မြန်မာဂဇက် အယ်ဒီတာ့သင်ပုန်း – ဒီဇင်ဘာ ၂၀၂၃

kaiDecember 25, 20231min3870

၂၀၂၃ကိုနှုတ်ဆက်ပါသည်။ ၂၀၂၄သည် လှုပ်ရှားခုန်ဆွခြင်းများဖြင့်စောင့်၏။ ဖြစ်နေသော စစ်ပွဲကြီးများ ရပ်တန့်သွားမည့်အခြေအနေမမြင်ရသလောက် ပို၍တိုးလာမည့် စစ်နှင့်ပဋိပက္ခအခြေအနေများကိုမြင်ရနေသဖြင့် ၂၀၂၄သည် တနင်္ဂနွေဂြိုလ်မင်း တဖက်ကသံလျက် တဖက်က ခွက်ကိုင်လျှက်ဆင်းလာမည်ဟု ဆိုရပေမည်။ ကမ္ဘာ့လူဦးရေ၏တဝက်ကျော်ရှိသော အမေရိကား၊ ရုရှား၊ ထိုင်ဝမ်၊ အိန္ဒိယ နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံတို့တွင် ကမ္ဘာအခြေအနေပြောင်းလှန်သွားနိုင်သည့် အထွေထွေရွေးကောက်ပွဲကြီးများရှိကြ၏။

“အမေရိကအင်ပါယာ”
၂၀၂၄ နိုဝင်ဘာ ၅ရက်နေ့တွင် သမ္မတအပါအဝင်ကွန်ဂရက်၏အထွေထွေရွေးကောက်ပွဲကြီးရှိရာ ဆိုင်ရာပါတီများ၏သမ္မတလောင်းများ အမတ်များ ကန်င်ပိန်းဆင်း စည်းရုံးနေကြပါသည်။ အထူးသဖြင့် အထိန်းမထပ် ယိမ်းတတ်သော အဆုံးအဖြတ်ပေးပြည်နယ်များဖြစ်သည့် မြောက်ကယ်ရိုလိုင်းနား၊ ဂျော့ဂျီယာ၊ အာရီဇိုးနား၊ မီချီဂန်၊ ဝစ္စကိုဆန် ပန်ဆန်ဗေးနီးယား တို့တွင် အလုအယက်တည်း။
အကယ်၍ သမ္မတထရမ့်သာပြန်လည်ရွေးကောက်ခံရလျှင် ပြည်တွင်းစစ်ကြီးဖြစ်နိုင်သည်ဟု ခန့်မှန်းထားချက်များရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းက NETFLIXမှမျှောလွှင့်လိုက်သော သမ္မတဟောင်းအိုဘားမားတို့ထုတ်လုပ်သူဖြစ်သည့် “Leave the World Behind” ရုပ်ရှင်တွင် အမေရိကားပြည်၏ပြည်ပျက်နိမိတ်ကိုပြဆိုထားပေရာ အဆိုပါသည် အိုဘားမားစ်တို့မှ လူထုကို ပေးသောသတင်းစကားဟု ဆိုသူများလည်းရှိသည်။
အဆိုပါဇတ်လမ်းအရ တိုင်းပြည်ပျက်ရန် နိမိတ်ဖြစ်ရပ်ကြီးသုံးပါးကိုဖြတ်ကျော်ရသည်ဟူ၏၊ ၁)ပိတ်စို့ကန့်သတ်ခံရခြင်း(ဆက်သွယ်ရေး/အင်တာနက်/ကုန်း-ရေ-လေလမ်းကြောင်းများ)။ ၂)အချင်းချင်းယုံကြည်မှုပျက်ပြား၊ ဆူပူလှုပ်ရှား တောကြောင်များထကြွသောင်းကြမ်းခြင်းနှင့် ၃)ပြည်တွင်းစစ်/အစိုးရပြိုလဲခြင်း စသည်တို့ဟုဆိုပါသည်။ ထိုသို့ဖြစ်လာလျှင် မည်သို့ရင်ဆိုင်ကြရမည်ကို ပြင်ဆင်နိုင်ရန်ပါးပါးလေးလှပ်ပြသွားခြင်းဖြစ်သည်။
