ပေါက်ပန်းလေးဆယ် စကားဝိုင်း – ၂ (ဗုံးခွဲခြင်း)
ပေါက်ပန်းလေးဆယ် စကားဝိုင်း – ၂
(ဗုံးခွဲခြင်း)
‘ကိုယ်တော်ရာ ကျွန်တော်တော့ဖြင့် ဟိုနေ့ကလုပ်သွားတဲ့ ရသစာပေစကားဝိုင်းမှာ ဦးဆောင်ဆွေးနွေး သွားတဲ့သူကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထက် သမ္မတဟောင်းကြီးကဆွေးနွေးတာကို ပိုပြီးမြင်ချင်တာပဲဗျာ’
‘ဖူး… ဖလူး… ဖူး’
ကျွန်တော့စကားအဆုံးတွင် တူးဝေးကိုယ်တော်တစ်ယောက် သောက်နေသော ကော်ဖီများပါးစပ်အတွင်းမှ ထွက်ကျလောက်အောင်ပင်သီးသွားသည်။
‘ဘာတုံးဟ မင်းစကားကြီးက အလန့်တကြားနိုင်လိုက်တာ။ ငါသောက်နေတဲ့ အိတ်စ်ပရစိုတောင်သီးတယ်’
တူးဝေးကိုယ်တော်ရဲ့စကားအဆုံးမှာ အားရပါးရရီမိသည်ကတော့ ကျွန်တော်။
‘ဟား…ဟား…ဟား။ ဖြစ်မှဖြစ်ရလေကိုယ်တော်ရာ အိတ်စ်ပရစိုတဲ့။ နတ်စ်ကော်ဖီတောင် နို့စိမ်းမပေါက်နိုင်လို့ ပလိန်းပဲသောက်နေရတာများ’
‘ဟ ဟိတ်ကောင်ရ။ လူဆိုတာကိုယ်ထင် ကုတင်ခြေလေးချောင်းကွ။ ငါ့ပါငါနတ်စ်ကော်ဖီကို အိတ်စ်ပရစို အထင်နဲ့သောက်ရတာ ဘုဂရုစိုက်မတုံး’
‘ထားပါလေ ထားပါ။ ခင်များပြောသလိုပဲ ကိုယ်ထင်ကုတင်ခြေလေးချောင်းပေါ့’
တူးဝေးကိုယ်တော် ကော်ဖီကို အားပါးတရမော့သောက်လိုက်ပြန်ကာ
‘နေစမ်းပါဦး မောင်ကာကြီးရ။ ဘာတဲ့မင်းစကားကြီးက အတိုင်ပင်ခံနေရာမှာ သမ္မတဟောင်းကြီးကို တွေ့ချင်တယ် ဟုတ်ကဲ့လား’
‘အင်းလေ။ တစ်ကယ်ကြီးကို မြင်ချင်တာရယ်’
‘မင်းကွာ သမ္မတဟောင်းကြီး သူ့ပါသူနဂါးမောက်သီးအေးအေးဆေးဆေးစိုက်စားနေတာ ဘယ်နှယ်လုပ် ပြန်ခေါ်ချင်နေရတာတုံး။ သူ့ပါသူ လွတ်လွတ်ကင်းကင်းနေပါစေကွာ’
‘ဟာ… လွယ်ပါစေပယ်ပါစေ။ ခင်များဘာတွေလျောက်ပြောနေတာလဲ။ ကျွန်တော်ပြောတာက ဆရာမင်းသုဝဏ်ရဲ့သား သမ္မတအဟောင်းကြီးကိုပြောတာဗျ’
‘ဟေ ဟုတ်လား။ မင်းက ခေါင်းဖြူကြီးကိုပြောတာလား။ မသိပါဘူးကွာ ငါကအဘပြောင်ကို ပြောတာမှတ်လို့’
‘ပြောစရာလားဗျ သူ့ကိုတော့… ကြံကြီးရယ်တဲ့စီရာ’
