ကပ်ဘေးသင့်လူထုအား သတင်းအချက်အလက် ကူညီအသိပေးရေး ဆွေးနွေးပွဲကျင်းပ- EMS LA County Fellowship Series-1

kaiDecember 21, 20202min3440


Los Angeles County က ကြီးမှူးကျင်းပသော “L.A. COUNTY DIGS IN TO BATTLE COVID” ရုပ်မြင်သံကြားတိုက်ရိုက်ဆွေးနွေးပွဲကို ဒီဇင်ဘာ၃ရက်၊ ၂၀၂၀ခုနှစ်၊ မွန်းလွဲ၁နာရီက Zoom တွင် ကျင်းပခဲ့ပါသည်။ Hilda L. Solis, Supervisor, First District, Los Angeles County Board of Supervisors, Antonia Jimenez, Director, Department of Public Social Services; Antonia Jimenez, Director, Department of Public Social Services; Dr. Erika Flores-Uribe, Emergency Medicine, Los Angeles County+USC Medical Center, Department of Public Social Services; Dr. Tasha Dixon, Lead Physician, Martin Luther King, Jr. Outpatient Center, Los Angeles County Department of Health Services တို့က ဆွေးနွေးကြပြီး Ethnic Media Services မှ Social editor က ကြားခံဆွေးနွေးသူ အဖြစ်ဆောင်ရွက်ကာ Community အသီးသီးမှ သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။

ရည်ရွယ်ချက်မှာ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကျရောက်စဉ်ကာလအတွင်း LA County နေ ပြည်သူများအတွက် လိုအပ်သောအချက်အလက်များ၊ မေးခွန်းများနှင့်အရင်းအမြစ်များကို LA County တာဝန်ရှိသူများသိရှိစေရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ရှေးဦးစွာ Hilda L. Solis, Supervisor, First District, Los Angeles County Board of Supervisor က ဆွေးနွေးရာ သမိုင်းတွင် ဝမ်းနည်းစရာကောင်းလှသော COVID-19 ကပ်ရောဂါကျရောက်စဉ်ကာလအတွင်း လူတိုင်းကြုံတွေ့နေရသော အခက်အခဲများအတွက် မိမိတို့တတ်နိုင်သည့် အရင်းအမြစ်များကို Immigrants အားလုံးကို ထင်သာမြင်သာ အသိပေးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း အကြပ်အတည်းများကို ဖြေရှင်းရာတွင် ဆက်ဆံပြောဆိုရသည့် ဘာသာစကားသည် အလွန်အရေးကြီးသည့်အတွက် သက်ဆိုင်ရာဘာသာစကားများဖြင့် မိမိတို့၏ Community အသီးသီးကို သိရှိနားလည်စေဖို့လိုကြောင်း၊ COVID-19 ၏ ဆိုးကျိုးသက်ရောက်မှုသည် Essential workers မရှိမဖြစ်ဝန်ထမ်းများစွာအပေါ် သက်ရောက်မှုကြီး လျက်ရှိကြောင်း၊ မိမိတာဝန်ယူသော LA ခရိုင်နံပါတ်၁တွင် လူဦးရေ လေးသိန်းခန့်ပမာဏအနက် လူဦးရေ တစ်သိန်းခုနစ်ထောင်ကျော်ခန့် COVID ရောဂါထိတွေ့မှုရှိနေပြီး တစ်နေ့ထက်တစ်နေ့ ရောဂါကူးစက်မှုပမာဏများလျက်ရှိရာ အဆိုပါတက်နေသောဂရပ်မျဉ်းကို အောက်သို့ကျစေရန်လိုအပ်ကြောင်း၊ ထိုသို့ဂရပ်မျဉ်းလိုင်းအောက်ဘက်သို့ ချိူးကျဖို့ကြိုးစားရာတွင် Community အသီးသီး၏ ပါဝင်ပူးပေါင်းမှုလိုအပ်ကြောင်း၊ အိမ်ပြင်တွင် တစ်ဦးနှင့်တစ်ဦး Social distancing ခြားပြီး နေကြရန်၊ Mask အသက်ရှုလမ်းကြောင်းကာတပ်ကြရန်၊ COVID test စစ်ကြရန်နှင့် ခရိုင်မှသင့်လျော်သောကျန်းမာရေးကူညီစောင့်ရှောက်သူဝန်ထမ်းကို ရှာကြရန်လိုကြောင်း၊ အာဖရိကန်- အမေရိကန်၊ လက်တီနို၊ Native American နှင့် Pacific Islanders လူမှုအဖွဲ့အစည်းများသည် COVID-19 ကူးစက်ဖြစ်ပွားနိုင်ချေအရှိဆုံးများဖြစ်ကြောင်း၊ နေ့တိုင်းမှာ COVID-19 ကို ခုခံရန် အလုပ်သို့သွားနေကြရသည့် ကျန်းမာရေးဝန်ထမ်းများသည် လေးစားဖွယ်ဖြစ်ကြောင်း၊ ခရိုင်အနေဖြင့် လိုအပ်သည့်ဆောင်ရွက်ချက်များကိုလုပ်ဆောင်နေသော်လည်း ပိုမိုဆောင်ရွက်ရမည်များရှိနေသေးကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်းများ၏ပူးပေါင်းမှုလိုအပ်ပြီး ခရိုင်၏လိုအပ်ချက်များကို ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရတို့ထံ သိစေရန်လိုကြောင်း၊ သို့မှာသာ လိုအပ်ချက်များကို ပေါင်းကူးတံတားသဖွယ်ဖြည့်စည်းနိုင်မှာဖြစ်ပြီး COVID ကာလတွင် လူတိုင်းတွေ့ကြုံခံစားနေရသည့် ဒုက္ခနှင့် နာကျင်ခံစားမှု များကိုနားလည်ပြီး အားလုံးသည် မိသားစုတစ်ခုထဲကဲ့သို့သဘောထားပြီး ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် စားနပ်ရိက္ခာအခက်အခဲ၊ ဝင်ငွေလျော့ကျမှုနှင့်ကျန်းမာရေးကိစ္စရပ်များအတွက် Antonia Jimenez, Director, Department of Public Social Services က ဆွေးနွေးခဲ့ရာ ယခုအကြိမ်သည် နှစ်ပေါင်းများစွာကာလအတွင်း ပြည်သူများစားနပ်ရိက္ခာအထောက်အပံ့လျှောက်ထားကြသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ Department of Social Services Administarion သည် ပရိုဂရမ်အသီးသီးဖြင့် အာဟာရ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေအကူအညီ၊ အိမ်ခြေယာမဲ့များကိုကူညီခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူဦးရေ ၃.၅သန်းကိုဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ ၂၀၂၀ခုနှစ်၊ ဧပြီမှဇူလိုင်အတွင်းတွင် LA county အတွင်းနေထိုင်သော မိသားစုလေးစုတွင် တစ်စုသည် စားနပ်ရိက္ခာလိုအပ်မှုများရှိခဲ့ကြောင်း၊ CalFresh လျှောက်ထားသူများသည် ဧပြီနှင့်မတ်လတွင် ၁၈၇% တက်ခဲ့ပြီး အောက်တိုဘာတွင် လူဦးရေ ၁.