနုလေးတွေ ချခါနီး ထည့်ပြီးသောက်ကြည့်။
ဟို ဟိုတယ်မှာ သောက်ရတဲ့ ငရုတ်ကောင်းချည်းလှိမ့်ခတ်ထားတဲ့ ဟင်းရည်နဲ့ ယှဉ်နိုင်တယ်။
ဒါနဲ့ဗျာ ဟင်းအနှစ်က ဒါချည်းပဲဆို မြန်မာတိုင်းကြိုက် ပဲကြီးချက်က ကြက်သွန်၊ခရမ်းချဉ်၊ဂျင်း အနှစ်နဲ့မှ မဟုတ်တာဗျာ။
မတူတာတွေလည်းရှိပါသေးတယ်ဗျ။
- ရင်ပေါင်ဇာနဲ့ ငါးဗျက်ကို စဉ့်အင်တုံမှာ အရင်ဆုံးလူး ၊
- ချီးဖောက် ၊
- ဖြူလာအောင် ရေဆေး၊
- ဆနွင်း၊
- ဆားလေးနဲ့နယ်၊
- ကြက်သွန်ဆီသတ်၊
- နွမ်းလို့ ဝါလာရင် ခရမ်းချဉ်စဉ်းကောလေးထည့်မွှေ၊
- ရေခမ်းခါနီးရင် ငါးတွေကို တစ်ကောင်နဲ့တစ်ကောင်ထပ်မနေအောင်စီထည့်၊
- မီးတန်းလျော့၊
- ဆီပြန်လာရင် အိုးကို စောင်း၊
- ဆီတွေ တဖျစ်ဖျစ်နဲ့မြည်လို့ တစ်အောင့်လောက်ကြာလာရင် နောက်ထပ်နည်းနည်းစောင်း၊
- အကုန်ညီလာရင် ဇွန်းနဲ့တစ်ကောင်ချင်းလိုက်လှန် ၊
- ထပ်ပြီး စောင်းပြီးအိုးကပ်၊
- အကုန်ညီလာရင် ငရုတ်သီးစိမ်း၊ နံနံပင်အုပ်။
မဆိုးပါဘူးဗျာ။ မွှေးမွှေးလေးပါ။ထမင်းမြိန်ပါတယ်။
နောက်တစ်ခါ
- ငါးယောင်ခြောက် အသားချည်းကို အတုံးကြီးတွေတုံး၊
- ဆားရည်ပြင်းပြင်းနဲ့ စိမ်၊ ဆားနှုတ်တယ်လို့ခေါ်တယ်။ osmosis နည်းအရ ငါးယောင်ခြောက်ထဲကနေ ဆားထွက်လာအောင်လုပ်တာ။
- ပြီးတော့ အုန်းနို့၊ နို့စိမ်းနဲ့ ကြက်သွန်နီသက်သက်ပဲနည်းနည်းထည့်ပြီးချက်တဲ့ ငါးကြီးသားအုန်းနို့ချက်ဆို ဘယ်မှာမှ အနှစ်နီနီဝါဝါတွေပါမနေဘူးဗျ။
အသုတ်ကို ပြောပုံက တစ်ခါလာလည်း ပဲမှုန့်နဲ့ ဆီချက်နဲ့တဲ့ဗျာ။
ဒါကလည်း ဟိုနိုင်ငံတွေမှာလို တစ်ခါလာလည်း ငရုတ်ကောင်း ၊ တစ်ခါလာလည်း အာလူးနဲ့ သဘောတရားတူတူရယ်။
တကယ်က အသုတ်ဆိုတာ အဓိကအပွင့်နဲ့အရွက်ပေါ်မှာမူတည်ပြီး ထည့်ရတဲ့ အဆာ မတူဘူးဆိုတာ ပြောရရင် အသုတ်စုံစာအုပ်ဖြစ်သွားလိမ့်မယ်ဗျ။
ပဲမှုန့်ဆိုအစိမ်းမှုန့်နဲ့အကျက်မှုန့် မတူ။
ဆားရည်တောင် စဉ့်အင်တုံနဲ့ထည့်ရတာ သေသေချာချာ။
- ပဲပုဇွန်သီး၊
- ဟင်းဂလာချဉ်၊
- ကတက်ချဉ်၊
- ဇောင်ဂျမ်းချဉ်၊
- ပုန်းရည်ကြီး၊
- သမုန်းဖူး ၊
- အဝေရာညွန့်၊
- ကိုင်းသခွား ၊
- တရုတ်စံကား၊
- မန်ကျည်းရွက်နု၊
- သခွတ်ပွင့်၊
- ကစ်ဆားလီ၊
- ပဲလိပ်ပြာ၊
- မြူရွက်၊
- ဇရစ်၊
- ညောင်ချဉ်ဖူး ၊
- ကြက်တက်ရွက်၊
- ထနောင်းညွန့် သုတ်ရင် ထည့်ရတဲ့အဆာ မတူဘူး။
သုတ်ပုံသုတ်နည်းမတူဘူး။
ဒီအသုတ်တွေဆိုတာ ဒါတောင် ခုမှတ်မိသလောက်ချရေးထားတာ။
ဟင်းရည်ဆိုလည်း ဟင်းချိုရည်၊ချဉ်ရည်ဟင်း မတူ။
- ကြက်သဟင်းရွက်ဆိုရင် ဟင်းချို၊
- ဟင်းညံ့ဖူးဆိုရင်ချဉ်ရည်ဟင်း၊
- ပရန္နဝါဆိုရင်ဟင်းချို၊
- ပြည်ပန်းညိုဆိုရင် ဟင်းချို၊
- ခဝဲသီးဆိုရင် ပဲဟင်းချို၊
- ဆူးပန်းရွက်ဆို ချဉ်ရည်ဟင်း၊
- လက်ပံခေါင်းဆို ဗူးသီးချဉ်ရည်ဟင်း၊
- ဒန့်သလွန်သီးဆို ပဲကုလားချဉ်ရည်ဟင်း၊
- ဒန့်သလွန်ညွန့်ကျတော့ ပုဇွန်ခြောက်လေးခပ် ကြက်သွန်ဖြူလေးဓားပြားရိုက်လို့ ဟင်းချိုရည်၊
- ချဉ်ပေါင်နဲ့ ကင်ပွန်းရွက်ဆို ချဉ်ရည်ဟင်း၊ ဒီလို တိတိကျကျ ဟင်းချို၊ချဉ်ရည်ဟင်း ရှိပါတယ်။
မြန်မာ့အဓိက ခရမ်းချဉ်သီးငပိချက်နဲ့ ငပိရည်ကျိုအတို့အမြှုပ်ဆိုတာ ဒီလောက် carbohydrate ရော protein ရော fat ရော vitamins ရော minerals ရော water ရော fibre ရော စုံတာ ကမ္ဘာမှာ ဘယ်မှာမှမရှိပါ။
အတို့ထဲပါနေတဲ့ ခရမ်းသီးကင်း ၊မုန်လာဥပြုတ်ကနေ carbohydrate ၊
ငပိရည်ကျိုကိုယ်၌က protein, fat ,vitamins and minerals ,water ၊
ကျန်တဲ့ အသီးအရွက်အတို့တွေဖြစ်တဲ့
- ရှောက်ညွန့်၊
- ကင်းပုံသီး၊
- သရက်ကင်း၊
- သရက်သီးစိမ်း၊
- ဆူးပုတ်ကြီး၊
- သခွားသီး၊
- ခါကြက်ဥ၊
- ပြည်ပန်းညိုရွက်၊
- ပဲညွန့်၊
- ထိကရုန်း၊
- ပူစီနံ၊
- ဟင်းညံ့၊
- ဖန်ခါးသီး၊
- ဥရှစ်ရွက်၊
- ပုတက်စာ၊
- အဝေရာညွန့် ၊
- ကြောင်လျှာသီး ၊
- ဇရစ်၊ဆလပ်ရွက်၊
- နံနံပင်၊
- တောင်အော်ရွက်၊
- မုန်လာဥချဉ်၊
- ဂေါ်ဖီထုပ်၊၊
- ရုံးပတီသီးနုနု၊
- ပန်းဂေါ်ဖီ၊
- မုန်လာရွက်ပြုတ်၊
- ပဲစောင်းလျားသီး၊
- မျှစ်စို့ပြုတ်၊