ကျွန်တော့စကားဆုံးတော့ ကိုယ်တော် ခပ်တိုတိုပင်ရယ်သည်။
‘အေးကွ မင်းပြောမှသတိရသွားတယ်။ ငါလဲစဉ်းစားမိသား အဲ့စကားဝိုင်းရဲ့ဦးဆောင်သူက နိုင်ငံရေးနယ်ပယ်ကထက် တစ်ကယ့်စာပေနယ်ပယါနဲ့ အကျွမ်းဝင်တဲ့သူဆိုပိုကောင်းမလားလို့’
‘အဲ့ဒါပြောတာပေါ့ ကိုယ်တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘယ်လောက်ပဲ ရသစာပေကို နှံစပ်တယ်ဆိုဆို သူကနိုင်ငံရေးနယ်ပယ်ကဆိုတော့ ဆွေးနွေးတဲ့စကားတွေမှာ ခေါင်းစဉ်တတ်ထားတဲ့ ရသစာပေဆိုတာထက် တစ်ခါတစ်ခါ နိုင်ငံရေးနယ်ပယ်ဘက်ကို ရောက်ရောက်သွားရောဗျ။ သမ္မတဟောင်းကြီးဆိုရင်တော့ ဒီ့ထက်ပိုတဲ့ ရသစာပေဆိုင်ရာတွေပိုပြောဖြစ် ပိုဝေမျှဖြစ်မလားပဲ… သူက စာရေးဆရာဆိုတော့လေ’
‘ဒါတော့ဒါပေါ့။ ဒါမဲ့ မင်း… အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလဲ သွားအထင်သေးလို့မရဘူးနော်။ သူလဲ စာတွေကဗျာတွေရေးတာပဲဟ။ တစ်ခြားမကြည့်နဲ့ကွာ သူအင်္ဂလိပ်လိုရေးတဲ့ Freedom from Fear စာအုပ်ပဲကြည့်ပေါ့’
‘ဒါလဲဟုတ်တာပဲဗျ။ ကျွန်တော်တောင် လွန်ခဲ့တဲ့ နှစ်တွေလောက်တုန်းက ကျွန်တော်ရဲ့ပေ့ချ် မဖတ်ချင်လဲဖတ် မှာတင်ဖို့ အာဇာနည်၉ဦးရဲ့ အထုပ္ပတ္တိ အကျဉ်းကိုရေးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို သူရေးတဲ့ထဲက အတော်လေး အကိုးအကားပြုခဲ့ရတာ’
‘အလို မင်းက အီးလိုစာတွေလဲဖတ်တတ်တာလား’
‘မဟုတ်ရပါဘူးဗျာ။ ဒေါက်တာအောင်ခင် ဘာသာပြန်ထားတဲ့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးပဲ ဖတ်တာပါ’
‘ဒါမဲ့ အတိုင်ပင်ခံကလဲ မြန်မာလိုပါ အရေးအသားကောင်းပါပဲ။ ပုဂံနဲ့ပတ်သတ်လို့ ရေးထားတာလေးတွေဆို အတော်ဖတ်လို့ကောင်းတာရယ်’
‘ဘာပဲဖြစ်ဖြစ်ဗျာ။ ကျွန်တော်ကတော့ သမ္မတဟောင်းကြီးကိုပဲတွေ့ချင်တာ။ သူက ဆရာမင်းသုဝဏ်ရဲ့ သားလဲဖြစ် ကိုယ်တိုင်လဲစာရေးဆရာဖြစ်ပြီးတော့ သူက နိုင်ငံတစ်ကာစာပေလဲအထိအတွေ့ရှိသူလေ’
