ပေါက်ပန်းလေးဆယ် စကားဝိုင်း – ၃

(ပုတ်လို့ပေါ် ဟုတ်လို့လျှော်)

          ‘ဟ မောင်ကာကြီးရ… ပျောက်ချက်သားကောင်းလှချည်လား’

သူထိုင်နေကျ မာစတာကြီးကဖေးဆိုင်ရှေ့ကို မောင်ကာကြီးရောက်ပီဆိုကတည်းက ဆိုင်ရဲ့ အပြင်ဘက် ထောင့်ဆုံးစားပွဲဝိုင်းမှာ ကွမ်းပလုပ်ပလောင်း တူးဝေးကိုယ်တော်လှမ်းနှုတ်ဆက်သည်။

          ‘ကိုယ်တော်ရေ ပျောက်လှဆို ခရီးသွားရာသီ ကထိန်ရာသီ မင်္ဂလာဆောင်ရာသီဆိုတော့ မအားရဘူးလေဗျာ’

တူးဝေးကိုယ်တော်နှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း မောင်ကာကြီးပြန်ပြောသည်။

          ‘အလို မင်းက ကထိန်တွေခင်း ခရီးတွေသွား မင်္ဂလာဆောင်တွေလိုက်တက် လုပ်နေတယ်ပေါ့လေ’

          ‘မဟုတ်ရပါဘူးကိုယ်တော်ရယ်။ ကထိန်တွေမှာအလှူလိုက်စားရင်း မင်္ဂလာဆောင်ပွဲတက်ရင် လက်ဖွဲ့ဖိုးကုန်မှာစိုးလို့ ခရီးသွားချင်ယောင်ဆောင်ရင်း အိမ်ထဲမှာပုန်းနေတယ်လို့ပြောတာဗျ ဟားဟား’

          ‘မင်းကတော့ဖြစ်ရမယ် မောင်ကာကြီးရာ… ဟား… ဟာ… ဟား…’

ထုံးစံအတိုင်း တူးဝေးကိုယ်တော်ရဲ့ အရယ်တောသတ်အောင် မောင်ကာကြီးအတော်ပင်စောင့်ပြီးမှ

          ‘အခုတောင် ကိုယ်တော့ကိုမသိတာလေးတွေ မေးချင်လို့ မနည်းလူကွယ်ပီးထွက်လာရတာ’

          ‘ဟားဟား အေးပါကွာ အေးပါ။ ငါလဲ မင်းမလာတော့ သတင်းလေး အတင်းလေး အဖျင်းလေးတွေ မပြောရတော့ အာခြောက်သလိုတောင်ဖြစ်နေရော။ မင်းသိတဲ့အတိုင်း ခုတစ်လောကလဲ ပုတ်လို့ပေါ် ဟုတ်လို့လျှောတဲ့ သီတင်းကလဲ စုံနေလှရော’

          ‘ဟုတ်ပါ့ဗျာ ဟုတ်ပါ့’

တူးဝေးကိုယ်တော်ရဲ့စကားကို မောင်ကာကြီးထောက်ပေးရင်း လက်ဘက်ရည်တစ်ခွက် လှမ်းမှာပီးမှ

          ‘အေးဗျာ ကျွန်တော့ရဲ့အသဲတုံးမစ်လေးခမျာလဲ သူ့အောဂနိုက်ဇေးရှင်း မကောင်းတာနဲ့ အရှက်တစ်ကွဲဖြစ်ပြီး ပြန်လာလို့ပြန်လာရနဲ့ဗျာ… စိတ်တောင်မကောင်းဘူး’

          ‘နေပါဦး… မင့်အသဲတုံးဆိုတာက ဘယ်သူတုံး။ ဇကာတင်အယောက်၄ဝတို့ သာမန်အပျော်ကစားပွဲမှာ အဖွဲ့လိုက်ဆုရတယ်တို့ဆိုပြီး ဆုမဟုတ်တဲ့ဆုတွေကို ထုတ်ကြွားနေတဲ့ ပလက်စတစ်ဆာဂျရီမစ်လား… နိုင်ငံတော်ပုန်ကန်သူရဲ့ရည်းစားဟောင်း ပြိုင်ပွဲမှာ ဂယက်တွေထခဲ့တဲ့တစ်ယောက်လား’

