200 ကျပ်တန် အထူး Bus Car တစ်စီးအား စီးကြည့်မိခြင်း
ကျွန်တော် ဒီခေါင်းစဉ်လိုမျိုးတွေကို ရေးချင်နေတာ ကြာပါပြီ။ အကြောင်းအမျိုးအမျိုးကြောင့် မရေးဖြစ်နေတာပါ။ ဒီတော့ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲလျက်ရှိတဲ့ 200 ကျပ်တန် အထူးဘက်စ်ကားများ အကြောင်းကို တစေ့တစောင်းလေးဖြစ်ဖြစ် တီးမိခေါက်မိ လေး ဖြစ်ဖြစ် ရေးလိုက်ခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ ရန်ကုန်မြို့နေ အလုပ်သမားလူတန်းစားအလွှာတွေဆိုတာ တစ်နေ့မိုးလင်းလာယင် အိပ်ယာထ ၊ မျက်နှာသစ် ၊ ရေချိုး ၊ သွားတိုက် ဆိုသလိုပဲ အခြေခံကျောင်းစာအုပ်ထဲကလို နေတဒူဝ လုပ်ပြီးတဲ့ နောက်မှာတော့ အလုပ်ခွင်ကို အပြေးအလွှား သွားရောက်ရန်အတွက် အိမ်ကထွက် ဘက်စ်ကားမှတ်တိုင်မှာ ရပ် ၊ ကိုယ်အလုပ်ခွင်ကို ရောက်မယ့် ကားကို ဗျိုင်းတွေ ငါးကို မျှော်နေသလို မျှော်နေကြရပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာက ယနေ့စီပွားရေးဟာ ဈေးကွက်စီးပွားရေး ဖြစ်တာနဲ့ အညီ ကျွန်တော်တို့တွေအတွက် ဘာမဆို ရွေးချယ်ခွင် (စားသုံးသူ အခွင့်အရေး) လေးတွေ ရလာကြပါတယ်။ အခုလည်း ကြည့်လေ ၊ ကိုယ်အလုပ်ခွင်ကို ရောက်ဖို့အတွက် ဘာကားကို စီးပြီး သွားမှာလဲ ၊ ” အထူး ” ဆိုတဲ 200 ကျပ်တန်ကားကို စီးသွားမလား ၊ ရိုးရိုးကားတွေ ဖြစ်တဲ့ 50 ၊ 100 ကျပ်တန် ကားတွေကို စီးမလားဆိုတဲ့ ရွေးချယ်ခွင့်ပါပဲ။ ဒါကြောင့် တစ်နေ့မှာ ကျွန်တော်လည်း အလုပ်သွားဖို့အတွက် နောက်ကလည်းကျနေတဲ့အတွက် အိမ်ကထွက် ဘက်စ်ကားမှတ်တိုင်ရောက်အောက်ပြေးကာ မှတ်တိုင်မှာ ရပ်လိုက်တယ်ဆိုယင်ပဲ ကားစပါယ်ယာများရဲ့ သူတို့ကား ရောက်ရှိရာ ခရီးစဉ်မှတ်တိုင်များ ကို အော်နေသံကို နားထောင်လိုက်တဲ့အခါ ကိုယ်အလုပ်ကိုရောက်တဲ့ကားဖြစ်နေတဲ့ အတွက် အထူးရယ် အထူးရယ်(ရိုးရိုးကား) မခွဲခြားနိုင်တော့ပဲ တက်လိုက်ပါတယ်။
အဲဒီမှာ စတွေ့တာပါပဲ။ ကားက တက်လိုက်တယ်ဆိုယင်ပဲ ကားဝင်ပေါက်တံခါးနားမှာ ခရီးသယ်များနှင့် ပိတ်ဆို့နေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ မထူးပါဘူးလေဆိုပြီး ကိုယ်နေရာတစ်နေရာ ရရေးအတွက် ခန္ဓကိုယ်အချင်းချင်း တိုးကာဝှေကာဖြင့် တိုက်ပွဲဝင်ယင် ကားဒရိုက်ဘာနောက်နားရောက်သွားခဲ့ပါတယ်။ ဒီတော့မှ ကျွန်တော် တက်စီးခဲ့တဲ့ ကားရဲ့ အနေအထားနဲ့ ဘာကားကို စီးလာခဲ့သလဲဆိုတာကို သေချာပြန်လည် စူးစမ်းနိုင်ပါတော့တယ်။ အဲဒီမှာ ပထမဆုံးတွေ့ရတာကတော့ ကားထဲမှာ ထိုင်ခုံတွေ ပြည်ကျပ်နေပြီး ညာဘက်အခြမ်းမှာ ၂ ယောက်ထိုင်ခုံများ နှင့် ဘယ်ဘက်အခြမ်းမှာတော့ ၃ ယောက်ထိုင်နိုင်သော ထိုင်ခုံများကို တွေ့ရပါတယ်။