‘ဆိုတော့ကား… အမောင်ပြောချင်တာက သမ္မတဟောင်းကြီးက နိုင်ငံရေးနယ်ပယ်မှာသာ မကျွမ်းကျင်ချင်နေမယ် ရသစာပေဘက်မှာတော့ သာနိုင်မယ်ဆိုတဲ့သဘောပေါ့… အဲ့လိုလား’
‘အင်းပေါ့… အဲ့လိုပေါ့ဗျာ။ ဒါနဲ့ ကိုယ်တော်ရော အဲ့စကားဝိုင်းကို နားထောင်လိုက်ရလား’
‘အစကတော့ မမှီဘူး။ တစ်ဝက်လောက်ကပဲဖြတ်ပြီးနားထောင်ဖြစ်လိုက်တယ်။ နားထောင်ရသမျှတော့ ကောင်းပါတယ်။ ကလေးတွေလဲတော်ကြပါတယ်။ ဒါမဲ့ တစ်ခုရှိတာက သုတနဲ့ရသကို သူတို့တွေသိပ်မကွဲသလိုပဲ’
‘ဘယ်လိုကြောင့်လဲဗျ’
‘ဒီလိုလေ။ သူတို့တွေက ရသစာပေအကြောင်းပြောရင်း စာကြည့်တိုက်ဘက်ရောက်သွားတယ်။ နောက်တော့ သုတေသနစာတမ်းဘက်ကိုရောက်သွားရော။ တစ်ကယ်တော့ သုတေသနစာတန်းဆိုတာက အချက်အလက်တွေလေ ရသလို့ပြောလို့မရဘူး။ ဒါမဲ့လဲ စာကြည့်တိုက်ယဉ်ကျေးမှုအတွက်တော့ အဲ့ဒါလေးတွေလဲ လိုအပ်တာပဲပေါ့’
‘ဒီလိုပဲဖြည့်တွေးလေးကိုယ်တော်ရယ်။ ၂ဝမပြည့်သေးတဲ့ကလေးတွေအနေနဲ့ အလကားနေ ဖုန်းပွတ်နေမယ်အစား စာအုပ်ဘက်လှည့်မိတာကိုပဲ ချီးကြူးပေါ့ဗျ’
‘အေးပေါ့ မင်းပြောသလိုပေါ့လေ’
ထိုခဏတွင် ကိုယ်တော်ရဲ့ဖုန်းကမက်ဆေ့ဝင်လာသဖြင့် သူစာပြန်ပြီးတာကို ထိုင်စောင့်နေပြီးမှ
‘ဒါနဲ့ ကိုယ်တော် VK အကောင့်ဖွင့်ပြီးပြီလား’
‘ဟမ်… ငါက ဘာလို့ VK အကောင့်ဖွင့်ရမှာလဲ’
‘ဟာ… ကိုယ်တော်ကလဲ ဝေးပြန်ရော။ အခု လူတော်တော်များများ FBကနေ VKဘက်ကိုပြောင်းနေကျပြီဗျ။ ပြီးတော့ သူက FBလိုပဲ သုံးရအဆင်ပြေတယ်ဆိုပဲ’
‘အပိုတွေပါအမောင်ရယ်။ အစိမ်းရောင်ဘက်တော်သားတွေရဲ့စကားယုံမနေစမ်းပါနဲ့။ ဟိုလူဖွဒီဖလူဖွနဲ့ပဲ ငါက ကမာ္ဘ့ လူသုံးအများဆုံးဆိုင်ရာ ဆိုရှယ်မီဒီယာကြီးကိုစွန့်ပြီး မနေ့တနေ့ကမှ သိတဲ့ဟာကို ပြောင်းသုံးရမှာလားကွ’
‘ပြောင်းသင့်လဲ ပြောင်းရမှာပဲလေ။ FBက ကျွန်တော်တို့ နိုင်ငံကို မတရားအနိုင်ကျင့်နေပီလေဗျာ’
