ဉာဏ်ရည်ထက်တဲ့ ခွေးတစ်ကောင်
တစ်ရက်မှာ အသားငါးတွေ ကုန်ခြောက်တွေ ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ထဲကို
ခွေးတစ်ကောင်ဟာ တန်းတန်းမတ်မတ် ဝင်လာခဲ့ပါတယ်.. ဆိုင်ရှင်ဖြစ်သူဟာ အဲဒီခွေးကို
အကြိမ်ကြိမ် မောင်းထုတ်ပေမဲ့လို့ မောင်းထုတ်ချိန်မှာတော့
ဆိုင်ထဲကနေထွက်သွားလိုက် ခနကြာတော့ ပြန်ဝင်လာလိုက်နဲ့ အကြိမ်ကြိမ်
လုပ်နေတာတွေ့တော့ ဆိုင်ရှင်က သူ့စိတ်ထဲမှာ ထူးခြားတယ်လို့ ထင်လာမိပါတယ်.. ဒါနဲ့
ခွေးရဲ့ အနားကို တိုးကပ်သွားတဲ့အခါမှာ ခွေးရဲ့ ပါးစပ်ထဲမှာ
ကိုက်ချီထားတဲ့စာရွက်ပိုင်းလေး
ဖွင့်ကြည့်လိုက်တော့ “ဝက်အူချောင်း၁၂ချောင်းနဲ့ သိုးခြေထောက်တစ်ချောင်း
ရောင်းပေးလိုက်ပါရန်နှင့် ခွေးပါးစပ်ထဲတွင် ပိုက်ဆံ ထည့်ပေးလိုက်ပါတယ် ” လို့
ရေးထားတာကို တွေ့ရပါတယ်.. ဆိုင်ရှင်ဟာ ခွေးပါးစပ်ထဲကို ကြည့်လိုက်တော့ တကယ်ကို
၁ဝဒေါ်လာတန် တစ်ရွက်ကို တွေ့လိုက်ရပါတယ်..
ဒါနဲ့ ပိုက်ဆံကိုယူလိုက်ပြီး ဝက်အူချောင်း ၁၂ချောင်း၊ သိုးခြေထောက်တစ်ချောင်း၊
ပြန်အမ်းငွေရယ်ကို သေချာ ထုပ်ပိုးပြီး ခွေးရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်တော့
ခွေးဟာ အဲဒီအထုပ်ကို သေချာကိုက်ချီပြီး ဆိုင်ထဲကနေ ပြန်ထွက်သွားပါတယ်..
ဆိုင်ရှင်ဟာ အဲဒီခွေးအပေါ်မှာ တော်တော်လေးကို စိတ်ဝင်စားမိပါတယ်..
ဆိုင်ပိတ်ချိန်လဲ ရောက်နေပြီမို့ ထိုခွေးနောက်ကို လိုက်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပြီး ဆိုင်ကို ကမန်းကတန်း ပိတ်လိုက်ကာ ထွက်ခွာသွားတဲ့ ခွေးရဲ့
အနောက်ကို အမြန်လိုက်ပါတော့တယ်.. ခွေးထွက်သွားတဲ့ လမ်းမအတိုင်း လိုက်ခဲ့ရာမှာ
မီးပွိုင့်တစ်နေရာရောက်တော့ လမ်းတစ်ဖက်ကို ဖြတ်ကူးဖို့ပြင်နေတဲ့ ခွေးကို သူ
တွေ့လိုက်ရပါတယ်.. ခွေးဟာ သူ့ပါးစပ်မှာကိုက်ချီထားတဲ့ အထုပ်ကို ချလိုက်ပြီး
လူကူးမျဉ်းကို ဖြတ်ကူးသူတွေအတွက် ထားထားတဲ့မီးပွိုင့်က ခလုပ်ကို ခုန်ပြီး
သူ့လက်နဲ့ ဖိနှိပ်လိုက်ပါတယ်.. ပြီးတော့ အထုပ်ကို ပြန်ကောက်ချီလိုက်ကာ
စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်.. လူကူးမီးလုံးလေး စိမ်းသွားတဲ့အခါမှ
ခွေးဟာ လမ်းတစ်ဘက်ကို ဖြတ်ကူးသွားပါတယ်.. ဆိုင်ရှင်ကလည်း ခွေးနောက်ကို ဆက်ပြီး
လိုက်ခဲ့ပါတယ်..