ဒါလေးပဲ စူးစမ်းယုံ ရှိသေးပါတယ်။ ကားစပါယ်ယာတစ်ယောက်ရဲ့ အော်သံကြောင့် သတိထားနားထောင်လိုက်တော့ ကဲ့အားလုံးပဲ ဒီအချိန်က ရုံးချိန်ဆိုတော့ ဒီလောက်တော့ ရှိပါပဲ။ ဟိုဘက်က အမကြီးက နောက်လေး နည်းနည်းဆုတ်လိုက်လေဗျာ ၊ ဒီအပေါက်ဝမှာပဲ စုနေတော့ ပိတ်နေတာပေါ့ ၊ နည်းနည်းပါးပါး စာနာကြပါ ၊ ကျွန်တော်တို့မှာလည်း ဒီအချိန်လေးပဲ လုပ်စားနေရတာ ၊ စသဖြင့် နေတိုင်းမကြားချင်မှအဆုံးသော စကားများကို ကြားရလေပြီနောက်မှာတော့ ထိုစပါယ်ယာရဲ့ ကားခရီးစရိတ် တောင်းပါတော့တယ်။ ဒီတော့မှ ကျွန်တော် အိပ်ကပ်ထဲ လက်နှိုက်လိုက်ပြီး ပိုက်ဆံ ထုတ်လိုက်တော့ တစ်ရာကျပ်တန် တစ်ရွက် ပါလာခဲ့တယ်။ ဒါနဲ့ ကားစပါယ်ယာ ကိုပေးလိုက်တော့ ဟာ ခင်ဗျားက အထူးကားမစီးဘူးဖူးလားဗျ။ အထူးကားတွေက အကုန် 200 ကျပ်တွေကြီးပဲ ၊နားမလည်ဘူးလား ၊ ဆိုပြီး စကော( ပြော )ပါတော့တယ်။
ဒါနဲ့ ကျွန်တော်လည်း ရုံးက နောက်ကျနေတာက တစ်မျိုး ၊ လူတွေကလည်း ကျပ်နေတာကြောင့် ပြန်လည် မပြောတော့ပဲ မသိလိုပါဗျ။ ဆိုပြီး 500 ကျပ်တန်တစ်ရွက် ထုတ်ပေးလိုက်ပါတယ်။ ဒိတော့ ကိုယ်ရွှေ စပါယ်ယာက 200 ကျပ်တန်တစ်ရွက်ကို ပြန်ပေးပါတယ်။ ဒါနဲ့ ကျွန်တော်က လှမ်းအော်လိုက်မီတယ် ၊” ဟေ့လူ ၊ ခင်ဗျားပြောတော့ ကားခက 200 ကျပ်ဆိုဗျ ” လို့ပြောတော့ 100 ကျပ်တန် အကြွေမရှိဘူးဗျ။ ခဏစောင့် အကြွေရယင် ပေးမယ် ၊ ဆိုပြီး သူ့လက်ထဲက ပိုက်ဆံတွေကို ဖြန့်ပြယင် ပြန်အော်သွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘာမှမပြောတော့ပဲ အသာငြိမ်နေလိုက်ပါတယ်။ စိတ်ထဲကတော့ ဆင်းခါနီးမှပဲ တောင်းတော့မယ်ပေါ့၊ မပေးလည်း မတက်နိုင်ဘူးလေ. ဆိုပြီး မှတ်ထားလိုက်ပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော် စီးလာခဲ့တဲ့ 200 ကျပ်တန် လိုခေါ်နေကြတဲ့ 200 ကျပ်နဲ့တန်အောင် ကျပ်နေတဲ့ကြားကပဲ ကျွန်တော် ဆင်းရမယ့် မှတ်တိုင်ကို ရောက်လာခဲ့ပါတယ်။ ဒီတော့ ကျွန်တော် ခုန စိတ်ထဲမှတ်ထားတဲ့ အတိုင်း ” စပါယ်ယာ . ကျွန်တော်ကို 100 ကျပ်ပေးရဦးမယ်လေဗျ ” လိုတောင်းတော့ အကြွေမရှိလိုပါဆိုဗျတဲ့ ။ ခင်ဗျားဆီမှာ 100 ကျပ်ပါလားတဲ့ ။ ဒီက 200 ကျပ်တန်ပေးမယ်ဆိုပြီး ပြောတယ်။