‘စဉ်းစဉ်းစားစားလဲပြောပါမောင်ကာကြီးရယ်။ အကောင့်လေး ၄ဝလောက်ကိုပိတ်တာနဲ့ အနိုင်ကျင့်တယ်တော့မလုပ်ပါနဲ့ဟ’
‘ကိုယ်တော်ကတော့ ဇွတ်ပဲ’
‘မဇွတ်နဲ့အမောင်… ခဏနေဦး ငါပြမယ်’
ပြောပြောဆိုဆိုနှင့် သူ့ဖုန်းကိုဖွင့်ကို ကတောက်ကတောက်ဖြင့် အတန်ကြာလုပ်ပြီးမှ သူ့ဖုန်းကို ကျွန်တော့်ရှေ့ချပြကာ
‘ဒီမယ်တွေ့လားမောင်ကာကြီး ကမာ္ဘ့လူစိတ်အဝင်စားဆုံး ဆိုရှယ်မီဒီယာ၁ဝခုမှာ မင်းပြောတဲ့ VKဆိုတဲ့ Vkontakte ဆိုတာမပါဘူး။ ဘယ်မှာပါလဲဆိုတော့ ပေါ်ပြုလာအဖြစ်ဆုံးအခု၂ဝဆိုတဲ့ နေရာမှာတော့ အဆင့်၁ရကနေပါတယ်’
‘အဲ့ဒါပဲလေ။ သူလဲ လူသုံးများတာပဲလေ’
‘လူသုံးများတယ်တော့ မလုပ်နဲ့အမောင်။ စာတွေလဲ သေချာဖတ်ကြည့်ဦး။ သူကရုရှားနဲ့ ရုရှားဘာသာသုံးတဲ့ နိုင်ငံတွေမှာပဲ တွင်ကျယ်တာ။ ပြောရရင်ကွာ QQလိုပေါ့။ ပြီးတော့ သူက ရုရှားပလပ်ဖောင်းကွ။ FBက ဝေါဝိုက်ပလပ်ဖောင်း။ ဆိုလိုတာကတော့ကွာ သူက ရုရှားနိုင်ငံအတွက် အဓိကလို့သဘောပေါ့။ ကမာ္ဘလုံးဆိုင်ရာမဟုတ်ဘူး’
‘ဘာပဲဖြစ်ဖြစ်ဗျာ။ ခုဆို မြန်မာအကောင့်တွေလဲရှိမယ် မြန်မာလိုလဲဖတ်လို့ရမယ်ဆိုတော့ သုံးသင့်ပါတယ်ဗျာ’
‘ရော…ခက်ကပြီ။ ငါကလဲ မသုံးသင့်ဘူးလို့မပြောပါဘူး။ ဒါမဲ့ကွာ ငါပြောချင်တာက အဲ့ဟာကြီးက ချက်ချင်းဆိုသလို ဘလွန်းဘင်းဖြစ်လာတာက သွေးရိုးသားရိုးမဟုတ်ဘူးလို့ဆိုချင်တာ။ ကဲ… မင်းပဲပြောကွာ။ အဲ့ VKဆိုတဲ့ဟာကြီးကို မင်းဘယ်နေ့ကစသိလဲ။ မှန်မှန်ဖြေ ဟိုပေ့တွေအပိတ်ခံလိုက်ရမှမဟုတ်ဘူးလား’
‘အင်း… ဟုတ်တယ်’
‘အဲ့တော့ကွာ… မင်းစောစောကပြောခဲ့သလို FBကြီးက မတရားအနိုင်ကျင့်လို့ တစ်ခြားဟာ ပြောင်းသုံးမယ် FBကိုသပိတ်မှောက်မယ်ထားပါတော့။ FBနေရာမှာ အစားထိုးသုံးစရာ တစ်ခြားဟာတွေ အများကြီးကွ။ အင်စတာဂရမ်တို့ တွက်တာတို့လိုပေါ့။ အဲ့ဒါတွေကျ ခုနကလို ဟော့ဖြစ်မလာပဲ VKကျမှ ဟော့သွားလဲ သိလား’
‘ဒါတော့မပြောတတ်ဘူး’
တူးဝေးကိုယ်တော် ငါးခူပြုံးကိုအားပါးတရပြုံးလိုက်သည်။ ဒီအပြုံးမျိုးကို ကျွန်တော်သိပ်မကြိုက်။ သူဒီလို ပြုံးပြီဆို တစ်ဖက်သားကို အားပါတရနှိမ်ဖို့အားယူနေတာ။
‘ဒီလိုကွ။ ငါစဉ်းစားမိသလောက်တော့ VKဆိုတာက ရုရှားအခြေစိုက်။ ငါတို့နိုင်ငံမှာ ရုရှားနဲ့အဆက်အဆံအများဆုံးကဘယ်သူတွေလဲစဉ်းစားကြည့်။ မင်းလွယ်လွယ်သိအောင်ပြောရရင်ကွာ တရုတ်ကလူတွေနဲ့ဆက်ဆံဖို့ဆိုရင် FBလောက်နဲ့မရဘူး။ တရုတ်မှာတွင်ကျယ်တဲ့ ဝီချက်တို့ ဝှက်စပ်တို့ရှိရသလို အနောက်နိုင်ငံကလူတွေနဲ့ ဆက်သွယ်ဖို့လဲ အနည်းဆုံးတော့ တွက်တာတို့ စကိုက်ပ်တို့ရှိမှရမှာကွ။ ဒီလိုပဲပေါ့ ရုရှားက လူတွေနဲ့ ဆက်ဆံဖို့အတွက်ဆို ရုရှားအခြေစိုက် ရုရှားတွေအသုံးများတဲ့ဟာရဲ့ အကောင့်တော့ရှိရမှာပေါ့။ မင်းမယုံရင်ပြမယ်ကြည့်’
ပြောရင်းနဲ့ သူ့ဖုန်းကို ကတောက်ကတောက်လုပ်ပြန်သည်။
‘ဒီမယ်တွေ့လား။ ရုရှားမှာ FBသုံးတဲ့လူဦးရေက ၂၀%ပဲရှိတယ်။ VKကတော့ ၆၁%ထိရှိတယ်။ ဒီတော့ကွာ တစ်ခြားကမာ္ဘလုံးဆိုရာ တွင်ကျယ်နေတဲ့ဟာတွေထက် ဒါကိုမှသုံးပါလို့ပြောနေတဲ့ အဲ့ဟာရဲ့ အကောင့်ရှိပြီးသားလူတွေ… အစိမ်းတွေပေါ့ကွာ။ သူတို့ရဲ့ မှိုင်းတိုက်တာ မခံချင်စမ်းပါနဲ့ကွာ’
‘ပိုင်လှချည်လားဗျ။ ခင်များဒါတွေဘယ်က သွားရှာလဲ’
‘လခွမ်း ငါဆဲမိတော့မယ်။ ဘယ်ကရှာကမှာလဲကွာ မင့်ပထွေး ဂူးဂဲလ်ကနေပဲပေါ့။ အဲ့ဒါပြောတာ မင်းတို့လူငယ်တွေကို။ FBလောက်ကိုဘဝထင်ပီး ကိုယ်ချင်းကိုယ်ချင်းသာ ဂန်ကျယ်နေကျတာ ဝီကီပီးဒီယားလို ဟာတွေက အချက်အလက်တွေရှာဖို့နေနေသာသာ ဂူဂဲလ်တောင် ယောင်လို့မခေါက်တတ်ကျတာတော့ ဝမ်းနည်းစရာသိပ်ကောင်းရောကွာ’
‘ဒါမဲ့ FBကလဲ သတင်းတွေအတော်စုံပါတယ်ဗျ’
‘သတင်းကနည်းနည်း။ အတင်းကများများပါကွာ။ ဘာတဲ့ တစ်နေ့ကပဲတွေ့လိုက်သေးတယ်။ ရန်ကုန်ဝန်ကြီးချုပ်က မြို့တွင်းလျှပ်စစ်မီးလုံလောက်စွာပေးနိုင်ပြီဆိုတဲ့စကားပြောတဲ့ပွဲကို မီးစက်နဲ့ မီးပေးထားရတယ်လို့ သတင်းတစ်ခုကတင်တယ်… ဖွတဲ့သူဖွ ဆဲတဲ့သူဆဲနဲ့’
