သဲဘုရင် – အပိုင်း(၃)

ကျန်သော ဧည့်သည်များတွင် မေးခွန်းများ တသီကြီး ရှိနေသည်။

သဲဘုရင်တွေ ဘယ်ကလာသလဲ ဆိုတာ အားလုံးသိချင်နေကြသည်။ ခရက်စ်က ဂျာလာဝူးကို ယဉ်ယဉ် ကျေးကျေး လက်ညှိုးညွှန်၍ –

“ဝူး နှင့် ရှိတ် ကုမ္ပဏီက သွင်းတာပဲဗျ။”

ဂျာလာဝူးသည် တစ်ညနေလုံး တိတ်တိတ်ဆိတ်ဆိတ်နှင့် ခပ်လျှိုလျှိုနေ နေခဲ့သည်။

“ခင်ဗျား မျက်နှာကို သူတို့ဘာလို့ ထွင်းထားတာလဲဗျ။”

“ဒါတော့ဗျာ…ကျနော်က သူတို့ ကောင်းကျိုးအဖြာဖြာအတွက် ရင်းမြစ်ကြီးကိုးဗျ..။”

ခရက်စ် က ထိုကဲ့သို့ဖြေသောအခါ အားလုံး ရယ်လိုက်ကြသည်။

“သူတို့ တိုက်ကြခိုက်ကြ ဦးမှာလား..။”

“ဒါပေါ့ဗျာ..ဒါပေမဲ့ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ စိတ်မပူပါနဲ့…တခြားအစီအစဉ်လေးတွေ ကျန်ပါသေးတယ်။”

ခရက်စ်၏ မိတ်ဆွေများထဲမှ ဂျဒ်ရာကစ် ဆိုသူသည် အခြားကမ္ဘာမှ ဂြိုဟ်သားများနှင့် သက်ရှိများအကြောင်းကို လေ့လာ လိုက်စားနေသော အပျော်တမ်းသမားတစ်ယောက်ဖြစ်သည်။ ဂျဒ်ရာကစ်က ခရက်စ်၏ သဲဘုရင်များမှာ ဘာမျှမဟုတ်ကြောင်း၊ အခြားသော အင်းဆက်ပိုးမွှားများသည်လည်း ဤကဲ့သို့ စုဖွဲ့ တိုက်ခိုက်ကြကြောင်း၊ ခရက်စ် အနေဖြင့် စစ်သည်တော် ပုရွက်ဆိတ် မျိုးနွယ်များအကြောင်း လေ့လာ ဖတ်ရှုသင့်ကြောင်း စသည်ဖြင့် အာချောင်လေသည်။

“သဲဘုရင်တွေက အင်းဆက်ပိုးမွှားတွေ မဟုတ်ဘူးရှင့်။”

ဂျာလာဝူးက အေးစက်ပြတ်သားစွာ ဖြတ်ပြောလိုက်သည်။ သို့သော် ဂျဒ်ရာကစ်မှာ အတော်ပင် အရှိန်ရနေပြီ ဖြစ်သောကြောင့် ဝူးစကားကို အရေးမစိုက်ချေ။ အခြားမည်သူမျှလည်း ဝူးကို အရေးမစိုက်သဖြင့် ခရက်စ်က ပြုံးပြီး ပုခုံးတွန့်ပြလိုက်သည်။

မလာဒါ ဘလိန်း ဆိုသည့် အမျိုးသမီးတစ်ဦးက နောက်တစ်ကြိမ် သဲဘုရင်များစစ်ပွဲတွင် လောင်းကြေးတင်ရန် အကြံပြုသည်။ အခြားသူများကလည်း ထိုအကြံကို သဘောကျကြသည်။ စည်းမျဉ်း စည်းကမ်းများနှင့် အနိုင်အရှုံး ပိုင်းခြား သတ်မှတ်ပုံတို့ကို တစ်နာရီကြာမျှ ငြင်းခုံဆွေးနွေးကြပြီး သဘောတူညီမှုရလေသည်။ ထို့နောက်တွင် ဧည့်သည်များ နှုတ်ဆက် ထွက်ခွာသွားကြသည်။

