မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဖေဖော်ဝါရီ ၂၀၁၉

kaiFebruary 1, 20192min4512

E Pluribus Unum
ဖေဖော်ဝါရီ ၁၂ မြန်မာ ပြည်ထောင်စုနေ့ နီးလျှင် “စည်းလုံးခြင်း၏အား” “မတူခြင်းများစုစည်းထား” ကို သတိရပါသည်။ ထိုစည်းလုံးရမည်ဆိုသော ယခုတိုင်းရင်းသား ၁၃၅မျိုး ဘယ်ကလာ၍မည်သို့စည်းလုံးကြမည်နည်း။ တိုင်းရင်းသား ၁၃၅မျိုးကို ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၈၉ ဇူလိုင် (၅) တွင်ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၇၂ခု ဒီဇင်္ဘာ(၉)ရက်နေ့ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဋ္ဌာနထုတ်ပြန်စာရင်းအရ ၁၄၄မျိုးဖြစ်ပေရာ ထိုအထဲမှ အချို့ကို ဖြုတ်/ ပြောင်းပစ်ခြင်းဖြစ် ၁၃၅ ရသွားသည်ဖြစ်၏။
၁၉၈၂ ဦးနေဝင်း၏ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ အရဆိုပါလျှင် တိုင်းရင်းသားဟူသည်”နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မှီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စသည့်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။” ဟုဆိုထားသည့်အတိုင်း ဖြစ်ရမည်။ ဥပဒေအရ တိုင်းရင်းသားသည် နိုင်ငံသားထက်မည်သည့်အခွင့်အရေးမှထူး၍ပိုမရထား။ မြန်မာနိုင်ငံသား ခေါင်းစဉ်အောက်တွင် ခွင့်တူညီမျှရှိသတည်း။


The City of Mien
with the gold and silver towers
( 1283)
The Travels of Marco Polo မာကိုပိုလိုရောက်ခဲ့သော ပုဂံနေပြည်တော် ၁၂၈၃

