“မြန်မာဂဇက်အယ်ဒီတာ့သင်ပုန်း – ဖေဖော်ဝါရီ ၂၀၂၄”

kaiFebruary 27, 20243min3700

ဖေဖော်ဝါရီသည် မြန်မာသမိုင်းအတွက် မှတ်တမ်းကျန်ရစ်မည့်လဖြစ်သည်။ ၁ရက်နေ့ စစ်အာဏာသိမ်း ၃နှစ်ပြည့်အပြင် ၂၀၁၀ နအဖလက်ထက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေပြဋ္ဌာန်းသွားသော စစ်မှုထမ်းဥပဒေကို လက်ရှိအာဏာသိမ်းစစ်ကောင်စီမှ ချိုင်းနီးစ်နှစ်ကူး ၁၀ရက်နေ့တွင် အသက်သွင်းလိုက်သောလဖြစ်၍ပါ။

စစ်မီးသည် မြန်မာတို့၏အိမ်တိုင်းတံခါးဝသို့ရောက်လာခဲ့ပါပြီ။ “ပြည်သူ့စစ်မှုထမ်းဥပဒေ”အသက်ဝင်လာခြင်းကို သတင်းသမားရှု့ထောင့်မှ ဖြစ်နိုင်ခြေ/ဖြစ်ခြေ ၄ချက်ထား သုံးသပ်ကြည့်ပါမည်။

“(၁) ပြုန်းတီးလျော့ကျနေသော စစ်သည်အင်အားကိုဖြည့်စည်းရန်”

မြန်မာ့တပ်မတော်သည် Global Firepower (GFP 2024)စာရင်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅တွင် အဆင့်၃၅နှင့် စစ်သည်အင်အား၃သိန်းမှ ၄သိန်းထိရှိနိုင်သည်ဆိုသည်။ အချို့မှာအင်အားဤမျှလောက်မရှိ၊ လက်ရှိ ၁၅၀၀၀၀တွင် တိုက်ခိုက်ရေးစစ်သည် ၇သောင်းခန့်ဟုသာဆိုသည်။ Justice For Myanmar မှ JUNE 14, 2022ရေးသားသတင်းတွင် စစ်တပ်သုံး Mytelဆဲလ်ဖုံးမှတဆင့်ကိုယ်ပိုင်နံပါတ်နှင့်ကောက်ယူစာရင်းအရ တပ်စခန်းပေါင်း၃၇၉တွင်းအင်အား ၃၈၆၅၀၀ဟုဆိုထားသည်။ Mytel၏နက်ဝပ်သည်ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏Viettel နှင့်ဖက်စပ်ဖြစ်ပြီး ဗီယက်နမ်တွင်မည်သည့်ဆက်သွယ်ရေးပစ္စည်းများသုံးစွဲသည်မသိရသော်လည်း မြန်မာစစ်တပ်သည် ချိုင်းနားထုတ် ဆက်သွယ်ရေးပစ္စည်းများအများစုနှင့် ရုရှားလုပ်စက်အချို့သုံးပေရာ အမေရိကားနှင့်အနောက်နိုင်ငံများ၏ထောက်လှမ်းရေးများကထွင်းဖေါက်ဝင်ရောက်သိနိုင်သည်ချည်းဖြစ်ပါ၏။ အဆိုပါသတင်းသည် ပေါက်ထွက်လာသော “အောင်တံခွန်”အစီအစဉ်မှတဆင့်နောက်ယောင်ခံလိုက်၍ရသော ဒေတာ(အချက်အလက်)ဖြစ်သည်။ ၂၀၂၃ ဇွန်လ The Economistသတင်းတွင် PDF တပ်ဖွဲ့ပေါင်း ၃၀၀ကျော်တွင် အင်အား ၆၅၀၀၀ခန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အစု၂၀၏ပေါင်းခန့်မှန်းအင်အား ၁သိန်းဟုဆိုထားသည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေ”နှင့်ရှေ့ဆင့်နောက်ဆင့်ဆိုသလို စစ်မှုထမ်းဟောင်းများအား စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည့် “အရန်တပ်ဖွဲ့ဥပဒေ”ကိုလည်း ထုတ်ပြန်အသက်သွင်းခဲ့သည်။

