မြန်မာပြည်သတင်းဒိုင်ယာရီ Jan 2023

သင့်အေးရိပ်January 26, 20239min70510

မြန်မာပြည်သတင်းဒိုင်ယာရီ (Jan 2023)


သင့်အေးရိပ် စုဆောင်းတင်ပြသည်။


Jan 16 ။ USနဲ့ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃ ခုရဲ့ ကုမ္ပဏီပေါင်း ၄၅ ခုကျော်ဟာ မြန်မာစစ်ကောင်စီ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်ဖို့
ပံ့ပိုးကူညီနေကြကြောင်း ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာပြည်ဆိုင်ရာအကြံပေးကောင်စီ(SAC-M)က သတင်းထုတ်ပြန်ပါတယ်။


US ၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျ၊ ရုရှား၊ ချိုင်းနား၊ အစ္စရေး၊ ယူကရိန်း၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့
ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ(ကပစ)ကို အထောက်အကူပြုပစ္စည်းတွေ ရောင်းပေးနေတာလို့ ဆိုပါတယ်။


နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းတွေကို အသုံးပြုပြီး စစ်ကောင်စီတပ် တည်ရှိရာ နေရာတွေကို တွင်ကျယ်စွာ
တိုက်ခိုက်ချေမှုန်းလာတာကြောင့် ဒရုန်းစစ်ဆင်ရေးဟာ နည်းပညာပိုင်းအရ သာလွန်ပြီး စစ်ကောင်စီ တပ်သားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အကြီးအကျယ်
ခြိမ်းခြောက်နေကြောင်း CDM ဗိုလ်ကြီး ညီသုတက သုံးသပ်ပါတယ်။

Jan 15 ။ မြန်မာပြည်တွင်း ဒေသများစွာမှာ မိုးစပါးအထွက်နှုန်း လျော့နည်းကျဆင်းခဲ့ချိန် ဈေးကွက်ဝယ်လိုအား များနေတာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းတွေ
ထပ်မံမြင့်တက်လာပြီး၊ ပြည်တွင်း စားသုံးတဲ့ ဆန်ချောဈေးတွေအပြင် ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအမျိုးအစားတွေပါ ထပ်မံဈေးမြင့်လာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တော်လှန်ရေးရန်ပုံငွေအတွက် ရောင်းချပေးမယ့် လူနေအိမ်ရာအခန်းဈေးနှုန်းတွေဟာ ကာလပေါက်ဈေးနှုန်းနဲ့ယှဉ်ရင်
၁၀ ဆကျော် သက်သာတာကြောင့် အခွင့်အရေးနဲ့အခွင့်အလမ်း ရှိသူတွေအနေနဲ့ ဝယ်ယူထားသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက တိုက်တွန်း
ပြောဆိုပါတယ်။ နွေဦးရင်းနှီးမြှုပ်နှံရေးစီမံကိန်း(Spring Investment )တွေကနေ US ဒေါ်လာ သန်း ၁၀၀ အထိ ရရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊
ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Jan 14 ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်နဲ့ ရွှေဘိုနယ်အတွင်းမှာ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးစစ်ကြောင်းတွေက ဒေသခံတချို့ကို သတ်ဖြတ်ပြီး၊ တချို့ကို ဖမ်းဆီးနှိပ်စက်တာတွေ
လုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၆၈ နဲ့ စစ်ကောင်စီက ဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား၁၀၀ ဝန်းကျင်လောက် ဝင်ရောက်ပြီး၊
ညောင်ကုန်းရွာကို ဒုတိယအကြိမ် မီးထပ်ရှို့ခဲ့တာပါ။ ဒါ့အပြင် ဒေသခံ ၅ ဦးကို ဖမ်းဆီး၊ ၂ ဦးကို သတ်ဖြတ်ပြီးတော့ ကျန် ၃ ဦးကို ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ခဲ့ကြောင်း
ဒေသခံတွေက ပြောပါတယ်။

Jan 13 ။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ ထပ်တလဲ ကျူးလွန်နေတာကြောင့်
မြန်မာပြည်တဝန်း စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ် ပိုတိုးပွားလာနေတဲ့အပြင် လူသားချင်းစာနာမှု အကူအညီတွေလည်း အရေးတကြီး လိုအပ်နေပြီး
လေကြောင်းရန် ကာကွယ်ရေး အစီအမံတွေအတွက် ကူညီပံ့ပိုးပေးကြဖို့ မိတ်ဘက်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က
မနေ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး
တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့နောက် အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ကြီးမားတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ရင်ဆိုင်လာရတာကို ဥပမာအဖြစ် ကြည့်ပြီး
အရေးပါတဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။