တချိန်တည်းလိုလိုတွင် ကမ္ဘာ့အချမ်းသာဆုံးနှင့် သတင်းစီးဆင်းမှုအသိဆုံးဖြစ်သူတဦးဆိုရမည့် ဖေ့စ်ဘုတ်၏ စီအီးအို မတ်ခ်ဇက်ကာဘတ်မှ မြေအောက်ဘန်ကာကြီးတခုကို ဟာဝိုင်ရီတွင်ဆောက်လုပ်နေသည်ဟု သတင်းများထွက်လာသည်။ သတင်းများအရ အမေရိကား၏ဘီလီယံနာအများစုကြီးမှာ ဘန်ကာများဆောက်လုပ်ထား စီမံကိန်းများချပြင်ဆင်ထားကြသော်လည်း ယခုကဲ့သို့ အချိန်ကိုက်ဖြစ်နေသည်ကားဆန်း၏။ဆန်း၏။
“အမေရိကားကို ပြည်ပမှ လာဖျက်ဆီး၍မရ ၊ ပြည်တွင်း၌ ကိုယ်တိုင်ဖျက်ဆီးမှသာ”ဟု သမ္မတလင်ကွန်းကဆိုဖူးသည်။ အမေရိကားတွင် စစ်အင်အား/ညူလက်နက်လုံလောက်စွာရှိသဖြင့် အမိမြေကိုထိပါးလာလျှင် လှမ်း၍အဝေးရောက်ပွဲသိမ်းလိုက်နိုင်သည်၊ သို့သော် လက်နက်ကိုယ်စီရှိကြသဖြင့် အတွင်းလှိုက်၍ ပြိုကွဲလျှင်ကား မခံနိုင်။
လက်စားချေ ခြေမှုန်းခြင်းဝါသနာထုံသော ထရမ့်မှ သူသာသမ္မတပြန်ဖြစ်ခဲ့လျှင် အတိုက်အခံများ လစ်ဘရယ်များအား မည်သို့ပြုမည်ကို ကန်ပိန်းများဖြင့် သတင်းစကားပါးပြီးလည်းဖြစ်သည်။ မဟာဗျူဟာစာတန်းပြုစု၊ လူသူအင်အား စုဆောင်းနေပြီးလည်းဖြစ်သည်။ သို့သော် ၂၀၂၄နှစ်စ/နှစ်လည်ပိုင်း၏ တရားရေးနှင့်များစွာ ထရမ့်ရင်ဆိုင်ရမည်ဖြစ်သဖြင့် ထိုတောင်(တို့)ကို အမောင်ထရမ့်ကျော်နိုင်/မကျော်နိုင်ကားစောင့်ကြည်ရမည်တည်း။

“ပြိုကွဲ မြန်မာ”
၁၀၂၇ဖြင့် မြန်မာနွေဦးတော်လှန်ရေး၏ စွမ်းအားမြှင့်လာမှုသည် မျှော်လင့်ချက်များစွာကိုလည်းသယ်ဆောင်ခဲ့သည်၊ မူလ ၁၀၂၇ ဦးတည်ချက်သည် စစ်အာဏာရှင်ဖြုတ်ချရေးထက် ချိုင်းနားမှ မြောက်ပိုင်းညီနောင်၃ဖွဲ့အား တွန်းတင်လိုက်ခြင်းကြောင့်ဖြစ်လာသော စစ်ဟုဆိုနိုင်သည်။ အကြောင်းအချက်တို့ကို ပြီးခဲ့သော အယ်ဒီတာ့သင်ပုန်းတွင်ရေးပြီးပါပြီ၊