လွတ်လပ်သော အဖွဲ့အစည်းတခု၏ပြုစုစာရင်းအရ အာဏာသိမ်း၃နှစ်ကာလအတွင်းပြုန်းတီး(ကျဆုံး/တပ်ပြေး)အင်အားမှာ ၃သောင်းကျော်ဟုဆိုထားပေရာ စစ်တပ်ပြန်ကြားရေးထုတ်ပြန်ချက်အရ သင်္ကြန်ပိတ်ရက်များအပြီးမှစ၍ တလ၅၀၀၀မျှဖြင့် နှစ်စဥ်ခေါ်ယူသွားမည်ဖြစ်ပြီး နောင်အစိုးရအဆက်ဆက်အထိ ဆောင်ရွက်သွားမည့်ရေရှည်စီမံချက်ဟု ဆိုထားပေရာတနှစ် ပျမ်းမျှ ဦးရေ၆သောင်းနှုန်းရှိနေသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်း ခေါင်စာရင်းကောက်ယူထားချက်များနှင့် အာဏာသိမ်းပြီးနောက်မှ အချို့ဒေသများတွင် စနစ်တကျစိစစ် ကောက်ခံထားမှုများအရ အသက်တမ်းဘောင်ဝင်သူများမှာ အမျိုးသား ၆.၃သန်း၊ အမျိုးသမီး ၇.၇သန်း၊ ပေါင်း ၁၃သန်းခန့်ရှိသည်။ ( နောက်ပိုင်းတွင် အမျိုးသမီးများမပါသေးဟုဆိုပြန်သည်)

ပျူစောထီး ပြည်သူ့စစ် NCA လက်မှတ်ထိုးထားဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် သာသနာပိုင်ဆရာတော်ကြီးကိုယ်တိုင်နှုတ်မှဖွင့်ဟခွင့်ပြုထားသော အင်အားလေးသိန်းကျော်သံယာအင်အား အရံအင်အားရှာနိုင်သော/ရှိနေသော စစ်တပ်သည် စစ်သည်အင်အားထပ်မံစုဆောင်းရန်လိုပါသလော?

စစ်ကောင်စီတပ်သည် သူ၏တပ်တွင်းမိသားစုဝင် အမျိုးသမီးနှင့် ဆယ်ကျော်သက်များမကျန်အား လက်နက်တပ်ဆင် လေ့ကျင့်ပေးပြီးသားဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရသိကြရသည်။

တပ်ရင်းလိုက်ပြုတ်/ပြေးနေသည်များရှိသော်လည်း ရဲဘော်သုံးကျိတ် BIA စတည်ထောင်သည့် ၁၉၄၁ မှစ၍ အနှစ်၈၀ကျော် မရပ်မနားတိုက်ပွဲဝင်စစ်ရည်ဝနေသော စစ်တပ်အားလျှော့တွက်၍မရပေ။

စစ်တို့၏ဗျူဟာဘုရားတဆူဖြစ်သောSun Tzu ဗျူဟာတွင် “Know thyself and know thy enemy,”ဟုဆိုပါသည်။

“(၂) စစ်အာဏာရှင်အုပ်ချုပ်ရေးယန္တယားအတွင်းရှိ ဝန်ထမ်းဘက်သားများ လာဘ်စားခွင့်ရရန်”

ဥပဒေထုတ်ပြန်ပြီး လုပ်ထုံးများပင်စနစ်တကျမရှိသေး ဆိုရှယ်မီဒီယာများတွင် မြန်မာပြည်တွင်း၌လူပျောက်ကျော်ငြာ ပေါ်တာအဆွဲခံရသည်များခပ်စိတ်စိတ်တွေ့ကြရသည်။