Jan 12 ။ အခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက “မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့
ဆွေးနွေးသွားမယ်”လို့ ပြောခဲ့တာနဲ့ပတ်သက်ပြီး “အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ မဆက်ဆံဖို့”
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးတုံ့ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ရပ်စဲနေတာ အချိန် ၁လကျော်ရှိလာပေမဲ့
စစ်ဘေးဒုက္ခသည် ၉သောင်းနီးပါးကတော့ နေရပ်မပြန်နိုင်ကြသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ပြောပါတယ်။

Jan 11 ။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)ဌာနချုပ်၊ ဗစ်တိုးရီးယားစခန်းဟာ မနေ့က အကြမ်းဖက်စစ်​ကောင်စီတပ်ရဲ့ လေကြောင်းကနေ
ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ် ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့ရပြီး ကြဲချတဲ့ ဗုံးတွေထဲက ၁ လုံးကတော့ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံ အထူးသံတမန်ရုံး ဖွင့်လှစ်ထားပြီး၊ ကိုယ်တိုင်ဦးဆောင်သွားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့
အင်ဒိုနီးရှား၊ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ(Retno Marsudi)က ပြောကြားပါတယ်။ အာဆီယံအထူးသံတမန်အဖြစ် တာဝန်ယူမယ့်ကာလအတွင်း မြန်မာပြည်က
သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

မြန်မာလက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနဲ့ ထိုင်းရဲဌာနက ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အိမ်ခန်း ၄ ခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်း ၁ ခန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီး
ခင်သီရိသက်မွန် နာမည်နဲ့ Siam Commercial Bank ဘဏ်စာအုပ်၂ အုပ်တို့ ပါဝင်နေတဲ့အပြင် ဘန်ကောက် Belle Rama 9 ကွန်ဒိုမှာရှိတဲ့ ပုံစံတူ ကွန်ဒိုခန်းတွေကို USဒေါ်လာ
၁ သန်းနီးပါးနဲ့ ရောင်းချဖို့ ကြော်ငြာထားကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ပါတယ်။

Jan 10 ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ၉ လအတွင်း မြန်မာပြည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ၁ ဒသမ ၄၆၂ ဘီလီယံသာ ဝင်ရောက်ခဲ့ပြီး
အဲဒီပမာဏဟာ အရင် NLD အစိုးရ လက်ထက်က ဝင်ရောက်မှု ပမာဏရဲ့ ၃ပုံ ၁ပုံသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန စာရင်းအရ သိရပါတယ်။

NLD အစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၄ ဒသမ ၈ ဘီလီယံကျော်ထိ ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းထားတဲ့
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ US ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလီယံဝင်ရောက်ခဲ့ပြီး ၂၂ % လျော့ကျခဲ့ပါတယ်။

ရွေးကောက်ပွဲ ထပ်လုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နဲ့ တနင်္သာရီ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ
လူဦးရေ သန်းခေါင်စာရင်းတွေ လိုက်ကောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
အခု ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာထွက်ပေါ်ဖို့ အထူးမျှော်လင့်ထားပြီး “NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး”လို့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ပြုလုပ်တဲ့ NUG ရဲ့ ၈၂ ကြိမ်မြောက် အစည်းအဝေးမှာ ပြောပါတယ်။

Jan 09 ။ စစ်အာဏာသိမ်းပြီးနောက် အပြန်အလှန်သတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ ၂၀၂၂ ခုနှစ်အတွင်း အရပ်သား၂၄၈ ဦးသေဆုံးခဲ့ကြောင်း Southern Monitor က
သတင်းထုတ်ပြန်ပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ အစောဆုံး ပါဝင်ခဲ့တဲ့ ကျန်းမာရေးကဏ္ဍက ဆရာဝန်တွေ၊ ဝန်ထမ်းတွေဟာ အခု အာဏာသိမ်းကာလ ၂နှစ်နီးပါးကြာတဲ့အထိ
စစ်ကောင်စီရဲ့ ပစ်မှတ်ထား ဖိနှိပ်တာကို ခံစားနေရဆဲပဲလို့ CDM ကျန်းမာရေးဝန်ထမ်းတွေက သတင်းမီဒီယာတွေကို ပြောပါတယ်။
၃နှစ်ကြာပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့က စတင် ဖွင့်လှစ်မှာ ဖြစ်ကြောင်း
မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပါတယ်။

