မြန်မာပြည် သတင်းဒိုင်ယာရီ February 2024

သင့်အေးရိပ်February 28, 20248min7610


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Feb 20 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ”ကို

မကြာခင်မှာ ပြန်လည် ဖွင့်လှစ်ရောင်းချသွားဖို့ ရှိနေပြီး ဆုကြေးငွေ
ကျပ် သန်း ၅၀၀ ထိ တိုးမြှင့် ထားကြောင်း သိရပါတယ်။ စစ်ကောင်စီကတော့ အဆိုပါ ထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို
တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ကြေညာထားပါတယ်။


ရန်ကုန်မြို့ကနေ စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်နဲ့ပြန်လာတဲ့ ခရီးသည် ၆ ရာ နီးပါး လေဆိပ်အရောက်မှာပဲ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရခိုင်မှာ တိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက ကုန်းလမ်းနဲ့ ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းကိုပဲ အားကိုးနေရတာပါ။


ချိုင်းနား-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေပေမဲ့ မြန်မာပြည်တွင်းက မြေရှားသတ္တုတွေကိုတော့ ချိုင်းနားက အလုံးအရင်းနဲ့ တူးဖော်သယ်ယူနေကြောင်း ကချင်ဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တု တူးဖေါ်ထုတ်လုပ်ရာမှာ ပြင်းထန်တဲ့ လုပ်ငန်းသုံး ဓာတုဆေးဝါးတွေလည်း သုံးတာကြောင့် သစ်တောပြုန်းတီးမှုနဲ့ သောက်သုံးရေ ရှားပါးတဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ဒေသခံတွေကြုံတွေ့နေရပါတယ်။

Feb 19 ။ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြားနဲ့ ၁၂ လမ်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ပတ်စပို့ရုံးမှာ နိုင်ငံကူးလက်မှတ် ပတ်စပို့ တန်းစီတိုးကြရာက လူအုပ်ပိ အသက်ရှူကြပ်ပြီး အမျိုးသမီး ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


စစ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်ကနေ ၂ဝ၂၄ ဖေဖော်ဝါရီ ၁၆ရက်အထိ တနိုင်ငံလုံးမှာ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄,၅၄၅ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းအရ သိရပါတယ်။

Feb 18 ။ ၂၀၂၄ ခုနှစ် ရွှေနဂါး ချိုင်းနားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံမှာ ကျင်းပရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး မြန်မာပြည်ရဲ့ ပြည်တွင်းရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စာမျက်နှာမှာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေတဲ့ ချိုင်းနားရဲ့ မိတ်ကောင်းဆွေမွန် ပီသမှုအတွက် အထူးကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်တွေ၊ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့(PDF)တွေဟာ မြန်မာပြည်ရဲ့ နယ်မြေဒေသ ၆ဝ % ကျော်ကို စိုးမိုးထားနိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ လက်ရှိ အာဏာသိမ်း ၃နှစ်ကျော်ကာလမှာ ခုခံတော်လှန်ရေးတပ်တွေဘက်က အင်အားကြီးလာနေပြီး၊ စစ်ကောင်စီကတော့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့လည်း ပြောပါတယ်။

Feb 17 ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မြို့ထဲက နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်း ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ရခိုင့်တပ်တော် အေအေကလည်း စစ်ကောင်စီတပ်ဟာ ဖက်ဆစ်စိတ်ဓာတ်နဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ရမ်းဗြဲမြို့ကို ရေကြောင်း၊ လေကြောင်း ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့မှာရှိတဲ့ မအီချောင်းတံတားနဲ့ ကျောက်ကြီးပေါက်တံတားတွေ မနေ့ညပိုင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရပါတယ်။ မအီချောင်းတံတားဟာ မအီမြို့နဲ့ အမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး ကျောက်ကြီးပေါက် တံတားကတော့ မအီမြို့နဲ့ ကျောက်ဖြူမြို့ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပါတယ်။

