mde

mde

 

“တန်ဖိုးထား၏မထား၏ “
အခုရက်မှာ မိုးမတိတ်စတမ်းရွာ၏။
ထိုအခါအိမ်အပြင်မထွက်ဘဲ ဖဘပွတ်လေမိလေသည်။
လက်ဦးတည့်ရာ ဟိုထဲဝင်ကြည့်ဒီထဲဝင်ကြည့် ကြည့်နေရင်း
တစ်ချိန်က အလွန်နာမယ်ကြီးခဲ့သည့် မြန်မာ့ပထမဦးဆုံးသော မိန်းမလျာအကအဖွဲ့
မိုးကြိုးငှက်ငယ်လေးများ၏ပဲ့ကိုင် စောနန္ဒာနှင့်အင်တာဗျူးထားသည်ကိုကြည့်မိလေသောအခါ
သူတို့၏ခက်ခဲသောဘဝရပ်တည်မူ့များကို ကြားရလေသောအခါ
အနုပညာကို ဖော်ထုတ်နေသူများဖြစ်သော်လည်း တန်ဘိုးထားခြင်းမခံရသည့်အခါ
မကြာသေးမီကာလက သွားခဲ့သောခရီးတစ်ခုမှ ကပွဲများကို ပြန်လည်သတိရမိလေတော့သည်။
ခရီးသွားလုပ်ငန်းတစ်ခု၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ကျနော်ရောက်ခဲ့လေသည်။
သူတို့ခရီးသွားသည့်အစီအစဉ်တွင် ကပွဲကြည့်သည့် ကဏ္ဍလည်းပါရှိလေသည်။
ရောက်သောနေ့တွင်ပတ္တရားမြို့တွင်လည်ပါတ် ညစာ စားပြီးသောအခါ နာမယ်ကျော်
အခြောက်ကပွဲသို့ လိုက်ပို့လေသည်။
ကပွဲရောက်သောအခါ ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရဆိုသောကန့်သတ်ချက်များဖြင့်
ကြည့်ရူ့ကြရလေသည်။
ဒီပွဲအတွက် ပိုက်ဆံပေးထားပြီးသား စီစဉ်ထားပြီးသား ဆိုသောကြောင့်သာအများနည်းတူလိုက်ခဲ့ရသော်လည်း
အခြောက်ကပွဲဆိုသော စကားသံကြောင့်ကြည့်ရမည်ကို သိပ်စိတ်မပါ ပါ။
ကပွဲစ၍မကြာမီမှာပင် ကျနော်အထင်နဲ့အမြင်လွဲမှန်းသိရလေတော့သည်။
သူတို့အကအဖွဲ့မှာ ပြောထားလို့သာ မိန်းကလေးအစစ်မဟုတ်ဆိုသည်ကို
တအံ့တဩနှင့် လက်ခံလိုက်ရသည် ။
ပြောပိုဆိုပုံ ကပြပုံ လှုပ်ယှားသွားလာပုံ မှာ မိန်းကလေးအစစ်ထက်ပင်ပျော့ပြောင်းနွဲ့နှောင်းသေးသည်။
အင်္ဂလိပ် သီချင်းများကိုသာဆိုသည်။
အင်္ဂလိပ် စကားများကိုပြောသည်။
ကပြသည်ကတော့ ဥရောပအော်ပရာ၊တရုပ်အက၊ကုလားအက၊ထိုင်းအက
အကမျိုးစုံအောင် ကြွကြွရွရွ လှလှပပ ရင်သပ်ရှု့မောအောင်အသုံးတော်ခံကြလေသည်။
သူတို့၏ကို်ယ်ခန္ဓာ အချိုးအစားမှာပါးပါးလျလျ
ပေါင်တွေ လက်မောင်းတွေ ဝမ်းဘိုက်တွေမှာ အဆီပြင်မရှိ မွတ်မွတ်ရွရွ။
အသားအရေများမှာလည်း စိုပြေဝင်းဝါ
မီးဆလိုက်ရောင်စုံကြောင့်လားတော့မသိ ကြည့်ရသည်မှ လှပ လွန်းပေသည်။
တင်နှင့်ရင်မှာလည်းကြည့်ကောင်းရုံမျှသာ အမြင်မတော်ပုံပျက်ပန်းပျက်မဟုတ်။
သူ့တို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖော်သည့် နေရာ ဖော်ထားသော်လည်း
တဏှာဖြင့်ဆွဲဆောင်သော ပုံစံမပေါက် အမြင်မရိုင်း။
စကားပြောပုံ မျက်နှာအမူအရာတွေမှာလည်း ယဉ်ကျေးသိမ်မွေ့ြုခင်းအပြည့်၊
သူတို့ကိုယ်တိုင်ကလည်း မိမိကိုယ် မိမိယုံကြည်မူ့အပြည့်၊
မိမိကိုယ်မိမိတန်ဘိုးထားခြင်းအပြည့်ဖြင့်ကပြအသုံးတော်ခံကြလေသည်။
ကြည့်ရူ့သူအားလုံးကလည်း ၎င်းတို့အား အခြောက်တွေဟူသော နှိမ်ချစိတ်မျိုးမဖြစ်သည်မှာအမှန်ပင်။
ကျနော်အပါအဝင်ပွဲကြည့်ပရိသတ်များမှာလည်းကျေနပ်အားရလှသဖြင့် လက်ခုပ်သံတဖြောင်းဖြောင်း
နှစ်ထောင်းအားရ ရှိလေသည်မှာ ကပြသူအားလုံးအပြင်ထွက်နုတ်ဆက်မှသာ ပွဲပြီးကြောင်းသိရလေသည်။