Jan 08 ။ မြန်မာ့လက်နက်ကိုင်ပဋိပက္ခအတွင်း သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNU ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့နောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU)
ထိန်းချုပ်နယ်မြေတွေမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် အရပ်သား လက်နက်ကိုင်ပုန်ကန်သူတွေကို စစ်ရေးနဲ့ နယ်မြေခိုလှုံခွင့်
အကူအညီပေးထားတဲ့အတွက် စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံနေရပါတယ်။ KNU ဗဟိုရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ
တိုက်ပွဲ ၄,၄၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေအတွင်း အရပ်သား ၁၁၉ ဦး သေဆုံးပြီး ၂၇၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်တွင်းက အိမ်ခြံမြေတွေကို ထုတ်ရောင်းပြီး ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းမှု ပမာဏက ၂၀၂၂ ခုနှစ်အတွင်းမှာ
သိသိသာသာများပြားလာကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာရဲ့ ဖော်ပြချက်အရ ၂၀၂၂
၁နှစ် အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုအဆောက်အဦးတွေကို အများဆုံး ဝယ်ယူခဲ့တဲ့ နိုင်ငံ ၁၀ ခု စာရင်းမှာ မြန်မာက အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

Jan 07 ။ ၂၀၂၂၊ ဒီဇင်ဘာလမှာ မြန်မာပြည်ကနေ ပြည်ပကို ဆန်၊ ဆန်ကွဲတင်ပို့မှု တန်ချိန် ၂၂၈,၀၀၀ ကျော်(တန်ဖိုးအနေနဲ့ USဒေါ်လာ သန်း ၉၀ ရှိခဲ့ပြီး)
နိုဝင်ဘာလ တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၄၀,၀၀၀ ဝန်းကျင်၊ ပို့ကုန်ရငွေအနေနဲ့ US ဒေါ်လာ ၁၆ သန်း လျော့ကျသွားပေမဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဝယ်ယူမှုကြောင့်
တန်ချိန် ၂၀၀,၀၀၀ အထက်မှာပဲ တင်ပို့မှုက ဆက်ရှိနေကြောင်း မြန်မာ့ဆန်စပါးအသင်းချုပ်(MRF)ရဲ့ စာရင်းအရ သိရပါတယ်။

အင်တာနက်လိုင်းတွေ ၁နှစ်ကျော်ထိ ပိတ်ခံထားရတဲ့ ကချင်ပြည်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီက
ဇန်နဝါရီလ ၃ ရက်နေ့မှာ လိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ ၁ရက်အကြာမှာပဲ ပြန်ပိတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက ၂၀၂၁ သြဂုတ် ၂၀ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာဖြစ်ပြီး အင်တာနက် အသုံးပြုလိုသူတွေဟာ
အင်တာနက်ဆိုင်တွေမှာ ၁နာရီ ကျပ် ၅ထောင်ကနေ ၁သောင်းအထိ ပေးပြီး သုံးခဲ့ရတာဖြစ်ပါတယ်။

Jan 06 ။ ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင်းမှာ ဆူပူမှုဖြစ်ခဲ့ပြီး ပစ်ခတ်ရိုက်နှက်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၁ယောက် သေဆုံးပြီး အသက်အန္တရာယ် စိုးရိမ်ရသူ
၈ ယောက်ရှိကြောင်း နိုင်/ကျဉ်းအရေး ကူညီနေသူတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ ထောင်ဆူပူမှုမှာ အကျဉ်းသားအချင်းချင်းရိုက်နှက်လို့ အချုပ်သား ၁ယောက်
သေဆုံးပြီး ၆၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်း သတင်းထုတ်ပါတယ်။