Feb 16 ။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းပြီးနောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို အဆင့်ဆင့် ဖွဲ့စည်းလာတာကြောင့် စစ်ထဲသွတ်သွင်းခြင်း မခံလိုတဲ့ လူငယ်တွေဟာ ပြည်ပထွက်ခွာဖို့ အလုအယက် ကြိုးစားနေကြပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ အလုပ်ခေါ်စာ(Demand Letter)တွေကို ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ခွင့်ပြုပေးထားကြောင်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။


မကွေးတိုင်းအတွင်း ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၆ အထိ တလခွဲအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ပါတယ်။

Feb 15 ။ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တနှစ်ကို အင်အား ငါးသောင်းနှုန်း ခေါ်ယူသွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အနည်းဆုံး ၁၃ သန်းရှိနေပြီး အဲဒီထဲက ခေါ်ယူသွားမှာလို့ ဆိုပါတယ်။ ဒီ စစ်မှုမထမ်းမနေရစနစ်ကို ရေရှည်ရည်ရွယ်ထားတဲ့အတွက် ပြည်ပမှာ ပညာသင်ကြားနေသူတွေလည်း ပညာရေး ဆုံးခန်းတိုင်ပြီးရင် စစ်မှုထမ်းဆောင်ရမယ်လို့ ပြောပါတယ်။


မန္တလေးမြို့ပေါ်မှာ ရခိုင်မုန်းတီးရေး လှုံ့ဆော်စာတွေကို အများပြည်သူပိုင် နေရာတွေမှာ ကပ်ထားတဲ့ပုံတွေ ပျံနှံ့နေပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်တချို့မှာလည်း လူမျိုးရေးပဋိပက္ခ လှုံ့ဆော်စာတွေ ကပ်လာတာ တွေ့ရပါတယ်။

Feb 14 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြန်မာစစ်တပ်ဘက်က တိုက်ပွဲမှာကျဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ၊ တပ်ကထွက်ပြေးသူတွေနဲ့ လက်နက်ချသူ စုစုပေါင်း ၂၁,၀၀၀ လောက် ရှိကြောင်း ဝါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေးသုတေသနအဖွဲ့(USIP) က ခန့်မှန်းထားပါတယ်။


မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိတ်ပူသလို၊ ဆေးဝါး ကုသခွင့်ရဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဖိအားပေးစေချင်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။ မိခင်နဲ့ ဖုန်းပြောခွင့်ရဖို့လည်း ဆက်လက် ကြိုးစားနေကြောင်း ကင်မ်က ပြောပါတယ်။

Feb 13 ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်အပြင် Y-12 ထောက်ပို့လေယာဉ်နဲ့ပါ ဗုံးအလုံး ၁၃၀ ကျော် ကြဲခဲ့ကြောင်း (AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရမ်းဗြဲမြို့ခံ တသောင်းကျော်ကတော့ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး လက်နက်ကြီး ပစ်သံတွေနဲ့ မြို့တွင်းမှာ မီးခိုးတွေထွက်နေတာ မြင်တွေ့နေခဲ့ရပါတယ်။


ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေယာဉ် ၅ စင်းကို ဖေဖော်ဝါရီလ ၇ ရက်ကနေ ၁၃ ရက်အထိ၊ တပတ်အတွင်း နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး ကျောက်တော် စတဲ့မြို့တွေကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားပြီး လက်ရှိမှာတော့ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။


စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ စစ်မှု မထမ်းမနေရ ဥပဒေကို လိုက်နာဖို့မလိုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်ပွဲအတွင်း ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ရည်ရွယ်ချက်ရှိစွာ ဒီဥပဒေပြဋ္ဌာန်းလာတာလို့ ‌NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Feb 12 ။ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်(၅၄) သမိုင်းဝင်နေအိမ်ကို ကျပ်သိန်းပေါင်း သုံးသန်းကျော်(US ဒေါ်လာ သန်းကိုးဆယ်နီးပါး)နဲ့ မတ်လ ၂၀ ရက်နေ့မှာ လေလံတင်ရောင်းချဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဒီလေလံမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြမ်းခင်းစျေးအတိုင်း ဦးစွာ ဝယ်ယူခွင့်တော့ ရှိတယ်လို့ ဆိုပါတယ်။