ဂျာလာဝူးက နောက်ဆုံးမှ ပြန်ရန်ပြင်သည်။ နှစ်ဦးတည်း ကျန်သောအခါ ခရက်စ်က –

“ဆိုတော့… ကြည့်ရတာ ကျနော့် သဲဘုရင်တွေ တော်တော် ပေါက်သွားတယ် ပြောရမယ်။”

“အင်း…မဆိုးပါဘူး။ ရှင့် သဲဘုရင်တွေက ကျမ သဲဘုရင်တွေထက်တောင် ကြီးကုန်ပြီနော်။”

“ဟုတ်တယ်။ လိမ္မော်ရောင်တွေက လွဲလို့ပေါ့ဗျာ။”

“အင်း…ကျမလည်း သတိထားမိပါတယ်။ သူတို့က အကောင်ရေလည်း နည်းတယ်။ သူတို့ ရဲတိုက်ကလည်း အတော် ပျက်စီးနေတာပဲ။”

“ဒါပေါ့လေ…တစ်ယောက်ယောက်ကတော့ ရှုံးရမှာပဲ။ ဒီလိမ္မော်ရောင်တွေက အကုန်လုံးမှာ နောက်ကျတာကိုး။ ဒီအတွက်သူတို့ ဒီလို ဖြစ်ရတာပဲ။”

“ဘယ်လိုရှင့်..။ကျမ မေးပါရစေဦး…ရှင်သူတို့ကို အစာ ဝဝလင်လင် ကျွေးရဲ့လား မသိဘူး။”

ခရက်စ်က ပုခုံးတွန့်ပြရင်း –

“တစ်ခါတစ်လေတော့လည်း အစာလေး ဖြတ်ဖြတ်ပေးရသပေါ့ဗျာ။ အဲဒါမှ သူတို့ပိုပြီး ရန်လိုတတ်လာတာလေ။”

ဝူးက မျက်မှောင်ကြုတ်၍ –

“သူတို့ကို အစာအငတ်ထားစရာ မလိုပါဘူးရှင်။ စစ်ပွဲဖြစ်တာတော့ သူတို့အကြောင်းနဲ့သူတို့ ဖြစ်ပါစေပေါ့။ အဲဒါမှ သူတို့သဘာဝပဲ။ သူတို့ ပဋိပက္ခတွေဟာ အင်မတန် သိမ်မွေ့ပြီး ရှုပ်ထွေးတယ်ဆိုတာ ရှင် ကျေကျေနပ်နပ်ကြီး မြင်ရမှာ။ ခဏခဏ စစ်ဖြစ်အောင် အငတ်ထားတယ်ဆိုတာတော့ အရမ်းရိုးလွန်းတယ်။ ရက်စက်တယ်။”

ခရက်စ်က ဝူး မျက်မှောင်ကြုတ်၍ ခပ်တင်းတင်း ပြောသည်ကို အနည်းငယ် အံ့အားသင့်သွားလေသည်။

“ဒီမယ်…ဝူး.. ခင်ဗျား ကျုပ်အိမ်ထဲမှာနော်။ ရက်စက်တယ် မရက်စက်ဘူး ဆိုတာ ကျုပ်ဟာကျုပ် ဆုံးဖြတ်ရမှာ။ ခင်ဗျားပြောသလို ဒီကောင်တွေကို ကျွေးတာပဲ။ ဘာမှ မဖြစ်ကြဘူးလေ။ မတိုက်ခိုက်ကြဘူး။”

“ဒါတော့ ရှင်စိတ်ရှည်ရမှာပေါ့။”

“ဟင့်အင်း…ကျုပ်က သူတို့သခင်၊ သူတို့အရှင်၊ နောက်ဆုံး သူတို့ နတ်ဘုရားပဲဗျာ…ကိုင်း။ ကျုပ်က သူတို့ စိတ်ကူးပေါက်တဲ့အချိန် ဘာလို့ စောင့်ရမှာတုန်း။ သူတို့က ကျုပ်မျှော်လင့်သလို မဖြစ်ဘူးဆိုတော့လည်း အခြေအနေလေး ပြင်ပေးရတာပေါ့ဗျာ။”

“ဟုတ်ပါပြီ…ဒီကိစ္စကို ကျမ ရှိတ်နဲ့ ဆွေးနွေးကြည့်ဦးမယ်။”