၃ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့လျှောက်ထားသူပိုမိုများပြားလာခြင်းမှာ Stay at home order ၏ သက်ရောက်မှုဖြစ်ကြောင်း၊ လူအများအလုပ်လက်မဲ့ဖြစ်ခြင်း ၏ရလာဒ်ဖြစ်ပြီး ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများပါထိခိုက်ခံရကြောင်း၊ လျှောက်ထားရန်အကျုံးဝင်သူများမှာ ၁။ နိုင်ငံသား/ တရားဝင်နေထိုင်သူ ၂။ ဝင်ငွေနည်းမိသားစု ( ဥပမာ- မိသားစု၄ဦးရှိပါက အခွန်မဆောင်မီဝင်ငွေသည် ဒေါ်လာ ၄၂၀၀ ထက်မကျော်ရပါ။) ၃။ တစ်ဦးချင်းအနေဖြင့် လျှောက်ထားသည်ဆိုပါက ကန့်သတ်ထားသောပိုင်ဆိုင်မှုများမရှိသူ။ ကား၊ အိမ် မပိုင်ဆိုင်သူ။ အလုပ်မလုပ်သူ များလည်း လျှောက်ထားနိုင်သည်။)။ ယခုကာလတွင် ရုံးများပိတ်ထားပြီး ဖုန်းဖြင့် (866)-613- 3777, (626)-569-1399, (310)-258- 7400, (818)-701-8200 တနင်္လာမှသောကြာထိ မနက်၇နာရီခွဲမှည၇နာရီအတွင်း၊ စနေ မနက်၈နာရီမှ၄နာရီခွဲအတွင်း့ဖုန်းခေါ်ကာဖြစ်စေ၊ www.getcalfresh.org မှဖြစ်စေ လျှောက်လွှာတင်နိုင်ပြီး အများစုမှာ လျှောက်ထားသည့်ရက်မှာပင် အတည်ပြု၊ မပြုသိရမည်ဖြစ်သည်။ ဖုန်းဖြင့်လျှောက်ထားရတာွင် ဘာသာစကား၁၀မျိုးအသုံးပြုကြောင်း၊ CalFresh အပြင် အသက်၁၈နှစ်အောက်ကလေးရှိသူမိသားစုများသည် CalWORKs လည်းလျှောက်ထားနိုင်ပြီး အသေးစိတ်ကို www.dpss.lacounty.gov တွင်လျှောက်ထားနိုင်ကြောင်း၊ Facebook တွင် LACoDPSS, Twitter တွင် LACo_DPSS, Instagram တွင် laco_dpss ထပ်မံလေ့လာနိုင်ကြောင်းပြောခဲ့သည်။

Dr. Erika Flores က ပြောကြားရာတွင် COVID ဆေးစစ်ရန် မိမိပြသနေသောဆရာဝန်အားဖုန်းခေါ်ပြီးဖြစ်စေ ပုံမှန်ပြသနေသောဆရာဝန်မရှိပါက ဖုန်းနံပါတ် 2-1-1 သို့ ဖုန်းဆက်ပြီးဖြစ်စေ၊ နံပါတ် 52- 211 သို့ ဖုန်းမှစာတိုပို့ပြီးဖြစ်စေ မည်သည်မဆို Immigration status မလိုဘဲ အခမဲ့စစ်ဆေးနိုင်ပြီး အသေးစိတ်ကို www. Covid19.lacounty.gov/testing စာမျက်နှာတွင်လေ့လာနိုင်ကြောင်း၊ LA ခရိုင်တစ်ခုလုံးတွင် ဆေးစစ်ရန်နေရာ စုစုပေါင်း၁၈၀ရှိပြီး www.1degree.org တွင်အသေးစိတ်ဖတ်နိုင်ကြောင်း၊ Los Angeles ခရိုင်ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဆေးစစ်ကြသူဦးရေမှာ စက်တင်ဘာ၂၀၂၀တွင် ၂,၃၉၂,၈၃၀ ဦး ရှိပြီး ရောဂါပိုးရှိကြောင်းအဖြေထွက်သူဦးရေ ၂၄၉,၈၅၉ ဦး၊ ဒီဇင်ဘာ၂၀၂၀တွင် ဆေးစစ်သူဦးရေ ၃,၇၇၉,၈၈၂ ဦးနှင့် ရောဂါပိုးရှိသူ ၄၁၄,၁၈၅ ဦးရှိကြောင်း၊ ပျမ်းမျှ၃ရက်ခြားစီမှာ နေ့စဉ်ဆေးရုံတက်ကုသရသူ ပျမ်းမျှအရေအတွက်မှာ စက်တင်ဘာ၂၀၂၀က ၉၃၆ယောက်ဖြစ်ပြီး၊ ဒီဇင်ဘာ၂၀၂၀တွင်၂,၄၃၉ ဦးထိရှိနေကြောင်း၊ ဆေးရုံများမှာ COVID ရောဂါအတွက်သာမက အခြားရောဂါများကိုပါ လက်ခံကုသရရာ ယခုအချိန်အခါမှာ ဆေးရုံများမှာလူနာလက်ခံနိုင်သည့်အနေအထားရှိသေးသော်လည်း COVID လူနာများအဆမတန်များပြားလာပါက ဆေးရုံများနှင့်ကျန်းမာရေးဝန်ထမ်းများ မနိုင်မနင်းမဖြစ်စေဖို့ တတ်နိုင်သမျှ အိမ်မှာသာနေကြရန်နှင့် အပြင်ထွက်ပါက တစ်ဦးနှင့်တစ်ဦး ၆ပေအကွာတွင်နေကြရန်၊ အသက်ရှူလမ်းကြောင်းအကာတပ်ကြရန် သတိပေးပြီး