၂၀၂၂ ခု၊ ၁နှစ်အတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)အနေနဲ့ ကယား (ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၄၁ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး
စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို၊ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၇၉၇ ဦး သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရခဲ့ကြောင်း KNDF က
သတင်းထုတ်ပြန်ပါတယ်။ KNDF ဘက်ကတော့ ၆၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Jan 05 ။ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့တဲ့ မြန်မာပြည်၊ မူဆယ်မြို့နဲ့ ချိုင်းနားပြည်၊ ကျယ်ဂေါင်မြို့ ဆက်သွယ်ထားတဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ် ၃ ခုကို
Jan ၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်း မြန်မာပြည်ဆိုင်ရာ ချိုင်းနားသံရုံးက ကြေညာပါတယ်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဝေဟင်ကနေ စစ်ဆင်ရေးတွေ
ပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂၊ ၁နှစ်တာအတွင်း ဒရုန်း ပျံသန်းစစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် Federal Wings ​ရဲ့ တပ်အင်အား တိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း အမျိုးအစားသစ် စမ်းသပ်ထုတ်လုပ်မှုတွေကိုလည်း
အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ နယ်မြေတွေအတွင်းရှိ ထိတွေ့တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲကြီးတွေမှာလည်း
သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့စစ်ကြောင်းတွေနဲ့ ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း ပြောပါတယ်။

Jan 04 ။ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းမှာ ရှိတဲ့ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ
နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပါတယ်။ လွတ်လပ်ရေးနေ့ကို
စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ လုံခြုံရေးအစောင့်အရှောက်များစွာနဲ့ ခမ်းနားစွာ ကျင်းပပြီး အကျဉ်းသား ၇ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့တာပါ။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးတို့ ပါဝင်ပြီး
NLD အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကတော့ မနေ့ကတည်းက လွတ်မြောက်လာပါတယ်။

“အခြေခံလူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့နိုင်ရေး ကြိုးပမ်းကြဖို့” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး ဒါဟာ တိုင်းပြည်ရဲ့ လက်တွေ့ ပကတိအခြေအနေမှန်ကို မမြင်ပဲ ထင်ရာစိုင်း တဖက်ပိတ် ပြောဆိုမှုသာဖြစ်ကြောင်း
စီးပွားရေးလုပ်ငန်းရှင်အသိုက်အဝန်းက တုံ့ပြန်ပါတယ်။

Jan 03 ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာပြည်တဝန်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၄သောင်း ၁ထောင်ကျော်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက
မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒါဟာ ဒေသခံတွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ပြောတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများပြားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
ဘက်က သတင်းထုတ်ပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်သုံ့ပန်းချင်း လဲလှယ်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူး၁ဦး အပါအဝင်
တပ်သားတချို့နဲ့ ရက္ခိုင်တော်(AA)ဘက်က ဗိုလ်မှူး၁ဦးနဲ့ တပ်သားတချို့တို့ လဲလှယ်ခဲ့ကြောင်း ဒေသခံ မျက်မြင်တွေက ပြောပါတယ်။

Jan 02 ။ မြန်မာပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ နိုင်ငံတဝန်း ဖြစ်နေပြီး ကလေးငယ် ၅ဒသမ၆သန်း အပါအဝင် လူဦးရေ ၁၇ ဒသမ ၆သန်း
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့(UNICEF)က သတင်းထုတ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကနေ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စာအုပ်) ပြုလုပ်ပေးတာကို ကြိုတင်မကြေညာဘဲ ရက်အကန့်အသတ်မရှိ
ပိတ်လိုက်ပါတယ်။ အခုလိုမျိုး ပတ်စ်ပို့ရုံးတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာကြောင့် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေသူတွေ၊ ပတ်စ်ပို့စာအုပ် လျှောက်ထားသူတွေ၊
အွန်လိုင်း ဘိုကင်စနစ်ကနေ QR နံပါတ် ရထားပြီးသားသူတွေ အခက်အခဲဖြစ်ကုန်ပါတယ်။

Jan 01 ။ စစ်အာဏာသိမ်းကာလ အတွင်း ကယားပြည်နယ်မှာ ဒေသခံပြည်သူ ၄၁၉ ဦး သေဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က
သတင်းထုတ်ပြန်ပါတယ်။ ၂၃လတာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်တို့ကြား တိုက်ပွဲပေါင်း ၅၄၄ကြိမ်ခန့် ဖြစ်ခဲ့ပြီး လေကြောင်းကနေ တိုက်ခိုက်ခံရမှု
၁၈၄ကြိမ် ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒု-စစ်ခေါင်းဆောင်
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ မဆလ အာဏာရှင် ဦးနေဝင်းတို့ အပါအဝင် စစ်တပ်အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်များစွာကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့်ပါတယ်။


