မြန်မ့ဂဇက် အယ်ဒီတာ့သင်ပုန်း – သြဂုတ် ၂၀၂၁

kaiAugust 17, 20211min4900

အမေရိကပြည်ထောင်စုသည် အာရှတိုက်သားတို့ကို နှိမ်ချဆက်ဆံခဲ့ဖူးသည်။ အမေရိကားသို့ ပြောင်းခိုဝင်ရောက်လာသော ပထမဆုံးအေရှန်းအုပ်စုကြီးမှာ ချိုင်းနီးစ်များဖြစ်၍ ၁၈၅၀ရထားလမ်းများဖေါက်ကြရာတွင် အခကြေးငွေပေးခေါ်ယူ၍ရောက်လာသူများဖြစ်သည်။ ၁၈၇၁တွင် လော့စ်အိန်ဂျလိစ်မြို့၏ ချိုင်းနားတောင်းတွင် လူဖြူလူအုပ်ကြီးမှ ချိုင်းနီစ်း၁၈ယောက်ကို ကြိုးဆွဲချသတ်ပစ်ခြင်းဖြစ် ခွဲခြားနှိမ်ချမှုထင်ရှားစတင်သည်။ ၁၈၈၂တွင်မူ အမေရိကပြည်တွင်နေထိုင်နေသူချိုင်းနီးစ်များကို အမေရိကနိုင်ငံသားဖြစ်ခွင့်မပေးပဲ သမ္မတ အာသာမှ Chinese Exclusion Act ထုတ်ပိတ်ပင်ခဲ့သည်။ ၁၈၈၅ မြန်မာနိုင်ငံ၌သီပေါမင်းပါတော်မူသည့်နှစ်တွင် ဝါယိုးမန်င်းပြည်နယ်တွင် လူဖြူမိုင်းလုပ်သားများက အတူလုပ်ဖေါ်ကိုင်ဖက်ချိုင်းနီးစ် ၂၈ယောက်ကို အစုလိုက်သတ်ဖြတ်ခဲ့ပြန်သည်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောအခါ ပုလဲဆိပ်ကမ်းဗုံးကြဲခံရသည်ကိုအကြောင်းပြု အမေရိကားရောက်ရှိနေထိုင်နေသူ ဂျပန်လူမျိုးနှင့်အနွယ်ပေါင်းဦးရေ၁၂၀၀၀၀ကျော်ကို သမ္မတရုဇဘဲ့မှ အထူးအမိန့်ထုတ်ခြံခတ်ချုပ်ချခဲ့၏။ ၁၉၈၂တွင် တက်ဆပ်ပြည်နယ်၌ ဗီယက်နမ်စစ်နောက်ပိုင်း၌ရောက်ရှိခိုလှုံနေသော ဗီယက်နမ်ပြောင်းခိုသူများ၏အိမ်များနှင့်သင်္ဘောများကို KKK တို့က မီးတင်ရှို့မှုများပြုခဲ့ကြသည်။ ၁၉၉၂၌ လူမည်းတဦးကို လူဖြူရဲများမှဝိုင်းရိုက်နှက်ကြသည်မှ ဒေါသစိတ်လွှဲ၍ လူမည်းများက ကိုရီးယန်းများ၏စီးပွားရေးလုပ်ငန်းများအားဖျက်စီးမီးရှို့လူသတ်ခြင်းများ လော့စ်အိန်ဂျလိစ်တွင် ဖြစ်ခဲ့သည်။ ၂၀၀၁တွင် ၉/၁၁အကြောင်းပြု ချွတ်ချော်၍ ဆစ်ခ်လူမျိုးများအားရည်ရွယ်အကြမ်းဖက်မှုများ ၃၀၀ကျော်ဖြစ်ခဲ့သည်ဆိုပါသည်။
