” လွယ်စေသင့်၏ မသင့်၏ “

 

“လွယ်စေ သင့်၏ မသင့်၏ “
ကလေးမြို့ကိုရောက်သောအခိုက် မြို့ခံမိတ်ဆွေက ရိဒ်ရေကန်သို့သွားရအောင်အဖော်စပ်လေသောအခါ
အသည်းပုံရှိသောရေကန်ကို ဓါတ်ပုံများတွင်သာမြင်ဘူးထားလေရာ ရောက်ဘူးချင်သည်နှင့်ကွက်တိမို့
နှစ်ခါမခေါ်ရဘဲခေါင်းငြိမ့်မိလေသည်။
နောက်နေ့မနက်စောစောတွင် ကျနော်တို့ ချင်းပြည်နယ်ခရီးကိုစခဲ့လေသည်။
တစ်ရက်ကိုတစ်သိန်းခွဲဖြင့် ငှားလာခဲ့သောကားသည် ဖိုးဝှီး ဖြစ်ပြီး
ဒီလမ်းခရီးနှင့်လိုက်ဖက်သော ကားဖြစ်ကြောင်း ရှင်းပြသည်ကိုနားဆင်ရင်းတောင်တက်ခရီးစခဲ့လေသည်။
ပထမဆုံးခရီးမို့ ကြည့်မြင်ရသည်နေရာတိုင်းသည် လှပစွာတည်ရှိနေလေသည်။
မြေသားတောင်နံရံကိုပါတ်၍ ဖောက်ထားသော လမ်းဖြစ်သည်မို့ ဖုံတထောင်းထောင်းရှိလေသည်။
တစ်ဖက်တွင်တောင်နံရံ တစ်ဖက်တွင် ခြေတံရှည်အိမ်များရှိကြလေသည်။
တိုင်သေးသေးလေး ပေါ်တွင် အိမ် တင်ပြီးဆောက်ထားသောကြောင့်
အိမ်တစ်ခုလုံးက လေထဲမှာဝဲနေသည်မှာနေချင်စရာကောင်းသလို အသဲယားစရာလည်းကောင်းလှပေသည်။
အတိုအရှည်မညီသောတိုင်များပေါ်တွင်လမ်းနှင့် အညီဆောက်ထားကြသည်ကများလေသည်။
အိမ်အများစုမှ သစ်သားအိမ်လေးများဖြစ်ပြီး အိမ်တိုင်းလောက်တွင် အိမ်ကပြင်အကျယ်ကြီးရှိနေလေသည်။
ထိုအိမ်လေးများကို မြင်မိသောအခါ ဆရာမ ဂျူး၏ တိမ်နှင့်ချည်သောကြိုးကို အထူးသတိရမိလေသည်။