တိုင်းပြည်စီးပွားရေးကျဆင်းပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်မှာ စစ်ခေါင်းဆောင်ဟာ သူ့အပေါ် ထောက်ခံမှုရဖို့အတွက် USဒေါ်လာ သန်း ၃၃ သန်းကျော်ပမာဏနဲ့
ညီမျှတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၇ ဘီလီယံကျော်အသုံးပြုပြီး ကိုယ့်ကိုယ့်ကိုယ် အပါအဝင် စစ်အုပ်စုနဲ့ ပနံသင့်သူတွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေါပေါများများပေးအပ်တဲ့အပေါ်
အများပြည်သူရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

Dec 31 ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မတရားဖမ်းဆီးချုပ်‌နှောင်၊ မတရားအမှုဆင်
ပြစ်ဒဏ်ချမှတ်ခံရသူတွေအားလုံး လွတ်မြောက်ရေးနဲ့ တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတို့က ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ထောင်ဒဏ်တွေထပ်မံ စီရင်လိုက်တာဟာ
နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ဥရောပသမဂ္ဂ အီးယူက မနေ့က ကြေညာပါတယ်။

Dec 30 ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့်တို့ကို စွပ်စွဲထားတဲ့ အမှုတွေထဲက နောက်ဆုံး ၅ မှုအတွက် စစ်ကောင်စီ ထောင်တွင်း
တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ အမိန့်ချလိုက်ပါတယ်။ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၄ ခုအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်
ချမှတ်ခံထားရပြီး ၇၁ နှစ်အရွယ် ဉီးဝင်းမြင့်ကတော့ အမှု ၈ ခုအတွက် စုစုပေါင်းထောင်ဒဏ် ၁၂နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်အပန်းဖြေ
လည်ပတ်သူများတာကြောင့် ဟိုတယ်နဲ့ တည်းခိုခန်းတွေ လူပြည့်နေတဲ့အပြင် ရွာထဲက လူနေအိမ်တွေမှာပါ ငှားရမ်းပေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Dec 29 ။ နှစ်သစ်ကူးည Dec 31 မှာ ရန်ကုန်တိုင်းအတွင်း ပွဲတော်ကျင်းပဖို့ဆိုပြီး စစ်ကောင်စီက ညမထွက်ရ အမိန့်ကို ၁ရက် ပယ်ဖျက်ကြောင်း ကြေညာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ည ၁၂ ကနေ မနက် ၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ထားတာဖြစ်ပြီး စစ်ကောင်စီ ကျင်းပမယ့် ပွဲတော်ကို ပါဝင်ဆင်နွှဲဖို့ ဆန္ဒမရှိကြောင်း
ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို လာမယ့် ၂၀၂၃ မတ် ၈ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက
ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Dec 28 ။ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း နိုင်ငံရေးနဲ့စီးပွားရေး အဆင်မပြေမှုတွေ၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရှားပါးပြီး တိုင်းပြည်အတွင်း လုံခြုံမှု
မရှိတာတွေကြောင့် တလကို မြန်မာပြည်သား ၄သောင်းလောက် နည်းမျိုးစုံနဲ့ ပြည်ပကို ထွက်ခွါနေကျပြီး အများစုက ထိုင်းနိုင်ငံကို သွားကြတာဖြစ်ကြောင်း
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ပြောပါတယ်။

NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် (နေပြည်တော်က နာမည်ကျော် သက်ငယ်မုဒိမ်းမှုဖြစ်တဲ့
ဗစ်တိုးရီးယားအမှုကို နစ်နာသူဘက်က လိုက်ပေးခဲ့တဲ့) ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တခုကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲခံရပြီး
အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံရပါတယ်။

Dec 27 ။ ၂၀၂၁ အာဏာသိမ်းပြီး ၁နှစ်အတွင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ လက်နက်ကြီးလက်နက်ငယ်တွေကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်ပေါင်း
၁၁၀ ခန့် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ Dec 23 နေ့
ထုတ်ပြန်ချက်မှာတော့ ၂၀၂၂ အတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်ပေါင်း ၁၅၇ ယောက် ရှိခဲ့ကြောင်း ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ကူညီပေးရေး ပါဝင်တဲ့ US အမျိုးသားကာကွယ်ရေး
အက်ဉပဒေ(NDAA) ကို US သမ္မတက လက်မှတ်ထိုး အတည်ပြုလိုက်ပြီးနောက်မှာ ဒါဟာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောက်ယှက်ထိပါးတာဖြစ်တဲ့အပြင်
အကြမ်းဖက်မှုကို အားပေးရာရောက်တာကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်း စစ်ကောင်စီက တုန့်ပြန်ပြောဆိုပါတယ်။