          ‘ခင်များကတော့… ဘယ့်နှယ့်သူများသားသမီးတွေကို မှိုချိုးမြှစ်ချိုးနဲ့’

          ‘အလိုဗျာ… မှိုချိုးမြှစ်ချိုးဆိုရအောင် ငါပြောတဲ့အထဲများ လီဆယ်ပြောတာပါလို့လားဟ’

          ‘ပါတော့ပါဘူးလေဗျာ။ ဒါမဲ့ ကျွန်တော့်အသဲတုံးလေးကိုတော့ မပြောပါနဲ့ဗျာ’

          ‘ဖြစ်ရလေကွာ။ ပြောပုံက သူ့တစ်ယောက်တော့ မပြောနဲ့ ကျန်တစ်ယောက်ကျပြောဆိုတဲ့ သဘောနဲ့… ဟားဟား။ ထားပါတော့… အဲ့ဒါတွေ။ ပြောပါဦး မင်းတစ်ယောက်က ဘယ်သူတုန်း’

          ‘ကိုယ်တော်ပြောတဲ့ နိုင်ငံတော်ပုန်ကန်သူရဲ့ရည်းစားဟောင်းလေဗျာ’

          ‘နေပါဦးဟ။ မင်းကသူ့ပါသူ ဂယက်ထတဲ့ ကိစ္စဘာတွေများ စိတ်မကောင်းဖြစ်ရတာတုန်း’

          ‘ရော… ကိုယ်တော်ပဲ စဉ်းစားကြည့်လေးဗျာ သူ့ပုံစံ သူ့အရည်အချင်းနဲ့ အနည်းဆုံး top5 တောင်ဝင်ရမယ့်ဟာ အောဂနိုက်ဇေးရှင်းကြောင့် ခုတော့ ဘာစလွယ် ဘာဆုမှမရပဲ top10 နဲ့ပဲ ကျေနပ်လိုက်ရတာလေဗျာ’

          ‘ငါလခွမ်းထဲ မင်းဟာက စလာကတည်းက တစ်ဖက်ပိတ်ပြန်ပြီ။ သူ့ပွဲစီစဉ်သူအပြစ်လို့ပြောရအောင် သူ့တို့ခမျာလဲ ဝတ်စုံလေးမပို့ရုံပါဟ။ ပြောရရင် အဲ့ဝတ်စုံက အရေးမကြီးဘူးမဟုတ်ပေမယ့် အမှတ်ပေးတာနဲ့တော့ ဆိုင်လဲမဆိုင်ဘူးလေ’

          ‘ဟာ… ကိုယ်တော်ကလဲ အလှမယ်ပြိုင်ပွဲဆိုမှတော့ အလှပြမယ့် ဝတ်စုံက အရေးကြီးပါတယ်ဗျ’

          ‘အေးပါ ငါလဲမကြီးဘူးမပြောပါဘူး။ ဒါမဲ့ကွာ မင်းပဲစဉ်းစားကြည့်။ အဲ့ဝတ်စုံကြည့်ပြီးဆုပေးတယ် ဆိုရအောင် ဇကာတင်၁ဝယောက်ထဲဝင်တဲ့ ဖားမဆို ဝတ်စုံကဇစ်ပျက်သွားလို့ တွယ်ချိတ်နဲ့တောင် တွယ်ထားရတဲ့ဟာ။ ပြီးတော့ သူက အဲ့ဝတ်စုံမဝတ်ရခင် အဆင့်ကတည်းက ပြုတ်ကျန်ခဲ့ပြီးသားလေ’

          ‘ဘာပဲပြောပြောလေ… သူက သူ့ရဲ့စီစဉ်သူနဲ့ အက်ကြောင်းလေးတွေရှိတော့ ဆုရသင့်ရသားနဲ့မရတာ နေမှာပေါ့’

          ‘ဝေးစွခြောက်ပါး အေးမြယောက်ျားပါကွာ။ မင်း အဲ့စီစဉ်သူတွေပြန်ဖြေရှင်းထားတာတွေ ဖတ်ပြီးပြီလား’