ပေါ်တာဆွဲကာ အလုပ်ကြမ်းလုပ်ခိုင်း လူသားဒိုင်းလုပ်ခိုင်း မိုင်းနင်းခိုင်းခြင်းမျိုးတို့သည် တိုင်းရင်းသားလူမျိုးစုများကြားတွင် ရိုးနေသည့် စစ်တပ်လုပ်နည်းပါ။ အကြောက်တရားကို ပြနင်း၍ လက်နက်နှင့်အနိုင်ကျင့်ခြင်းသာ။

အာဏာသိမ်းနှစ်ကြာလာသည်အမျှ တိုင်းပြည်စီးပွားရေးလည်း စီးပွားရေးပိတ်စို့အရေးယူများနှင့်အတူ ချွတ်ခြုံကျလာရကား ရန်ပုံငွေဘက်ဂျက်မလောက်ငှသော စစ်ကောင်စီသည် သူ့၏အောက်ခြေပိုင်းဆဲလ်များမှသည် အထက်ပိုင်းအထိကို ကျနေသောစိတ်ဓာတ်မြှင့်တင်ပေးရန် အာဏာပါဝါရှိပါကြောင်းစိတ်ကြီးဝင်လာစေရန် ငွေရပေါက်ဖန်တီးပေးရင်း လာဘ်ပေးယူမှုကြီးစွာဖြစ်၍ စာရိတ္တပျက်သွားကြရန်လည်းရည်ရွယ်ပုံရသည်။ စစ်ထဲလိုက်လျှင် အသက်နှင့်ရင်းရမည်ကိုသိကြရသော မိဘအုပ်ထိန်းသူတို့မှာ မိမိတို့၏ရင်သွေးဆွေမျိုးများ ပါမသွားစေရန် သိန်းဆယ်ဂဏန်းလည်းဟုတ် ရာဂဏန်းလည်း ပုံပေးရမည်ဖြစ်ပါလေသတည်း။

“(၃) စစ်ရှိန်လျှော့ကျသွားစေရန်”

လက်ရှိအခြေအနေများအရ စစ်တပ်နှင့်ရဲဝင်းများ စစ်ကြောင်းများကို ‌တော်လှန်ရေးဖက်သားများကတိုက်ခိုက်ကြရာတွင် မကောင်းသူထိပ်ကောင်းသူထိပ် ဒရုန်းဗုံးချခြင်း မိုင်းခွဲခြင်းများ လွတ်လပ်စွာပြုလုပ်နိုင်သည်။ ရန်ငါစည်းပြတ်နေသည် မဟုတ်ပါလား။ ယခုကဲ့သို့ အရပ်သားများအား အတင်းအကြပ်စစ်မှုထမ်းခိုင်းစေခြင်းအတွက် အဆိုပါစစ်ဆင်ရေးများမှာ အတွင်းအပြင်လူများအား ထည့်သွင်းစဉ်းစားစရာဖြစ်သွားနိုင်သည်။ ဆွေမျိုးမောင်နှမရွာသူားရှိသည်မသိသည်မူ၍ အချင်းချင်းပြန်သတ်နေရသည့်သဘောဖြစ်သွားနိုင်သည်။ ယခုဖြစ်နေသည်မှာ နိုင်ငံတွင်းလူမျိုးစုတူအချင်းချင်းပြည်တွင်းစစ်မဟုတ်ပါလော။

အာရုံများကာ မူလရည်ရယ်ချက် စစ်အာဏာရှင်ပြုတ်ကျဖျက်သိမ်းရေးကို ထိခိုက်နိုင်သည်။ ပျောက်ကြားစစ်၏အဓိကအားသာချက်ကိုထိခိုက်ပါသည်။

ဆော်လမွန်ဘုရင်ကြီး၏ မိခင်တို့သားလုခန်းဖြတ်ထုံးကိုသတိရစရာ၊ မိခင်ရင်းသည် သားကို၂ပိုင်းမဖြတ်ရဲပါ။

“(၄) လာမည့်ကြားခံပရော့စီစစ် (သို့)ကမ္ဘာစစ်ကြီးအတွက်ပြင်ဆင်ရန်”