ကာကွယ်ရေးအင်အား လိုအပ်လာတဲ့အတွက် ပြည်သူ့စစ်မှုထမ်းစနစ် ဖော်ဆောင်တာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီပိုင် မီဒီယာတွေကနေ ပြောပါတယ်။

Feb 11 ။ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဟာ အခုနှစ်မှာ ကျရောက်တဲ့ ချိုင်းနား နဂါးနှစ်အတွင်းမှာပဲ ပြီးပြတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း မြောက်ပိုင်းညီနောင် သုံးဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့၆ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပါတယ်။


၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အထိနာခဲ့တဲ့ စစ်ဆင်ရေးဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်တပ်စခန်းတွေနဲ့ မြို့တွေကို အများဆုံး စွန့်လွှတ်ခဲ့ရပြီး ဒီစစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသက မြို့နယ် ၁၆ မြို့နယ် အပါအဝင် တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတဲ့ မြို့နယ်ပေါင်း ၄၀ ကျော်အထိ ရှိခဲ့ပါတယ်။


စစ်အာဏာသိမ်းတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဒီဇင်ဘာလအထိ သုံးနှစ်နီးပါးကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၃၆ ဦး သေဆုံးခဲ့ကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အရပ်သား ၈၇၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Feb 10 ။ ချိုင်းနားကို ဖရဲသီးတင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ဖရဲများအရည်အသွေးကျဆင်းတဲ့အပြင် ခရီးစရိတ်ပိုကုန်တာကြောင့် တောင်သူတွေနဲ့ ကုန်သည်‌တွေ အရှုံးပေါ်နေကြောင်း သစ်သီးပို့ ကုန်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။


ရန်ကုန်တိုင်းထဲက တာမွေ၊ ဗဟန်းနဲ့ တခြားမြို့နယ်တွေမှာရှိတဲ့ ရခိုင်ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေပြီး ဧည့်သည် လက်ခံမထားဖို့ သတိပေးထားကြောင်း ရခိုင်ဘုန်းကြီးကျောင်းတွေမှာ ခေတ္တတည်းခိုနေထိုင်သူတွေဆီက သိရပါတယ်။

Feb 09 ။ လေယာဉ်မပျံသန်းရ(No Fly Zone) သတ်မှတ်ပေးဖို့ ပါဝင်တဲ့ အချက် ၄ ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)တို့က နိုင်ငံတကာကို ပူးတွဲတောင်းဆိုလိုက်ပါတယ်။


နယ်စပ်ဒေသတွေကနေ တရားမဝင်လာရောက်နေထိုင်တဲ့ ချိုင်းနားနိုင်ငံသား ၄၈,၈၀၃ ဦးကို ချိုင်းနားဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား ၂၀ ဦးနဲ့ လာအိုနိုင်ငံသား ၁၈ ဦးတို့ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

Feb 08 ။ မြန်မာပြည်မှာ ၂၀၂၁၊ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချမှု၊ မြန်မာလူထုရဲ့ဆန္ဒသဘောထားကို ငြင်းပယ်မှုတွေဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေရုံသာမက US ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကိုပါ ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုဖြစ်စေတာကြောင့် သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ချက်ကို အိမ်ဖြူတော်က နောက်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။


ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တချို့ဟာ စက်သုံးဆီတွေကို မော်တော်ယာဉ်တွေအတွက် ဈေးနှုန်းတမျိုး၊ ပုံးခွံ၊ ပေပါတွေအတွက် ဈေးနှုန်းတမျိုးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

Feb 07 ။ မကွေးတိုင်း၊ ယောဒေသကာကွယ်ရေးတပ်(YDF) ရဲဘော် ၂ ဦးကို စစ်ကောင်စီလက်အောက်ခံ ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းကျေးရွာက ပျူစောထီးတွေက ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ယက်မီဒီယာတွေမှာ ထွက်ပေါ်လာပါတယ်။ ဖမ်းဆီးခံရသူ ၂ ဦးကို သံကြိုးနဲ့တုပ်၊ ကားနဲ့ဆွဲခေါ် နှိက်စက်ပြီးနောက် သစ်ပင်မှာ သံကြိုးနဲ့ချည်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာပါ။