“ဒီဟာက ခင်ဗျားတို့ ကိစ္စမဟုတ်ဘူး။” ခရက်စ် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ကဲ… အဲဒါဆိုလည်း ကောင်းသောညပါလို့ နှုတ်ဆက်ရတော့မှာပဲ…။”

ဝူးက သူ၏ အပေါ်ထပ် အကျႌကို ဝတ်ရင်း အပြစ်တင်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“ရှင့် မျက်နှာတွေ သွားကြည့်ဦး…ရှင့်မျက်နှာတွေ။”

ဝူးပြန်သွားသောအခါ ခရက်စ်သည် အူကြောင်ကြောင်နှင့် ကန်ဘက်သို့ ပြန်သွားကာ ရဲတိုက်များကို လှည့်ပတ် ကြည့်ရှုလေသည်။ သူ့မျက်နှာများမှာ အရင်ကဲ့သို့ ရဲတိုက်များတွင် ရှိနေပါသည်။ သို့သော်..။ ခရက်စ်သည် မှန်ဘီလူး မျက်မှန်ကို ကောက်တပ်၍ ကြည့်ရှုသော်လည်း ထူးခြားကွဲပြားမှုကို သတိမပြုမိလောက်အောင် ဖြစ်နေသည်။ သို့သော်… သူ့ရုပ်သွင်၏ မျက်နှာအမူအရာသည် အနည်းငယ်မျှ ပြောင်းလဲနေသလို ထင်မိလေသည်။ သူ့အပြုံးသည် တနည်းနည်းဖြင့် တွန့်လိမ်နေသည်မှာ ကောက်ကျစ်စဉ်းလဲပုံပေါက်နေသည်။ သူ့ရုပ်သွင်ပြောင်းလဲမှုသည် အလွန်သိမ်မွေ့လှသဖြင့် ရုတ်တရက် ခွဲခြား၍ မမြင်နိုင်ပေ။ ပြောင်းလဲသည်ဟု ဆိုရလျှင်လည်း အလွန်သေးငယ်သော ပြောင်းလဲမှုပင်ဖြစ်သည်။ ဝူးက အာရုံစားအောင် လုပ်သွားသည်ဟု ခရက်စ်ကတွေး လိုက်သည်။ နောက်တစ်ခါ ဝူးကို ပါတီပွဲသို့ မဖိတ်တော့ရန်လည်း ဆုံးဖြတ်လိုက်သည်။

နောက် လအနည်းငယ်မျှကြာသောအခါ ခရက်စ်နှင့် စိတ်တူသဘောတူ အပေါင်းအသင်း တစ်ဒါဇင်ခန့်သည် တစ်ပတ်လျှင် တစ်ကြိမ်ကျ စစ်ပွဲကစားနည်းဟု သူတို့ခေါ်သော သဲဘုရင်များ၏ တိုက်ပွဲကို ကြည့်ရှု လောင်းကစား ကြလေသည်။ ယခုအခါတွင် သဲဘုရင်များအပေါ် ခရက်စ်၏ စိတ်ဝင်စားမှုမှာ အစပိုင်းကဲ့သို့ မထက်သန်လှတော့ပေ။ သဲဘုရင်များ၏ ကန်အနီးတွင် အချိန်ဖြုန်းသည်ထက် မိတ်ဆွေအပေါင်းအသင်းများနှင့် ပိုမို တွေ့ဆုံပြောဆိုနေခဲ့သည်။ ရံဖန်ရံခါတွင်လည်း အပေါင်းအသင်းများနှင့် သဲဘုရင်များ၏ တိုက်ပွဲကို ကြည့်ရှု တတ်လေ့တော့ ရှိသေးသည်။ သို့ရာတွင် သူလုပ်မြဲဖြစ်သော အစာဖြတ်ခြင်းအမှုကိုကား တောက်လျှောက်ပင် ကျင့်သုံးခဲ့လေသည်။ ထိုအချက်သည် လိမ္မော်ရောင်သဲဘုရင်များအပေါ် အလွန်ဆိုးရွားစွာ အကျိုးသက်ရောက် စေခဲ့သဖြင့် ၎င်းတို့မှာ အတော်ပင် ယိုယွင်းချိနဲ့လာရာ သူတို့၏မောမှာ သေဆုံးသွားလေပြီလားဟုပင် ခရက်စ်က တွေးတာစပြုလာသည်။