          ‘ပြီးပါပြီ။ အလကား အပုတ်ချရေးထားတာလို့ ကျွန်တော့အသဲတုံးက သဘောထားကြီးကြီးနဲ့ ပြန်တောင်မဖြေရှင်းပဲနေနေတာ မတွေ့ဘူးလား’

          ‘အောင်မယ် ပုဂ္ဂိုလ်စွဲနဲ့တော့မပြောနဲ့အမောင်။ သူကသဘောထားကြီးလို့ ပြန်မဖြေရှင်းတာလား။ ဟုတ်တိုင်းမှန်ရာတွေပြောချလိုက်လို့ ငြင်းမရတာနဲ့ ငြိမ်ခံနေတာလားလဲ သေချာအောင်လုပ်အုံးဟ’

          ‘ဘာဖြစ်ဖြစ်ဗျာ။ သူလိုရုပ်ရည် သူ့လိုအရည်အချင်းနဲ့ အွန်လိုင်းမဲပေးစနစ်ကြောင့် ညစာစားပွဲပထမဆု ဆိုတာထက်တော့ စလွယ်လေးတစ်ခုလေ   ာက်တော့ရသင့်ပါတယ်ဗျာ’

          ‘ငါပြောချင်တာအဲ့တာပေါ့ မောင်ကာကြီးရဲ့။ မင်းတို့ပြောပြောနေတဲ့ ရုပ်ရည်တို့ အရည်အချင်းတို့ ဆိုတာက ကိုယ့်နိုင်ငံတွင်းအတိုင်းအတာနဲ့လေကွာ။ ဟိုမှာက အာရှဒေသတွင်းတောင်မဟုတ်ဘူး နိုင်ငံတစ်ကာစံနှုန်းကွ။ ပြောချင်တာက မင်းပြောတဲ့ ချောလွန်းပါတယ်ဆိုတဲ့သူက ဟိုပြိုင်ပွဲမှာကြ ပေါ်လွင်နေတာလဲမဟုတ်၊ အရည်အခြင်းကြတော့လဲကြည့်ဦး Telentပွဲတောင်ဝင်မပြိုင်ဆိုတော့ ဘယ်လိုလုပ်ပြီး ဆုကိုမျှော်မှန်းလို့ရမလဲ။ သဘောကတော့ကွာ မျိုးချစ်စိတ်ဆိုတာကြီးနဲ့ပဲ အားလုံးကောင်းပါသည် ဆိုပြီး လုပ်နေလို့ကမရဘူးလေ။ အများသုံးစနစ်နဲ့ စံနှုန်းလေးလဲကြည့်ဦးမှပေ့ါ။

          တစ်ကယ်ဆို ငါလဲမျိုးချစ်စိတ်လေးနဲ့တော့ ကိုယ်နိုင်ငံကကိုယ်စားပြုပြိုင်ပွဲဝင်တဲ့ ဘယ်သူကိုမဆို ဆုတော့ရစေချင်တာပါပဲလေ။ ဒါမဲဖြစ်မှမဖြစ်နိုင်တဲ့ဟာ ရသလောက်အမြတ်ပေါ့လို့ ကြိုတွေးထားပြီးသား။ ခုမင့်ဟာလေးတို့တစ်ခြားဟာတွေတို့ကို ပြောနေရတာက ကိုယ်လဲမစွမ်းနိုင်ပဲလေးကျယ်လို့… ပြီးတော့ အဲ့ဟာတွေနောက်က တစ်ဖက်ပိတ်ဖန်ဆိုတဲ့ဟာကြီးတွေကို ကြည့်မရလွန်းလို့ပြောရတာ။ တစ်ကယ်ဆို သူများမကောင်းကြောင်းကြီးကို အရေးလုပ်မပြောချင်ပါဘူးကွာ’

          ‘မပြောချင်လို့ပဲတော်တော့တယ်။ ပြောများပြောရင် ကုန်းကောက်စရာတောင်ရှိမှမဟုတ်တော့ဘူး။ ဘာပြောပြောဗျာ။ သူများကို ပြောချင်ရင်ပြော… ကျွန်တော့ အသံတုံးလေးကိုမပြောနဲ့ဗျာ’