အခက်ကိုနင်းအချက်ရှာနိုင်ကြ၍သာ ပီဒီအက်/အန်ယူဂျီတို့ ဤမျှရှေ့ရောက်အခြေအနေကောင်းလာခြင်းသာ၊ မည်မျှတည်တန့်မည် ခန့်မှန်းနိုင်ခြင်းမရှိသေးသော်လည်း ၂၀၂၄တွင် ပိုစွမ်းကျယ်ပြန့်လာမည့်သဏ္ဍန်လည်းရှိပါသည်။ မည်မျှတာသွားသည်/မသွားသည်ဟူသည် ချိုင်းနားမည်သို့သောအခြေအနေအထိ ဆန္ဒရှိသနည်းအပေါ်တွင်တည်သည်။ ချိုင်းနီးစ်(ချိုင်းနားနိုင်ငံသား)နှင့်တရုတ်(မြန်မာပြည်ပေါက်မြန်မာနိုင်ငံသား) ကိုခွဲခြားမသိ ရောထွေးလုံးချထားသော မြန်မာလူထုအများစုအတွက်ကား ချိုင်းနားနှင့်ကစားသမျှ ကိုယ်ကျိုးစီးပွားအခြေအနေကောင်းမည်ဟု ဤသူမထင်။
စစ်ကြီး၂ခုတွင် ငွေ/လက်နက်အင်အားဖြင့်ဝင်ပါနေသော အမေရိကားသည် တတိယပရော့ဆီစစ်မျက်နှာကို ဖွင့်လှစ်ရန် ဆန္ဒမရှိသေးသည်မှာထင်ရှား၏။ ဆန္ဒဆောင်လာရန် စည်းရုံးသိမ်းသွင်းနိုင်မည့် မြန်မာနိုင်ငံရေးသမားတဦးတလေရှိပါသည်ဟူ၍လည်း ဤသူမမြင်ပါ။
နောက်တချက်မှာ ဒေသစိုးမိုးမှုရှိနေပြီဖြစ်သော လက်နက်ရှိ/လက်နက်ကိုင်တိုင်းရင်းသားတပ်များနှင့် မြန်မာ့တော်လှန်ရေး၏စစ်တပ်များဖြစ်သည်။ မြန်မာ့ဓလေ့စရိုက်အရ လက်နက်ကိုင်လိုက်သည်ဆိုလျှင် အာဏာ/ပါဝါရသွားသလောက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအားနည်းသွားသည်ဖြစ်၍ သူတို့အား ဗဟိုမှထိမ်းချုပ် အမိန့်ပေးနိုင်သော စုစည်းအခြေအနေရောက်ရန် ဖြစ်နိုင်ချေနည်းလှပါသည်။ ဤသည်ကို သမိုင်းကလည်းပြဆိုပြီးဖြစ်၍ သမိုင်းဘီးလည်လာလျှင် မည်သို့ရင်ဆိုင်ဖြေရှင်းကြမည်ကို အထူးရည်ရွယ်ရင်းထားသင့်လေသည်။ မည်သူမှ အရေးလုပ်သည် လုပ်နိုင်သည်လည်းမတွေ့ရပေ။
၂၀၂၄တွင် သန်းခေါင်စာရင်းကောက်မည် ရွေး‌ကောက်ပွဲကို နေရာချန်မထားလုပ်မည်ဟု ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကဆိုထားပါသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၄ အထွေထွေရွေးကောက်ပွဲကို အတိုက်အခံပါတီကြီးမှ သပိတ်မှောက်ကာ ဝင်မပါသလို NLDတို့သည်လည်း စစ်တပ်လုပ်သည့်ရွေးကောက်ပွဲတွင်ဝင်မပါဟု သတင်းစကားပါးပြီးဖြစ်ပါသည်။ ခြုံဆိုရလျှင် မြန်မာတို့၏၂၀၂၄သည် ပွဲမပြီး မီးမသေ။