အိပ်မပျော်သည့် အချို့သောညများတွင် ခရက်စ်သည် ဝိုင်တစ်ပုလင်းကိုဆွဲကာ ဧည့်ခန်းတွင်းသို့ ဝင်၍ ဝိုင်သောက်ရင်း နာရီပေါင်းအတော်ကြာ သဲဘုရင်များကို ကြည့်ရှုနေလေ့ရှိသည်။ မဲမှောင်နေသော အိမ်ထဲတွင် ဧည့်ခန်းအတွင်းရှိ ကနာ္တရအသေးစားလေးထည့်ထားသော သဲဘုရင်များ၏ ကန်သာလျှင် အနီဖျော့ဖျော့အလင်း ဖြာလျက်ရှိသည်။ အမြဲလိုလိုပင် ကန်အတွင်း၌ တိုက်ပွဲများ ဟိုတစ်စ သည်တစ်စ ဖြစ်ပွားနေလေ့ရှိသည်။ အကယ်၍ မဖြစ်ခဲ့သော် အစားအစာ အပိုင်းအစတစ်ခု ပစ်ထည့်လိုက်ရုံသာ။

မာလဒါ ဘလိန်း အကြံပြုသည့်အတိုင်း တစ်ပတ်လျှင် တစ်ကြိမ်မျှ သဲဘုရင်များ၏ တိုက်ပွဲတွင် အပေါင်းအသင်း များနှင့် လောင်းကစားလေ့ရှိကြသည်။ ခရက်စ်က အဖြူကောင်များဘက်မှ လောင်းကြေးထပ်ခြင်းဖြင့် ငွေကြေး အတော်အတန် အနိုင်ရရှိခဲ့သည်။ အဖြူကောင်များမှာ ယခုအခါတွင် အင်အားအကြီးဆုံး ဖြစ်နေလေပြီ။ သူတို့၏ ရဲတိုက်မှာလည်း အထည်ဝါဆုံး၊ အခန့်ညားဆုံး ဖြစ်သည်။ တစ်ကြိမ်တွင် ခရက်စ်သည် အစာများကို အလယ်တွင် ပစ်ချရမည့်အစား အဖြူရောင်များ၏ ရဲတိုက်ရှေ့သို့ မတော်တဆ ပစ်ချမိလေရာ အခြားသော အဖွဲ့များသည် အစာလုရန်အတွက် အဖြူကောင်များကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ အခြားအဖွဲ့များမှာ ကြိုးစားကြပါ၏။ သို့သော် အဖြူကောင်များ၏ ခံစစ်မှာ အလွန်ပြောင်မြောက်လှသဖြင့် ခရက်စ်သည် ဂျဒ်ရာကစ်ထံမှ ငွေတစ်ရာ အနိုင်ရရှိသွားလေသည်။

ရာကစ်မှာ အပတ်စဉ်လိုလိုပင် ရှုံးလျက်ရှိသည်။ သို့သော်လည်း သဲဘုရင်များအကြောင်း ကောင်းကောင်း သိသကဲ့သို့ ဟန်ဆောင် ညာဖြီးနေတုန်းပင်။ ပထမဦးဆုံး ပါတီပွဲတွင်ပင် ထိုသတ္တဝါများအကြောင်း သူနားလည်ခဲ့သည် ဟု စောဒကတက်သည်။ သို့ဆိုစေကာမူ လောင်းကစားရာ၌ ကံတရားသည် သူ့ကို မျက်နှာသာ မပေးသေးချေ။ ရာကစ် ပြောသမျှ အညာအလှိုင်းများသာ ဖြစ်သည်ဟု ခရက်စ်က ထင်သည်။ သူကိုယ်တိုင်ပင် ထိုသတ္တဝါများအကြောင်း ရှာဖွေလေ့လာကြည့်ဖူးသည်။ သို့သော် ထို သဲဘုရင်များအကြောင်း လုံးဝရှာမတွေ့ခဲ့ချေ။ ဝူးကို မေးချင်သော်လည်း အခြားသော အကြောင်းများကြောင့် သူမမေးဖြစ်ခဲ့ချေ။