လွန်စွာဝေးကွာခဲ့သောကာလက မိုးကြိုးငှက်ငယ်လေးများကိုတော့ မမှတ်မိတော့ပြီ။
လတ်တစ်လောဖေစ်ဘုတ်တွင် တက်၍လာသော မြန်မာအခြောက်များ၏ တစ်ကိုယ်တော်တင်ဆက်မူ့များကို
တော့မကြာခဏကြည့်ရလေသည်။
အနုပညာမြောက်သောတင်ဆက်မူ့ထက် မထော်မနမ်းတွေလုပ်ပြသည်ကိုသာမြင်တွေ့နေရလေသည်။
ကပြရာတွင်လည်း့ကော့ကော်ကန်ကားဖြင့် အမြင်မတင့်တယ်။
မိန်းမသားတစ်ယောက်၏မဖော်အပ် မဖော်သင့်သောနေရာများ ကို လှစ်ဟပြခြင်း
အမြီးအမောက်မတည့် တလွဲတွေလုပ်ပြခြင်းကိုသာ ဦးစားပေးနေသလိုပင်။
ထို့ကြောင့် ကြည့်သောသူများကလည်း အနုပညာတရပ်ကို ခံစားကြသည်ထက် ဟာသအမြင်ဖြင့်သာ
ကြည့်ကြလေကုန်၏။
ယခုခေတ်တွင် ယောက်ျားရင့်မာကြီးများက မိန်းမလို ဝတ်ကာ သရုပ်ဆောင်ကြဆိုကြကကြသည်မှာ
အရင်ထက်များလေသည်။
၎င်းတို့ကပြသည်မှာ အနုပညာတစ်ရပ်ကိုလေးလေးစားစားတင်ဆက်သည်ထက်
ဟာသဆန်ဆန်သာ ဇောင်းပေးပြီးကပြလေသည်။
အောက်လုံးများ ကိုသာ ပြက်လုံးထုတ်လိုက် အချင်းချင်းမကြားဝံ့မနာသာဆဲလိုက်ဖြင့်
ကြည့်ရသူမှာ ကြည်နူးစိတ်ဖြစ်မလာသည်မှာအမှန်ပင်။
အချုပ်ပြောရ လျင်တော့ အနုပညာကိုခံစားမိခြင်းထက် အထင်အမြင်သေးသော
စိတ်ကိုသာဖြစ်စေလေသည်။
မိန်းမလျှာများ အခြောက်များဆိုလျှင် လှောင်ပြောင်လိုသောစိတ်ကဲနေသည်မှာဝမ်းနည်းစရာပင်။
ယောကျာ်းရင့်မာကြီးများက မိန်းမစိတ်ပေါက်ခြင်းကို မှန်သည် မှားသည်ကိုတော့ သီးခြားပြဿနာတစ်ရပ်ဟုထားနိုင်ပါသည်။
သို့သော်အနုပညာကို ဖော်ဆောင်ရာတွင်တော့ မိန်းမလျှာ များကိုယ်တိုင်ကဖြစ်စေ
သဏ္ဍန်လုပ် သရုပ်တူစေသူများက ဖြစ်စေ ၎င်းတို့၏ဘဝရပ်တည်မူ့ကိုလေးစားသင့်
တန်ဘိုးထားသင့်သည်ဟုထင်ပါသည်။