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ဒေသခံတွေ တူးထားတဲ့ ဗုံးခိုကျင်းတွေကို စစ်ကောင်စီတပ်က မြေပြန်ဖို့ခိုင်းပြီး ထပ်မတူးဖို့ ခြိမ်းခြောက်နေတဲ့အပြင် ဗုံးခိုကျင်းတွေ့ရင် ဒဏ်ငွေပါ ဆောင်ခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။


၂၀၂၄၊ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၄၅၀၀ ဦး သေဆုံးခဲ့တဲ့အပြင် နောက်ထပ် အတည်ပြုလို့ မရသေးတဲ့ အသတ်ခံရသူ ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

Feb 06 ။ လက်နက်ကိုင်ခုခံသူတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် မြေပြင်ထိုးစစ်မှာ အားနည်းလာတဲ့စစ်ကောင်စီတပ်ဟာ အာဏာဆက်လက်တည်မြဲရေးအတွက် လေကြောင်းနဲ့ လက်နက်ကြီးအပေါ် မှီခိုအားထားလာပြီး ဇန်နဝါရီလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၄၉ ဦး သေဆုံးပြီး ၂၆၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


မြန်မာပြည်ကနေ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရောင်းချမှုဟာ ၂၀၂၃၊ ဧပြီလကနေ ၂၀၂၄ ဇန်နဝါရီအထိ ၁၀ လအတွင်း စုစုပေါင်း တန်ချိန် ၁ ဒသမ ၁ သန်းကျော်သာ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၇၄၀၀၀၀ ကျော် လျော့ကျခဲ့တာပါ။


ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပိုပြင်းခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလကုန်ပိုင်းကစပြီး ချိုင်းနားနဲ့ ထိုင်းနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားခဲ့ပြီးနောက် ငရုတ်စျေးတွေကျသွားကြောင်း တောင်သူတွေကပြောပါတယ်။ ဧရာဝတီတိုင်းကထွက်တဲ့ ငရုတ်သီး အမှည့်အစိုဟာ ချိုင်းနားကို အဓိကတင်ပို့ပြီး ငရုတ်သီးခြောက်ကိုတော့ ချိုင်းနားအပြင်၊ အိန္ဒိယကိုပါ ပို့နေတာဖြစ်ပါတယ်။

Feb 05 ။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ တနင်္သာရီလမ်း၊ (ပ)ဝင်းထဲမှာ ယနေ့မနက်ပိုင်း မီးလောင်ခဲ့တာကြောင့် ၃ဦး မီးလောင်သေဆုံးပြီး ကားဂိတ် ၇ ဂိတ် ပျက်စီးခဲ့ပါတယ်။


ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်း ဒေါဆီအီကျေးရွာ စာသင်ကျောင်းနဲ့ လွိုင်နန်းဖကျေးရွာ စာသင်ကျောင်း ၂ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်တာကြောင့်
ကလေးသူငယ်အပါအဝင် ၅ဦး သေဆုံးပြီး ဆရာ၊ ဆရာမ အပါအဝင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခုတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ တိုက်ပွဲမရှိတဲ့နေရာဖြစ်တာမို့ ရွာသူရွာသားတွေရော စစ်ပြေးဒုက္ခသည်တွေပါ သောင်းနဲ့ချီ နေထိုင်ကြပါတယ်။

Feb 04 ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အယောက် ၇၀ နီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုဝင်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။


လွိုင်ကော်အကျဉ်းထောင်ကနေ ယခုနှစ် လွတ်ငြိမ်းချမ်းသာခွင့် ရထားတဲ့ နိုင်ငံရေးအကျဉ်းသား ၆ ယောက် အပါအဝင် စုစုပေါင်း အကျဉ်းသား ၂၀ ဟာ ဆက်လက်ထိန်းသိမ်းခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်နဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးတို့က သတင်းထုတ်ပါတယ်။