Burman Empire -> British Burma
အရှေ့အိနိ္ဒယကုမ္ပဏီ၏ကြေးစားတပ်မှ မြန်မာဘုရင့်တပ်မတော်နှင့်စစ်ပွဲ၃ပွဲဆင်နွဲခဲ့သည်ဖြစ်၍ ပထမစစ်ပွဲ ၁၈၂၆ခုနှစ်၌ ရခိုင်နှင့်တနင်္သာရီဒေသ၊ ၁၈၅၂ခုနှစ်၌ လော့ဒ်ဒါလဟိုဇီလက်သို့ ပဲခူး-ဟံသာဝတီဒေသ(အောက်မြန်မာနိုင်ငံ)နှင့် ၁၈၈၆တွင် မန္တလေးနေပြည်တော်တွင်နန်းထိုင်သော သီပေါဘုရင်နန်းဆွဲချ၍ အထက်မြန်မာနိုင်ငံပါသိမ်းခံရကာ ကိုလိုနီဘဝရောက်ခြင်းဖြစ်လေသည်။ သိမ်းယူစဉ်က မြန်မာဘုရင့်အင်ပါယာကို သိမ်းသည်ဖြစ်ပါ၏။ သိမ်းပြီးနောက် ကော်မရှင်နာမင်းကြီးအုပ်ချုပ်ခဲ့သော်လည်း ၁၈၉ရတွင် ဒု-ဂါဗနာမှလွှဲယူအုပ်ချုပ်သည်။ India Act 1919 အရ အိနိ္ဒယဘုရင်ခံချုပ်၏အုပ်ချုပ်မှုအောက်တွင်ထားခဲ့ပြီးမှ ၁၉၃ရ ဧပြီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံကိုသီးခြားခွဲထုတ်ကာ အစိုးရရုံးကိုမေမြို့သို့ပြောင်း အင်္ဂလိပ်ဘုရင်နန်းတော်မှ ဘုရင်ခံရွေးတိုက်ရိုက်အုပ်ချုပ်စေခဲ့ခြင်းဖြစ်သည်။ ဘုရင်ခံသည် Burman Empire ကို British Burma ဟုအပိုင်းပိုင်းသတ်မှတ် ဝန်ကြီး၁ဝဦး(အထိ)ထား အုပ်ချုပ်ခဲ့သည်။ ဥပဒေပြုလွှတ်တေ်ာကို လည်း စိနိတ်နှင့် ဟောက်စ်(အမေရိကားကဲ့သို့)ထားခဲ့၍ ရွေးကောက်ခံအမတ် ၁၃၂ ဦးရှိသည်တွေ့ရသည်။ အုပ်ချုပ်နေစဉ်ကာလအတွင်း ချိုင်းနား၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်နယ်နမိတ် အငြင်းပွားမှု၊ သတ်မှတ်မှုတို့ဖြစ်ရတိုင်း အင်္ဂလိပ်အစိုးရသည် မြန်မာကုန်းဘောင်မင်းဆက်ထံ ပဏ္ဍာဆက် အခွန်တော်ထမ်းသည်နှင့် စာချုပ်စာချွန်ပြကာ အထောက်အထားနှင့်မြန်မာ့မြေဖက် ဆွဲယူသိမ်းသွင်းခဲ့သည်ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းကို ကျေးရွာအဆင့်အထိ တိတိကျကျ ပြုခဲ့ကြသည်။ တပြိုင်ထဲပင် မြန်မာဘုရင်အစဉ်အဆက် နှစ်ထောင်ချီ ခိုင်မာစွာ အုပ်ချုပ်ခဲ့သော သက်ဦးဆံပိုင်အုပ်ချုပ်ရေး စနစ်ကွန်ယက်ဖြစ်သည့် ဘုရင်၊ ဘုန်းတော်ကြီးများနှင့် နယ်စား၊ မြို့စား၊ရွာစား များကိုလည်း မဟာဗျူဟာဆွဲ အဆင့်ဆင့် ခွဲထုတ်၊နယ်နှင် စနစ်ဖျက်ဆီးပစ်ခဲ့သည်။
ပထမအင်္ဂလိပ်မြန်မာစစ် ဖြစ်နေချိန် ၁၈၂၆ ခုနှစ်တွင် ကလကတ္တားမြို့မှထုတ်ဝေသော ဆရာယုဒဿန်၏ ” A Dictionary of the BURMAN LANGUAGE” စာအုပ် စာမျက်နှာ ၂၈ရ တွင်မူ မြန်မာကို လက်ရေးစာလုံးနှင့်ရေးထားကာ မြမ္မာကြီး၊ မြမ္မာဖထောင်၊ တလိုင်း၊ ချင်း၊ကရင်၊ယောနှင့်ထားဝယ်ဟူ၍လူမျိုးရမျိုး ခွဲပြထားပါ၏။ တနိုင်ငံလုံးသိမ်းထားစဉ် သန်းခေါင်စာရင်း ၁ဝနှစ်တကြိမ်ကောက်ယူရာ၌ တိုင်းရင်းသားဟူ၍ သီးသန့်ခွဲထုတ်ကောက်ယူထားခြင့်းကားမရှိ၊ သို့သော် ၁၉၃၁ တွင်မှ ဗမာ၊ ကရင်၊ ရှမ်း၊ ချင်းနှင့် ကချင် ခွဲကာ Chinese, Indian များပါထည့်၍ ကောက်ယူသည်ဟုမှတ်ဖူးသည်။