၂၀၂၀တွင်ကား သမ္မတထရမ့်၏ ချိုင်းနား/ဝူဟန်မှလာသော ဗိုင်းရပ်စ်ကြောင့် အမေရိကန်တို့ရောဂါကူးစက်သေကြေရပါသည်ဟူ၍ China Virus, Kung flu ကမ္ဘာသိတွင်တွင်သုံးပြန်လေရာ ချိုင်းနား/ချိုင်းနီးစ်တို့အားမုန်းတီးမှုတို့အထွဋ်အထိပ်ရောက်ခဲ့ရသည်။ ၂၀၂၀ ခုနှစ်အတွင်းအေရှန်းတို့အား ရည်ရွယ် အမုန်းပွားအမှုပေါင်း‌ ၃၈၀၀ခန့်ဖြစ်ခဲ့ရာ အမေရိကားသို့ပြောင်းခိုနေသည် မြန်မာတိုင်းရင်းသားတို့လည်း မလွတ်ခဲ့။
၂၀၂၀ မတ်လတွင် မြန်မာချင်းတိုင်းရင်းသားသားအဖတို့ တက်ဆပ်ပြည်နယ်တွင် မျက်နှာကို ဒါးဖြင့်ဖြတ်လှီးအကြမ်းဖက်ခံရသည်။
၂၀၂၁ ဇူလိုင်လတွင်မူ နယူးယောက်မြို့တွင် မြန်မာ-တရုတ်သားအမိအား လူမည်းတဦးမှကိုယ်ထိလက်ရောက်တိုက်ခိုက်ပြန်ရာ အမျိုးသမီးကြီးမှာရက်ပေါင်းများစွာဆေးရုံတွင်အရေးပေါ်နေပြီး အသက်ဆုံးရှုံးသည်အထိဖြစ်ခဲ့ရလေပြီ။
အေရှန်း(အာရှတိုက်သား) ဟူသည်ကို အမေရိကန်လူဖြူ/လူမည်း/လူညို(လက်တီနို)တို့မည်သူမည်ဝါလူမျိုးသေသေချာချာနားမလည်။ သူတို့အမြင်တွင် ချိုင်းနီးစ်၊ကိုရီးယန်း၊ဂျပန်နီးစ်၊ မြန်မာ၊အသားဖြူဝါသူအကုန်အတူတူချည်းဖြစ်နေပုံရပေရာချိုင်နီးစ်သို့ရွံမုန်းနှိမ်ချမှုပြုခြင်းတို့ဟူသည် မြန်မာတို့အတွက် ငရုတ်သီးနှင့်ပေါင်း ကြက်သွန်ဖြူအထောင်းခံရသည် အညာထောင်းပမာရယ်ပါ။ ယခုခေတ် မြန်မာ့နိုင်ငံရေးအခြေအနေအရ အမေရိကားနေမြန်မာတို့ ချိုင်းနီးစ်နှင်ရောထွေးအမြင်မှောက်ခံ အေရှန်းမုန်းတီးနှိမ်ချခြင်း ကိုယ်တိုင်ထိခိုက်ခံစားရလျှက်မှ ကိုယ်တိုင်စီက ချိုင်းနားမုန်းတီးရှုံ့ချရေးပါမိလျှက်ရှိကြ၏။ ဖေ့စ်ဘုတ်။တွစ်တာ။ယူတုဆိုရှယ်မီဒီယာများကပင် သတိပြုမိ၍ ပိတ်ပင်တားမြစ်ရသည့် မြန်မာတို့၏ လူမျိုးရေးရွံ့မုန်းမှုစာသား/စကားများကြမ်းနေလှပါသည်။ ဤလူမျိုး/နိုင်ငံရွံမုန်းမှုတို့ မြန်မာနိုင်ငံတွင်း၌လည်း ဖြစ်နေ၏။

“မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်”
မြန်မာသည်အိမ်နီးချင်းချိုင်းနားပြည်၊အိန္ဒိယပြည်/ဘင်္ဂလားပြည်နှင့်၄င်း ပထမမြန်မာနိုင်ငံတည်ထောင်ကထဲက ရင်းနှီးဆက်ဆံဆက်သွယ်မှုရှိခဲ့သည်။ရှေးဟောင်းပုဂံပြည်ခေတ်ပုထိုးများ၏နံရံဆေးရေးပန်းချီတို့တွင် ဖြူသောအရောင် ညိုမှောင်သောအရောင် အသားရည်များနှင့်မင်းသမီးဆေးရေးရုပ်များရှိပါသေး၏။ မွန်ဂိုတို့လက်ချက်ပုဂံပျက်သည့် နရသီဟပတေ့၊တရုတ်ပြေးမင်း(၁၂၅၄-၁၂၈၇) အထင်အရှားမှတ်တမ်းရှိလျှက်နှင့် ဟန်ချိုင်းနီးစ်များကို တရုတ်ဟုခေါ်သည်။ ဒုတိယမွန်ဂိုကျူးကျော်မှု(၁၃၀၀-၁၃၀၁) မြင်စိုင်းဘွဲ့ကာချင်းတွင် “တရုတ်လာသည်၊ ရိုင်ရိုင်လော၊ ရိုင်ရိုင်။”ဟု မွန်ဂိုလူမျိုးကို တရုတ်ခေါ်သည်မှန်းသိလျှက်နှင့် ဟန်ချိုင်းနီးများကို တရုတ်ဟုခေါ်သည်။ မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ဖူးခဲ့သူများမှာ မွန်ဂို(သို့)တရုတ်များဖြစ်သည်။ စိန့်တိုင်းသား ဟန်ချိုင်းနီးစ်များမဟုတ်။
ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ဖက်ဆစ်ဂျပန်တို့လက်မှ မြန်မာနိုင်ငံကို ပြန်သိမ်းရာ(Burma campaign) တွင်အများဆုံးအသက်ပေးခဲ့သူများမှာ မြန်မာလူမျိုးများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော် (BDA,BNA ) တို့တပ်သားများမဟုတ်။ မဟာမိတ်တပ်များလည်းမဟုတ်ပါချေ၊ ထိုစဥ်က အင်္ဂလိပ်မဟာမိတ်တပ်နှင်အတူတိုက်ခဲ့ကြသော ချိုင်းနီးစ်တပ်သားများဖြစ်ပါ၏။
အင်္ဂလိပ်ကိုလိုနီဘဝက တတိုင်းပြည်တည်းသားအနေဖြင့် ပြုံခုန်ဝင်လာသူများမှာ အိန္ဒိယပြည်သားများဖြစ်ကြ၏၊ ၁၉၃၁သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တော်၏လူဦးရေ၏ ၅၃%ကျော်သည် အိန္ဒိယသားများဖြစ်၏။ ထိုစဥ်က အိန္ဒိယန်းစကားအကြမ်းမျှမတတ်လျှင် ရန်ကုန်မြို့တွင်လန်ချားပင်ငှားမစီးနိုင်။ ၁၉၂၇ အလည်အပတ်လာသော ရာဘင်နတ်တဂိုးသည် ရန်ကုန်ကို မြန်မာမြို့ကြီးနှင့်မတူဟုဆိုခဲ့ရဖူးသည်။ မြန်မာနိုင်ငံတွင်းသို့ချိုင်းနီစ်း(စိန့်တိုင်းသား)များအလုံးအရင်းဝင်ရောက်မှုသည် ၁၈၁၅ ခုနှစ် အင်ဒိုနီးရှား၏ တန်ဘိုရာမီးတောင်ကြီးပေါက်ကွဲပြီးနောက်မှစသည်။ မီးတောင်ပြာများကြောင့် ယူနန်ပြည်တွင် မိုးခေါင်ရေရှား စိုက်ခင်းပျက်ရကား ဒေသသားများ တောင်ဖက်တောကြီးများရှိရာ ယခုကချင်ပြည်နယ်သို့ရေကြည်ရာမြက်နုရာသို့ရွေ့ပြောင်းနေထိုင်ကြရင်း ကချင်/ဂျိန်းဖောတိုင်းရင်းသားများဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ကြို/စစ်ပြီး စာရေရိက္ခာရှားပါးလှသော ချိုင်းနားပြည်ကိုစွန့်ကာ မြန်မာနိုင်ငံသို့ ယူနန်သား ဟန်ချိုင်းနီးစ်များအလုံးအရင်းဝင်ရောက်အခြေချလာသည်။