Dec 26 ။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပြီးနောက် အပစ်ရပ် သဘောတူတာ ဒီနေ့ဆို ၁လပြည့်ပြီး
အရပ်သား သေဆုံး၊ ဒဏ်ရာရမှုတွေ ရပ်တန့်သွားခဲ့ပေမဲ့ ဆေးဝါး၊ လောင်စာဆီနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးပစ္စည်းသယ်ယူခွင့်တွေ ပိတ်ပင်ထားဆဲ
ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကော်ဘရာစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က
သေနတ် အလက် ၅၀ ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။

Dec 25 ။ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ အွန်လိုင်းနာမည်ကျော် (မ)ပန်ဆယ်လို ဟာ တောင်ကိုရီးယားအခြေစိုက် ကင်မ်ဂျွန်းထယ်
ဖောင်ဒေးရှင်း (Kim Geun Tae Foundation) က ပေးအပ်တဲ့ ဆုကို ရရှိပါတယ်။ ဒီဆုဟာ ကိုရီးယားနိုင်ငံသားတွေကိုသာ ပေးလေ့ရှိတဲ့ဆု ဖြစ်ပေမဲ့ ပြည်ပနိုင်ငံသူတယောက်ကို
ပထမဆုံးအကြိမ် ပေးအပ်တာ ဖြစ်ပြီး ကိုရီးယားဝမ်ငွေ သိန်း၁၀၀(မြန်မာငွေ ၁၆၅သိန်းကျော်) ရရှိမှာကို ကိုယ်ကျိုးအတွက် မသုံးဘဲ မြန်မာ့ဒီမိုကရေစီရေးအတွက်
လှူဒါန်းသွားမှာဖြစ်ကြောင်း ပန်ဆယ်လိုက ပြောပါတယ်။

Dec 24 ။ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ရွာ ၁၃ ရွာခန့်က ဒေသခံ ၁၄,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်‌ပြေးနေရပြီး
ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ စစ်ကောင်စီတပ်က မြေပြင်ရော ဝေဟင်ကပါ ပစ်ခတ်တိုက်ခိုက်ပြီး ရွာတွေထဲ ဝင်ရောက်ပြီး
နေအိမ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲမှာပဲ ဖြစ်သလို နေထိုင်ပုန်းရှောင်နေရပါတယ်။

လျှပ်စစ်မီးမရှိဘဲ အမှောင်ထုထဲ နေထိုင်နေကြတဲ့ မုံရွာခရိုင်၊ လက်ပံတောင်းဒေသက ကျေးရွာ ၂၃ ရွာကို လျှပ်စစ်မီး ပေးနိုင်ဖို့ US ဒေါ်လာ ၆သိန်းနီးပါး
အကုန်အကျခံပြီး စီစဉ်နေကြောင်း မြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းကုမ္ပဏီက သတင်းထုတ်ပါတယ်။

Dec 23 ။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ KNU နဲ့ အပြည့်အဝ ပူးပေါင်းပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေး လှုပ်ရှားနေတဲ့ NUG ကို လူသားချင်းစာနာမှုဆိုင်ရာ
အကူအညီတွေ အမြန်ပေးမယ်ဆိုရင် စစ်အာဏာရှင်ကို ထိရောက်စွာ တွန်းလှန်နိုင်မှာဖြစ်ပြီး NUG ကိုလည်း အမြန်ဆုံး အသိအမှတ်ပြုဖို့လိုအပ်ကြောင်း KNU
ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အခကြေးငွေ ရယူပြီး အင်တာနက်အွန်လိုင်းမှာ လိင်အသားပေးပုံတွေ ဖြန့်ချိနေတာဟာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့
သရုပ်ဆောင်၊ Sexy မော်ဒယ် သင်ဇာဝင့်ကျော်ကို အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

Dec 22 ။ ဒီနေ့ဟာ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးအခါသမယ ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ နှစ်သစ်ကူးပွဲတော်
မပြုလုပ်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာ နှစ်သစ်ကူးပွဲ ဆင်နွှဲနေတဲ့ ကျေးရွာတွေထဲ စစ်ကောင်စီတပ်က လက်နက်ကြီး
လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