မနက်(၇)နာရီလောက်က ကလေးမြို့က စထွက်လာခဲ့ကြသည်မှာ ၈နာရီခွဲကျော်ကျော်တွင် လမ်းခွဲတစ်ခုသို့ရောက်လေသည်။
သိုင်းငင်း ဟုအမည်တွင်ပြီး ကလေးမြို့မှ မိုင်(၃၀)ဝေးပြီး တီးတိန်နှင့် ဖလမ်းဟားခါး လမ်းခွဲရာရွာကလေး
ဖြစ်ပေသည်။
အိမ်ခြေအတော်အတန်များပြီး စည်ကားသောရွာကလေး ဖြစ်လေသည်။
သိုင်းငင်း နှင့်တီးတိန်သည် ၃၄မိုင်ဝေးသည်ဟုကားဆရာလေးက ဆိုလေသည်။
သိုင်းငင်းတီးတိန်လမ်းသည်ကျောက်လမ်းမဖြစ်သဖြင့် လမ်းဖြောင့်ဖြူးလေသည်။
ကားဆရာလေးကတော့ ယခင်က လမ်းခရီးများ၏ခက်ခဲ ခဲ့ပုံကို ပြောမကုန်နိုင်အောင်ရှိလေသည်။
တီးတိန်အထိကတော့သာသာယာယာ ဖြောင့်ဖြောင့်ဖြူးဖြူး။
တီးတိန်မှ နေ့လည်စာထမင်းစားပြီး ခရီးဆက်သော် လမ်းဇမ်သို့ရောက်လေသည်။
လမ်းဇမ်းမြို့မှ ခရီးဆက်ပြီး တစ်မိုင်ကျော်ကျော်အရောက်မှာ လမ်းကြမ်းကိုစလေတော့သည်။
မြေနဲ့ကျောက်အရောလမ်းဖြစ်သောကြောင့် ကားကို ဖြည်းဖြည်းသာမောင်းရလေသည်။
လမ်းမှာအဆင်းလမ်းရှည်လျားပြီး ဇောက်နက်လှပေသည်။
တစ်ဖက်က တောင်နံရံ တစ်ဖက်က တောင်စောင်း အသဲယားစရာကောင်းလှပေသည်။
တောင်စောင်းများမှာ ယာတောအိမ်သေးသေးလေးများရှိနေပေသည်။
အိမ်အများစုမှာသစ်သစ်လွင်လွင်မရှိ သွပ်ပြားအဟောင်းများဖြင့်သာအိမ်ဖြစ်ရုံမျှဆောက်ထားလေသည်။
လမ်းမ မှနေ၍ ၎င်းယာတောအိမ်လေးများကို သွားရန် လမ်းဟူ၍ မရှိ။
တောင်စောင်းမှ သာ ဖြစ်သလို သွားရသည့် မြေလမ်းအရာမျှသာရှိလေသည်။
၎င်းတောင်ယာများမှထွက်သောသီးနှံကို လမ်းမပေါ်ရောက်အောင် ပို့ဆောင်ရန်မပြောနှင့်
သွားနေကျလူမဟုတ်ပါက လူသက်သက်ပင်ရောက်ရန်ခက်ခဲလေသည်။
ဟိုးအဝေးဘက်တောင်ပေါ်တွင် ရွာငယ်လေးများ ကိုလှမ်းမြင်နေရလေသည်။
သွားလို့ရ မရ ကို ကားဆရာလေးအားမေးကြည့်သောအခါ အခြားဘက်တောင်ကြောမှရွာဖြစ်ကြောင်း
လှမ်းမြင်နေရသောလည်း ဒီဘက်မှ နေ၍ သွားမရကြောင်းပြောပြလေသည်။


မျက်နှာခြင်းဆိုင်လမ်းဘက်မှ တောင်မြင့်မြင့်ကြီး ပေါ်တွင် မြေလမ်းဖြူလွလွလေးကိုပိတ်စလေးချထားသလိုမြင်နေရလေသည်။
ထိုတောင်ထိပ်ကို ရောက်အောင်တက် အောက်ပြန်ဆင်းမှ ရိခေါဒါသို့ ရောက်ပေမည်။
အဆင်းလမ်းဆုံးခါနီးအရောက်အောက်ဖက်တွင်မြစ်တစ်စင်းကိုမြင်ရလေသည်။
မဏိပူရမြစ် ဖြစ်ပြီး ဟိုဘက်ကူးရန် မံဆောင်းတံတား ရှိလေသည်။
မံဆောင်းတံတားမှ ထွက်သည်နှင့်အတက်ခရီးစလေတော့သည်။
အတက်လမ်းသည် မော့ကြည့်၍ မဆုံးနိုင်လောက်အောင်ပင်ရှည်လျားပြီး
မြင့်မားလွန်းလှပေသည်။

 

