ဝမ်​တိန်​အသွားလမ်​း (ဝင်​့ပြုံးမြင်​့)

kotun winlattSeptember 8, 20181min6555

မူရင်းစာအုပ်အမည်- The Road to WANTING
မူရင်း စာရေးသူအမည်- WENDY LAW – YONE
မြန်မာဘာသာပြန် စာအုပ်အမည် – ဝမ်တိန်အသွားလမ်း
မြန်မာဘာသာပြန်သူ အမည် – ဝင့်ပြုံးမြင့်
ထုတ်ဝေသည့် စာအုပ်တိုက် – ငါတို့ စာပေ
ထုတ်ဝေသည့် ခုနှစ် – ၂၀၁ရ ဇန်နဝါရီ
တန်ဘိုး – ၃၅၀ဝ ကျပ်
စာမျက်နှာ – ၃၄၃

၂၀၁ရ ခုနှစ်ရဲ့ နှစ်ဦးမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်လေးတစ်အုပ်ဟာ
ကျွန်တော့်ဆီကို ဇန်နဝါရီလကုန်ပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။ အပြင်မှာ
လူချင်းမတွေ့ဘူးပေမဲ့ အစ်မရင်းတစ်ဦးလို ခင်မင်ရတဲ့ ဘာသာပြန် စာရေးဆရာမ
အစ်မ ဝင့်ပြုံးမြင့်က ကျွန်တော့်လို့ အညတရ စာဖတ်သူတစ်ဦးဆီကို
စာအုပ်လက်ဆောင် ပေးပို့ပေးတဲ့ လက်ဆောင်မို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း
ပထမဆုံး ပြောပါရစေ။ အခုစာအုပ်ဟာ အစ်မပြုံး ပေးပို့တဲ့ ဒုတိယမြောက်
စာအုပ်ပါ။ ပထမ စာအုပ်ကိုလည်း လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါသေးတယ်။
အဲ့ဒီစာအုပ်လေးကတော့ လူလည်းတစ်ထွေ ရေလည်းတခြားဆိုတဲ့ စာအုပ်လေးပါပဲ။
စာအုပ်လေးတွေကို ပေးပို့ပေးတဲ့ အစ်မပြုံးအပေါ် စာအုပ်ဖတ်ညွှန်းလေးရေးပြီး
ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောတဲ့ စာလေးဆိုလည်း မမှားပါဘူး။ ”
မြင်းထိန်း ငတာ” လို ချီးမွမ်းမှုမျိုး ဖြစ်နေမှာလည်း စိုးရိမ်မိတာတော့
အမှန်ပါ။
ဒီစာအုပ်လေးရဲ့ အစပိုင်းမှာ တွေ့ရတဲ့ တရုတ်ကြီးတစ်ယောက်က ပြောတယ်ဆိုတဲ့
စာသားလေး တစ်ခုက ကျွန်တော့်ရင်ကို ထိပါတယ်။
“ဝတို့က စစ်တပ်လိုဘူး။ ဝတို့က သေနတ်လိုဘူး။ နင်တို့ကို သိမ်းချင်ရင်
ဝတို့အားလုံး နယ်စပ်မှာ တန်းစီ သေးပန်းလိုက်ရုံ။ နင်တို့အားလုံး
တစ်ယောက်မကျန် ဝတို့သေးထဲ နစ်သေမယ်။”
ဒီလိုပြောပုံမျိုးကို ကျွန်တော် ငယ်ငယ်က တရုတ်ကြီးတစ်ယောက် ပြောတာကို
ကြားဘူးထားလို့ပါ။ ထားလိုက်ပါစို့။ ဒါက ကျွန်တော့်ရဲ့ ခံစားချက်
သက်သက်မျှသာမို့လေ။
ဒီဝမ်တိန် အသွားလမ်း စာအုပ်လေးကို ဖတ်ရတဲ့ အခါမှာ ဆရာကြီး
ဦးအောင်သင်းပြောဘူးတဲ့ စကားလေးကို သွားသတိရမိပါတယ်။ ” ဘဝဆိုတာ ဘာလဲ”
“ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြားကာလကို ဘဝလို့ ခေါ်တယ်”
ဟုတ်ပါတယ်။ ကျွန်တော်တို့ မွေးဖွားလာတယ်။ သေဆုံးခြင်း မတိုင်ခင်အထိ
နေ့ညတွေကို ဖြတ်သန်းရတယ်။ ရင်ဆိုင်ရတယ်။ အနိုင်ရတာရှိသလို။
ရှုံးနိမ့်တာတွေလည်း ရှိခဲ့တယ်။ ဒါလောကဓံတရားတွေလို့ အမည်တပ်လို့
ရပါလိမ့်မယ်။
အခုလည်း ဝမ်တိန်အသွားလမ်းစာအုပ်လေးထဲက ဇာတ်ကောင် “နဂါး”ဟာ သူမရဲ့
မွေးဖွားခြင်းပြီးနောက် သေဆုံးခြင်း မတိုင်မီ ဘဝရဲ့ နေ့ရက်တွေမှာ
ကြုံတွေ့ ဖြတ်သန်းရတဲ့ လောကဓံတရားတွေကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ခုပါ။
သူမဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲက “လုရိုင်း” တိုင်းရင်းသူလေး တစ်ဦး
သူမ အသက် ရ နှစ်ကျော်မှာ မိဘတွေက စီးပွားရေး ကြပ်တည်းလို့
ဓနုတိုင်းရင်းသား သူကြီးတစ်ဦးထံ ရောင်းစားလိုက်တယ်။ အဲ့ဒီကနေတစ်ဆင့်
ဒေါ်ဒေါ်ဆိုင်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးဆီ ရောက်သွားပြီး ရန်ကုန်မြို့ က
နိုင်ငံခြားသား မိသားစုတစ်စုအိမ်မှာ သွားနေရတယ်။ အဲ့ဒီမှာ
စာပေအနည်းငယ်ကို လေ့လာသင်ယူခွင့်ရတယ်။ အင်္ဂလိပ်စကား ပြောတတ်လာတယ်။
နိုင်ငံခြားသား မိသားစု သူတို့နိုင်ငံပြန်သွားကြတဲ့ အခါမှာ သူမဟာ
ရှမ်းပြည်နယ်ထဲက ဒေါ်ဒေါ်ဆိုင်ရဲ့ အမျိုးအိမ်ကို ရောက်သွားပြန်တယ်။
အဲ့ဒီရွာကလေးကနေမှ ထိုင်နိုင်ငံကို အရောင်းစားခံလိုက်ရပြီး
ဆောင်ကြာမြိုင်တစ်ခုကို ရောက်သွားရတဲ့ အဖြစ်…. ဆောင်ကြာမြိုင်ကနေ
အဖမ်းခံရပြီး ထိန်းသိမ်းရေး စခန်းတစ်ခုမှာ နေရစဉ် နိုင်ငံခြားသားတစ်ဦးက
ကယ်ထုတ်သွားပြီး ကယ်တင်ရှင် နိုင်ငံခြားသားအပေါ်မှာ ကယ်တင်ရှင်တစ်ဦး
ကျေးဇူးရှင်တစ်ဦးအဖြစ် မိမိတတ်နိုင်သမျှ ပေးဆပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ
မိမိဇာတိဒေသကို ပြန်ခဲ့ရသူ တစ်ဦးအကြောင်းကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတဲ့
စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်လေးရဲ့ ဇာတ်လမ်းဟာ မိန်းကလေးတစ်ဦးရဲ့ ဖြစ်ပျက်မှု တစ်ခုမို့
ဇာတ်အေးတစ်ခုလို ဖြစ်နေပါတယ်။ စကားလုံးခပ်ကြမ်းကြမ်းလေးတွေလည်း သုံးထားတာ
တွေ့ရပါတယ်။
ဒီနေရာမှာ ဘာသာပြန်သူရဲ့ စကားလုံးကြွယ်ဝမှု ဘာသာပြန်မှု
အနုပညာတွေကို ခံစားလို့ရပါတယ်။ စာအုပ်တစ်အုပ်ကို ကိုယ်တိုင်ရေးဖွဲ့တာထက်
တခြားသူရေးပြီးသားကို ဘာသာပြန်ရတာက ပိုပြီး ခက်ခဲလိမ့်မယ်လို့ ကျွန်တော်
ခံစားမိပါတယ်။ မူရင်းဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ စရိုက် ပြောဆို
သုံးနှုန်းမှု စကားလုံး စတဲ့ အချက်တွေ ပျောက်ပျက်မသွားအောင် ကြိုးစားရမှာ
ဖြစ်သလို ကိုယ့်ဘာသာပြန်ကို ဖတ်ရှုကြမဲ့ စာဖတ်သူတွေ လက်ခံနိုင်မဲ့
စကားလုံးမျိုးတွေ ဖြစ်အောင် ကြိုးစားရတာကလည်း လွယ်ကူလိမ့်မယ် မထင်ပါဘူး။
အထူးသဖြင့် ပြောချင်တာကတော့ ဘာသာပြန်သူရဲ့
စကားလုံးရွေးချယ်သုံးနှုန်းမှုတွေပါပဲ။ မူရင်းစာအုပ်ထဲမှာ ပါတဲ့
စကားလုံးတွေဟာ မူရင်းနိုင်ငံက စာဖတ်သူတွေ လက်ခံနိုင်တဲ့ စကားလုံးတွေ
ဖြစ်ပေမဲ့ ကျွန်တော်တို့ နိုင်ငံက လက်မခံနိုင်တဲ့ စကားလုံးမျိုးတွေ
ပါကောင်း ပါလိမ့်မယ်လို့ ကျွန်တော့် စိတ်ထဲမှာ ထင်မြင်ယူဆနေမိပါတယ်။
ဒါတွေကို ဘာသာပြန်သူ ဆရာမ ဝင့်ပြုံးမြင့်က လိမ္မာပါးနပ်စွာ
ကိုင်တွယ် ဖြေရှင်းထားတာကို မြင်တွေ့ရပါတယ်။ “ဝမ်တိန်အသွားလမ်း”
စာအုပ်လေးဟာ စာပေကို ချစ်မြတ်နိုးသူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်ဖြစ်​ပါတယ်​လို့ ညွန်​းဆိုတင်​ပြလိုက်​ရပါတယ်​။
​လေးစားစွာဖြင်​့….
ထွန်​းဝင်​းလတ်​