တစ်လမျှကြာ၍ ငွေတစ်ထောင်မက ရှုံးသောအခါ ရာကစ်သည် ပလတ်စတစ်လှောင်အိမ်ကလေး တစ်လုံး လက်တွင်ဆွဲ၍ ခရက်စ်ဆီသို့ ပေါက်ချလာလေသည်။ ပလတ်စတစ်လှောင်အိမ်လေးထဲတွင် ရွှေရောင် အမွှေးအမှင်များ ဖုံးလွှမ်းနေသော ပင့်ကူကဲ့သို့ အကောင်တစ်ကောင်ပါရှိလေသည်။

“သဲပင့်ကူတဲ့ကွ..။ ကသ်ဒေး ဂြိုဟ်ကပဲ။ ကနေ့နေ့လည်ကပဲ အာ့သရင်း ဆိုတဲ့ဆိုင်က ရလာတာ။ ထုံးစံတော့ ဒီကောင်ကို အဆိပ်အိတ်တွေ ဘာတွေ ထုတ်ပြီးမှ ရောင်းတာပဲ။ ခု ဒီကောင်ကတော့ အဆိပ်မထုတ်ရသေးဘူး။ ကိုင်း..ဘယ့်နှယ်လဲ..ဒီကောင်နဲ့တွယ်မလား…ဆိုင်မွန်။ ငါတော့ ငါရှုံးသမျှ ပြန်လိုချင်တာပဲ။ ဒီပင့်ကူဘက်ကနေ တစ်ထောင်လောင်းမယ်ကွာ…ဘယ်လိုလဲ။”

ခရက်စ်သည် ပင့်ကူကို အကဲခတ်နေသည်။ သူ၏ သဲဘုရင်များသည် ဝူး၏အကောင်များထက် ပိုမိုကြီးမားလာခဲ့ သည်မှာ အမှန်ဖြစ်သော်လည်း ဤပင့်ကူနှင့် နှိုင်းစာလျှင် ပိစိကွေးလေးသာ ဖြစ်သည်။ ထိုသတ္တဝါသည် အဆိပ် ရှိသည်။ သူ့သဲဘုရင်များမှာ အဆိပ်မရှိ။ သို့သော် အရေအတွက်များပြားသည်။ ထို့အပြင် အချင်းချင်း တိုက်ခိုက်ကြခြင်းကြောင့် သူ၏သဲဘုရင်များမှာ ငြီးငွေ့ပင်ပန်းနေလောက်ပေပြီ။ ထူးခြားသော ပြိုင်ဘက်သည် ခရက်စ်၏ စိတ်ကို ဆွဲဆောင်လျက် ရှိသည်။

“ချကွာ… မင်းက အရူးပဲ ဂျဒ် မင်းရဲ့ အရုပ်ဆိုးဆိုး အကောင်သေတဲ့အထိ ငါ့သဲဘုရင်တွေက တောက်လျှောက်လာနေမှာ။”

ရာကစ် ကပြုံး၍ –

“မင်းကမှ အရူးပဲ ဆိုင်မွန်ရ…။ ကသ်ဒေး သဲပင့်ကူဆိုတာ အကြိုအကြားနဲ့ တွင်းတွေထဲ အောင်းနေတဲ့ အကောင်ဗလောင်တွေကို ရှာပြီး စားသောက်တဲ့အကောင်မျိုးကွ။ ကဲကြည့်ကြတာပေါ့။ ငါ့အကောင်က အဲဒီရဲတိုက်တွေဆီ တည့်တည့်သွားပြီးတော့ မောတွေကို စားပစ်မှာ။”

ရယ်မောနေသော လူများကြားတွင် ခရက်စ်၏မျက်နှာမှာ သုန်သုန်မှုန်မှုန်ဖြစ်သွားသည်။ ရာကစ်ပြောသော ထိုအချက်ကို သူထည့်မတွက်ခဲ့မိချေ။

“အဲ့အကောင် ထည့်သာ ထည့်လိုက်စမ်းပါကွာ။” ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ပြောပြီးနောက် သူ့အရက်ခွက်ကို သွားထည့်သည်။

