“မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – စက်တင်ဘာ ၂၀၂၃”

kaiSeptember 22, 20231min9130

ပြီးခဲ့သော ဆယ်စုနှစ်များတွင် အမေရိကားမှ မြန်မာသို့ DV မဲဖေါက်ပေးဗီဇာများ အလည်နှင့်ကျောင်းဗီဇာများ သွင်သွင်သွက်သွက်ချပေးခဲ့သည်။ DV2024အတွက် ၁၆၆၇ခုရထားသည်။ (DV2023 – ၁၁၀၇။ DV2022-၅၆၁)။ တိုးလျှက်တက်လျှက်နေသည်။ ဤသည်မှာ ပြီးခဲ့သော စစ်အာဏာသိမ်း၏စနက်ကြောင့်ဖြစ်သလို Burma Act အပါအဝင် ပြဌာန်းဥပဒေတို့ကြောင့်လည်းဖြစ်ပါသည်။ မြန်မာနယ်စပ်အထိပင် ဆင်းကောက် တွန်းတင်ပေးသည်များပင်ရှိခဲ့ပါ၏။ လက်ရှိဘိုင်ဒင်န်အုပ်ချုပ်ရေး၏လူဝင်မှုကြီးကြပ်ရေးပေါ်လစီတွင် မြန်မာနိုင်ငံသားများကို စာနာထောက်ထား မျက်နှာသာပေးထားသည်။ ရှားပါးလှသော TPS ပင်မြန်မာနိုင်ငံသားများရရှိထားပါသည်။ နိုင်ငံရေးခိုလှုံခွင့်တင်လျှင်လည်း မြန်မာနိုင်ငံသားဆိုသည်နှင့်ပင် လိုအပ်သောအခြေအနေများလုံလောက်လျှက်နေပါလေ၏။ ဤအခွင့်အလန်းတို့ကို အမိအရဆုပ်ကိုင်ပါ။ သာမန်အားဖြင့်လူသက်တမ်းတခုစာလျှင် တခါ မပေါ်တတ်သောအခွင့်အလန်းများပါ။ ဤရထားကိုမမှီလျှင် နောင်ဘယ်တော့မှမှီတော့မည်မဟုတ်။ ကြန့်ကြာသည် နှေးသည် မတွေးလင့်၊ အမေရိကန်တို့သည် ခွင့်တူညီမျှ မျှတခြင်းပြယုဂ်ကို ဖွင့်ပြရန်ဝေပုံကျ တန်းစီစနစ်ကိုများစွာဦးစားပေး၏။ သင့်ကဲ့သို့သော/သင့်ထက်ဆိုးသော သူများသန်းချီစောင့်လျှက်နေပါသည်။ အမေရိကန်ဝန်ထမ်းတို့ သူတို့အလုပ် ထိရောက်စွာလုပ်နေပါသည်။ ယခုနှစ်ပိုင်းများတွင် လက်တင်/တောင်အမေရိက၊ အာဖရိကတိုက်တွင်းနိုင်ငံများနှင့် ယူကရိန်း၊ပါလက်စတိုင်းကဲ့သို့သော မြန်မာ့အခြေအနေဆိုးကို အမှီလိုက်လာသည့် နိုင်ငံများစွာရှိလာသည်။ အမေရိကားမြေသည် ပြောင်းခိုသူတိုင်းကို တချိန်တည်းခေါ်တင်ကျွေးမထားနိုင်။

“အခွင့်အလန်းတံခါးကြီးပွင့်ချိန်”
သမိုင်းအရ အမေရိကားသည် ဆင်းရဲ ပဋိပက္ခတို့ဖြင့် ရှုပ်ထွေးနိုင်ငံ၏ နိုင်ငံသား လူမျိုး/ဘာသာမတူ လူမျိုးမတူသူများကို လွယ်ကူစွာလက်ခံလေ့မရှိပါ။ ရှေးက အလုပ်အကိုင်/လစာပေးခေါ်သွင်းလာသော ချိုင်းနီးစ်များအား ဥပဒေများထုတ် နိုင်ငံသားဖြစ်ခွင့်ပိတ်ပင်ခဲ့ဖူးသည်။(Chinese Exclusion Act (1882))၊ ဂျပန်လူမျိုးများကို အထူးစခန်းသွင်းလှောင်ပိတ်ခဲ့ဖူးသည်။ (Executive Order 9066(1942))