၂၀၂၂ ဧပြီလအတွင်းက နယူးယောက်မြို့တွင် ဂျပန်ယာကူဇာဖြစ်သူ တကဲရှိ အဲဘိဇဝါကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးမှုဖြင့် ဆွဲချက်တင်ခဲ့သည်။ ထိုမှ ၂နှစ်ခန့်အကြာ ဖေဖော်ဝါရီ ၂၂တွင် နယူးယောက်တရားရုံးမှာ နျူကလီးယားလက်နက်အဆင့် ယူရေနီယံများအား ရောင်း၍လက်နက်ဝယ်ယူရန်ကြိုးစားသည်မူ၍ အဆင့်မြှင့်ပြစ်ချက်တင်လိုက်ပေရာ အထိမခံသည့် နှူကလီးယားနှင့် အီရန်ပြည်ဗိုလ်ချုပ်တို့ပါလာသဖြင့် အမေရိကား၏အမျိုးသားအကျိုးစီးပွားနှင့်လုံခြုံရေးနှင့်တိုက်ရိုက်သက်ဆိုင်လာသည့်ပုံဖေါ်လာသည်။ အချက်အလက်များရှာ၍ အဖြစ်အပျက်များအားချရေးကြည့်ပါအံ့။

ဖိလစ်ပိုင်ရွေးကောက်ခံသမ္မတမှ အမေရိက၏စစ်စခန်းသစ် ၄ခုကိုလက်ခံလိုက်တို့ခြင်း ထိုင်ဝမ်သမ္မတရွေးပွဲတွင် တွဲရေး/ခွဲရေး၌ ချိုင်းနား၏တွဲရေးလက်လွတ်လိုက်ရခြင်းတို့ဖြင့် တောင်ဖက်ချိုင်းနားပင်လယ်ပြင်ဒေသဝယ် စိုးမိုးမှုကျသွားနိုင်သော ချိုင်းနားသည် သူ၏စွမ်းအင်ရင်းမြစ် အရှေ့အလယ်ပိုင်းနှင့်နီးရာ ပင်လယ်ထွက်ပေါက်အတွက် CMEC (China-Myanmar Economic Corridor)လမ်းကြောင်းရှင်းရန် အင်အားသုံးပြင်ဆင်လာသည်ဆိုပါစို့၊ သို့နှင့် ၁၀၂၇ စစ်ဆင်ရေးကြီးဖြစ်ပါသည်ဟုဆိုလျှင် မှားအံ့သလော။

စစ်ဆင်ရေးကြီးမှာ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်မှုအကြောင်းပြထားသော်လည်း ၂၀၂၃ နိုဝင်ဘာက APEC တွင် အမေရိကားနှင့်ချိုင်းနားသမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးချက်အရကောက်လျှင် အမေရိကားပြည်တွင်း၌လူသိန်းချီနှစ်စဉ်သေစေနေသည် ဘိန်းအဆင့်မြင့်‌မူးယစ်ဆေးဝါး fentanyl နှိမ်နင်းရေးလည်းပါသည်။ ညီနောင်မဟာမိတ်အဖွဲ့၏ စစ်အာဏာရှင်ချုပ်ငြိမ်းရေးရည်ရွယ်ချက်ပါသော ၁၀၂၇တွင် ဗကဗတို့၏ PLA ပါနေသည်ကို သတိထားမိသင့်ပါ၏။ မည်သို့ဆိုစေ ဆိုင်ရာဆိုင်ရာဒေသတို့ကိုသိမ်းပိုက်လက်ဝယ်ရပြီးနောက် ဖမ်းဝရမ်းထုတ်ထားသူ မြန်မာပြည်သား စစ်ကောင်စီ၏မဟာမိတ်တို့ကို ချိုင်းနားအထူးရဲတပ်ဖွဲ့မှ နေပြည်တော်အထိလာရောက်ဖမ်းဆီးသွားပြီးသည်နှင့် ချိုင်းနားပြည်တွင်း ကူမင်းမြို့တွင် ဇန်နဝါရီ ၁၀မှစငြိမ်းချမ်းရေးခေါင်းစဉ်တပ်ဆွေးနွေးပွဲလုပ်ကာ ၁၀၂၇ နိတ္တံသွားပါသတည်း။