ပင့်ကူမှာ ကြီးလှသဖြင့် အစာထည့်သောအခန်းထဲတွင် မလူးသာမလွန့်သာဖြစ်နေသည်။ အခြားသော ဧည့်သည်နှစ်ယောက်က ကန်အဖုံးကို တဖက်သို့ အနည်းငယ် တွန်းဖွင့်၍ ရာကစ်ကို ကူညီကြသည်။ မာလဒါ ဘလိန်းက ရာကစ်လက်ထဲမှ ပင့်ကူလှောင်အိမ်ကို လှမ်းယူလိုက်သည်။ ရာကစ်က အစာထည့်သောအခန်းထဲမှ ပင့်ကူကို အောက်သို့ဆင်းရန် ရှူးခနဲ မောင်းထုတ်လိုက်သည်။ ပင့်ကူသည် အနီရောင်ရဲတိုက်ရှေ့သို့ အသာအယာပင် ကျသွားလေသည်။ ပင့်ကူသည် ရုတ်တရက် စိတ်ရှုပ်ထွေးသကဲ့သို့ ခဏမျှ ငြိမ်သက်လျက် ရှိသည်။ ခန္ဓာကိုယ်မလှုပ်ရှားသော်လည်း ခြေလက်များနှင့် ပါးစပ်ပေါက်သည် တလှုပ်လှုပ်တရွရွဖြစ်နေပုံမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“ကိုင်း…လုပ်ကွ..။”

ရာကစ်က သူ့ပင့်ကူကို အားပေးနေသည်။ အခြားသူများသည် ကန်ပတ်လည်တွင် ဝိုင်း၍ကြည့်ရှု နေကြသည်။ ခရက်စ်က သူ၏ မျက်မှန်ကို ကောက်တပ်လိုက်၏။ တစ်ထောင်ရှုံးကာမှ ရှုံးစေတော့ အနည်းဆုံး သေသေချာချာ မြင်ရဖို့တော့ လိုသည်ဟု သူတွေးမိလေသည်။

သဲဘုရင်များက ကျူးကျော်လာသူကို မြင်ပြီး ဖြစ်သည်။ ရဲတိုက်များအားလုံးတွင် လုပ်ငန်းဆောင်တာများ အားလုံးကို ရပ်ဆိုင်းလိုက်ကြသည်။ အနီကောင်များမှာ တုတ်တုတ်မျှမလှုပ်ပဲ စောင့်ကြည့်လျက်ရှိသည်။

ပင့်ကူကြီးသည် အနီကောင်များ၏ ရဲတိုက်တံခါးဝသို့ ဦးတည် ချဉ်းကပ်လာတော့သည်။ ရဲတိုက်မျှော်စင်ရှိ ခရက်စ်၏ ရုပ်ပုံမှာ မတုန်မလှုပ် ငုံ့ကြည့်လျက်ရှိလေသည်။

ရုတ်တရက် ချက်ခြင်းပင် အနီးဆုံးရှိ အနီကောင်များသည် မြားဦးပုံစံ စီကာ စစ်ပြင်လိုက်ပြီး ပင့်ကူကြီးဆီသို့ တဟုန်ထိုးဝင်ရောက် တိုက်ခိုက်လေတော့သည်။ အခြားအနီရောင် စစ်သည်တော်များသည် ရဲတိုက်တွင်းမှ ထွက်လာကာ အတန်းသုံးတန်းစီ၍ ရဲတိုက်နှင့် မောကို ကာကွယ်ရန် ပြင်ဆင်ကြလေသည်။ ကင်းထောက်အကောင်များမှာလည်း တိုက်ပွဲဝင်ရန် သူတို့၏ ရဲတိုက်ဆီသို့ အပြေးအလွှား ပြန်လာကြတော့သည်။