ယခုလက်ခံခွင့်ပေးနေသည်မှာ ကမ္ဘာ့စူပါပါဝါလုပြိုင်ခေတ်ကာလဖြစ်၍ သဘာဝတရား(သို့)ဘုရားသခင်ကပေးသော အထူးအခွင့်အရေးဖြစ်သည်။ ကမ္ဘာ့ပါဝါ/အာဏာဝါစဉ်(New World Order (NWO)) ပြန်ဆွဲနေသောကာလဖြစ်၍ သူ့ပြိုင်ဖက်သည် လူဦးရေသန်း၁၄၀၀ကျော်နိုင်ငံဖြစ်ရကား လက်ရှိအမေရိကပြည်ထောင်စု(သန်း၃၃၀ကျော်)၏အဓိကလိုအပ်ချက်မှာ လူဦးရေဖြစ်လျှက်နေသည်။ လူ့မြို့ပြနိုင်ငံရေးစနစ် အောင်မြင်ကြီးမားအောင် တည်ဆောက်မှုများတွင် လူသားသည်သာ အခရာ။ ဤအတွက်လူအင်အားစုနေခြင်းဟုဆိုကြပါစို့။ ဒီမိုကရက်တို့၏ဤမဟာဗျူဟာအရ တောင်ဖက်နယ်စပ်များလည်း ဟစိဖွင့်ထား၏။ ဗီဇာစနစ်များလည်းချောင်ထားသည်။ အမြဲတန်းနေထိုင်ခွင့်မဲများDVဖေါက်ခေါ်ယူနေသလို ဆွေမျိုးရင်းများကိုလည်း စပွန်စာလုပ်ခေါ်ယူခွင့် နိုင်ငံသားဖြစ်လမ်းပေါ်တင်နိုင်ခွင့်ပေးထား၏။ ဂရင်းကဒ်သမားများ အမေရိကစစ်တပ်သို့ ဝင်ရောက်အမှုထမ်းလျှင်သာမန် ၅နှစ်(အိမ်ထောင်ဖက်-၃နှစ်)စောင့်ရမည့်နိုင်ငံသားဖြစ်မှုကို လပိုင်း(၃-၆လ)နှင့်ပြီးပြတ်စေသည်။ တနေ့ ထိုတံခါး ပြန်ပိတ်လိမ့်မည်။

“မုန့်ဆီကြော်ကဘယ်နေမှန်းမသိ”
ဝန်းကျင်အခြေအနေနှင်လိုက်လျောညီစွာ ဆိုင်ရာဆိုရှယ်မီဒီယာများတွင် ဗီဇာ/နေခွင့်အကြံပေးဆွေးနွေးအုပ်စုများ ဝန်ဆောင်မှုပေး ကူညီသူများ မိုးရွာလျှင်ထွက်လာသောမှိုများပမာဖွေးလှုပ်လျှက်သား။
အားလုံးကောင်းပါသည်။ ဤသူသည် အဆိုပါအုပ်စုများသို့ (ဆိုင်ရာအက်ဒ်မင်များခွင့်ပြုသလောက်) ဝင်ရောက်ဆွေးနွေး သိသည်တို့မျှဝေခြင်းပြုပါ၏။ သို့နှင့် သတိထားမိသည်မှာအမေရိကားသို့ရောက်ပင်မရောက် ကြိုးစားခြင်းလည်းမပြုသေး၊ “နှုတ်ခမ်းနာနေနှင့်တည့်ပါ့မလား” မေးခွန်းများဖြစ်၏။