၁၉၄၃ခု ဩဂုတ်လတွင် အင်္ဂလိပ်လက်မှ မြန်မာနိုင်ငံကို ဂျပန်တို့ သိမ်းပိုက်ပြီးနောက် ဂျပန်စစ်တပ်နှင့် ပူတွဲအုပ်ချုပ်သော ဒေါက်တာဘမော်အစိုးရလက်ထက်တွင်လည်း မြန်မာနိုင်ငံသည် တလုံးတစည်းတည်းရှိခဲ့၏။ ထိုစဉ်က အင်္ဂလိပ်၏ Government of Burma သည် အိနိ္ဒယပြည် ဆင်းမလားတွင်ပြောင်းရွေ့နေရပေသည်။

၁၉၄ရ ခုနစ် ဇန်နဝါရီလ ၂ရ ရက်နေ့တွင် နောင်တနှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည်ဟူ၍ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ အခြားအရေးကိစ္စများ အပြင် စာချုပ်ထဲတွင် သေချာစွာထည့်သွင်းထားသော ရည်ရွယ်ချက် တစ်ခုမှာ “နယ်ခြားဒေသများနှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သောသူများ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းရေး” ဖြစ်သည်။

Atlantic Charter စာချုပ်အရ ကမ္ဘာစစ်ပြီးလျှင် မဟာမိတ်တို့၏ကိုလိုနီနယ်များကို စွန့်လွတ်ရန်ဖြစ်သော်လည်း မိအေးနှစ်ခါနာ စစ်ကြောင့်ကြေမွသွားသော မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ပေးပြီးနောက် ၁ဝနှစ်ကြာမှ အက်တလီအစိုးရက ပြန်ပေးလိုသည်။ သို့နှင့် သီပေါဘုရင်လက်မှ တလုံးတစည်းတည်းရထားသော တိုင်းပြည်ကို ဒေသခွဲထုတ်၍ ဒေသခံတို့သဘောတူညီချက်ရမှလွတ်လပ်ရေးပေးနိုင်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းကို တိုက်တွန်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းမှာ အင်္ဂလိပ်တို့ပြောသည့်အတိုင်း ရအောင် စာချုပ်ခဲ့ရာမှ ပင်လုံစာချုပ်ဖြစ်ကာ လွတ်လပ်ရေးရခဲ့ခြင်းဖြစ်ပါသည်။
မြန်မာတို့၏လွတ်လပ်ရေးကြေညာစာတန်းတွင် “ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သချင်္ာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လဝါ ပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း ကမာ္ဘချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ ” ဟုရေးထားခဲ့သည်။ တိုင်းရင်းသားတို့ ဤနယ်ထိုမြေပိုင်ကြသည်ဟူ၍ ပြည်နယ် နယ်နမိတ် ခွဲခြားထားခြင်းကား မရှိ။
၁၉၄ရ မေ ၁၉-၂၄တွင်ကျင်းပသော တိုင်းပြုပြည်ပြု ဖဆပလ ပမာဏညီလာခံတွင် ဖော်ပြသည့် အခန်း(၁) နိုင်ငံဖွဲ့စည်းပုံတွင် ” ဗမာပြည်မ၊ ရှမ်းပြည်ထောင်စု၊ ကရင်နီပြည်နယ်များ၊ ကချင်တောင်တန်းများ၊ ချင်းတောင်တန်းခရိုင် “ဟု ၅ပိုင်းပိုင်းထားသော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ(ဗမာနိုင်ငံတော်) ဟု သတ်မှတ်ထားခဲ့သည်။
ယခု မြင်ကြရသကဲ့သို့ လူမျိုးစုအမည်ကို နေရာဒေသနှင့်တွဲ၍ တပ်ထားသော ဒေသပြည်နယ်ဟူ၍ မခွဲထားခဲ့ပေ။