Feb 03 ။ စစ်အာဏာသိမ်းပြီး ၃နှစ်အတွင်း ချင်းပြည်နယ်ရဲ့ နယ်မြေ ၇၅ % ကို ချင်းအမျိုးသာကာကွယ်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က အစီရင်ခံစာ ထုတ်ပါတယ်။ အာဏာသိမ်းပြီး ၃နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်အတွင်း လူ ၆၁၈ ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၁၀၈ ခုနဲ့ အရပ်သားနေအိမ် ၂၁၅၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ချင်းပြည်နယ်နဲ့ ချင်းအမျိုးသားတွေ နေထိုင်တဲ့ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအကြား ချင်းအမျိုးသား ၁၄၄ ယောက်ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ၉ ယောက်ကတော့ သတ်ဖြတ် ခံခဲ့ရကြောင်း ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

လူဦးရေ ၅ သိန်းလောက်ပဲရှိတဲ့ ချင်းအမျိုးသားတွေအဖို့ ဒီအရေအတွက်ဟာ ၀ ဒသမ ၁၂ % (ပျမ်းမျှ လူ ၁၀၀၀ မှာ ၁ ယောက်သေဆုံး) ဖြစ်လို့ စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်း ချင်းပြည်နယ်နဲ့ ချင်းအမျိုးသားတွေရဲ့ လူနေမှုဘဝဟာလည်း ပိုဆိုးလာနေပါတယ်။

Feb 02 ။ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်းက အကူအညီလိုနေသူတွေကို ငွေကျပ်(၅.၁၂)ဘီလီယံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ကြောင့် နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရသူတွေ၊ အသက်ဆုံးရှုံးသူတွေရဲ့ မိသားစုဝင်တွေ၊ အကူအညီလိုနေတဲ့ မသန်စွမ်းတွေ၊ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ၊ သဘာဝဘေးဒဏ်ခံရသူတွေ ကိုထောက်ပံ့ကူညီပေးခဲ့တာလို့ ဆိုပါတယ်။


၂၀၂၄ အတွင်း မြန်မာပြည်ထဲက ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီ ပေးဖို့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက မကြုံစဖူး US ဒေါ်လာ သန်းတထောင်နီးပါး(ဒေါ်လာ ၉၉၅ သန်း) အကူအညီ တောင်းခံထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA က ပြောပါတယ်။ US ကတော့ မြန်မာပြည်တဝန်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ဒေါ်လာ ၃၁၇ သန်းကျော် ထောက်ပံ့ပေးထားကြောင်း ပြောပါတယ်။


မြန်မာပြည်မှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီကနေပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ဒီအစိုးရအဖွဲ့သစ်ထဲမှာ ဝန်ကြီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် ၃ ဦးအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ ဖြစ်ကြပါတယ်။

Feb 01 ။ စစ်အာဏာသိမ်း ၃နှစ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၄၅ ဦးကတော့ ဖမ်းဆီးခံခဲ့ရကြောင်း NUG ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။


ရန်ကုန်မြို့မှာ စစ်အာဏာသိမ်း ၃နှစ် ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုတွေကို လမ်းမပေါ် ဓာတ်ပုံမှတ်တမ်းယူနေတဲ့ လူငယ်၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။


ဒီနေ့ အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုတွေကို ရန်ကုန်အပါဝင် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းနဲ့ နေရာအနှံ့ ပြုလုပ်ခဲ့ကြသလို စစ်ကောင်စီဘက်ကလည်း တန်ပြန်ဆန္ဒပြပွဲတွေ လူစုပြီး ပြုလုပ်ခဲ့ပါတယ်။