ဘတ်စ်ကားဂိတ်တစ်ခုကို အရောက်မှာ ခွေးဟာ ကားဂိတ်က အချိန်ဇယားကို
တစ်ချက်လှမ်းကြည့်ပါတယ်.. ဆိုင်ရှင်ဟာ အခြေအနေတွေကို အံ့ဩစွာ
စောင့်ကြည့်နေခဲ့ပါတယ်.. အချိန်ဇယားကို မော့ကြည့်ပြီးတဲ့နောက် ခွေးဟာ
ခရီးသည်တွေ ကားစောင့်ဖို့ လုပ်ထားပေးတဲ့ ထိုင်ခုံတစ်ခုမှ အကျ
ဝင်ထိုင်လိုက်ပါတယ်… ဘတ်စ်ကားတစ်စီး ရောက်လာတဲ့အခါ ကားရှေ့ကိုသွားပြီး
ကားနံပါတ်ကို သွားကြည့်ဟန်တူတဲ့ ခွေးရဲ့ အပြုအမူကို တွေ့လိုက်ရပါတယ်.. ပြီးတော့
သူစီးမဲ့ကား ဟုတ်ပုံမရတဲ့အတွက် ထိုင်ခုံမှာ ပြန်လာထိုင်ပါတယ်.. နောက်ထပ်
ကားတစ်စီး ထပ်ရောက်လာပြန်တော့ ခုနက အတိုင်း ကားရှေ့ကနံပါတ်ကို သွားကြည့်ပါတယ်..
ဒီတစ်ခါတော့ သူစီးမဲ့ကားဖြစ်ပုံရပါတယ်.. အဲဒီခွေးဟာ ဖွင့်လာတဲ့ ကားတံခါးကနေ
ကားပေါ်ကို တက်ရောက်သွားပါတော့တယ်.. လိုက်ကြည့်နေတဲ့ ဆိုင်ရှင်ဟာ ပါးစပ်ဟပြီး
အံ့ဩတကြီး ကြောင်ငေးကြည့်နေရာကနေ ကမန်းကတန်း ကားပေါ်ကို ပြေးတက်လိုက်ရပါတယ်..
ဒီခွေးသွားတဲ့ ခရီးလမ်းဆုံးထိ သူလိုက်ကြည့်ဖို့ ဆုံးဖြတ်ထားမိပါပြီ။
ဘတ်စ်ကားဟာ မြို့ထဲလမ်းကနေ တစ်ဖြေးဖြေး မြို့ပြင်ဘက်က လူနေရပ်ကွက်တွေကို
ရောက်လာပါပြီ.. ခွေးဟာလည်း ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်ကြည့်ပြီး
ကားပေါ်ပါလာရင်း တစ်နေရာအရောက်မှာ ထိုင်ရာက ထလိုက်ပြီး ကားရှေ့ပိုင်းကို
ထွက်လာပါတယ်.. ပြီးတော့ နောက်ခြေ၂ချောင်းပေါ် မတ်တပ်ရပ်လိုက်ပြီး ဘတ်စ်ကား
ရပ်တဲ့ခလုပ်ကို ရှေ့ခြေထောက်နဲ့ ဖိလိုက်ပါတယ်.. ကားရပ်ပြီး
တံခါးဖွင့်သွားတဲ့အခါမှာတော့ ကားပေါ်ကနေ ဆင်းသွားပါတယ်.. သူ့ရဲ့ပါစပ်ထဲမှာတော့
ဆိုင်ကနေ ဝယ်လာတဲ့ အထုပ်ကလေးက ကိုက်ချီရက်သားလေးနဲ့ပါဘဲ… ဆိုင်ရှင်ဟာလည်း
ခွေးရဲ့ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားပြန်ပါတယ်..
ခွေးဟာ လမ်းသွယ်လေးတစ်ခုအတိုင်း ဝင်သွားပြီးတဲ့နောက် ခြံတစ်ခြံထဲကို
ဝင်ရောက်သွားပါတယ်.. ခြံထဲက လမ်းကလေးအတိုင်း လျှောက်သွားပြီးတဲ့နောက်မှာ
တစ်ထပ်တိုက်တစ်လုံး ရှေ့မှာ ရပ်လိုက်ပြီး သူ့ပါးစပ်မှာ ကိုက်ချီလာတဲ့ အထုပ်ကို
လှေကားထစ်ပေါ်မှာ ချလိုက်ပါတယ်.. ပြီးတော့ အိမ်နဲ့ ခပ်လှမ်းလှမ်းအထိ
နောက်ပြန်ဆုတ်သွားပြီး အရှိန်ပြင်းပြင်းနဲ့ ပြန်ပြေးလာကာ အိမ်တံခါးကို
သူ့ကိုယ်လုံးနဲ့ ဝင်တိုက်ပါတော့တယ်… တစ်ခါ နောက်ပြန်ဆုတ်ပြီး အိမ်တံခါးကို
ပြန်ပြေးတိုက်ပြန်ပါတယ်.. ဒီလိုနဲ့ ခပ်ဝေးဝေးကို လျှောက်သွားလိုက် ပြေးလာပြီး
အိမ်တံခါးကို ကိုယ်လုံးနဲ့ တိုက်ဖွင့်လိုက် အကြိမ်ကြိမ် အခါအခါ လုပ်နေတာကို
ခွေးနောက်လိုက်လာတဲ့ ဆိုင်ရှင်ဟာ လမ်းပေါ်ကနေ စိတ်ဝင်တစား
ငေးမောကြည့်ရှုနေပါတယ်..