          ‘အေးကွာ အေကွာ မပြောဘူးကွာ

နှစ်ဦးသား အပြန်အလှန်ပင် ခနဲ့နေလိုက်ကြသည်။

          ‘ဒါတွေထားပါဦး။ မင်းပြောတော့ ငါ့ကိုမေးစရာရှိတယ်ဆို… ဘာများလဲ ဆိုစမ်းပါဦး’

တူးဝေးကိုယ်တော်စကားစပေးမှပဲ မောင်ကာကြီးလဲ သူ၏လာရင်းကိစ္စကိုပြန်သတိရသွားသည်။

          ‘ဒီလိုကိုယ်တော်ရယ်။ ဟိုမင်းသားကို ဆေးမှုနဲ့ထောင်နှစ်ရှည်ချလိုက်တာနဲ့ ပတ်သက်ပြီး သိပ်ဘဝင်မကျလို့ဗျို့’

          ‘ပြောပါဦး ဘာကိုများ ဘဝင်မကျသတုံး’

          ‘ဒီလိုလေဗျာ။ နိုင်ငံအတော်များများမှာတောင် ဒီဆေးခြောက်ဆိုတာကို တရားဝင်ခွင့်ပြုနေတဲ့ဟာ သူက ဆေးခြောက်သုံးလို့ လက်ဝယ်တွေ့လို့ ရောင်းဝယ်လို့ဆိုပြီး အမိန့်ချလိုက်တာကိုမကြိုက်တာဗျ။ အမှန်ဆို ဆေးခြောက်က ကျန်းမာအရေးအရခွင့်တောင်ပြုပေးသင့်နေတဲ့ဟာ’

          ‘နေပါဦး။ မင်းပြောတဲ့ နိုင်ငံတစ်ကာမှာခွင့်ပြုတယ်ဆိုတာနဲ့ပတ်သက်ပြီး မင်းဘယ်လောက်သိထားလဲ’

          ‘နည်းနည်းပါ။ လွတ်လပ်စွာသုံးလို့ရတယ်။ နေအိမ်မှာအပင်စိုက်လို့ရတယ်။ လမ်းသွားရင်ယူသွားလို့ရတယ်။ အပြင်ဆိုင်တွေမှာ လွတ်လပ်စွာဝယ်လို့ရတယ်။ ဒီလောက်ပါပဲ’

မောင်ကာကြီးစကားကို နားထောင်ရင်း တူးဝေးကိုယ်တော်ခေါင်း တစ်ညိမ့်ညိမ့် ညိမ့်သည်။

          ‘မဆိုးပါဘူး လေ့လာထားသားပဲ။ ဒီလောက်ဆိုရင်တော့ ရပ်ကွက်စကားဝိုင်းမှာကောင်းကောင်း ဆရာလုပ်လို့ရပါတယ်။ ဒါမဲ့ မင်းသေချာမသိတာက မင်းပြောတဲ့ ခွင့်ပြုတယ်ဆိုတဲ့နောက်မှာပါတဲ့ လိုက်နာရမယ့် ဥပဒေနဲ့စည်းကမ်းကွ။ ဥပမာကွာ… ဆေးခြောက်နဲ့ပတ်သက်ရင် အလွတ်လပ်ဆုံး အစောဆုံး နို်င်ငံတစ်ကာကလဲ စံအဖြစ်ယူယူနေရတဲ့နိုင်ငံက ဆေးခြောက်ဥပဒေလေးကို အကြမ်းဖျင်းကြည့်ကြည့်’

တူးဝေးကိုယ်တော်စကားဆက်ရန်အတွက် ရေနွေးတစ်ငုံမြိုချပြီးမှ

          ‘အဲ့ဥပဒေမှာဆိုရင်။ ဆေးခြောက်ကို တရားဝင်ရောင်းတဲ့ဆိုင်တွေမှာ လွတ်လပ်စွာဝယ်လို့ရတယ်။ ဒါပေမယ့်သတ်မှတ်ထားတဲ့ဆိုင်မှာ သတ်မှတ်ထားတဲ့ပမာဏကိုပဲဝယ်ရမယ်လို့ပါတယ်။ ဆိုလိုချင်တာကကွာ မင်းနေတဲ့ရပ်ကွက်ထဲကဆိုင်မှာပဲ သတ်မှတ်ပမာဏအတိုုင်းဝယ်လို့ရမယ် အပြင်ဆိုမှဝယ်လိုမရဘူးဆိုလိုတာ။ ပြီးတော့ လွတ်လပ်စွာသုံးစွဲလို့ရတယ်ဆိုတဲ့နောက်မှာက အများပြည်သူနဲ့သက်ဆိုင်သောနေရာမှာတော့ မသုံးရလို့ပါတယ်။ စဉ်းစားကြည့်ကွာ အများပြည်သူနဲ့ဆိုင်တဲ့နေရာဆိုတာက ကားဂိတ် ရထားဂိတ် ပန်းခြံ ကုန်တိုက် စတဲ့ဟာတွေအပြင် လူသွားလမ်းတွေပါ အကျုံးဝင်တယ်မို့လား’