Jan 31 ။ နိုင်ငံရေးစာပေထုတ်ဝေပုံနှိပ်တဲ့တိုးမြစ်စာအုပ်တိုက်နဲ့ လပြည့်လင်းပုံနှိပ်မီဒီယာတိုက်တို့ကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြာရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် လိုင်စင်တွေ ပိတ်လိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေမီဒီယာတွေတိုက်တွေကို စစ်ကောင်စီက လိုက်ပိတ်နေတာ ၃၀ ကျော်လောက်ရှိနေပြီလို့ စာပေထုတ်ဝေသူတွေနဲ့ ဖြန့်ချိသူတွေက ပြောပါတယ်။


ရန်ကုန်တိုင်း မြို့နယ် ၃ ခုမှာ ဗုံးခြောက်လုံးပေါက်ကွဲခဲ့ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းမီးပွိုင့်အနီး စစ်ကောင်စီတပ်စွဲထားတဲ့ လျှပ်စစ်မီတာ ရုံးမှာ ၃ကြိမ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကန်အနောက်ရပ်ကွက်က စစ်ကောင်စီတပ်စွဲထားတဲ့ သစ်စက်မှာ ၂ကြိမ်နဲ့ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်(၅)လမ်းထိပ်မှာ ကားတွေတားပြီး စစ်ဆေးမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီယာဉ်ထိန်းရဲတွေအနီးမှာ ၁ကြိမ်၊ စုစုပေါင်း ၆ ကြိမ် ပေါက်ကွဲခဲ့တာပါ။

Jan 30 ။ အကယ်ဒမီ မီးလင်းရွှေ ၁ကျပ်သားကို ၃,၈၆၀,၀၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။ စစ်အာဏာမသိမ်းခင်က ရွှေ ၁ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ US ၁ဒေါ်လာကို ၁၃၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ပြီး ယခုတော့ ဒေါ်လာဈေးနှုန်းဟာလည်း ၁ ဒေါ်လာ ၃၅၁၀ ကျပ်ထိ မြင့်တက်နေပါတယ်။


ရခိုင်ပြည်နယ်က မြို့နယ်အားလုံးမှာ ဇန်နဝါရီ ၁၆ ရက်ကစပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ကာ သတင်းအမှောင်ချထားခံရတာကြောင့် စစ်ဘေးဒုက္ခသည် ကူညီရေးအပြင် ငွေလွှဲ၊ ငွေထုတ် ကုန်သွယ်ရေးစီးဆင်းမှု အားလုံးနီးပါး ရပ်ဆိုင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Jan 29 ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာ ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးရဟတ်ယာဉ် Eurocopter 365 မှာ ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ၅ဦး သေဆုံးခဲ့ပြီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပါတယ်။


စစ်အာဏာရှင်တွေဟာ မြေပြင်အခြေအနေမှာ ရှုံးနေပြီဖြစ်တာကြောင့် နိုင်ငံတကာကို အဖွဲ့ပြောင်း၊ လူပြောင်းစနစ်နဲ့ ပုံဖော်လုပ်ဆောင်မှုတွေရှိလာမဲ့ အနေအထားရှိကြောင်း စစ်ကောင်စီရဲ့အခြေအနေကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

Jan 28 ။ နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ပထမဆုံးအကြိမ် မိသားစုဆီရေးတဲ့ စာ၁စောင် လက်ခံရရှိကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ မိသားစု သာကြောင်း၊ မာကြောင်းစာ ဖြစ်ပြီး မိသားစုဝင်တွေ အားလုံးကို ချစ်တဲ့အကြောင်းနဲ့ သူကိုယ်တိုင်လည်း ကြံ့ကြံ့ခံလျှက်ရှိကြောင်း ရေးထားပါတယ်။ အသက်အရွယ်ကြောင့် အရင်တုန်းကလောက် ကျန်းမာရေး မကြံ့ခိုင်တော့ပေမဲ့ စိတ်ဓာတ်ကတော့ မာကျောနေတုန်းပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရေးထားပါတယ်။


US က မကူညီလည်း တော်လှန်ရေးက ဆက်ရှိနေမှာဖြစ်ပြီး တကယ်လိုလို့ လုပ်နေတဲ့ တော်လှန်ရေးဆိုတာ နိုင်ငံတကာသိအောင် သတင်းစကား ပေးသွားမှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