“အပူသည် ကမ္ဘာ”
ကမ္ဘာ့အပူချိန်သည် တဆင့်ခုန်တက်သွားခဲ့ပြီ။ မပြန်လမ်းမှတ်တိုင်ဖြစ်သည့် အပူချိန် ၂ဒီဂရီစင်တီဂရိတ်ထိတက်မှုကို ရောက်လုစွန်းစွန်းပါ၊ သို့ဖြင့် ရေနံဝင်ငွေမှ ချမ်းသာကြွယ်ဝလွန်းသောနိုင်ငံ UAE တွင်ကျင်းပသော COP28 (ကုလသမဂ္ဂ ဥတုရာသီညီလာခံ)တွင် ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုလျှော့ချရေး၊ ဥတုကပ်ဘေးရန်ပုံငွေတည်ထောင်ရေး အပါအဝင် အတည်ပြုခက်တချို့ရကာ ပွဲပြီးခဲ့ပုံရသော်လည်း ထိရောက်သော တန်ပြန်အရေးယူမှုမထားနိုင်။
ဤကမ္ဘာမြေတွင် ဥတုရာသီစွမ်းဖြင့် သတ္တဝါများစွာ အသက်ပေါင်းကဋေကဋာ မျိုးပြုတ်ပျောက်ကွယ်ကြရဖူးသည်။ ကျောက်ဖြစ်ရုပ်ကျွင်းသက်သေများအရ သတ္တဝါတို့၏၇၅% အထက် အစုလိုက်အပြုံလိုက်မျိုးသုဥ်း ပျောက်ကွယ်ခြင်း ၅ပါးဆိုက်ခဲ့ပြီးပြီသိကြရသည်။ သိပ္ပံအရမူ ဥတုရာသီ/မိခင်သဘာဝသည် သက်ရှိ/သက်မဲ့လောကတို့ကို ပျက်သုဥ်းစေသူ/ဖန်ဆင်းရှင်အစစ်ဖြစ်၏။ ယခုကမ္ဘာပျက်လောက်သည်ပြောနေကြသည်မှာ လူသား၏မှားယွင်းသောဆုံးဖြတ်ချက်/သုံးစွဲမှုများကြောင့်ဖြစ်သည် ဆိုပါသည်။ သတ္တဝါသည် သူမှီတင်းနေထိုင်ရာကမ္ဘာမြေကို အမှန်ဧကန်ဖျက်ပစ်နိုင်ပါသည်လော။
ကိုးကွယ်ကြရာ ကမ္ဘာ့ဘာသာတရားကြီးများ၏ကျမ်းစာတို့တွင် သတ္တဝါ(သို့)လူသားကြောင့် ကမ္ဘာပျက်နိုင်သည်ဟူ၍ မပါ။

ကမ္ဘာကြီးသက်တမ်းနှင့်ယှဥ်လျင် တိုတောင်းလှသော မျက်စိတမှိတ်လျှပ်တပြက်မျှ နှစ်ရာဂဏန်းအတွင်း၌ ကမ္ဘာမြေ၏အပူချိန်တို့ တရိပ်ရိပ်တက်လာခဲ့သည်ကို သိပ္ပံပညာရှင်များ တိုင်းထွာသတိပေးကြသည်။ အပူချိန်ပြောင်းလဲမှုနှင့်အတူ ရာသီဥတု မိုးလေဝသ အပြောင်းများကိုလည်း မျက်ဝါးထင်ထင် အယောက်စီတိုင်းကိုယ်တိုင်ခံစားကြရသည်ပါ။ ၂၀၂၃တွင် ဥတုရာသီစံချိန်ကြီးများတင်လိုက်နိုင်သလောက် ၂၀၂၄တွင် ကမ္ဘာ့ဥတုရာသီ ပိုမိုအကြမ်းဖက် စံချိန်သစ်တို့ လာမည်။ ဆိုးဝါးကြမ်းတမ်းသောရာသီဥတုကြောင့် မူလဇာတိချက်ကြွေမွေးရပ်မြေမှ စွန့်ခွာထွက်ခွာပြေးကြရသူ ပြောင်းခိုသူတို့သန်းချီပါဦးမည်။