‘ဟ…ကိုယ်တော်ရ။ ဒါကတော့ လုပ်သင့်တယ်လေ။ သူ့ဟာက ရှေ့ကဖုံးနော်ကပေါ်ဖြစ်နေတဲ့ဟာ’
‘မဟုတ်သေးဘူး မောင်ကာကြီးရဲ့။ သူပြောတာက လုံလောက်စွာပေးနိုင်ပြီပဲပြောတာ။ မီးတွေ၂၄နာရီ လင်းထိန်နေပြီလို့ပြောတာမှမဟုတ်တာ။ မီးလင်းဖို့ဆိုတာက ကြိုးတွေ ထရမ်စဖေါ်မာတွေလဲ လိုသေးတာလား။ ခုကဘယ်လိုဖြစ်လဲဆိုတော့ မင်းတို့က စာတစ်ပိုဒ် စကားတစ်ခွန်းကို အပြည့်မဖတ် သေချာနားလည်အောင် မလုပ်ပဲ ကိုယ်သိလိုက်တဲ့ဟာလေးနဲ့ပဲ ပတ်ကနဲ့ဝေဖန်နေကျတာကြီးကလဲ နေရာမကျပါဘူးကွာ’
‘ဒါကတော့ ‘ယနေ့ခေတ်ရဲ့လူနေမှုပုံစံ’ပဲ လေကိုယ်တော်ရယ်။ ဟားဟားဟား’
ဒီတစ်ခါ အရယ်တောမသတ်နိုင်သည်ကတော့ ကျွန်တော်ပါ။
‘ဒါနဲ့နေဦး မောင်ကာကြီး။ ငါတို့အခုပြောနေတဲ့စကားတွေကို အရင်တစ်ပတ်ကလို စာရေးပြီး တင်ဦးမှာလား’
‘တင်မှာပေါ့ကိုယ်တော်ရဲ့ တင်ရမှပေါ့။ ကိုယ်တော်ပြောတဲ့ပေါက်ရစကားလေးတွေက မှတ်သားစရာမကျန်တောင် အပျင်းတော့ပြေမယ့်ဟာ’
‘အယ်… အဲ့ဒါဆိုရင်တော့ ခုစကားတွေထဲက တစ်ချို့ဟာတွေ ချန်သင့်တာချန် ပြင်သင့်တာပြင်ပါကွာ။ ခေတ်ကပြောင်းသွားလို့ လက်ထိတ်စော်မနံ့တော့ပေမယ့်… အဆဲခံရမှာတော့ ငါကြောက်လို့ပါကွာ’
‘နိုးနိုး… လုံးဝပဲ။ ကိုယ်တော်ပြောတဲ့စကားတွေကို မူရင်းအတိုင်းမှ ဘာတဲ့ ခေါင်းဖြူကြီးတို့ အဘပြောင်တို့ပါ ထည့်ပြီးရေးမှာ။ ဆဲလဲဘာဖြစ်လဲဆဲပေါ့။ ဒီခေတ်ကြီးက အဆဲခံရအောင်လုပ်လဲ နာမည်ကြီးတဲ့ခေတ်ကြီးပါဗျ။ ဟား…ဟား…ဟား’
‘မင်းကတော့ လုပ်ချလိုက်ပြန်ပြီကွာ’
တူဝေးကိုယ်တော် ခေါင်းကိုတဗျင်းဗျင်းကုပ်ရင်းနဲ့ပဲ ကျွန်တော်တို့ရဲ့ စကားဝိုင်းလေးလဲ အဆုံးသတ်ခဲ့ရလေသည်။
Courage
7 comments
Shar Thet Man
September 3, 2018 at 12:42 pm
တေ်ာတေ်ာမိုက်တယ် အားပေးလာတာ ၂ပုဒ်ရှိပြီ ဆက်ရေးပါ.
လုံမလေးမွန်မွန်
September 5, 2018 at 12:01 pm
စာကြည့်တိုက် ရယ်. VK ရယ်..
အင်း .. တစ်ခုပဲ ပြောရမလား.. နှစ်ခုလုံး ပြောရမလား..