Jan 27 ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အရောင်းအဝယ် လုပ်သူ အားလုံး အရေးယူခံရမယ်လို့ NUG သမ္မတရုံးက သတိပေးပါတယ်။ ၂၀၂၂ စက်တင်ဘာလထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ပိုင်ဆိုင်တာ၊ ရောင်းချတာ၊ ဖျက်ဆီးတာနဲ့ ပုံစံပြောင်းတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။


စစ်တပ်ကို သတင်းပေးဖို့ ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်း သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဟာ ဧရာဝတီတိုင်း၊ ပဲခူတိုင်းနဲ့ နေပြည်တော် အစရှိတဲ့ ဒေသတွေက ကျေးရွာတွေမှာ ပြည်သူ့စစ် သင်တန်းအတွက် အတင်းအဓမ္မ လူစုဆောင်းနေပါတယ်။

Jan 26 ။ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမှာ Special Rupee Vostro Account (SRVA)ကို အသုံးပြုပြီး ကျပ်နဲ့ ရူပီး တိုက်ရိုက်ပေးချေတဲ့စနစ်ကို ဖေဖော်ဝါရီလမှာ စတင် အကောင်ထည်ဖော်မယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။ လက်ရှိ မြန်မာ – ချိုင်းနား နယ်စပ်ကုန်သွယ်ရေးမှာ ကျပ်နဲ့ ယွမ်၊ မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ကျပ်နဲ့ဘတ် တိုက်ရိုက်ပေးချေပြီး ကုန်သွယ်မှုတွေ ပြုလုပ်နေကြပါတယ်။


ဧရာဝတီတိုင်းမှာ ယခုနှစ် ဇန်နဝါရီလအတွင်း လေပြင်းတိုက်၊ ကမ်းပါးပြိုတာ အပါအဝင် သဘာဝဘေး ၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူအယောက် ၃၀၀ ကျော် သဘာဝဘေးဒဏ် ခံစားခဲ့ရကြောင်း သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

Jan 25 ။ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းနဲ့ ကျိုက်လတ်မြို့နယ်က ရွာတွေမှာ ဇန်နဝါရီလကစပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ မဲနှိုက်ရွေးချယ်တာရှိသလို မလိုက်နိုင်သူတွေကို ငွေ ၁၀သိန်း တောင်းယူတာအထိ ​ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်က ပျားမွတ်လျှော်ချောင်းအုပ်စု၊ ဘုရားချောင်း ကျုံလတာအုပ်စု၊ ဖိုးသာအေးအုပ်စု အပါအဝင် ကျေးရွာအုပ်စု ၅ခုလောက်မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ၁ရွာကို ၃ဦး မဲနှိုက်ရွေးချယ်တာပါ။


စစ်အာဏာသိမ်းထားတဲ့ ၃နှစ်နီးပါး ကာလအတွင်း သေဒဏ်နဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အမျိုးသမီး ၃၉၈ ယောက်ရှိပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးနယ်မြေတွေ အများအပြား သတ်မှတ်ခဲ့ပြီး ဖမ်းဆီးခံရသူ အများစုကိုလည်း စစ်ခုံရုံးတွေမှာပဲ တရားစွဲဆို စီရင်ချက်ချခဲ့ပါတယ်။

Jan 24 ။ ၂၀၂၁ ဖေဖော်ဝါရီကနေ ပြီးခဲ့တဲ့လအထိ အများပြည်သူ သိနိုင်ခွင့်ရှိတဲ့ ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံတွေကို လေ့လာဆန်းစစ်ချက်တွေအရ လက်ရှိထောင်တွေမှာ အဆောက်အဦးသစ်တွေ၊ အနီးအနားမှာ တိုးချဲ့တာတွေအပြင်၊ အကျဉ်းထောင်အသစ် ဆောက်လုပ်တာတွေ တွေ့ရကြောင်း ဗြိတိန်အခြေစိုက် Center for Information Resilience ရဲ့ Myanmar Witness အဖွဲ့က ပြောပါတယ်။