5 comments

  • Thint Aye Yeik

    September 10, 2018 at 11:10 am

    ဒီစာအုပ်က ဝေဖန်မှုတွေအတော်များခဲ့တဲ့ စာအုပ်နော့။
    ဆရာဉာဏ်သစ် ဆိုတဲ့ တစ်ယောက်က ရွှေအမြုတေ မဂ္ဂဇင်းထဲမှာ…
    ဝေဖန်ထားတာ ပိုးစိုးပက်စက်ပဲ။ အမှားပေါင်း ၂၀ဝ ကျော် ပါနေတဲ့ ဘာသာပြန် စာအုပ် ဆိုပြီးတော့။

    ကျနော် ဖတ်ကြည့်တော့ ဒီလောက်လည်း မဟုတ်ပါလားဆိုတာကို သိလိုက်ရတော့
    ကျနော်လည်း တန်ပြန် ဝေဖန်ရေးဆောင်းပါး တစ်ပုဒ်ရေးပြီး… ရွှေအမြုတေမှာပဲ
    ပြန် ထည့်တာ။

    FB ပေါ်မှာလည်း ပွက်လောတွေ ရိုက်….လို့။
    မူရင်း စာရေးဆရာမ အန်တီဝင်ဒီ ကိုယ်တိုင် မန့်တွေထဲမှာ ဝင်ပါရ၊
    😆

    အောက်ပါ Link က ကျနော် ရွှေအမြုတေမဂ္ဂဇင်းမှာ
    ရေးခဲ့တဲ့ဆောင်းပါးပါ။

    http://myanmargazette.net/230188

    • kotun winlatt

      September 11, 2018 at 8:55 am

      ​ရွှေထဲက ​ဝေဖန်​​ရေး​ဆောင်​းပါးကို ဖတ်​ရပါတယ်​ ငါတို့စာ​ပေက ​ဖြေရှင်​းချက်​ကိုလည်​း ဖတ်​ဖြစ်​ပါတယ်​…
      မူရင်​းစာအုပ်​ကို​တော့ မဖတ်​ဘူးပါ…
      မည်​သို့ပင်​ ဆို​စေကာမူ ဘာသာပြန်​သူရဲ့ စကားလုံး​ရွေးချယ်​သုံးစွဲထားမှု​တွေကို​တော့ တကယ်​ကို ​လေးစားပါတယ်​ ဆရာ သင်​့​အေးရိပ်​ခင်​ဗျာ…

  • ကျနော်လည်းဖတ်ရပါတယ်…စာပေဝေဖန်ရေးတော့မလုပ်တတ်လို့ခွင့်လွှတ်ပါ…သတိထားမိတာတစ်ခုကတော့ မဝင့်ပြုံးမြင့်ဘာသာပြန်တဲ့..စာအုပ်တွေအားလုံးလိုလို တော်တော်ရှည်လျှားတဲ့ဝတ္ထုကြီးတွေမို့အတော်အချိန်ပေးအားစိုက်ထုတ်ရမှာပဲလို့တွေးမိပြီး ဘာသာပြန်သူရဲ့ဇွဲနပဲကိုလေးစားချီးကျူးမိပါရဲ့

  • Shar Thet Man

    September 12, 2018 at 4:19 pm

    မဆိုးပါဘူး

  • ဦး လေး မန်း

    October 18, 2018 at 9:46 pm

    မူရင်းလည်းမဖတ်ဘူးသေးဘူး မပြုံးစာအုပ်လည်းမဖတ်ဘူးသေးပါဝေဖန်တာတချို့ဖတ်ဖြစ်ပါတယ်ပသို့ဆိုစေမပြုံးသည်ရိုးသားကြိုးစားစွာဘာသာပြန်ခဲ့တယ်လို့ယုံကြည်သဗျ၊

Leave a Reply