- ဂွေးတောက်ဖူး ဂွေးတောက်ညွန့်၊
- ဗူးသီးကင်း၊
- တမာရွက်နုမန်ကျည်းမှည့်ပြုတ်၊
- ဖရုံညွန့်စတာတွေကနေ vitamins and minerals ရော fibre ရော စုံနေအောင်ရတယ်။
The art of cooking အချက်အပြုတ်ပညာဆိုတာ ဝိဇ္ဇာပညာတစ်မျိုးပါ။ အစားအစာချက်ပြုတ်စီမံသူတစ်ယောက်ဆိုတာ အလုပ်တစ်ခုကို operation လုပ်နေရသလို၊ ခွဲစိတ်ဆရာဝန် operation ဝင်နေရသလို တစ်ခုပြီးတစ်ခု အစဉ်မလွဲအောင် ချိန်ကိုက်အောင်စီမံတတ်ရပါတယ်။ အချက်အပြုတ်ပညာမှာ ခံစားချက်တွေ၊ ဆန်းသစ်မှုတွေ၊ တီထွင်မှုတွေ၊ ဖန်တီးမှုတွေ၊ စေတနာတွေ၊မေတ္တာတွေပါပါတယ်။
မြန်မာ့ဟင်းတွေမှာ မြန်မာတို့ရဲ့ ရှည်လျားလှတဲ့ ယဉ်ကျေးမှုပြောင်းလဲလာပုံတွေ ၊ တီထွင်ကြံဆမှုတွေ ၊ ရာသီဥတု ရေမြေကိုလိုက်ပြီး adaptation အလိုက်သင့်လိုက်ပါပြောင်းလဲမှုတွေ၊ မြန်မာ့အဟာရတွေ၊ မြန်မာ့စေတနာနဲ့ မြန်မာ့မေတ္တာတွေ ပါနေပါတယ်။
ဒါတောင် ပန်းဥသစ်ကပ်မှိုထောင်းတို့ ၊
မုန်ညင်းစောပဲကြားချက်တို့၊
ပဒူပိုးလောင်းကြော်တို့၊
ဆာ့ခုမ်ခါး ဆာ့ခုမ်သံပုရာတို့ ၊
ဘိန်းစေ့ငပိအရွက်ကြော်တို့၊
ကြက်ချဉ်စော်ကားသီးချက်တို့၊
ဖရုံညွန့်မျှစ်ချဉ်ဝက်နံရိုးအရည်သောက်တို့၊
ဟင်းဗျင်းဖူး ဟင်းဗျင်းသီးကြော်တို့၊
သစ်ကြားသီးဂျုံပင်ပေါက်သကာရည်ညောင်စီးတို့၊
ငါးမန်းရေခွံသုတ်တို့ ၊
ပလုပ်ကြော်၊
ဝါးပိုးကြော်၊
မျှစ်စို့ချဉ်ခြောက်ငါးခူထောင်း၊
စွယ်တော်ဖြူပန်းပဲပုပ်ကြော်တို့စတဲ့ကုလား၊တရုတ်လွှမ်းမိုးမှုကင်းတဲ့ တိုင်းရင်းသားအစားအစာစစ်စစ် တစ်မျိုးမှမပြောရသေးဘူး။
ဒါတွေပါပြောနေရရင် စာအုပ်တစ်အုပ်ရေးတောင်မလောက်လောက်ဘူးဗျ။
ဒီအကြောင်းတွေရေးတော့ မင်းကဘာမို့လဲ၊ မင်းကဘာတတ်လို့လဲဆိုရင် ။ ဟုတ်ကဲ့ ။ ကျွန်တော် အရှေ့ဘက်ထိုင်ဝမ်စာကနေစလို့ အနောက်ဘက် ဥရောပစာအထိရယ်။ မြန်မာ့ဟင်းတွေကို လူသုံးရာစာလောက် ကိုယ်တိုင်စီမံ မိုးဗြဲဒယ်နဲ့ ချက်ဖူးရုံမျှသာပါ။
ဒီတော့ ကိုရီးယားမှန်ရင် ကင်ချီကို မမေ့သလို