သို့ငြား ချိုင်းနား၏ CMEC ရင်းနှီးမြုတ်နှံမှု မူလတခါးဝ ရခိုင်ပြည်နယ်တွင် AAရက္ခိုင့်တပ်တော်၏ နယ်မြေသိမ်းပိုက်မှုစစ်ပွဲတို့ စလာသည်။ အိန္ဒိယ၏ ကုလားတန်မြစ်စီမံကိန်းကို တိုက်ရိုက်ထိလာသော ရက္ခိုင့်တပ်‌တော်စစ်ဆင်ရေးတွင် နောက်ခံနိုင်ငံ ရုပ်လုံးမသဲကွဲသေး။

ခရစ်ယန်အချင်းချင်းဖြစ်သည် ဒုကမ္ဘာစစ်ခေတ်ကထဲကမူလတိုက်ဖေါ်တိုက်ဖက် မဟာမိတ်ဟောင်း ချင်းနှင့် ကချင်တို့မှာ မည်သည်မည်သို့ ခန့်မှန်းနိုင်သော်လည်း AA မှာမူ ခန့်မှန်းရခက်သည်။ အိန္ဒိယ၏သန်းရာချီပရောဂျက် ကုလားတန်စီမံကိန်း၏နှလုံးသားမြို ပလက်ဝကို သိမ်းထားကာ ပြည်နယ်မြို့တော်စစ်တွေကို ခြိမ်းခြောက်နိုင်နေပါ၏။

စစ်ကောင်စီစစ်တပ်နှင့် NCA လက်မှတ်ထိုးထားသော ဗိုလ်ချုပ်ကြီးရွက်ဆစ်၏ RCSS(SSA)က အချိန်ကိုက်စစ်မှုထမ်းဥပဒေကိုလုပ်ပြလာသည်။

အမေရိကမှ ဒေါ်လာ၂သန်းဖြင့် ဝရမ်းထုတ်ဖူးသော ဘိန်းဘုရင်ခွန်ဆာ(MTA)၏နောက်ဆက်ခံဗိုလ်ချုပ်ကြီးရွက်ဆစ်မှ “ယူရေနီယံ အကြောင်းကိုပင် စိုးစဉ်းမျှ သိနားလည်ခြင်းမရှိကြောင်း၊”လည်းဆိုလာသည်။ အမှန်တကယ်လည်း ယူရေနီယံကို လက်နက်အဆင့်သို့မြှင့်တင်ရန် အလွန်အဆင့်မြင့်နည်းပညာနှင့်နေရာဒေသဓာတ်ပေါင်းဖိုကြီးများလိုသည်။ ရှမ်းပြည်၏RCSS စိုးမိုးဒေသအခြေအနေနှင့် မဖြစ်နိုင်ဟုဆိုသူများရှိ၏။

သို့ဆိုလျှင် ရွှေသမင်ဘယ်ကထွက်သနည်း။

“သမိုင်းဘီးလည်လင့်/မလင့်”

တတိယကမ္ဘာစစ်ကြီးထဖြစ်လျှင် မြန်မာဘယ်ဆီဖက်ကရပ်မည်နည်း။ မိုးမပြိုပြိုခဲ့သော် ကြိုမျှော်တွေးထား မဟာဗျူဟာချထားရပါ၏။ နိုင်ငံရေးသမားတို့၏အလုပ်စစ်စစ်ပါ။

ချိုင်းနားသည် မြန်မာပြည်မြောက်ပိုင်းကို ကန့်သတ်လွှမ်းမိုးလျှက်ရှိနေသည်။ သူ၏ပင်လယ်ထွက်ပေါက်လမ်းကို ထိန်းချုပ်လုံခြုံရေးယူထားနိုင်သည့် အခြေအနေတွင်ရှိသည်။