အဲဒီခွေးဟာ သူ့ကိုယ်လုံးနဲ့ တံခါးကို အကြိမ်ပေါင်းများစွာ တွန်းတိုက်နေပေမဲ့
အထဲက ဘာတုံ့ပြန်သံမှ မကြားရပါဘူး။ ဒီနောက်တော့ အိမ်နဲ့ ကပ်နေတဲ့
အုတ်တံတိုင်းကြားထဲကို ဝင်ပြီး ပြူတင်းတံခါးကို သူ့ခေါင်းနဲ့
သွားသွားဆောင့်ပါတယ်.. အကြိမ်ပေါင်းများစွာ ပြူတင်းတံခါးနဲ့ သူ့ခေါင်းနဲ့
သွားသွားဆောင့်ပြီးတော့ တစ်ခါ အိမ်ရှေ့တံခါးမကြီးရှေ့မှာ
လာထိုင်စောင့်ပြန်တယ်.. ခဏအကြာမှာတော့ လူခပ်ကြီးကြီးတစ်ယောက်ဟာ တံခါးကို
လာဖွင့်ပြီးတော့ ခွေးကို အော်ဟစ်ဆဲဆိုပြီး လက်သီးတွေနဲ့ထိုး ခြေထောက်တွေနဲ့
ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီအခါမှာ လမ်းမပေါ်ကနေ ကြည့်နေတဲ့ ဆိုင်ပိုင်ရှင်ဟာ
ဆက်ပြီး ဒီတိုင်း ကြည့်မနေနိုင်တော့တာကြောင့် အပြေးအလွှားသွားရောက်လို့ “ဟေ့….
ဟေ့.. ခင်ဗျား ဘယ်လိုလူလဲ… ဒီလောက်တောင် အသိဉာဏ်ရှိတဲ့ ခွေးကို ဘာလို့များ
ရက်ရက်စက်စက် ရိုက်နှက်နေရတာလဲ.. ကျွန်တော်ဖြင့် တစ်သက်မှာ ဒီလောက် ဉာဏ်ကောင်းပြီး
လိမ္မာတဲ့ခွေးမျိုး တီဗီထဲမှာကလွဲလို့ အပြင်မှာ ဒီတစ်ခါဘဲ တွေ့ဖူးတယ်.. ခင်ဗျား
ဒီလောက်ထိတော့ မရိုက်နှက်သင့်ပါဘူး.. တကယ်တမ်းဆိုရင် ဒီလောက်တောင်
တတ်သိလိမ္မာနေတဲ့ ခွေးကို ခင်ဗျားအနေနဲ့ ချီးတောင် ချီးကျူးရမှာ၊ ဒီခွေးကို
ပိုင်ဆိုင်ထားတဲ့အတွက် ခင်ဗျား ဂုဏ်ယူရမှာ ” ဆိုပြီး ဝင်ရောက်တားမြစ်ပါတယ်။
ဒီတော့ အဲဒီလူက ဆိုင်ရှင်ကို “ဘာဗျ… ဒီလောက်လေးကို အသိဉာဏ်ရှိတယ်လို့ ခေါ်တယ်
ဟုတ်လား.. ဒီငထုံ ငအက ဒီတစ်ပတ်ထဲမှာ သူယူသွားရမဲ့ အိမ်သော့ကို မေ့သွားတာ
၂ခါရှိပြီ.. ဒီလောက် ဉာဏ်နည်းတဲ့ ကောင်ကို ဒီလို အပြစ်ပေးမှ တော်ရုံကျမှာ.. ”
လို့ ပြန်ပြောပါတယ်…. ဆိုင်ရှင်ဟာ အဲဒီလူရဲ့ မျက်နှာကို စူးစူးစိုက်စိုက်
ကြည့်လိုက်ပြီး “ကိုယ့်မှာ တန်ဖိုးရှိတဲ့အရာဝတ္ထုကို ပိုင်ဆိုင်ထားတာတောင်မှ
တန်ဖိုးကို မသိတတ်တဲ့သူဟာ ခင်ဗျားလို လူမျိုးဘဲ…. ခင်ဗျားဟာ ကိုယ့်အတွက်
ဘယ်လောက်ကောင်းအောင် လုပ်ပေးပေး အမြဲတမ်း အပြစ်မြင်နေမဲ့ လူစားမျိုး..