ထိုင်းမှန်ရင် တုမ့်ရမ်းနဲ့ သင်္ဘောသီးဂဏန်းငပိထောင်း၊
အီတလီဆိုရင် စပါဂတ်တီ၊
တရုတ်ဆိုရင် ပဲငပိနဲ့ တိုဟူး၊
အိန္ဒြိယဆိုရင် မာဆာလာဘရာနီရာနီ မမေ့ကြသလို
မြန်မာဆိုရင် ဝက်သားနီအိုးကြီးချက်နဲ့ ငပိရည်အတို့အမြှုပ်ကို မကြိုက်ရင်နေပါ။ မမေ့သင့် မနှိမ်သင့်ကြောင်းပါ။
တစ်ခြားအဓိကဟင်းတွေကို မပြောနဲ့အုံး ။
ငရုတ်သီးထောင်းတောင်ဗျာ နည်းမျိုးစုံနဲ့ထောင်းကြတာ အခုမှတ်မိသလောက် ချရေးရင်ကို အမျိုး ငါးဆယ်ကျော် အေးဆေးရတယ်။
ဒီလောက်ဟင်းအမည်စုံတာကို ဟင်းတွေက ဒါတွေချည်းပဲလို့ ပြောရက်ကြတယ်ဗျာ။
- Hygienic လည်းဖြစ်၊
- သူ့အကြိုက် ကိုယ့်အကြိုက်မတူတာကိုနားလည်၊
- Contamination လည်းမရှိ၊
- Recipe ကလည်း ထစ်ခနဲ့ဆို ဘယ်လို ချက်ရမယ်ဆိုတာကိုလည်းသိ၊
- တတ်နိုင်သမျှ Organic နဲ့ cultural taste ကိုဦးစားပေး ၊
- မြန်မာ့ဟန်လည်းမပျောက် ၊
- ရိုးရာလည်းမပျက် ၊
- စားလည်းကောင်း၊
- လတ်လည်းလတ်
ဒီလိုဖြစ်ရမှာ။
တောင်မြို့ဝက်သားစအုချက်ကို Italy က Venice စတိုင်Olive oil နဲ့ချက်မယ့်လူနဲ့၊
ဗူးသီးလက်ဆိတ်နုနဲ့ကြက်ကာလသားချက်ကို mint ပူစီနံဖြူးမယ့်သူနဲ့၊
ငပိချက်ကို thyme အုပ်မယ့်သူနဲ့ ၊
ဇီးဖြူသီးထောင်းကို Capsicum ငရုတ်သီးပွနဲ့ ရောပြီး salad လုပ်မယ့်သူနဲ့။ PA မပါပါဘူးခင်ဗျာ။
ဒီလိုတော့ရိုးရာကို ပျက်စီးသွားလောက်အောင် မဖျက်စီးကြပါနဲ့ဗျာ။
တောင်းပန်ပါတယ်။
မြန်မာ့အစားအစာစစ်စစ် စားရတာကိုကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်ဂုဏ်ယူပါတယ်ခင်ဗျာ။
11 comments
Shar Thet Man
May 8, 2018 at 10:51 am
ဗိုက်ဆာလာပြီနော်
ဇီဇီ
May 8, 2018 at 1:15 pm
အမလည်း ဖတ်ရင်း ဘိုက်ဆာ
😀
kai
May 8, 2018 at 12:07 pm
ဇီမမတို့လို.. နိုင်ငံအပြင်မှာနေတဲ့သူက.. စတင်န်းဒတ်.. လုပ်ပစ်မှရမယ်..။
ဥပမာ.. မုန့်ဟင်းခါးဆို..
၁၊၂၊၃၊၄၊ ၅၊၆၊၇၊ ဒါတွေ ဒီလိုအချိုးနဲ့ ပါကိုပါရမယ်ဆိုတာမျိုး..။
ဆိုတော့..