၎င်းခရီးစဉ်မှာပင် ဘန်ကောက်မြို့တွင်ကပြသည့် လူငါးဦးသာ ပါဝင်သော NANTA Show ဟူသော ကပွဲတစ်ခုပါဝင်ပါသေးသည်။
မင်္ဂလာဆောင်ပွဲတစ်ပွဲအတွက် ထမင်းဟင်းချက်တာဝန်ယူရသော စားဖိုမှူး တို့ (၄)ယောက်အဖွဲ့နှင့်
မန်နေဂျာတစ်ယောက်တို့၏ ကမောက်မကဖြစ်ရပ်များကို စကား နည်းနည်းပြော အမူအယာများများပြ
ပြီး ပရိတ်သတ်စိတ်ဝင်စားအောင်ရယ်မောရအောင်ဖန်တီးသွားကြခြင်းဖြစ်ပေသည်။
မင်္ဂလာဆောင်မည့် သူတို့သားနှင့်သူတို့သမီးကိုပရိတ်သတ်ထဲမှ ဆွဲခေါ်ပြီး သရုပ်ဆောင်စေခြင်းကတော့
၎င်းကပွဲ၏ထူးခြားချက်တစ်ရပ်ဖြစ်ပေတော့သည်။
၎င်းကပွဲသည် ဘရော့ဒ်ဝေးကဇာတ်ရုံတွင် တင်ဆက်သည်ဟုုသိရလေသောအခါ
စွမ်းလဲစွမ်းတဲ့ကိုရီးယားတွေဟုသာ မှတ်ချက်ချမိပေသည်။
ပွဲပြချိန် တစ်နာရီနီးပါးအတွင်း မပျင်းရအောင်အသုံးတော်ခံလေသည်။
စားတော်ကဲ နှင့်သူ၏လက်ထောက်အမျုးိသမီးတစ်ဦး အမျိုးသားတစ်ဦးနှင့်
ဟင်းချက်အကူတစ်ဦး စုစုပေါင်းလေးဦးတို့ ထမင်းဟင်းချက်ရာတွင်တလွဲတချော်တွေလုပ်ပြရင်း
ရီစရာမောစရာဖြစ်အောင်ဖန်တီးပြကြလေသောအခါ ကြည့် မြင်သူ ပရိသတ်မှာ တဝါးဝါး တဟားဟား။
မန်နေဂျာဖြစ်သူမှာ ဝင်လာလိုက်ထွက်သွားလိုက်နှင့်အသံမထွက်ဘဲရီအောင်လုပ်ပြလေသည်။
သူတို့ ကပြရာတွင်ထူးခြားဆန်းကြယ်သော ဆက်တင်တွေမပါ ပါ။
သို့သော် ထူးခြားသော တင်ဆက်မူ့တွေဘာမှ မပါဘဲ လူသက်သက်ကပြခြင်းကပင်
အနုပညာရသကိုဖော်ဆောင်နိုင်စွမ်းရှိသည်ကိုမြင်ရလေသောအခါ
လူသာလျှင်ပဓါန ဟူသောစကားကို နားတွင်ကြားယောင်မိလေသည်။