အမြင့်ဆုံးသောတောင်ထိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေခြောက်ထောင်။
လမ်းကလေးများမှာ ခပ်ကျဉ်းကျဉ်း။
တစ်ဖက်က ချောက်ကမ်းပါ တစ်ဖက်က တောင်နံရံ။
တောင်နံရံမှ မြေသားများသည် တအိအိ ကြွေကျနေသည်ကိုမြင်နေရလေသည်။
မတ်စောက်ကျဉ်းမြောင်းသောလမ်းအကွေ့များတွင်ကွန်ကရစ်ခင်းပေးထားသော်လည်း
အခြားနေရာများကား မြေသားလမ်းသာသာ။
လမ်းများကိုကျယ်သထက်ကျယ်အောင် ချဲ့ထွင်ပေးနေသည်ကိုလည်းတွေ့ရပေသည်။
သို့သော်တောင်နံရံကိုဖြိုချ၍ ထွက်လာသောကျောက်များ မြေများကို တောင်အောက်သို့သာ
တွန်းချနေရသဖြင့် မြေသားခိုင်မာကျစ်လစ်မူ့ မရှိတော့ပေ။
တောင်များကလဲ မြေနှင့်ကျောက်ရောသော သက်နု တောင်တန်းဖြစ်သဖြင့် ခိုင်ခန့်မူ့အားနည်းလေသည်။
ကားကြီးကြီးသွားလျင် မြေများလျောကျသံ တဖျစ်ဖျစ် ကို ကြားနေရလေသည်။

သွားနေရင်းဖြင့် လူနေအိမ်ခြေများသောရွာလေးများကို မြင်လာရလေသည်။
ရွာတိုင်းတွင် ချပ်ချ်ကျောင်းရှိလေသည်။
ဟိုးအရင်လမ်းပန်းဆက်သွယ်မူ့ ခက်ခဲစဉ်ကပင်အခြေချခဲ့သည့် ရလဒ်တစ်ခုအဖြစ်မြင်မိလေသည်။
လွိိုင်တွီးရွာ ဟိုက်မွန်ရွာဟောင်းရွာသစ်တို့ကိုဖြတ်ပြီးသကာလ တီးတိန်မှ ၃၁မိုင်မျှသာဝေးသော
ရိဒ်ခေါဒါဆိုသောအရပ် ၏အဝင်ဝသို့ ညနေသုံးနာရီထိုးခါနီးတွင်ရောက်ရှိခဲ့လေသည်။
မြို့မမည်ရွာမက သော်လည်း မြန်မာနှင့်အိန္ဒိယ ၏ ကုန်သွယ်မူ့စီးဆင်းခြင်းကောင်းသောအရပ်ဟု
ဆိုလေသည်။
မြန်မာပြည်ဘက်မှနေ၍ အိန္ဒိယပြည် မှ နယ်စပ်မြို့များဖြစ်သော ကြံဖိုင်း အိုက်ဇောတို့မှတစ်ဆင့်
အိန္ဒိယ နိုင်ငံ အတွင်းပိုင်းသို့ ကွမ်းသီး အများအပြားတင်သွင်းကြသည်ဟုဆိုလေသည်။
နာမယ်ကျော် ရိဒ်ရေကန်အနားတွင် ဘန်ဂလိုများရှိသည် ဆို၍ တည်းရန်ပြောကြည့်သောအခါ
လိုက်ပို့သောကားသမားလေးက အဆင်မပြေလောက်ဟုဆိုကာ တစ်ခုတည်းသောတည်းခိုခန်းဖြစ်သည့်
ရိဒ်ရွှေပြည် သို့ ပို့ဆောင်ပေးလေသည်။
တည်းခိုခန်းရောက် အထုပ်အပိုးချ တွေ့ရန်ရှိသောလူကို သွားတွေ့ပြီးလေသောအခါ နာမယ်ကျော်ရိဒ်ရေကန်သို့
သွားရန်ကားဦးတည်ခဲ့လေသည်။
ကောင်းကင်ကြီးက မူန်မိူင်းမိူင်း။
ကားဆရာလေးက အပေါ်စီးက မြင်နိုင်သောဗျူးပွိုင့် ကို ဒီနေ့ လိုက်ပို့ပေးမည်။
နက်ဖြန်မနက်မှသာ ရိဒ်ရေကန်နားသို့ သွားကြမည်ဟုစီစဉ်ပေးလေးသည်။
စိမ်းမှောင်လျက်ရှိသောအသဲပုံရေကန်လေးကိုမြင်ရသည်မှ လှပလွန်းပေသည်။
မှတ်တမ်းတင်ဓါတ်ပုံ လေးငါးပုံလောက်ရိုက်ပြီး မကြာခင်မှာပင် ကောင်းကင်တစ်ပြင်လုံးမဲမှောင်လာသောကြောင့်
ကားပေါ်သို့ အမြန်တက်ပြီး ပြန်ခဲ့ကြလေသည်။
ကားထွက်၍မှ မကြာမှီပင် မိုးသည်းထန်စွာရွာလေတော့သည်။