စစ်ပွဲကား စလေပြီ။

သဲဘုရင်များသည် ပင့်ကူကြီးကို အုံခဲ၍ တိုက်ခိုက်နေကြသည်။ ပင့်ကူကြီး၏ ခြေထောက်များနှင့် ဝမ်းဗိုက်ပေါ် တွယ်ကပ်ကာ သူတို့၏ သွားစွယ်များဖြင့် ကိုက်ဖြတ်ကြ၏။ ခြေချောင်းများမှတဆင့် ပင့်ကူကြီး၏ ကျောပေါ်သို့ ရောက်အောင်တက်၍ ကိုက်ခဲကြလေသည်။ တစ်ကောင်သည် ပင့်ကူကြီး၏ မျက်လုံးတစ်လုံးကို ရှာတွေ့သွားပြီး ကိုက်ဖောက်ထုတ်လိုက်သည်။ ခရက်စ်က ပြုံးပြီး လက်ညှိုးထိုးပြလေ၏။

သို့သော်လည်း သဲဘုရင်များမှာ အကောင်သေးငယ်၍ အဆိပ်မဲ့သဖြင့် ပင့်ကူကြီးကို မတားဆီးနိုင်ကြပေ။ ခြေထောက်တွင် တွယ်ကပ်နေသော သဲဘုရင်များကို ပင့်ကူကြီးက ခါထုတ်ပစ်၏။ အရည်များယိုစီးလျက်ရှိသော ပါးစပ်ကြီးသည် သဲဘုရင်များကို ကိုက်ဖြတ်ပစ်သည်။ တစ်ဒါဇင်မကသော သဲဘုရင်များသည် ကျိုးပဲ့စုတ်ပြတ်ကာ သေအံ့မူးမူးဖြစ်နေကြလေသည်။ ပင့်ကူကြီးမှာမူ ရှေ့သို့ မှန်မှန်ကြီး တိုးမြဲသာ။ ထို့နောက် ရဲတိုက်အဝကို ကာကွယ်ထားသည့် သုံးတန်းသော သဲဘုရင်များရှေ့တွင် မားမားရပ်လျက် ရှိလေတော့သည်။ သဲဘုရင်များသည် ပင့်ကူကြီးကို ဝိုင်းပတ်လိုက်ပြီး အသဲအမဲ တိုက်ခိုက်လေတော့၏။ သဲဘုရင်တစ်စုသည် ပင့်ကူကြီး၏ ခြေထောက်များကို ဖက်တွယ်ကိုက်ခဲထားသည်ကို ခရက်စ် မြင်မိသည်။ အချို့သော သဲဘုရင်များသည် ရဲတိုက်ပေါ်မှ ပင့်ကူကြီးပေါ်သို့ အစုလိုက် အပြုံလိုက် ခုန်ချကာ တိုက်ခိုက်ကြပြန်သည်။

သဲဘုရင်များနှင့် လုံးခဲနေသော ပင့်ကူကြီးသည် ရဲတိုက်တံခါးဝမှတဆင့် မဲမှောင်သော တွင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ဂျဒ်ရာကစ်က သက်ပြင်းရှည်ကြီး တစ်ချက်မှုတ်ထုတ်လိုက်သည်။ သူ့မျက်နှာမှာ ဖြူလျော်လျက် ရှိ၏။ ကောင်းပေ့ကွာ ဟု တစ်ယောက်က မှတ်ချက်ပြုသည်။ မာလဒါ ဘလိန်းကမူ လည်ချောင်းသံဖြင့် တခစ်ခစ် ရီမောနေသည်။

“ကြည့်ဦး..။” အီဒီ နိုရာဒီယန်က ခရက်စ်လက်မောင်းကို တို့၍ပြောလိုက်သည်။

သူတို့သည် တိုက်ပွဲရှိရာ ထောင့်တစ်ထောင့်ကိုသာ မဲ၍ကြည့်နေသဖြင့် အခြားနေရာများကို သတိမထားမိခဲ့ချေ။ ကျန်ရဲတိုက်များမှ တပ်သုံးတပ်သည် အနီများ၏ ရဲတိုက်ရှေ့တွင် ငြိမ်သက်စွာ စောင့်ဆိုင်းကြည့်ရှုနေကြ၏။ တွင်းနက်ထဲမှ မည့်သည့်အရာ ထွက်ပေါ်လာလေမည်နည်းဟု စောင့်ဆိုင်းကြည့်ရှုနေပုံပင်။

ခရက်စ်က ပြုံးပြီး ပြင်သစ်ဘာသာဖြင့် –

“ဝိုင်းပတ် ပိတ်ဆို့ထားပဟေ့..။ ဂျဒ်ရေ… ကြည့်ဦး တခြားရဲတိုက်တွေကို။”