ရှေးနှစ်၅၀၀ကျော်ကထဲက ဉရောပသားများ ကမ္ဘာအနှံ့ခြေဆန့်ရေကြောင်းသွားရင်း အမေရိကားကိုတွေ့ခဲ့(October 12, 1492 Columbus Day) အာရှသို့ရေလမ်းမှရောက်လာခဲ့ကြခြင်းဖြစ်သည်။ ထိုခေတ်ကမ္ဘာပြားဇတ်လမ်းသွားအရ မိုးကုတ်စက်ဝိုင်းလွန်လျှင် အစွန်းချောက်၌ပြုတ်ကျသွားမည့်ကမ္ဘာ့စွန်းကိုမမှု ရဲရင့်ချီတက်ခရီးဆက်ခဲ့ကြ၍ လူသားမျိုးနွယ်တို့ ယခုကဲ့သို့ဘဝအခြေရောက်နေသည်မဟုတ်လော။ ထွက်သွားသူများအတွက် အိမ်/ဆွေမျိုးများသို့ဆက်သွယ်ရန် အခြေအနေ/နည်းပညာမရှိ။ ထိုမျိုးဆက်တို့ကို အားနာပါ။ စွန့်စားပါ။ ဖေါင်ဖျက်ပါ။

အပူပိုင်းသဲကန္တာရမှသည် အအေးလွန်ရေခဲတောင်များအထိအကုန်ရှိသော ဤအပြောကျယ်မြေဝယ် သင့်ရှေ့ရောက်နှင့်သူများက အားလုံးအဆင်သင့်ပြင်ထားပြီးနှင့်ပါသည်။ ရောက်အောင်သာလာပါ။စားလှည့်ပါ။ သောက်လှည့်ပါ။ ယူငင်ပါ။ သုံးစွဲပါ။ ပျော်ပါးပါ။ လောကအရသာ (သင့်အသက်/အစွမ်းအလိုက်)ခံစားပါလေ။ မြန်မာ-အမေရိကန်တယောက်အနေနှင့် အမြဲတမ်း ဝဲလ်ကမ်းပါ။
ဤမြေသည် မရှိလျှင်ရှိအောင်လုပ်နိုင်ရန် အခွင့်အလန်းအားလုံးပေးထားသည်။ “မိုဟာမက်ဆီတောင်ကြီးမလာရင် တောင်ကြီးရှိတဲ့နေရာရောက်အောင်သွားရမည်။” ထိုမှ ချဉ်ပေါင်၊ခွေးတောက်မှသည် ရဲယိုပင်အထိ စိုက်ပျိုးထုတ်ယူနိုင်ကြပါပြီ။ မြန်မာပြည်မှလည်း လိုသည်ထက်ပိုအောင် စားသောက်ကုန်အစုံ လွယ်စွာ ကုန်တင်သွင်းရနိုင်လေ၏။ ယုံကြည်ချက်အပြည့်ထား လက်ချည်းသာနှင့်ရောက်အောင်လာပါလေ။ မရောက်ခင်တွေးမကြောက်ပါနှင့်။ သင်နှင့်သင့်ထက်ဆိုးသော သူများ အမေရိကားမြေခြေချ၊နေကြသည်မှာ သန်းချီ။

“ပန်းထိမ်မတတ်ခင်ရွှေခိုးသင်”
ပန်းထိမ်မတတ်ခင် ရွှေခိုးနည်းသင်ချင်သူများမဖြစ်ပါစေလင့်။ ဤမြေသည် လိမ်လည်သည်ကိုမကြိုက်ပါ။ ငါးပါးသီလ၏ မုသာဝါဒါကို ဝေရမဏိထားသောတိုင်းပြည်ဖြစ်သည်။ ဂရုဓမ္မသီလ၏ လိမ်လည်လှည့်ဖျားပြောဆိုခြင်းမပြုရကံကို အထူးစောင့်ထိန်းသော စောင့်ထိန်းဖြစ်အောင် ဥပဒေကြောင်းအရပြုထားနိုင်သောနိုင်ငံဖြစ်သည်။
ရုံးပြင်ကန္နားအလုပ်ကိစ္စတိုင်း ကိုယ့်ကိုယ်တိုင်ခံဝန်ချက်ဖြင့် တင်ပြခွင့်ပြုထားသည်ဖြစ်ရာ ဤသို့ပြုခြင်းကြောင့် စာရွက်စာတန်းဖိုး/အချိန်ကာလလွန်စွာသက်သာလေသည်။ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူ/တာဝန်ခံခြင်းသည် အမေရိက၏ရုံးတွင်း စာစနစ်ပင်ဖြစ်ရာ အပြန်အလှန်အားဖြင့် လိမ်လည်လှည့်ဖျားထားသည်ကိုတွေ့ပါက ပြင်းထန်သောအရေးယူမှုကိုပြုပါ၏။ ပြုရပါ၏။ နိုင်ငံသားတိုင်းကို SSနံပါတ်ဖြင့်ချိပ်ဆက်ထားပြီး ငွေကြေးပေး/ယူရာဇဝင်(Credit score)ကို အဆင့်နံပါတ်ဖြင့်သတ်မှတ်ထားရကား လိမ်လည်မှုသည်သေရာပါကျန်ရစ်သွားပေလိမ့်။ ကျမ်းကျိန်ပြီးမှ လိမ်ညာတွက်ဆိုခြင်းပြုလိုက်ပါက မည်မျှပေါ့ပါးသောအဖြူရောင်လိမ်လည်မှုဖြစ်စေဦး ရာဇဝတ်မှုမြောက်၍ ထောင်တန်းကျပေလိမ့်။

“ရောမရောက်လျှင်”
သင်သည်ကမ္ဘာ့စူပါပါဝါ နံပါတ်တစ်သို့ လာရောက်အခြေချပြီး(သို့) အခြေချရန်ရွေးချယ်သူဖြစ်သည်။ ရောမရောက်လျှင် ရောမန်ကဲ့သို့ကျင့်ရမည်။
ကျင့်နိုင်ရန် အခွင့်အလန်းတို့တန်းစီနေပါသည်။ အံဝင်ဂွင်ကျအောင် ပြင်ဆင်ရမည်တို့ရှိ၏။ သေချာသည်မှာ ကမ္ဘာ့ပဋိပက္ခအများဆုံးဖြစ်ခဲ့သည် ဖြစ်နေသည့် ဖြစ်လတ္တံ့ အဖမြန်မာနိုင်ငံ၏ ရိုးရာဓလေ့ယဥ်ကျေးမှုအများစုကို လွှတ်ချရလိမ့်မည်။ ဆုပ်ကိုင်ထားသမျှ ပွတ်တိုက်မှုကို တိုက်ရိုက်ခံစားရမည့်သူမှာ သင်သာဖြစ်ပါလိမ့်။ စားဝတ်နေရေး လူမှုရေး အမျိုး၊ဘာသာ၊သာသနာ ဘာတခုမှမတူသော အမေရိကားမြေသည် ရောက်ခါစသူများအတွက် စိတ်လှုပ်ရှားမည့်ပျားရည်ဆမ်းကာလပါ။ ထို့နောက်ဘာသာစကားအခက်အခဲနှင့် Culture Shockကြောင့် ဗျာပါရဖြစ်စိတ်ပျက်ပြန်ပြေးချင်စိတ်ပေါ်မည်။ ရပ်တည်နိုင်သောဝင်ငွေတခုရချိန်ဝယ် သင်ပျော်ပါလိမ့်။ အပျော်တို့များချိန်ဝယ် ပျက်တတ်/ပျက်နိုင်ပါသည်။ ထိုပျက်စီးခြင်းတောင် အမောင်ကျော်နိုင်ပါလျှင် အချိန်ကာလလည်း ၅နှစ်ကျော်၍ သင်လည်းအမေရိကန်စစ်စစ်ဖြစ်ပြီဆိုပါစို့။
အမေရိကန်အဖြစ်ကို ကျမ်းကျိန်ရပြီးချိန်ဝယ် သင်သည် လောကတက္ကသိုလ်၏ဘွဲ့တခုရပြီးသူဖြစ်ပါ၏။ ဘွဲ့ရပြီးနောက်ဝယ် သင်၏မွေးဖွားခဲ့ရာ ဖခင်နိုင်ငံမြန်မာနိုင်ငံတော်အား လည်ပြန်ငဲ့ကြည့် ကူညီနိုင်ပါပြီ။ ကိုယ်ပိုင်ဝင်ငွေ အခြေကျနေစရာနှင့် တည်ငြိမ်ခြင်းလည်းဖြစ်ခဲ့ပြီ။