တကယ်တော့ ဤသို့ လူမျိုးစုကိုအခြေခံကာ မြေဒေသများကို ပြည်ထောင်စုလိုက်ခြင်းဖြင့် စု၍မရသောလမ်း စ,လျှောက်ခဲ့ကြခြင်းပါပေ။ ဘာသာတရားအခြေခံသော ကွဲပြားခြင်းနှင့် ဖြစ်ကြသောစစ်ပွဲဟူသည် ဆိုင်ရာလူသားတို့ ကိုးကွယ်ရာဘာသာပြောင်းကြလျှင် စုစည်းသွားပြီး စစ်ရပ် ငြိမ်းချမ်းလွယ်ပါသည်။ လူမျိုးအခြေခံ မတူကွဲပြား စစ်ဖြစ်ကြလျှင်မူကား သွေးချောင်းစီးလျှက်သာရှိပေမည်။ လူမျိုးသည် မွေးရာပါမူလဗီဇဖြစ်၍ သွေးများဖောက်ထုတ်ကာ ပြောင်း၍လည်းမရခြင်းကြောင့်တည်း။

ဤသည်ကို လက်တွေ့ကျကျသမိုင်းလှန်ကြည့်လိုက်လျှင် မြန်မာ့လွတ်လပ်ရေးရပြီးသည်မှစ၍ ပြည်တွင်းစစ်မီးတောက်လျှောက်တောက်လောင်ခဲ့သည်နှင့် ယှဉ်တွေးကြည့်သိနိုင်သည်။
လူမျိုးကိုအခြေခံကာ ဒေသခွဲခြားထားသော ပြည်ထောင်စုအား မည်သို့စုစည်းကြပါမည်နည်း။ လူမျိုးတိုင်း ကျယ်နိုင်သမျှသော မြေဒေသပိုင်ဆိုင် လိုချင်ကြသည် မဟုတ်ပါလော။

People’s Republic of China, Republic of India
ချိုင်းနားပြည်၏ ကွန်မြူနစ်အစိုးရသည် အားလုံးတပြေးညီနားလည်လွယ်သော စာရေးစာဖတ်စနစ်ကို ပြု၍ညီစေခဲ့သည်။ တတိုင်းပြည်လုံးသုံးသော Cantonese, Mandarin ဟုထင်ရှား ၂မျိုးသာရှိသည်။ တိုင်းသူပြည်သားတို့အား အလွန်ပါဝါကြီးလှသော ဧက္ကရာဇ်မှ ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်မူ၍ အားလုံး တသွေးတသံတမိန့်တွင် ရိုးရာယဉ်ကျေးမှုထဲအထိကျင့်သားရပြီးဖြစ်သည်။ ဤမျှကြီးမားကျယ်ပြန့်လှသော လူဦးရေ ၁.၃၄ ဘီလီယံရှိတိုင်းပြည်ကြီးတွင် တိုင်းရင်းသားနွယ် ၅၆မျိုးသာရှိကာ ဟန်ချိုင်းနီးစ်သည် လူဦးရေအားလုံး၏ ၉၁.၅၉% ကို ကိုယ်စားပြု၍ ၈.၄၁%သည်သာ ကျန် တိုင်းရင်းသားနွယ် ၅၅မျိုးကိုယ်စားပြုသည်ဆိုပါသည်။ E Pluribus Pluribus  ထိပ်မှ အာဏာရှင်ထိုင်နေသည့်စနစ်ဖြစ်၏။ စည်းလုံးခြင်းကို လွယ်ကူစွာတည်ဆောက်နိုင်ခဲ့သည်။ ပြည်ထောင်စုမဟုတ်။