ယခု မျိုးဆက် ၃-၄-၆ဆက်ဝင်ခဲ့ကြပြီ။
ထိုထိုနှစ်ရာချီအခြေချရွေ့ပြောင်းလာသူများကို မျိုးရိုးဗီဇစစ်ကြည့်ပါလျှင် ဆိုင်ရာအလိုက် ၇၅%အထက်ထပ်တူသူကြီးများဖြစ်ပါ၏။ တနည်းအားဖြင့် ယခုခေတ်မြန်မာတို့၏ဘိုးဘွားဘီဘင်များဖြစ်သတည်း။
ရှေးကဝင်ရောက်ပြီးသည့် လူများနှင့် နောက်ကျဝင်ရောက်လာသူတို့ကို ထိုစဥ်အုပ်ချုပ်သူတို့က နိုင်ငံရေးအရအမြတ်ထုတ် ထိတ်တိုက်ပဋိပက္ခဖြစ်စေခဲ့ဖူးသည်။ ၁၉၃၀ ကုလား-ဗမာအဓိကရုန်း။ ၁၉၆၇ တရုတ်-ဗမာအရေးအခင်းတို့သည် အင်္ဂလိပ်နှင့် စစ်အာဏာရှင်တော်လှန်ရေးကောင်စီ၏ နိုင်ငံရေးကစားမှုများသာပါ။

“စစ်တို့၏မာယာ ပရိုပဂန်ဒါ”
အမေရိကားတွင် အလုပ်ကောင်း/နေရာကောင်းရရန် အေရှန်းတဦးသည် လူဖြူထက် အဆ၁၀၀ ပိုလုပ်ရသည်ဟုပင် ဘလုမ်းဘတ်မီဒီယာ၌ဆောင်းပါးရေးထား၏။
တကယ်လည်း အေရှန်းတို့ အဆ၁၀၀ ပိုလုပ်ခဲ့ကြပါသည်။ အကျိုးဆက်အဖြစ် ဂျပန်၊ကိုရီးယား၊အိန္ဒိယ၊ထိုင်ဝမ်၊စင်္ကာပူ၊ချိုင်းနားပြည်တို့ ကမ္ဘာထိပ်တန်းများဖြစ်လာသည်။ ချိုင်းနားသည် ကမ္ဘာ့စူပါပါဝါ ပထမနေရာ မျက်စောင်းလှမ်းထိုးနေနိုင်ပါပြီ။ သန်းရာချီသော ပညာတတ်အလုပ်သမားတို့အားဖြင့် ကမ္ဘာ့လိုအပ်သမျှကို ထုတ်နေနိုင် ကမ္ဘာစက်ရုံကြီးဖြစ်ကြပြီ။
ဖြည်းဖြည်းချင်းလှမ်းတက် ဂျပန်ပြည်ကိုကျော် ကမ္ဘာ့ဒုတိယနေရာတက်လှမ်းလာသည့် ချိုင်းနားပြည်ကို ပထမနေရာမရောက်ရန် မိမိနေရာဖယ်မပေးရရန် အမေရိကန်တို့ ပြုကြရမည့်နှစ်များပါ။
ပနှင့်ဒုဟူသည် သဘာဝအရ အားပြိုင်နေရာလုကြရသည်မဟုတ်လော။ သို့နှင့် လွှမ်းမိုးအနိုင်ယူနိုင်ရန် နိုင်ငံခြားရေးပေါ်လစီတို့ကို ရွေ့ပစ် ပြောင်းပစ် ချိန်ဆရမည်။ သမ္မတထရမ့်သည် ဗြောင်ကျကျပင် ချိုင်းနားနှင့်ကုန်သွယ်စီးပွားစစ် ဆင်နွှဲစတင်လာသည်။ ချိုင်းနား၏ မိတ်ဖက်နိုင်ငံ နှုကလီးယားကိုင်မြောက်ကိုရီးယားကို ဆွဲဆောင်စည်းရုံးသည်။ ချိုင်းနား/ချိုင်းနီးစ်မုန်းတီးရေးကို မသိမသာရိုက်သွင်းသည်။ America First ကြွေးကျော်ချိန်ကိုက် ချိုင်းနား/ဝူဟန်မှအစပြု ကိုရိုနာဗိုင်းရပ်စ်ထွက်လာပေရာ ချိုင်းနားနှင့်ဆက်ဆံရေးတင်းမာသောအခြေအနေဆိုက်ခဲ့၏။
လုပ်၍ ရှုပ်ကာ ပြုတ်ခဲ့သော သမ္မတထရမ့်နေရာရောက်လာသည့် ဒီမိုကရက်သမ္မတဂျိုးဘိုင်ဒင်သည်လည်း ကုန်သွယ်စီးပွားစစ်၏ ပေါ်လစီကိုဆက်ကိုင်စွဲယုံမက မူလမိတ်ဖက်နိုင်ငံများကို စည်းရုံးသည်။ Quad ကိုပြန်အသက်သွင်းကာ ချိုင်းနားအိမ်နီးချင်းများနှင့် ကမ္ဘာအင်အားကြီးများကို သိမ်းသွင်းစည်းရုံးထားနိုင်သောအခြေအနေရယ်ပါ။ စစ်အင်အားများပါယူခေါ်ထားရကား ယခုတောင်ချိုင်းနားပင်လယ်တွင် ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံများ၏ စစ်သင်္ဘောများတင်းကြမ်းပြည့်လျှက်ရှိသည်။ ၁၉ရာစု၏ ဘိန်းစစ်ပွဲနှင့် ဟောင်ကောင်ကျွန်းကို ထိုးပေးလိုက်ရသော စစ်သင်္ဘောသံခင်းတမန်ခင်း Gunboat diplomacyကိုပင် သတိပြန်လည်စရာ။
ခြုံကြည့်လျှင် စစ်ရေးအရတုံ့ပြန်မည်အထိရည်မှန်းထားသည်ကို မြင်ရမည်။ အမေရိကားသည် သူစစ်ဆိုင်ထားသောချိုင်းနား၏အိမ်နီးချင်းနိုင်ငံ(မြန်မာ) တည်ငြိမ်မှုကိုဖျက်ရန် (ပြည်တွင်း၌မသုံးဖြစ်သော) ချိုင်းနီးစ်ရွံမုန်းရေးကို လူမျိုးရေးလက်နက်အဖြစ်သုံးရပါလိမ့်မည်။ ချိုင်းနားကိုဆန့်ကျင်သည့် ပရိုပဂင်ဒါများကို ကွင်းဆက်အဆင့်ဆင့်မှထုတ်၍ စည်းရုံးပါလိ့မ်မည်။
ချိုင်းနားကွန်မြူနစ်ပါတီသည် မြန်မာတပ်မတော်နှင့် ထူးစွမိတ်ဖက်ကားမဟုတ်။ မြန်မာ့တပ်မတော်သည် ချိုင်းနားကိုမယုံကြည်၍ သူ၏မဟာဗျူဟာမြောက်စစ်ရေးလက်နက်များကို ရုရှားနှင့် ဥရောပနိုင်ငံများထံမှီခိုထားသည်မဟုတ်လော။ သို့သော် မြန်မာလူထုအများစုကြီး အဘယ်ကြောင့် ချိုင်းနီစ်းလူမျိုးရေးမုန်းတီးမှုဖြစ်ကြသနည်း၊ ဆိုင်ရာသံရုံးများ၏ ဖေ့စ်ဘုတ်တွင်ရေးထားသော ကွန်မန့်များကို သတိထားမိသိနိုင်သည်။ တနည်းအားဖြင့် စစ်အာဏာလုအုပ်စု၏ ဖဘတပ်ကြီးအောင်မြင်နေသည်ဆိုရမည်။ အာဏာလုစစ်ကောင်စီသည်လည်း ပြောင်းပြန်ချွန်တွန်း လူထုကိုချိုင်းနား/ချိုင်းနီးစ်နှင့်တိုက်ထားကာ အင်အားလမ်းလွှဲရပါလိမ့်မည်။ ရန်သူ၏ရန်သူသည်မိတ်ဆွေ စစ်ပရိယာယ်များရယ်ပါ။