          ‘အင်း…  ဟုတ်တယ်လေ’

          ‘သဘောကတော့ကွာ မင်းက မင်းအိမ်ရှေ့ လမ်းပေါ် ပလပ်ဖေါင်းပေါ်မှာ သုံးနေရင်တောင် ဖမ်းချင်ရင်ဖမ်းလို့ရတယ်ဆိုတဲ့သဘောပဲ။ သဘောပေါက်လား’

          ‘ဟာ… အဲ့လိုကြီးဟုတ်လို့လား’

          ‘ဟုတ်ပါတယ်ဆို။ မင်းမယုံရင် အင်တာနက်မှာရှာပြီးဖတ်ကြည့်။ ပြီးတော့ လမ်းသွားရင်ယူလို့ရတယ်ဆိုတဲ့ ပမာဏလဲသတ်မှတ်ထားရော။ လူတစ်ယောက် ကျန်းမာရေးအရ တစ်နေ့တာသုံးသင့်တဲ့ အများဆုံးပမာဏအထိပဲသယ်လို့ရမယ်။ ပိုသယ်ရင် မင်းကိုဖမ်းမှာပဲ။ ဒီတော့ အဲ့ခွင့်ပြုပါတယ်ဆိုတဲ့ ဥပဒေအရ တစ်ကယ်ကိုတရားဝင်ခွင့်ပြုထားတာကိုကြည့်ရင် အိမ်ထဲခြံထဲမှာ ကြိုက်သလောက်ထား ကြိုက်သလောက်သုံးလို့ရတယ်ဆိုတာလောက်ပဲ ရှိတာ’

          ‘မဟုတ်သေးပါဘူးဗျာ။ မယုံသေးဘူး နောက်မှ သေချာရှာပြီး အဲ့ဥပဒေကိုဖတ်ကြည့်ဦးမယ်’

          ‘ဖတ်.ဖတ်.. မင်းတို့တွေဖတ်သင့်တယ်။ ခုက ဘယ်လိုဖြစ်လဲဆိုတော့ ဆေးခြောက်ကိုတရားဝင်အောင် လုပ်နေတဲ့ ဆေးရောင်းတဲ့ဆေးသမားတွေကြောင့် မင်းတို့လူငယ်တွေမှာ အသိမှားကြီးတွေစွဲစွဲနေကြပြီ။ တစ်ကယ်တော့ လူရဲ့စိတ်ကို မူးရစ်ထုံထိုင်းစေတဲ့အရာတွေကတော့ မသုံးတာအကောင်းဆုံးပါကွာ’

          ‘ဒါမဲ့ဗျာ ဆေးခြောက်သုံးတိုင်းတော့ ဘဝမပျက်ပါဘူးဗျ’

          ‘သိပ်မှန်တာပေါ့ မောင်ကာကြီးရယ်’

တူးဝေးကိုယ်တော် အားရပါးရထောက်ခံရင်းမှ

          ‘ဒီလိုစဉ်းစားကြည့်။ လူတွေထဲမှာ ဆေးကြောင့် အရက်ကြောင့်မဟုတ်ပဲနဲ့တော့ လူ့ဗာလ လူ့ညွန့်တုံးနေတဲ့သူတွေမရှိဘူးဆိုတာတော့ မင်းလက်ခံတယ်မို့လား’

          ‘လက်ခံတာပေါ့ဗျ။ ရှိလဲ မပြောလောက်တဲ့အရေအတွက်ရယ်ပါ’