စက်တင်ဘာ၂၀၂၀တွင် COVID ကြောင့်သေဆုံးသူဦးရေ ၆,၀၉၀ ဦးနှင့် ဒီဇင်ဘာ၂၀၂၀တွင် ၇,၇၄၀ ဦးရှိကြောင်း၊ ပြီးခဲ့သောလများမှအတွေ့အကြုံများကိုယူပြီး ဆေးရုံကုတင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်စက်ကရိယာများကို လေ့ကျင့်ပြင်ဆင်ထားသော်လည်း ယခုအချိန်ကာလတွင် COVID ပျံပွားကူးစက်မှုကို မရပ်တန့်နိုင်ပါက မနိုင်မနင်းဖြစ်လာနိုင်သဖြင့် ဆေးစစ်ရန်၊ ပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ထားသော လမ်းညွှန်ချက်များကိုလိုက်နာရန်၊ ရောဂါပိုးကူးစက်ခံရသူများ၏မိသားစုဦးရေ၊ အိမ်အနေအထားစသောသတင်းအချက်အလက်များရယူရန်နှင့် သီးခြားခွဲနေရန်လမ်းညွှန်မှု အစရှိသည့်များအတွက် ဆက်ဆံပြောဆိုသောဘာသာစကားသည် ယခု COVID ကာလတွင် အလွန်အရေးကြီးသောအချက်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဆိုင်ရာ Community များတွင် COVID နှင့်ဆိုင်သည့်လမ်းညွှန်ချက်နှင့်အတွေ့အကြုံများ၊ သတင်းအချက်အလက်များကို မျှဝေကြရန်လိုကြောင်း၊ ကာကွယ်ဆေးမထွက်ခင်ထိ ရောဂါကူးစက်မှုမှကင်းဝေးအောင်နေထိုင်ကြရန်လိုကြောင်းဆွေးနွေးသွားသည်။

Dr. Tasha Dixon လက်ရှိအနေအထားတွင် ဆေးရုံအနေအထားမှာနိုင်နိုင်နင်းနင်းရှိနေပြီး လူနာ ၂၄% မှာ အသည်းအသန်ဆောင်တွင်ထား၍ကုသနေရပြီး ယင်းပမာဏ၏ ၁၃% ကို အသက်ရှုစက်တပ်ထားရကြောင်း၊ LA County တွင် ပြင်ပလူနာဌာနနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဌာနများကို ၇ရက်လုံး ပုံမှန်အချိန် အတိုင်းဖွင့်ပြီး လူနာများကိုလက်ခံကုသပေးလျက်ရှိကြောင်း၊ ဆီးချိူ၊ သွေးတိုး၊ သွေးအဆီဓာတ်မြင့်တက်ခြင်း၊ ပုံမှန်ဆေးစစ်ခြင်းများနှင့်သားဆက်ခြားခြင်းများအတွက် ပုံမှန်ကုသမှုများကို ဲ လက်ခံကုသပေးနေကြောင်း၊ COVID ကူးစက်နှုံးမှာ ယခုကာလတွင်အဆိုးဆုံးအခြေအနေရှိနေပါသဖြင့် မိမိတစ်ဦးထဲအတွက်မဟုတ်ဘဲ မိမိဝန်းကျင်မှ လူများကိုပါ ကာကွယ်နိုင်ရန် လက်ဆေးခြင်း၊ ၆ပေအကွာခြားနေခြင်း၊ လက်သန့်စင်ပိုးသတ်ဆေးကိုအမြဲဆောင်ထားပြီးသုံးခြင်းနှင့် COVID လက္ခဏာများ ပြသပါက နှောင့်နှေးမှုမရှိဘဲ ဆေးစစ်ကြရန်၊ ပုံမှန်ရာသီပေါ်တုတ်ကွေးကာကွယ်ဆေးများကိုလည်း မပျက်မကွက်ထိုးကြရန်၊ COVID ကာလ စိတ်ကျရောဂါနှင့် စိတ်မကျန်းမမာဖြစ်သူလူနာများကိုလည်း စိတ်ကျန်းမာရေးဆရာဝန်များက တစ်ပတ်၇ရက်၊ တစ်ရက်လျှင်၂၄နာရီ လက်ခံကုသပေးနေရာ ဖုန်း 211 သို့၏ဆက်ပြီး ဖြစ်စေ၊ လူကိုယ်တိုင် အရေးပေါ် ပြင်ပလူနာဌာနသို့ ရောက်လာပြီးဖြစ်စေ ကုသမှုခံယူနိုင်ကြောင်း ပြောကြားသွားသည်။

ထို့နောက် သတင်းမီဒီယာများက မေးသောမေးခွန်းများကိုဖြေကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ်၂နာရီခွဲတွင် အောင်မြင်စွာရုတ်သိမ်းခဲ့သည်။