နိုင်ငံရေးအခြေပြု ခိုလှုံလာသူများမှာလည်း နိုင်ငံရေးခိုလှုံခွင့်သဘောတရားအရ ထိုထိုနိုင်ငံမြန်မာသည် သင်နှင့်မဆိုင်တော့ပြီ။ သင်၏ဘဝလုံခြုံရေး စားဝတ်နေရေးအတွက် အမေရိကားမှ တာဝန်ယူထားသည်။ ပြန်ခွင့်လည်းမပြုပါ။ အတင်းကာရောပြန်ပြေးခဲ့ပါလျှင် အဆိုပါနိုင်ငံရေးခိုလှုံခွင့်နှင့် ပြောင်းခိုသူRefugee ၏ ရှိပြီးပေါ်လစီကြီးတခုလုံးသို့ထိခိုက်စေပါသည်။ အတ္တမများပါနှင့်။ နောက်နောင်လာသူများအတွက် အခွင့်အလန်းတခါးများဖွင့်ပေးထားပါရန် သင့်၌တာဝန်ရှိပါသည်။

“Burmese ဖြည့်ပါ”
ယခုရက်ပိုင်းတွင် အမေရိက၂၀၂၀သန်းခေါင်စာရင်း၏ မြန်မာနိုင်ငံမှလာသူလူဦးရေစာရင်းအတိအကျထွက်လာသည်။ Burmese ဖြည့်ထားသူ တနိုင်ငံလုံး ၂၇၆၃၂၂ဦးဟူသတတ်။(၂၀၁၀/၁၀၀၂၀၀) လော့စ်အိန်ဂျလိစ်တွင် ၆၉၄၁ဦးဆိုပါ၏။
ဆယ်နှစ်တခါအမေရိကသန်းခေါင်စာရင်းကောက်ယူရာတွင် ၂ကြိမ် ထဲထဲဝင်ဝင်ပါတ်သက်ပါဝင်နေသူတဦးအနေဖြင့် ဤသူ၏ခန့်မှန်းတွက်ချက်ထားမှုများကို အခြေခံပြောရရင် အမေရိကားတွင်မြန်မာနိုင်ငံသားနှင့် ဤမြေမွေးသူ ဒုတိယ-တတိယမြန်မာ-အမေရိကန်မျိုးဆက်ထည့်တွက်ပါလျှင် သန်းချီသွားပါပြီ။ အဘယ်ကြောင့်ကွာဟနေသနည်း။ ဤလပိုင်းတွင်မြန်မာဂဇက်မှ သန်းခေါင်စာရင်းဗျူရို၏ ဒါရိုက်တာနှင့်တွေ့၍ တိုက်ရိုက်တောင်းဆိုခြင်း အချို့ပြုထားသလို အင်တာဗျူးလည်း ခွင့်တောင်းထား၏။ ၂၀၂၀ သန်းခေါင်စာရင်း၌ ဖေါင်အပိုဒ် (၉)ကိုဖြည့်ရာတွင် မြန်မာနိုင်ငံမှ ရောက်လာသူတို့သည် မိမိလာခဲ့ရာ(ကမ္ဘာအသိအမှတ်ပြုနိုင်ငံ)Burma/Burmese ကိုအခြေမခံ တိုင်းရင်းသာ(၁၃၅)မျိုးထဲမှ မိမိ၏လူမျိုးစုအမည်ကိုသာ ဖြည့်သောကြောင့်ဟု သိရ၏။ သို့နှင့် မည်သည့်ဘောင်မှမဝင် Otherအဖြစ် ကွယ်ပျောက်သွားသည်ဖြစ်ပါ၏။ ဤသည်မှာသင့်ကိစ္စဖြစ်သည်။ သင်၏အသံကို သင်ဖျောက်ပစ်ခြင်းသာဖြစ်သည်။ Burmese ခေါင်းစဉ်အောက် တစုတည်းရှိပါမှု သင်၏ပြောစကား/ဆွေးနွေးချက်များကို အမေရိကား၏ရွေးကောက်ခံ/ရွေးကောက်ခံရမည့်လွှတ်တော်အမတ်များ နားထောင်အရေးယူဆောင်ရွက်မည်သာ။
ရောက်လာမည့်သူများ ရောက်ပြီးသူများကို တောင်းဆိုချင်ပါ၏။ လာမည့်၂၀၃၀ သန်းခေါင်စာရင်းကောက်ခံရာတွင် Chinese, Indian, Chin, Kachin, Karen, Kayah, Mon, Rakhine, Shan အစား Burmese သာဖြည့်ပါ။ ဤသည်မှာ အမေရိကားရောက်နေသော အမေရိကန်သင်၏အတွက်သာ။