တည်းခိုခန်းပြန်အရောက်ရေချိုးမည်ကြံစည်သောအခါ ရေများမှာနောက်ကျိလျက်။
ထို့ကြောင့်ပါလာသော ရေသန့်ဘူးဖြင့်သာမျက်နှာသန့်စင်ခြင်းအမူ့ကိုပြုရလေသည်။
မိုးရွာထဲမှာပင်တည်းခိုခန်းအနီးရှိ စားသောက်ဆိုင်တွင် ထမင်းစားပြီး အိပ်ယာဝင်ရလေသည်။
တစ်ချိန်လုံးခုန်ပေါက်နေသောကားပေါ်တွင် ထိုင်လာရသည်မို့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်ပြီး ညောင်းညာကိုက်ခဲ နေခြင်းကြောင့် အိပ်၍ကောင်းလှပေသည်။
ညနေချိန်က တည်း က ရွာသောမိုးသည် မနက်မိုးလင်းမှသာတိတ်လေတော့သည်။
မနက်စာ စားပြီးချိန်မှာတော့ မိုးခဏတိတ်နေချိန် ကားဆရာလေး က ပြန်ကြရအောင်ဟုဆိုလေသည်။
ညက တစ်ညလုံးမိုးရွာထားကြောင်း
လမ်းတစ်နေရာတွင်တောင်ပြိုထားသည်ဟုသတင်းရကြောင်း
ဆရာတို့ကလည်း လေယာဉ်လက်မှတ်ဝယ်ထားပြီးဖြစ်ကြောင်း
ထို့အတွက်လမ်းပိတ်လျှင် အခက်တွေ့မည်ဖြစ်ကြောင်း အစရှိသည်အကြောင်းကြောင်းများကြောင့်
လာရာလမ်းကို ပြန်လှည့်ကြရလေတော့သည်။
မရောက်မီက ကြံရွယ်ထားသော ရိဒ်ရေကန်ကို သွားကြည့် မည့်အစီအစဉ်
အိန္ဒယ၏နယ်စပ်မြို့လေးများဖြစ်သောကြံဖိုင်း အိုက်ဇောသို့သွားမည့် အစီအစဉ်များလည်းပျက်လေ၏။
အပြန်လမ်းတစ်လျောက်တွင် မိုးတိမ်ငွေ့များကြားမှ ချင်းတောင်ကြီး သည်လွန်စွာလှပပေသည်။
ကားဆရာလေးပြောသည်မှာ မှန်ပေ၏။
လမ်းခရီး သုံး လေး နေရာလောက်တွင်ကျောက်ချပ်များပြိုကျနေသည်ကိုမြင်ရလေသည်။
နံနက်စောစောမှာ ကျနော်တို့ ကားတစ်စီးသာရှိလေသောကြောင့်လမ်းပိတ်ဆို့မူ့မဖြစ်။
ကားဆရာလေးက ကျနော်တို့ ပြန်သည်မှ မှန်ကြောင်း ၊
ရိဒ်ရေကန်ကို မှတ်တမ်းတင်ရန်လာသောနိုင်ငံခြားသား နှစ်ယောက်မှာ
တောင်ပြိုလမ်းပိတ်ချိန်ကြုံ၍ လေယာဉ်လက်မှတ်ဆုံးဘူးကြောင်း
နိုင်ငံခြားခရီးသွားအဖွဲ့တစ်ဖွဲ့လည်း လမ်းပိတ်သည်နှင့်ကြုံသောကြောင့်အခြားသောခရီးစဉ်များဖျက်လိုက်ရကြောင်း
နောင်တစ်ခါလာလျှင် ချင်းပြည်နယ်၏ သင်္ကေတဖြစ်သော တောင်ဇလပ်ပန်းများပွင့်ချိန်တွင်လာစေလိုကြောင်း
ကို စီကာပါတ်ကုံးပြောပြလေသောအခါ သက်ပြင်းချရုံသာတတ်နိုင်လေသည်။