အိနိ္ဒယပြည်သည် ၁၉၄ရ ဩဂုတ် ၁၅ တွင်လွတ်လပ်ရေးရပါသည်။ ကိုလိုနီဘဝက( မြန်မာကဲသို့ပင်) ခွဲခြားအုပ်ချုပ်ခံခဲ့ရသည်။ လွတ်လပ်ရေးပြန်ပေးရာတွင် နေရူး၊ဂနီ္ဒကြီးတို့ လက်ထက်ဖြစ်သည်မူ၍ အင်္ဂလိပ်တို့၏ ခွဲခြားကွဲပြားပစ်တော့မည့် ညစ်ကွက်ကိုသိရကား ဂန္ဒီကြီးသည်ထိုစဉ်က အက်တလန်တစ်ချာတာလက်မှတ်ပူးတွဲထိုးထားသောအမေရိကသမ္မတရုစဘဲ့ထံ တိုက်ရိုက်စာရေးအကူအညီတောင်းဖူးသည်။ အိနိ္ဒယန်းတပ်မကြီးတို့သည် မဟာမိတ်တို့ဖက်မှစစ်တိုက်ခဲ့သဖြင့် အိနိ္ဒယအား အမေရိကန်တို့ ယုံကြည်မှုရှိသည်။ သို့နှင့်ဘာသာရေးအရ ပါကစ္စတန်(ရှေ့၊နောက်)နှင့်အိနိ္ဒယ သို့သာလျှင်ကွဲခဲ့သည်။ မြန်မာကဲ့သို့ခွဲခြားခံရခဲ့ပါလျှင် အမျိုး၊ဘာသာ၊သာသနာမတူ လူမျိုးစု၂၀၀ဝ ရှိသည့် တိုင်းရင်းသားတို့နှင့် ပြည်ထောင်စုကြကာ မဆုံးနိုင်သော ပြည်တွင်းစစ်ကြီးကိုမြင်ကြရမည်။ ကံကောင်းပေစွ။

မြန်မာတိုင်းရင်းသားတို့ စုစည်းမရနိုင်သည်ကို အမေရိကပြည်ထောင်စုရောက် ၁သန်းမျှရှိမည်ခန့်မှန်းရသော တိုင်းရင်းသားအသီးသီးတို့မှ ပြဆိုနေသေးသည်။ ပြောင်းခိုလာသော တိုင်းရင်းသားများ ဆိုင်ရာမိမိအမျိုးအမည်သာ သိစေချင်၊ ထည့်ရလိုပါသည်။
သို့နှင့် Burmese Refugee, Asylee ပေါင်း (၁၉၈၈ နောက်ပိုင်းမှတွက်လျှင်) ၂သိန်းခွဲကျော်ရောက်လျှက်ကယ်နှင့် ၂၀၁ဝ သန်းခေါင်စာရင်းတွင် ၁သိန်းသာပြနိုင်လေသည်။
အမေရိကသန်းခေါင်စာရင်းတွင် ကရင်အမည်ပေါက်ချင်သလော။ ယူပါလေ။ သို့သော်တိုင်းပြည်နောက်ခံမရှိသည်မူ၍ စာရင်းအရ Other Asian မှာသာ နိဂုံးချုပ်ကာ သင့်စာရင်းမရှိဖြစ်ပေလိမ့်မည်။
အမေရိကားတွင် မိမိရိုးရာ၊ဓလေ့ ပွဲတို့ကား အနှောက်အယှက်မရှိ ပြုနိုင်၏။ နှစ်ကူးပွဲများလည်းကျင်းပနိုင်ပါသည်။ အခြားသူများကို ထိခိုက်နှော်က်ယှက်မှုမရှိလျှင် အလိုရှိရာ လုပ်နိုင်ကြပါသည်။ သို့သော် လူမျိုးကြီးစိတ်ဓာတ်ပြင်းထန်လှပါသည်ဆိုသော ဂျပန်တို့လည်း Japanese-American အဖြစ်၊ ဂျာမန်တို့သည်လည်း German-American အဖြစ်သာရှိချေသည်။ ယုတ်စွ ဂျူးများသည်ပင် American Jews များဖြစ်ပါ၏။