၂၀၂၃သည်ပြီးခဲ့သောနှစ်တသိန်းကျော်အတွင်းအပူဆုံးနှစ်ဖြစ်ခဲ့ပြီး စက်မှုခေတ်ကြိုကာလ(၁၈၅၀-၁၉၀၀) ထက် ၁.၄၆ဒီဂရီစင်တီဂရိတ်ခုန်တက်မှုပင် ကြုံခဲ့ရပါ၏။ ဗြိတိန်ဘုရင်ကြီးချားလ်စ်မှ “ဥတုရာသီပြောင်းလဲ ဖောက်ပြန်တဲ့ ဆိုးကျိုးဂယက်တွေကို ကမ္ဘာတဝန်း သူကိုယ်တိုင် မြင်တွေ့နေရတယ်”ဟုပင် COP28 ပြောလာ သိပ္ပံသက်သေများပြည့်နေပါမှ ဥတုရာသီဖောက်ပြန်အစွန်းရောက်မှုကို ဆန့်ကျင်သူများ(အချို့) အသိအမှတ်ပြုလာကြသည်ပါ။ ယခုရေနံထုတ်ချမ်းသာနေသော အိုပက်နိုင်ငံများသည် လွန်ခဲ့သောရာစုနှစ်ကဗြိတိသျှအင်ပါယာနှင့် တနည်းတဖုံပါတ်သက်သူများချည်းဖြစ်၏။ ရှေးစွန်းစွဲသမားများသည် ဥတုရာသီအစွန်းရောက်ပြောင်းမှုကို လက်မခံပါ။ ယခုခေတ်တွင် မျက်မြင်ကြုံတွေများလာရကား အချို့လက်ခံလာပါ၏ သို့သော် ဤနှစ်ရာသက်တမ်းအတွင်းမဖြစ်သေးဟူ၍ ဆုံးဖြတ်ချက်/ပြင်ဆင်ရမည်များကို နှောင့်နှေးစေသူများဖြစ်လာကြပြန်သည်။
မည်သို့ဆိုစေ ဒူဘိုင်းမြို့တွင် အတည်ပြုချက်တချို့ချမှတ်နိုင်ခဲ့ပြီး သဘာဝဘေးဒဏ်ကျနိုင်ငံများကူညီရေးရန်ပုံငွေလည်း ထူထောင်နိုင်ခဲ့ကြသည်။ အစားထိုးမရှိသော ဤကမ္ဘာမြေအတွက် ကောင်းမွန်သော အရွေ့များဟူ၍အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ မည်သို့ဆိုစေ ထရမ့်သမ္မတအာဏာရပါလျှင် ဥတုရာသီသဘောတူညီချက်များအား အမေရိကားမှ နှုတ်ထွက်/ဖျက်ပစ်ဦးမည်ဖြစ်သတည်း။

“နတ်ဥာဏ်၏တက်ခေတ်”
၂၀၂၃သည် အေအိုင်ခေါ် ထိတွေ့စမ်းကြည့်၍မရသော နတ်ဉာဏ်၏ခေတ်စမ်းဖြစ်သည်။ ၂၀၂၄တွင် ကြီးများသောအပြောင်းအလဲများ လူမစွမ်းနတ်မသည်များဖြင့် နတ်ဥာဏ်၏တက်ခေတ်ကိုမြင်ကြရမည်။ စွမ်းရှိန်လွန်ကာ လူသားမျိုးနွယ်အား ဖျက်ဆီးပစ်လိုက်နိုင်မည်လောပင်မသိ၊ လူသားတို့၏ အစိုးရတို့သည် ကြံဖန်ဥပဒေများထုတ် နတ်ဥာဏ်မပေါက်ရေးအတွက် တားမြစ်ဆေးများထုတ်နေကြပြန်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက လူ၏ဒီအန်အေ ဗီဇများကိုလေ့လာကြရင်း ပြင်/ဖန်တီးခြင်းဖြင့်ဤသို့သော စူပါစွမ်းမျိုးမြင့်တင်လာနိုင်သည်ဟု ဖြစ်ဖူးသည်။ အစိုးရများလည်း ဥပဒေထုတ် ကန့်သတ်ချုပ်ချယ်ကြဖူးသည်။ ကမ္ဘာပျက်မပျက်တော့မသိ၊ သဘာဝလွန်စူပါလူသား ရုပ်ရှင်/စာအုပ်များ၏ ဘီလီယံချီစျေးကွက်ကြီးတော့ ဖြစ်ခဲ့သည်သာ။ ယခုမူ ဤသို့သောစာအုပ်/ရုပ်ရှင် ဖျော်ဖြေမှုများကို အေအိုင်က ထုတ်လုပ်ပေးမည်ထင်ရပါ၏။

ကိုဗစ်ရောဂါဖြစ်စေသည့် 0.1 μm အချင်းအရွယ်ပမာဏရှိသော SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်လေးသည် လူသားသန်းပေါင်း၈ထောင်ကို ကိုင်လှုပ်ခဲ့ပြောင်းခဲ့ လူ၇သန်းနီးပါးမျှသတ်ခဲ့နိုင်သည်။ သေဆုံးလူသားများခန္ဒာတွင်းရောက်နေသော ကိုရိုနာဗိုင်းရပ်စ်တို့ကိုပေါင်း၍ လက်နှင့်ကိုင်ဆုတ်ကြည့်လျှင် လက်တဆုတ်စာပင် ရှိမည်၊ ၂၀၂၀ မတ်လမှစ ကိုဗစ်ရောဂါသည် ၂၀၂၃ မေလတွင် WHOမှ ကမ္ဘာ့ကပ်အဖြစ်အဆုံးသပ်ခဲ့သည်ဖြစ်ကာ ၂၀၂၃သည် နလံထစအချိန်ဖြစ်၏။ ၂၀၂၄တွင် ကမ္ဘာ့စီးပွားရေး/လူမှုရေးတို့နလံထလာမည်ခန့်မှန်းနိုင်သည်။ ယူကရိန်း-ရုရှားစစ်နှင့် ယခုနှစ်အောက်တိုဘာမှ စ, ထဖြစ်သော အစ္စရေး-ဟာမားစ်စစ်ကြောင့် ကြီးစွာသော ထိခိုက်မှုများဖြင့် စီးပွားရေးလည်း မသေချာမရေရာသည့် အခြေသို့ပြန်ဆုတ်သည်။ စစ်ဟူသည် အချိန်မရွေးဖြစ်နိုင်သဖြင့် ၂၀၂၄အတွက် ဖြစ်လာလတ္တံ့သောစစ်ကြီးများရှိနိုင်ပါသည်။ ရောဂန္တရကပ်နောက်တခု လာနိုင်ချေရှိသော်လည်း ချိုင်းနား/အမေရိကား၏သတ္တန္တရကပ်(တတိယကမ္ဘာစစ်)မရောက်နိုင်သေးဟုဆိုကြသည်။
၂၀၂၄သည် ၂၀၂၃ထက်ပိုကောင်းမွန်သောနှစ်ဖြစ်မည်ဟု ကမ္ဘာလူသားအများစုက တွက်ဆိုထားပါသည်။ မြန်မာအတွက်လည်း ထိုနည်းလည်းကောင်းဖြစ်စေသတည်း။

https://www.ipsos.com/en-us/ipsos-global-predictions-2024