အဓိကကတော့ ကိုယ်ချင်းစာစိတ်ပါပဲ။ ကိုယ်ချင်းစာစိတ်ရှိရင် အရာရာအေးချမ်းမှာ။ လူငယ်တွေလည်း ကိုယ်ချင်းစာစိတ်ရှိလို့ သူတစ်ပါးဒုက္ခကို မျှဝေခံစားပေးနိုင်ရင် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာကြမှာပဲ။ အဲဒီ ကိုယ်ချင်းစာစိတ်ဆိုတာကလည်း ရသစာတွေဖတ်မှရတာ။ ကိုယ်မသိတဲ့ဘဝတွေကို သိဖို့ဆိုတာ ရသစာပေတွေမှာပဲ ရှိတာ။ အဲဒါကြောင့် ရသစာပေကနေ နိုင်ငံရေးဘက်ကို ဆွဲခေါ်တယ်လို့ မြင်ပါတယ်။
VK ကတော့ မြန်မာလူမျိုးတွေရဲ့ ရေချိန်ကို စမ်းတယ်လို့ပဲ ထင်ပါတယ်။ အတော်များများ ပြေးဖွင့်ကြတယ်။ ကိုယ့်ကိုပါ ဖွင့်ခိုင်းလို့ privacy မရှိဘူးလို့ ပြောမိတော့ ဘာများ လျို့ဝှက်စရာရှိနေလို့လဲတဲ့။ စိတ်ကုန်လွန်းလို့ ဘာတစ်ခွန်းမှ ပြန်မပြောလိုက်တော့ဘူး။ ဆိုတော့ မကြာခင်လာတော့မယ့် MM Social ဆိုလား ဘာလား။ ဂလိုဘယ်နိုင်ပါစေ
Courage
September 5, 2018 at 3:02 pm
ဟုတ်တာပေါ့ မမွန်ရေ့…
ဆရာမောင်စိန်ဝင်းပြောတာလားမသိဘူး… ရသကနှလုံးသားအတွက်အဟာရ၊ သူတကဦးနှောက်အတွက်အဟာရလို့ ကြားဖူးတာပဲ။ ပြောရရင် ဆရာတက္ကသိုလ်ဘုန်းနိုင်စာတွေဖတ်ပြီး ကျောင်းသားလှုပ်ရှားမှုကို အပြစ်မမြင်သင့်သလို၊ ဆရာမြသန်းတင့်စာတွေကြောင့်တော့ ကွန်မြူနစ်မဖြစ်သင့်တာအမှန်ပါ။ တစ်ကယ်က နူးညံ့တဲ့နှစ်လုံးသားနဲ့နူးညံ့တဲ့ဦးနှောက် နှစ်ခုစလုံးက အပြန်အလှန်ထိန်းကြောင်းနိုင်မှသာ စာရေးဆရာအာဘော်ကိုဖယ်ပြီး တစ်ကယ်မှန်ကန်တဲ့ သုံးသပ်မှုမျိုးကိုလုပ်နိုင်မှာပါ။ သုတမပါတဲ့ရသစာပေက အပျင်းပြေရုံသက်သက်ဖြစ်ပြီး၊ ရသမပါတဲ့သုတကလဲ ပျင်းစရာကောင်းနေမှာမို့ နှစ်ခုစလုံးကို မောင်ကာကြီးကတော့ အားပေးပါတယ်လို့။
ဆိုရှယ်မီဒီယာဘက်မှာပေါ့ ဝါးလုံးခေါင်းထဲလသာချင်တဲ့သူနဲ့ ကမာ္ဘကြည့်ကြည့်ြ်မင်ချင်တဲ့သူ သိသာအောင်ခွဲခြားပေးမယ့် အချိန်ရောက်လာတယ်လို့ပဲ သုံးသပ်မိပါရဲ့
အရင်ကကျော်စွာဦးကြီးမိုက်
September 11, 2018 at 10:39 am
ကျနော်လည်း ခေါင်းကိုတဗျင်းဗျင်းကုပ်ရင်းနဲ့ပဲ အားပေးဖတ်ရှုသွားပါတယ် :k:
Courage
September 11, 2018 at 7:58 pm
ခေါင်းကိုတဗျင်းဗျင်းကုပ်ရင်းနဲ့ပဲ ကျေးဇူးတင်လိုက်ပါတယ် လေးလေးမိုက် :k:
manawphyulay
September 26, 2018 at 5:01 pm
ခေါင်းကိုတဗျင်းဗျင်းကုပ်စရာမလိုအောင် ခေါင်းလျှော်ထားတဲ့အတွက် ဇာတ်သိမ်းပိုင်းလေး ဆက်လက်မျှော်နေပါတယ်….
ဦး လေး မန်း
October 19, 2018 at 1:32 am
အပိုင်း ၁ ရှာဖတ်အုံးမှပါလေ၊