“ရွံမုန်းခြင်းဟူသည် ကျိန်စာ”
မြန်မာသည်ကမ္ဘာတွင် ဘိန်းဒုတိယအထုတ်နိုင်ဆုံးသာမက Meth ပထမအထုတ်နိုင်ဆုံးဖြစ်လျှက်နှင့် ငွေအရင်းအမြစ်တို့ပြန့်ထွက်ဆုံးရှံးနေဟန်ရှိသည်။ ငွေကြေးစျေးကွက်/စီးပွားရေးကျွမ်းကျင်သော အခြားလူမျိုးခြားနိုင်ငံခြားသားများ၏ ချုပ်ကိုင်မှုအောက်တွင်ရောက်နေသည်ဟု အတတ်ဆိုဆိုနိုင်သည်။
ရွေတြိဂံဒေသသည် ဘိန်းအထွက်ဆုံးဖြစ်ခဲ့သလို လောစစ်ဟန်၊ခွန်ဆာတို့သည်လည်း ကမ္ဘာကျော်များဖြစ်ဖူးသည်။ ဘိန်းခေတ်လျှော့၍ ဓာတုဆေးဝါးခေတ်ရောက်သော် မြန်မာတို့ အထုတ်နိုင်ဆုံးဖြစ်ခဲ့ပြန်သည်။
လုပ်သလောက် ငွေများပျောက် နိုင်ငံခြားသားများထံသို့ စီးမြောကုန်ဟန်ရှိသည်။
IoTခေတ်ရောက်သော် ခေတ်၏တောင်းဆိုမှုအရ ဘက်ထရီများနှင့် ချစ်ပ်များအတွက် အလိုအပ်ဆုံးဖြစ်သော မြေရှားသတ္တုတွဲများထွက်ရာသည်လည်း မြန်မာနိုင်ငံသာဖြစ်ပါ၏။ ကမ္ဘာထွက်ကုန်၏ ၁၂.၃%ကိုမြန်မာမှထုတ်နေ၍ ကမ္ဘာ့တတိယဟုပင်စာရင်းစစ်တမ်းများကဆိုသည်။ Rare Earths သည် ရေနံစွမ်းအင်နေရာကို ဝင်ယူလိုက်သည့် ယခုရာစုနှစ်၏ ကမ္ဘာ့အကောင်းဆုံးရတနာတပါးရယ်ပါ။ ရတနာရောင်းရငွေတို့အဘယ်မှာနည်း။
ချိုင်းနားပြည်တွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ အတွေ့အကြုံရှိမြန်မာအလုပ်သမားသန်းပေါင်းများစွာရှိသည်။ မြန်မာတိုင်းရင်းသားများ၏ နယ်စပ်မြို့တော်ကြီးများသည် ငွေကြေးမှအစ လျှပ်စစ်/စွမ်းအင် ကျန်းမာရေး လူမှုရေးမှအဆုံး ချိုင်းနားပြည်ကိုလုံးဝမှီခိုထားကြသည်။ နယ်စပ်ကုန်သွယ်မှုမှလည်း ဒေါ်လာဘီလီယံချီအရောင်းအဝယ်ပြုကြ၏။ ချိုင်နားပြည်သည် မြန်မာတို့စိုက်သမျှ ထုတ်သမျှ တူးသမျှ ဖေါ်သမျှကို စားသုံးဖြုန်းပေးနိုင်သည့်ဧရာမစျေးကွက်ကြီးဖြစ်သည်။