လုပ်ဖို့တော့.. တေးထားပါတယ်…။
ရန်ကုန်မှာ.. မြန်မာနိုင်ငံလုံးဆိုင်ရာ.. မုန့်ဟင်းခါး ပြိုင်ပွဲကြီးလုပ်ဖို့..။
ပထမရသူ.. ဆုငွေ သိန်း၁၀ဝ ကစတာပေါ့.. :k:
ဇီဇီ
May 8, 2018 at 1:14 pm
တတ်တဲ့သူ အကုန်ပေါင်းလုပ်မှ ဖြစ်မှာမျိုးဗျ။
ဆရာ နေဝန်းနီ ပြောဖူးသလို
အချင်အတွယ် အတိအကျနဲ့ ဘာမှ မပြောခဲ့တော့ တစ်ယောက်ချက် တစ်ဘာသာဖြစ်နေတာ။
တရုတ်တွေကျ အဖေလက်ထက်ကဆိုင် သားကို လွှဲရင် အချိုးရော လက်ကျပါ ဆိုင်ရောအပါ လွှဲတာမျိုးး
ပြိုင်ပွဲဖြစ်ရင် ပြောပါဦးး
လိုက်မြည်းဖို့ စိတ်ဝင်စားတယ်။
🙂
kai
May 8, 2018 at 4:01 pm
LA မှာလုပ်ဖူးတယ်..။
မုန့်ဟင်းခါးဟင်းရည် ၃အိုး.. နာမည်ကြီး၃ယောက်ဆီကခွဲမှာပြီး.. အလှူလုပ်တာ..။ လူ ၁၀ဝလောက်က..
ကြိုက်တာကြိုက်သလောက်ထည့်စားကြပေါ့..။
အဲလိုနဲ့ အရင်လုံးကုန်တဲ့အိုးကို မှတ်ထားတာ..။ နာမည်မထုတ်ပြန်ရဲဘူး..။
ဆိုတော့..
ကံကောင်းလို့.. အရိုက်မခံရတယ်..။ 🙂
A mar nyo
May 10, 2018 at 1:23 pm
ဇီဇီ
May 14, 2018 at 9:06 am
ဟုတ်ပါ့။
ဟိ
😛
Thint Aye Yeik
May 10, 2018 at 8:59 pm
မှတ်သင့်တာ မှတ်သွားတယ်။ ကွကိုယ် စမ်းပြီး ချက်စားနေတာမို့။
အခုတလောတော့ ဆီများတာကို မကြိုက်သမို့…
ပင်လယ်စာ ရခိုင်ချက်/ ရခိုင် အသုပ်တွေလုပ်စား ဖြစ်တာ များနေတယ်။
ဝက်သားကတော့ ကိုယ့်အကြိုက်မို့ ဝက်သားချက်နည်းတွေ မှတ်တာ မှတ်တာဆိုတာလေ…
:k:
ဇီဇီ
May 14, 2018 at 9:07 am
နာလည်း အဲ့နည်းတွေ တွေ့ပြီး မှတ်တာ မှတ်တာဆိုတာလေ။
:k:
မောင်ရိုး
May 16, 2018 at 6:32 pm
ဒါမျိုးအားပေးတယ်ဗျို့
စာလုံးတွေပေါက်ကရပေါ်နေလို့ စာရိုက်ခက်နေတယ်ဗျာ
aye.kk
May 17, 2018 at 10:42 am
ဇီဇီပြောတာမှန်ပါတယ်။
မြန်မာ့ရိုးရာမပျက်အောင်၊မြန်မာ့ရိုးရာစာတွေကိုတန်ဘိုးထားတယ်။
ကိုယ်တွေကတော့၊ကိုယ်တိုင်လုပ်တဲ့
ငါးဇင်ရိုင်းရေချို(ငါးပိ)ကို၊တို ့စရာနဲ ့တွဲဖက်စားရတာ။
ငါးပိရည်ချိုမွှေးမွှေးလေးကိုထမင်းပူပူထဲမှာ၊ထည့်ဆမ်းပြီးရွှေပုဇွန်ခြောက်နဲ ့စားရတာ။
နွေရာသီမှာ သင်္ကြန်ထမင်းကို၊မန်ကျီးရွက်သုတ်,ငါးခြောက်အကောင်ကြီးကြီး
အသားများများပါတဲ့(ကံ့ကူရန်ငါး)ကိုပြုတ်ပြီးထောင်း၊ကြက်သွန်နီနီနိုင်နိုင်ကြက်သွန်ဖြူကြော်ထားတဲ့
ငါးခြောက်ထောင်းကြော်,သရက်သီးသုတ်,မရမ်းသီးသုတ်တို ့နဲ ့စားရတဲ့
မြန်မာ့ရိုးရာအစားစာကို၊အနှစ်သက်ဆုံးမို ့၊ယနေ ့တိုင်အထိလည်း၊အနှစ်သက်ဆုံးအဖြစ်
စားသုံးနေဆဲပါ။