အမေရိကားသည် လူမျိုးနိုင်ငံသားစုံတို့အား အမေရိကန်ခေါင်းစဉ်အောက်သွတ်သွင်း တန်းတူညီမျှစီစဉ်ပေးသည်။ တိုင်းပြည်တည်ထောင်စ, စတင်အခြေချလာသည်မှ ဥရောပနိုင်ငံအသီးသီး လူမျိုးအဖုံဖုံဖြစ်ရကား လူ့အကျင့်စရိုက်ကို နောကျေနေလေပြီ။ စစ်တမ်းထုတ်မှုများအရ မည်သည့်လူမျိုးမဆို မျိုးဆက်၄ခုရောက်ကြပါလျှင် အမေရိကန်အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ်သာသုံး၍ ကျန်မိဘဘိုးဘွားတို့၏ ဓလေ့ဇာတိ မှေးမှိန်ပျောက်သွားကြသည်ဆိုပါသည်။
ထိုနှင့်အလွန်ခိုင်မာသောဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ထားနိုင်သည်မဟုတ်ပါလော။ အမေရိကပြည်ထောင်စုတွင် ဋ္ဌာနေမူလ Indigenous များကို ဥပဒေဖြင့်ကာကွယ်စောင့်ရှောက်ထားကာ ဆိုင်ရာသွေးသန့်ပါက Tribe နယ်မြေအပြင် အမေရိကန်များနှင့်မတူ အထူးအခွင့်အရေးမာျးလည်းပေးသည်။

အမေရိကပြည်ထောင်စုတွင်မွေးဖွားလျှင်အမေရိကန် ၊ ကယ်လီဖိုးနီးယားတွင်နေလျှင် ကယ်လီဖိုးနီးယန်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်မွေးဖွားနေထိုင်သူ ရခိုင်ဖြစ်ပါသလော။ ကချင်ပြည်နယ်သား ကချင်လော။ ရှမ်းပြည်နယ်ဇာတိရှင်သည် ရှမ်းလော။ မည်သို့ခေါ်ရမည်မသိ၊ ဖယ်ဒရယ်စနစ်ဟူသည် ဆိုင်ရာနယ်ကို ဆိုင်ရာဒေသနေသူများကသာ ဆိုင်သည် အုပ်ချုပ်ရသည်။ အမေရိကတွင် ရပ်ကွက်၊မြို့နယ်၊ ပြည်နယ်တို့တွင် ရဲ၊မီးသတ်၊ကျောင်းပညာရေးစနစ်၊အုပ်ချုပ်ရေးတို့ကို ဆိုင်ရာရပ်ကွက်၊မြို့နယ်၊ပြည်နယ်အလိုက် ရွေးကောက်ခံထားရသူများကသာ တိုက်ရိုက်အုပ်ချုပ်သွားသည်ဖြစ်ပါ၏။ ဖယ်ဒရယ်စနစ်၏အနှစ်သာရကို အိမ်ထောင်စုတခုထဲတွင်ပင် အရွယ်ရောက်ပြီး သားသမီး၏ဆိုင်ရာ အခန်းထဲ မိခင်ဖခင်က အခွင့်မပေးလျှင် မဝင်ခြင်းအထိ လက်ခံလိုက်နာသည်။

မြန်မာနိုင်ငံသားအပေါင်းတို့…
ထိုထိုနယ်ဒေသတွင်နေသူတို့ ဆိုင်ရာ နယ်ကို ပိုင်ကြပါလေ။ ရဲ၊ ထွေအုပ်၊ မီးသတ်၊ ကျောင်းပညာရေးမှအစ ကိုယ်တိုင်အခွန်ဆောင်/ဘက်ဂျက်ခွဲ၊ အုပ်ချုပ် တာဝန်ယူကြပါလေ။ လူအများစုသဘောဖြစ်ပါ၏။ ကျင့်သုံးပါလျှင် ငြိမ်းချမ်းသော မြန်မာနိုင်ငံတော်သစ်ကြီးကို မြင်ရမည်ဖြစ်ပါကြောင်း။ “Out of many, one”

2 comments

Leave a Reply