လမ်းကြမ်းကြမ်းတွင်ခုန်ပေါက်ပြေးလွှားနေသောကားထဲမှာထိုင်နေသောကျနော်စိတ်များမှာလည်း
မိမိဘာသာမိမိပြန်မေးနေသောမေးခွန်းများကြောင့် ခုန်ပေါက်လျှက်ရှိလေသည်။
အခြားသောနိုင်ငံများတွင် ခရီးသွားလုပ်ငန်းဖြင့် ငွေရှာ၍ကောင်းနေသောခေတ်တွင်
သဘာဝအလှအပများ ရှေးဟောင်းအမွေအနှစ်များပေါကြွယ်ဝသော ကျနော်တို့ နိုင်ငံသည်
ဘာကြောင့်အများနည်းတူ ပါဝင်ခြင်းမရှိနိုင်သနည်းဆိုသော မေးခွန်းသည်ရင်ထဲဝယ်
ဝဲလှည့် လျက်ရှိလေ၏။
ခေတ်အဆက်ဆက် ကျနော်တို့နိုင်ငံအတွက် ခက်ခဲနေသည်မှာ လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်ပါသည်။
အင်မတန်မှလှပသောရှု့ခင်းများကို ပိုင်ဆိုင်ထားသော ချင်းပြည်နယ်လို ဒေသမျိုးကို လမ်းပန်းဆက်သွယ်ရေးလွယ်ကူ ကောင်းမွန်အောင်
ကျနစွာလုပ်ဆောင်ခဲ့ပါလျှင် နိုင်ငံခြားသားများ လာရောက်မည်မလွဲပါ။
၎င်းတို့လာရောက်ခဲ့လျျင် တိုင်းပြည်ဝင်ငွေတိုးရုံမျှ မက ဒေသခံ တိုင်းရင်းသားများလည်း
အလုပ်အကိုင်များရရှိလာနိုင်ပေသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခဲ့ပါက ဒေသထွက်ကုန်များလည်းကောင်းမွန်စွာရောင်းချနိုင်ပေမည်။
ထို့ကြောင့် ချင်းပြည်နယ်ကို လာရောက်ရန် လွယ်စေ သင့်၏ မသင့်၏ဟု တွေးနေမိပေသည်။

ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
15-7-18o

3 comments

  • aye.kk

    July 19, 2018 at 10:47 pm

    ရှုခင်းလှလှ
    ရိုက်တဲ့ဓါတ်ဆရာ(ကိုပေါက်)တော်တယ်။
    ချင်းပြည်နယ်ကိုလာဘို ့ကလွယ်စေသင့်ပါတယ်။
    လွယ်ရင်တော့
    ချင်းပြည်ကို အလွယ်တကူ အရောက်လာလယ်ဖို ့
    အခွင့်အလမ်းပိုမိုရရှိစေပါတယ်။

  • Shar Thet Man

    July 23, 2018 at 12:00 pm

    နိုုင်ငံခြားသွားရင် သူတို့နိုင်ငံဘာလို့အဲလောက်တိုးတက်နေရတာလဲပြန်ပြီးစဉ်းစားမိရင် မလုပ်စားတတ်တာပါမှန်း ချက်ချင်းကိုသိရတယ် အနီးဆုံးဘန်ကောက်ပဲပြောချင်ပါတယ်။ ဘန်ကောက်ဆို တအားလုပ်စားတတ်တယ် နိုင်ငံခြားဒေါ်လာကို
    ဘယ်လိုယူရမလဲကောင်းကောင်းကျွမ်းကျင်တယ်။..ဘယ်အချိန်သွားသွား နိုင်ငံခြားသားတွေချည်းပဲ..ခုလည်း ကလေး၁၃ယောက်
    ဝင်တဲ့ဂူကို ပြတိုက်လုပ်မယ်တဲ့ ဘယ်လောက်လုပ်စားတတ်ပြန်လဲ။ အတုယူအားကျဖို့ကောင်းလိုက်တာ..အဲတော့ သူတို့နိုင်ငံက
    တိုးတက်ပြီးရင်းတိုးတက်ပြန်ရော။

Leave a Reply