မြန်မာသည် အမေရိကား၏အိမ်နီးချင်း အခွန်လွတ်ကောင်းကင်ဘုံ-ကာရစ်ဘီယံနိုင်ငံများကဲ့သို့ ဖြစ်တည်မည်လော။ လောင်းကစား/မှောင်ခိုလောကများဖြင့် ဟောင်ကောင်၊မကာအိုနေရာယူမည်လော။ ပင်လယ်ကုန်သွယ်ထွက်ပေါက် လမ်းတလျှောက်အခွန်ကောက် ဖြတ်အုပ်သည့် ပင်လယ်နက်ဆိပ်ကမ်းထိုင်ဆွဲသည့် ဥရောပ၏ အမ်စတာဒမ်/ရော့သာဒမ်မည်လော။ ကြွယ်ဝချမ်းသာလာသော ချိုင်းနားကိုမှီ၍ တွဲတက်သွားလျှင် ကမ္ဘာ့အချမ်းသာဆုံး ၁-၁၀တွင်ဝင်သွားလောက်နိုင်သော အခြေအနေရယ်ပါ။
ကုလား/တရုတ်မုန်းတီးခြင်းမှ မည်သည့်အကျိုးကျေးဇူးမှမရ။ တပြည်သွေးသားချင်းအတူတူလျှက် တရုတ်နှင့်ကုလားခေါင်းစဥ်ခွဲ ဗမာအမည်ယူ တိုင်းရင်းသားကိုယ်စားပြုအပြန်အလှန်ရွံမုန်းနေကြခြင်းဖြင့်လည်း ကောင်းခြင်းဘာမှဖြစ်မလာ။ မိမိတို့သည် အိန္ဒိယနိုင်ငံသားနှင့် ချိုင်းနားနိုင်ငံသားများမဟုတ်။ မြန်မာ့မြေတွင်မွေးသည့်မြန်မာနိုင်ငံသားများပါ။
မည်သူမှအကျိုးမရှိသော ရွံမုန်းမျိုးစေ့ကို မျိုးဆက်အလိုက်ဆင့်ဆက်ချပေးနေခြင်းဖြင့် တိုင်းပြည်၏အနာဂတ်ထိခိုက်သည်သာရှိမည်။
ချိုင်းနားပြည်သည်၄င်း အိန္ဒိယ/ဘင်္ဂလားဒေ့ရှ်နှင့်ထိုင်းနိုင်ငံတို့သည်၄င်း အိမ်နီးချင်းနိုင်ငံများသာဖြစ်၍ မြန်မာနိုင်ငံကို အကွင်းလိုက်ဖယ်ရွေ့ ဂျပန်ပြည်ကဲ့သို့ ကျွန်းတကျွန်းအဖြစ်လည်းရွေ့၍မဖြစ်နိုင်။ ကမ္ဘာလူဦးရေအများဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံကြီးများကို အမုန်းပွားနေခြင်းဖြင့် သွေးတက်နေယုံသာ။
အတွေးအခေါ်ဘာသာရေးအစွန်းရောက်ခြင်းမှ ယခုဘဝ/နောက်ဘဝ မည်သည့်နိဗ္ဗာန်မှဆိုက်မလာ။
လက်တွေ့ကျကျ လူမျိုးတိုင်းအားချစ်ကြပါလေ။ ကိုယ်ကျိုးစီးပွားဖက်ကြပါလေ။ ကြားမညပ်အောင်နေ ပါးလှပ်လုပ်စားကြပါလေ။ လက်တွေ့ကျကျ ဦးဆောင်၍အလုပ်လုပ်ပါလေ။
လက်ရှိပစ္စုပ္ပန်အခြေအနေကို ရည်ရွယ်မှန်းကြည့်အကောင်းဆုံးများခံစားကြပါလေ။ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည် လူ့ငရဲနှင့်လောကနိဗ္ဗာန် လမ်းဆုံပေါ်တွင်ရယ်ပါ။
လက်ရှိအတွေးအခေါ်တို့ ပြောင်းပြန်လှန်လိုက်လျှင် ထိုလောကနိဗ္ဗာန်သို့သွားရာလမ်းသည် သင်၏ခြေဦးတည့်ထားရာတွင်ရှိနေပါ၏။