ရာကစ်ကြည့်ပါသည်။ အခြားသောရဲတိုက်များတွင် သဲဘုရင်များသည် သူတို့၏ ရဲတိုက်အဝကို ကျောက်တုံး ကျောက်စများဖြင့် ပိတ်ဆို့နေကြသည်။ အကယ်၍ ပင့်ကူကြီးသည် အနီရောင်များ၏ ရဲတိုက်မှ ပြန်ထွက်လာပါက သူတို့၏ရဲတိုက်များအတွင်းသို့ အလွယ်တကူ မဝင်နိုင်စေရန်ပင် ဖြစ်လေသည်။ ရာကစ်က –

“ပင့်ကူလေးကောင် ဝယ်ခဲ့ရမှာကွာ…။ အဲ…ဒါပေမဲ့ ငါနိုင်နေတာပဲ။ ငါ့ပင့်ကူက တွင်းထဲက မောကို စားနေလောက်ပြီကွ…။”

ခရက်စ်က စကားမပြန်ပဲ စောင့်ကြည့်လျက်ရှိသည်။ ထို့နောက် ရဲတိုက်အဝတွင် လှုပ်ရှားမှုတစ်ခုကို သူတွေ့လိုက်ရသည်။

ချက်ချင်းပင် အနီကောင်များသည် အတွင်းထဲမှ ဝေါခနဲ တိုးထွက်လာကြတော့သည်။ ထို့နောက် ကိုယ့်နေရာ၊ ကိုယ့်တာဝန်အသီးသီးကို ထမ်းဆောင်စပြုလေသည်။ ပင့်ကူကြီးကြောင့် ပျက်စီးမှုများကိုလည်း စတင်၍ ပြင်ဆင်ကြလေသည်။ ထိုအခါ ကျန်သော တပ်သုံးတပ်မှာလည်း ပြင်ထားသော စစ်ကို ဖြုတ်၍ မိမိတို့ သက်ဆိုင်ရာ ထောင့်အသီးသီးသို့ ဆုတ်ခွာသွားကြတော့သည်။

ခရက်စ်က –

“ကိုင်း…ဂျဒ်ရေ… ဘယ်သူက ဘယ်သူ့ကို စားပစ်လဲဆိုတာ မင်းတွေးနေတုန်းလားကွ…။”

နောက်တစ်ပတ်တွင် ရာကစ်သည် သေးသွယ်သော ငွေရောင် မြွေလေးကောင်ကို ယူလာသည်။ ခရက်စ်၏ သဲဘုရင်များက အသာအယာပင် အနိုင်ယူလိုက်သည်။

နောက်တစ်ကြိမ်တွင် အတော်အတန်ကြီးမားသော ငှက်နက်တစ်ကောင်ကို ယူလာပြန်သည်။ ထိုငှက်သည် သဲဘုရင်အကောင်လေးများ သုံးဆယ်ထက်မနည်း စားသောက်ပစ်သည်။ အတောင်ဖြင့် ရိုက်ခတ်ကာ ရဲတိုက်များကို ဖျက်ဆီးသည်။ နှုတ်သီးဖြင့်ထိုးဆွသည်။ သဲပြင်ပေါ်ဆင်းသက်တိုင်း သဲဘုရင်များကလည်း အသဲအမဲ ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် အတောင်ညောင်းကာ ထိုငှက်လည်း အဆုံးသတ်သွားတော့သည်။

နောက်တစ်ဖန် အခွံမာများဖုံးအုပ်ထားသော ပိုးတောင်မာကြီးများကို ယူလာသေးသည်။ တုံးအသော ထိုအင်းဆက်များသည် သဲဘုရင်များကို မယှဉ်သာချေ။ အလွယ်တကူပင် အချေမှုန်းခံရလေသည်။

ရာကစ်သည် ငွေပေးရန်စာချုပ်တွင် လက်မှတ်ထိုးရလေတော့သည်။

Photo credit

One comment

  • Shar Thet Man

    December 20, 2018 at 4:06 pm

    ဖတ်တော့ဖတ်လိုက်ပါတယ်..သိပ်နားမလည်ဘူး..

Leave a Reply