ကမ္ဘာ့ဒုတိယစစ်အင်အားအကြီးဆုံးရုရှားသည် ယူကရိန်းစစ်နှင့်အင်အားပြုန်းတီးလျှော့ကျနေသလောက် အမေရိကားနှင့်ချိုင်းနားသည် စစ်သားအင်အားနှင့်လက်နက်အင်အားကို မြှင့်တင်စုဆောင်းလျှက်ရှိပါသည်။ သမ္မတဘိုင်ဒင်၏ နယ်စပ်ဖွင့်လှစ်ကာ တရားမဝင်ပြောင်းခိုသူများသန်းချီအား ဥပဒေမဲ့အဝင်ခံနေခြင်းသည် ထိုမဟာဗျူဟာ၏အကျိုးဆက်ဟု ဤသူမြင်ပါသည်။ လောလောဆယ်တွင် ဂရင်းကဒ်သမားစစ်မှုထမ်းလျှင် ၆လနှင့်စစ်ဒဇင်ဖြစ်မည့် စစ်သားစုဆောင်းရေးလမ်းကြောင်းရှိသည်။ ချိုင်းနားသည်လည်း ၂၀၂၃ဧပြီလက စစ်သားစုဆောင်းရေးနည်း၌ပဒေတို့အသစ်ထုတ်/ပြင်ဆင် ကျေးလက်တောရွာအထိ စစ်သားဆင်းကောက်စုဆောင်းနေသည်ဟု သတင်းများကဆိုသည်။ ယခုမြန်မာစစ်တပ်မှ လူ၁၃သန်းဂဏန်းပြကာ အဆိုပါကစားဝိုင်းတွင်း ဝင်ကစားလာပြီဟုထင်ကြည့်နိုင်သည်။

မြန်မာတို့၏သမိုင်းအရကောက်လျှင် နှစ်ထောင်ချီဖြစ်ခဲ့သော ဖြစ်နေသော ဖြစ်လတ္တံ့သော ပြည်တွင်းစစ်မျိုးသည် ပြည်ပသြဇာအကူအညီမပါလျှင် ပွဲပြတ်မပြီးပါ။

ထိုင်းနိုင်ငံမှာမူ နှစ်၂၀ 2043 security outlook ဆွဲထားရာတွင် မည်သည့်စူပါပါဝါဖက်မှမရပ်တည်ပဲ မဟာဗျူဟာမျှခြေတွင်းနေတတ်ရန် ပြင်ဆင်ထား၏။ ထိုင်းနိုင်ငံသည် ဒုကမ္ဘာစစ်တွင် ရပ်တည်ချက်မှန်ခဲ့ပေရာ စစ်မီးတို့မှလွတ်ငြိမ်းချမ်းသာ တိုးတက်နေသော နိုင်ငံတခုဖြစ်လျှက်နေလေပြီ။ ၁၉၆၅တွင် အိမ်နီးနားချင်းဗီယက်နမ်စစ်ကိုအကြောင်းပြု အမေရိက တဆင့်ခံစစ်အခြေစိုက်စခန်းအဆင့်ပင် ခုန်၍ငွေများသဲ့ယူလိုက်သေး၏။ ယခုလည်းပြင်ဆင်နေပုံပါ။

ခြုံ၍ဆိုရလျှင်

ဗမာတို့သည် ဒုကမ္ဘာစစ်ကြီးအတွင်းက အခြေအနေမျိုး တိုက်ရိုက်ပြန်ရောက်နေပြီဟုသာ မြင်ပါ၏။ စူပါပါဝါကြားထဲခေါင်းတိုးဝင်မိလျှက်သားဖြစ်နေသည်ဟုတွေ့မိသည်။ ဘွာတေးမရတော့ချေ၊ ဘက်တိတိကျကျရွေးကြရမည် အချိန်ပါ။

မုန်တိုင်းပြီးလျှင်လေပြေလာမည်ဆိုကြသည်။ ယခုဇတ်လမ်းအရဆိုလျှင် မုန်တိုင်းပင်မစသေးဟုထင်သည်။