ကိုယ့်အခြေအနေကို ကျေနပ်နိုင်ခြင်း မရှိတဲ့ လူမျိုးပါဘဲ” လို့ ပြောလိုက်ပြီး
တတ်သိလိမ္မာတဲ့ ခွေးကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး စိတ်မကောင်းစွာနဲ့
အဲဒီအိမ်ရှေ့ကနေ လှည့်ထွက်ခဲ့ပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီခွေးပိုင်ရှင်လိုပါဘဲ အချို့သောသူတွေဟာ မိမိမှာ ရရှိထားတဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်းများကို တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြသလို၊ အချို့ကလည်း
မိမိရရှိထားတဲ့ ရာထူး၊ မိမိ ရဲ့ လုပ်ငန်းအနေအထား၊ မိမိရဲ့ဘဝကို
စိတ်ကျေနပ်နိုင်ခြင်းမရှိ၊ တန်ဖိုးထားရကောင်းမှန်းမသိဘဲ အမြဲတမ်း
စိတ်ပျက်ညီးတွား နေတတ်ကြပါတယ်.. အချို့သော လုပ်ငန်းရှင်များ၊
အထက်လူကြီးများဟာလည်း မိမိမှာ ရှိနေတဲ့ ဝန်ထမ်းကောင်းတွေကို ဘယ်လောက်ဘဲ
ကောင်းအောင် လုပ်ပေးပေး၊ အကောင်းမပြောဘဲ အမြဲတမ်း အပြစ်တင်နေတတ်ကြတယ်..
အကြံဉာဏ်ကောင်းများ ပေးရင်တောင် လက်ခံနိုင်ခြင်း မရှိကြပါဘူး… ဒီလို
လူမျိုးတွေရဲ့ လက်အောက်မှာ လုပ်ကြရတဲ့ လက်အောက်ငယ်သားတွေ၊ ဝန်ထမ်းတွေဟာ
လုပ်ငန်းခွင်မှာ မပျော်ပိုက်တော့ဘဲ အလုပ်ပြောင်းတာမျိုး၊ အလုပ်ထွက်ကြတာမျိုးတွေ
မကြာခန ဖြစ်လာရပါတယ်.. ကိုယ့်အလုပ်သမားတွေ တော်ရင်တော်သလို ကောင်းရင်ကောင်းသလို
ချီးကျူးနိုင်တဲ့ စိတ်မျိုး မရှိကြဘဲ အမြဲတမ်း အပြစ်တင်နေရင်
ဒီလိုလုပ်ငန်းခွင်ဟာ ပျော်ရွှင်သာယာဖွယ် လုပ်ငန်းခွင်မျိုး မဖြစ်နိုင်တော့ပါဘူး…
ဒါတွေဟာ သူတစ်ပါးကို ချီးကျူးစကားဆိုဖို့ ဝန်လေးတဲ့စိတ်ရယ်၊ ကိုယ့်ကိုယ်ကိုက
လွဲလို့ ကျန်တာ ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်တဲ့ အတ္တတွေရဲ့ ဖုံးလွှမ်းထားခြင်း
ခံထားရတာကြောင့်ရယ် ဖြစ်ပါတယ်.. ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ
မကြာခန တွေ့ရတတ်ပါတယ်.. စဉ်းစားမိတာက ကိုယ်ကိုယ်တိုင်ရော ခွေးပိုင်ရှင်လို
လူစားမျိုးလား၊ ဘယ်လောက်ကောင်းအောင် လုပ်ပေးသူကိုဖြစ်ဖြစ် တန်ဖိုးထားဖို့
သတိမရဘဲ အပြစ်သာ မြင်နေတတ်သူလား.. အတ္တကြီးနေသူလား ဆိုတာပါဘဲ.. ဒီလိုဆိုရင်
ခွေးပိုင်ရှင်လို လူစားမျိုး မဖြစ်အောင်တော့ ကိုယ်တိုင်လည်း
ကြိုးစားရပါဦးမယ်
2 comments
lovesickkalay
September 6, 2010 at 10:09 am
ဖတ်လို.အရမ်းကောင်းတယ်..
Bl@dE
September 6, 2010 at 1:18 pm
ဒီလိုခွေးမျိူးသာရင်မိန်းမ မယူတော့ပါဘူးဗျာ..တကယ်ပါပဲ
ရေးထားတာကလဲရှယ်ပဲဗျာ
တကယ်အတိုင်းပဲဗျ
ကျွန်တော်..ခွေးပိုင်ရှင်ကိုအမြင်ကတ်မိတယ်ဗျာ