လွန်ခဲ့သောနှစ်များက ဗီယက်နမ်နိုင်ငံသို့ရောက်စဉ်ခဏ ရေပေါ်ရုပ်သေးပြပွဲကိုကြည့်ခဲ့ရပါသည်။
ပွဲကြည့်လိုပါက ကြိုတင်လက်မှတ်ဖြတ်ထားရသည်။
ပွဲကြည့်လာပရိတ်သတ်တွင် ဗီယက်နမ်နိုင်ငံသားထက် ဥရောပမှ နိုင်ငံခြားသားကအများစုဖြစ်နေလေသည်။
ပွဲကြည့်စင်မှာရုပ်ရှင်ရုံတစ်ခုလိုပင် ထိုင်ခုံတွေအဆင့်ဆင့်စီလျက်။
ဘေးတစ်ဘက်တွင် တီးဝိုင်း။
တီးဝိုင်းတွင် ဗီယက်နမ်ရိုးရာဝတ်စုံကိုဆင်ယင်ထားသော တူရိယာပညာရှင်အမျိုးသမီးအမျုးိသားများက
နေရာယူထားကြလေသည်။
တစ်ဘက်တွင် ရုပ်သေးရုပ်များထွက်လာမည့်ဇာတ်စင်။
ဇာတ်စင်သည် ရေပြင်ဖြစ်လေ၏။
မီးဆလိုက်ရောင်စုံများကလည်း လှတ ပတ။
ပွဲမစခင် ဗီယက်နမ်ရိုးရာဝတ်စုံအဖြူနှင့်အဆိုတော်အမျိုးသမီးက သီချင်းစတင်သီဆိုလေသည်။
သီချင်းသီဆိုသူက ပင် တူရိယာပစ္စည်းများကိုအလှည့်ကျ ဝင်ရောက်တီးမူတ်လေသည်။
ထူးခြားသည်က ရုပ်သေးရုပ်များသည် ရေထဲတွင် သရုပ်ဖော်ခြင်းဖြစ်သည်။
ငါးရုပ်များ မြွေများ အစုံစုံသော သတ္တဝါများ
လူရုပ်များသည် ရေထဲတွင် လှူပ်ယှားကြ၏။
ကြိုးဆွဲရုပ်သေးမှန်းသိသော်လည်းကြိုးဆွဲသူကို မမြင်ကြရ။
ရုပ်သေးဆိုသည်မှာ ဇာတ်စင်ပေါ်တွင် မြင်ဘူး နေကြဖြစ်သော်လည်း
ရေထဲတွင် ရုပ်သေးစင်ရှိနေသည်ကားအထူးအဆန်းဖြစ်စေလေသည်။
ကပြနေသည်ကိုကြည့် ရသည်မှာ ရင်သပ်ရှု့မောဟု မဆိုသာသော်လည်း
စိတ်ဝင်စားဘွယ်ကောင်းသောကြောင့် ရုပ်သေးကြိုးဆွဲသူအားလုံးအပြင်ထွက်လာပြီး
ရေထဲမှာ မတ်တပ်ရပ်ပြီးနူတ်ဆက်သောအခါ ပိုမိုတအံ့တဩဖြစ်ရေလေသည်။
တိမ်မြုပ်ပျောက်ကွယ်လု နီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ရုပ်သေးပညာကို
ကျားကန်ပြီး ကြိုးစား ပမ်းစား ဖော်ထုတ်ပေးနေသူ ဒေါ်မမနိုင်ကိုယ်စား
ဝမ်းနည်းမိသည်မှာအမှန်ပင်။
သူများနိုင်ငံတွေသည် မိမိတို့ရိုးရာ အက များ ကြည့်ချင်စရာများကို
ခရီးသွားလုပ်ငန်းများ၏ မကြည့်မနေရ ခရီးစဉ်များတွင် ထည့်သွင်းရေးဆွဲထားပြီး
ငွေရှာကြပါသည်။
လူစိတ်ဝင်စားစရာကောင်းသော အကနှင့်ပါတ်သက်သော အနုပညာရပ်များစွာရှိသော
မြန်မာနိုင်ငံဖြစ်နေသော်ငြားလည်း ကျနော်တို့ နိုင်ငံ၏ အလှအပများကို
တန်ဘိုးထားပြီးဖော်ထုတ်ပေးသူမရှိ။
မကြည့် မနေရဖြစ်အောင် ဆွဲဆောင် ကာ ဆွဲစိထားသူမရှိ။
တစ်ကိုယ်တော်ဖြစ်စေ တစ်နိုင်တစ်ပိုင်ဖြစ်စေ ကြိုးစားရုန်းကန်ပြီး ကပြနေကြသူများကို
တလေး တစားတန်ဘိုးထား၍ဖော်ထုတ်ပေးသူမရှိ။
မိမိ တို့နိုင်ငံပိုင်အနုပညာများ ကို သင့်တင်သောအခကြေးငွေဖြင့်
ခန့်ခန့် ထည်ထည် ကြည့်နိုင်အောင်စီစဉ်ပေးသူမရှိ။
အနုပညာသည်များကိုယ်တိုင်ကပင်လျှင် မိမိတို့၏ဂုဏ်ယူဘွယ်ကောင်းလှသော
အနုပညာများကို အဆင့်မြင့်မြင့် ပြသဖော်ထုတ်ခြင်းမရှိ။
ထို့ကြောင့် ကျနော်တို့၏အနုပညာအမွေအနှစ်များသည် ကောင်းပင်ကောင်းသော်ငြားလည်း
တန်ဖိုးထားပြီး အမြင့်တင်ပေးမည့်သူမရှိ။
တန်ဖိုးထား၏ မထား ၏ဆိုသည့်မေးခွန်းကို အပြန်ပြန်အလှန်လှန် တွေးနေမိသော်လည်း
မည်သူက တာဝန်ယူမြှင့်တင်ပေးမည်နည်းဟူသောနေရာတွင်သာအဆုံးသတ်ပြီးရပ်နေလေတော့၏။

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။