စစ်အာဏာသိမ်းပြီး ၂နှစ်နီးပါးအကြာမှာ ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်ပေါင်း ၁သိန်း၄သောင်းနီးပါး
ရှိလာပြီဖြစ်ကြောင်း ISP Myanmar အဖွဲ့အစည်းက သတင်းထုတ်ပါတယ်။ ချင်းပြည်နယ်က မြို့နယ် ၉ခုလုံးမှာ တိုက်ပွဲပေါင်း ၆၀၀ ခန့် ဖြစ်ပွားခဲ့ပါတယ်။

Dec 21 ။ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်တဲ့ အရာရှိစစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်းပေးပို့သူ(ဖရဲသီး)
အဖြစ် တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း၊ ပေးပို့တဲ့သတင်းပေါ် မူတည်ပြီး ချီးမြှင့်ငွေများ ရရှိမှာဖြစ်တာမို့ အမာခံသတင်းပေး(ဖရဲသီး)အဖြစ်
ဆောင်ရွက်မယ်ဆိုရင် NUG အစိုးရ ကာကွယ်ရေးဌာနကို ဆက်သွယ်ရမှာဖြစ်ပြီး လုံခြုံရေးအတွက် တာဝန်ယူကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်က အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြန်ရပ်ဆိုင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို
လွှတ်ပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်မျိုးဟာ နှစ် ၇၀ အတွင်း
ပထမဆုံးဖြစ်ပြီး အစည်းအဝေး မဲခွဲရာမှာ ချိုင်းနား၊ ရုရှားနဲ့ အိန္ဒိယတို့က ကြားနေခဲ့ပြီး အခြားနိုင်ငံတွေ အားလုံးက ထောက်ခံခဲ့ပါတယ်။

Dec 20 ။ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ယနေ့အထိ မြန်မာပြည်သူ ၂,၆၁၄ ယောက် သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၆၃ယောက်
ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) သတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရှောင်ဒုက္ခသည်တွေမှာ ဆောင်းတွင်းကာလ နေထိုင်ရေးအတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေပြီး လုံလောက်တဲ့
အသုံးအဆောင်တွေ ဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် အအေးဒဏ်ကို ကြံ့ကြံ့ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး
အဖွဲ့တွေကိုလည်း စစ်ကောင်စီက သွားလာခွင့်တွေ တားမြစ်ထားတာကြောင့် အခက်တွေ့နေရပါတယ်။

Dec 19 ။ NLD နာယက၊ အသက် ၉၆နှစ်အရွယ် လေဖြတ်ဝေဒနာသည် သူရဉီးတင်ဉီးကို စစ်ကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က လာရောက် တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတွေကို ကွပ်မျက်တာတွေ စစ်ကောင်စီ ထပ်မံ မလုပ်နိုင်အောင် ပြင်းထန်တဲ့ဖိအားတွေ ပေးဖို့ အီးယူ-အာဆီယံ
ခေါင်းဆောင်တွေကို NUG အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

Dec 18 ။ ရန်ကုန်မြို့ကနေ တဖက်ကမ်း ဒလမြို့ကို ပေးဆွဲနေတဲ့ ချယ်ရီအမှတ်(၂) ခရီးသည်တင် သင်္ဘောပေါ်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသည် ၁၇ယောက်
ထိခိုက်ဒဏ်ရာတွေ ရသွားတာကို စစ်ကောင်စီဘက်က PDF တွေ လုပ်တာလို့ စွပ်စွဲနေပြီး PDF တွေဘက်ကတော့ သူတို့ လုပ်တာ မဟုတ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
အများပြည်သူ သွားလာလှုပ်ရှားနေရတဲ့နေရာတွေမှာ ဖောက်ခွဲမှုတွေ ဖြစ်လာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိ မလုံခြုံတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ယခုလအတွင်း တအောင်းဒေသ၊ နန့်ဆန်မြို့နယ်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ စစ်ကိုင်း၊ မကွေး၊ ကရင်နီပြည်နယ်တွေမှာ တိုက်တဲ့နီးတူ
လေကြောင်းစစ်ဆင်ရေးနဲ့ အင်အားအလွန်အကျွံသုံးပြီး ဖျက်ဆီးပစ်ခဲ့ကြောင်း တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA က ပြောပါတယ်။