          ‘ဒီတော့ကွာ ဆေးသုံးအရက်သောက်တဲ့သူအကုန် ဘဝမပျက်ဘူးဆိုရင်တောင်… အဆိုး၅ဝ အကောင်း၅ဝပဲ။ အကောင်း၅ဝထဲမှာ သာမန်အဆင့်ကိုထားပြီး အောင်မြင်သူ၁ဝရှိတယ်ထားလိုက်… ရသေးတယ်။ ဒါမဲ့ ကျန်နေတဲ့ အဆိုး၅ဝလုံးကြီးကတော့ ဆုံးဆုံးကြီးကိုနစ်ရော။ လူ့အသိုင်းအဝိုင်းအတွက် ဘယ်လောက်နစ်နာလဲ။ သူတို့က ဘယ်မှာမှသုံးစားလို့မရတဲ့အပြင် ပတ်ဝန်းကျင်ကိုတောင် အနက်ရောင်သုပ် ရန်ရှာခံရမှာတောင် ကြောက်နေရရောလေ။ အဲ့ဒါကြောင့်မို့ ဥပဒေဆိုတာကြီးက မလုပ်သင့်တာကို မလုပ်ရလေအောင် အဟန့်သဘောမျိုးနဲ့ ထားထားတဲ့သဘောလို့ပဲမှတ်ပေါ့’

          ‘အေးပါဗျာ။ ကိုယ်တော်ပြောတော့လဲ ကိုယ်တော့စကားပေါ့’

ထိုအချိန်တွင် တစ်ဘက်စားပွဲဝိုင်းမှာ သူတစ်ဦးပွတ်နေသောဖုန်းထဲမှ စိုင်းစိုင်းခမ်းလှိုင်၏ ဝမ်းနည်းမှတ်တမ်းသီချင်းသံတစ်လှည့် မိန်းမတစ်ယောက်၏စကားပြောသံ တစ်လှည့်စီထွက်လာရာ မောင်ကာကြီးမှ ပြုံးပြုံးကြီးဖြင့်

          ‘ကိုယ်တော်ရေ ပြောရဦးမယ်။ ကျွန်တော်တော့ဖြင့် ဟိုပရဟိတမင်းသားကြီး တရားစွဲမခံရ လျော်ကြေးမပေးရပါစေနဲ့ပဲ ဆုတောင်းနေရတယ်ဗျို့’

          ‘ဟေ… ဘယ်လိုတောင်လားဟ။ မင်းစကားကြီးကလဲ’

          ‘ဘယ်လိုဖြစ်ရမလဲကိုယ်တော်ရယ် အကယ်၍ အဲ့မင်းသားသာ တရားရင်ဆိုင်လျော်ကြေးတွေပေးရရင် သူကစံပြဖြစ်ပြီး ကျန်တဲ့မိန်းကလေးတွေက သူတို့ရည်းစားဟောင်းကိုမကျေနပ်တိုင်း တရားစွဲ လျော်ကြေးတောင်းနေရင် ဘယ်လိုလုပ်မလဲဗျ’

          ‘ဟား ဟား… ဒါတော့ ဟုတ်တယ် မောင်ကာကြီးရေ့။ ဒီကိစ္စကြီးဖြစ်ပြီးမှ ကောင်လေးတွေခင်မျာ သူတို့ရည်းစားတွေကို ဆက်မတွဲချင်တောင် ဖြတ်ပြစ်ဖို့ တော်တော်ကြောက်နေလောက်ပြီ’

          ‘အဲ့ဒါပြောတာပေါ့ ကိုယ်တော်ရဲ့။ ဒီခေတ်ဒီအခါမှာ သမီးရည်းစားချင်း ဟိုလိုဒီလိုဖြစ်တာကတော့ မစမ်းတော့ဘူးမို့လား’

          ‘အေးပေါ့… ငါဆို Living Together စနစ်တောင် အားပေးသေး’

          ‘အင်းလေ… အဲ့တာကြီးကို အခုလိုမျိုးကြီး ကိုယ့်ကိုဖြတ်လို့ မကျေနပ်ပါလို့ဆိုပြီး တရားစွဲတယ်ဟေ့ဆိုတော့ ငွေလိုတဲ့မိန်းမတွေ လျော်ကြေးတောင်းပြီး ပိုက်ဆံရှာဖို့ လမ်းပြသလိုဖြစ်နေပါလေရော’

          ‘ဒါကတော့ ဥပဒေရဲ့ ချို့ယွင်းချက်လို့ပဲပြောရမှာပဲကွ။ မိန်းမသားဘက်ကိုညှာတာလိုက်တော့ တစ်ဖက်က အမျိုးသားထုအတွက် နစ်နာသွားတဲ့သဘောပေါ့’

          ‘ဟုတ်တယ်နော်။ ဘာတဲ့ လင်မယားချင်းတောင် မလိုမတူရင် အဓမ္မမှုမြောက်တယ်ဆိုလားပဲလေ’

          ‘အမှန်ပေါ့။ ဒါကကွာ မိန်းမတွေမတရားအနိုင်ကျင့်မခံရအောင်လို့ ထည့်ကိုထည့်သင့်တဲ့အချက်လေ။ ပြီးတော့ သမီးရည်းစားချင်း သဘောတူလို့ အတူနေတယ် အရပ်စကားနဲ့ ခိုးစားတာကို မိန်းကလေးဘက်ကသိ၊  သဘောမတူလို့တိုင်ရင် ကောင်လေးဘက်က အပြစ်ပေးခံရနိုင်တဲ့အထိကိုဖြစ်နိုင်တာ။

          မဒိန်းမှုဆိုတာက ကောင်းမလေးဘက်ကတိုင်တယ် ကောင်းလေးနဲ့ကလဲ တစ်ကယ်စပ်ယှက်တယ်ဆိုရင် အလိုလိုကို အမှုကမြောက်ပြီးသားဖြစ်နေရောကွ။ အရေးယူမလား ပြစ်ဒါဏ် အတိမ်အနက်ဆိုတာကတော့ ရုံးတော်ရဲ့သဘောပေါ့။ သို့ပေမယ့် ဒီလိုဥပဒေရှိမှပဲ မိန်းကလေးမတရားအနိုင့်မခံရမှာ… လွယ်လွယ်ပြောရရင် ခုခေတ်မှာအတွေ့များတဲ့ ရရစားစားကောင်တွေရဲ့ လက်ချက်က ကာကွယ်ပေးနိုင်မှာလေကွာ’

          ‘အေးဗျာ။ တစ်ချို့ဥပဒေတွေကလဲ မရှိမကောင်း ရှိမကောင်းတွေပါဗျာ’

          ‘သိပ်ဟုတ်ပြန်ရော မောင်ကာကြီးရာ။ ဒါနဲ့ မေးဦးမယ်။ ခုနကလို အလိုတူလျက်နဲ့ ဖြစ်တဲ့အမှုတွေမှာ နောက်ဆုံး ဘယ်သူအမြတ်ထွက်သွားလဲသိလား’

          ‘မပြောတတ်ဘူး။ မိန်းကလေးဘက်ပဲနေမှာပေါ့’

          ‘ဘယ်ကလာ… အမှုဖြစ်ပြီဆိုကတည်းက မိန်းကလေးမှာလဲအရှက်ရ၊ ယောက်ျားလေးကတော့ တရားရင်ဆိုင်ဘာညာဖြစ်မှတော့ ဘယ်လိုလုပ်မြတ်ထွက်မလဲဟ’

          ‘ဟမ်… ဒါဆို ဘယ်သူတွေက အမြတ်ထွက်တာတုန်း’

          ‘ရဲ ရှေ့နေနဲ့ တရားသူကြီးတွေဟေ့… ရဲ ရှေ့နေနဲ့ တရားသူကြီးတွေကွ။ သူတို့ပဲ အမြတ်တွေထွက် အကျိုးတွေရှိသွားကြတာ။ ဟား… ဟား… ဟား…

          ဟား ဟား ဟား ဟား’

          ထုံးစံအတိုင်း မောင်ကာကြီးတို့၏ ပေါက်ပန်းလေးဆယ် စကားဝိုင်းလေးမှာ တူးဝေးကိုယ်တော်၏ ရယ်သံများနှင့်ပင် အဆုံးသတ်ခဲ့ သွားရပြန်သည်။

အနုပညာသည် အနုပညာအတွက်ဖြစ်သည်

Courage

About Courage

has written 49 post in this Website..