ဒီတော့ ကားပေါ်မှ ဆင်းလိုက်ပြီး ကျွန်တော် သတိထားလိုက်မိတာကတော့ သာမန်ရိုးရိုးကားတွေနဲ့ ဘာမှ မသာ ၊(မသာဆိုတာက ရိုးရိုးသာမန် 20 ၊ 100 ကျပ်တန်ကားများလည်း သူတို့တွေလိုပဲ ကျပ်နေအောင် တင်တာပဲလေ) ပဲနဲ့များ ဘာကြောင့်များ အထူးကားဆိုပြီး ပြည်သူတွေ ( အခြေခံလူတန်းစား အပါအဝင် အလုပ်သမားလူတန်းစားများ) ဆီက ပိုက်ဆံကို လိမ်တောင်နေကြတာလည်း လို့ စိတ်ထဲက တွေးယင်နဲ့ပဲ ကိုယ်အလုပ်ရှိရာ ရုံးခန်းဆီသို့ မသက်သာသော ခြေလှမ်းများနှင့် ဆက်လျှောက်လှမ်းယင်း။။။
5 comments
etone
September 9, 2010 at 5:22 am
ဟုတ်တယ်လေ ။ အထူးကားတွေက လိုင်းစောင့်ကောင်တွေနဲ့ ပေါင်းပြီး လူတွေခိုးတင်တယ် ။ မတ်တပ်လူတွေကြပ်နေအောင်တင်တယ် ။ အထူးသဖြင့် လှိုင်သာယာဘက်သွားတဲ့ကားတွေပေါ့ ။ ပြတင်းပေါက် တွေက တစ်ဝက်ပဲဖွင့်လို့ရလို့ လေဝင်ထွက်နည်းပြီး အနံ့သက်မကောင်းတာရယ် ၊ ပိုက်ဆံ အကြွေမရှိဘူးဆိုပြီး 100 ပြန်မအမ်းတာရယ်က ဆိုးပါတယ် ။ တောင်းတော့လည်း ဆင်မဲ့မှတ်တိုင်မေးတယ် ။ လက်ထဲရှိရင်တောင် အရင်ဆင်းမဲ့လူတွေကိုပေးတယ် ။ တကယ်ဆိုရင် ကားခတောင်းခဲ့တဲ့လူအတိုင်းပဲ ပြန်အမ်းပေးရမှာပေါ့ ။
လာဘ်စားတဲ့ အကျင့်ပျက်ဝန်ထမ်းတွေရှိနေတော့လည်း ဘယ်လိုပဲ အထူးပြောပြော လူပိုတင်ပြီး ကြပ်သိပ်နေရတာပါပဲ ။
200 တန်ကားမပြောနဲ့ 300 တန်ကားတွေလည်း ထိုနည်းလည်းကောင်းလူပိုတင် တာပါပဲ ။
လူပြည့်နေတာတောင် ငါးပိသိပ်ငါးချင်သိပ်အောင် လူစောင့်တင်တာကလည်း ဆိုးဝါးပါတယ် ။ 200တန်ကားတွေဖြစ်သင့်တာက လူပိုမတင်ဖို့နဲ့ မှတ်တိုင်မှာ အကြာကြီးမရပ်နေစေဖို့ပဲ …။ ကြာကြာရပ်နေရာမှာ ပါရမီ အစိမ်းကားက အဆိုးဆုံးပါ ။
Gong Zhu
September 16, 2010 at 12:30 pm
300 တန်ကားက ဘာကားလဲ မသိရပါလား
MyFirstGreen
September 29, 2010 at 11:01 am
300 တန်ကားဆိုတာ ခရီးဝေးတဲ့ အထူးကားတွေပေါ့ ကြားတစ်ဝက်လောက်ဆို ၂၀ဝ အဲဒီကျော်ရင် ၃၀ဝ ပေါ့
ဘေးမှာ ၂၀၀- ၃၀ဝ လို့ ရေးထားတတ်ပါတယ်။
အနော်ကတော့ လိုင်းကားစီးသွားလေ့ရှိတာမို့ အဲဒါတွေ အကုန်သိ ။ ရန်ကုန်က လမ်းတွေ ဘယ်လောက်ကောင်းလည်း ဆိုတာလည်း သိပ်သိ။ အထူးကားတွေ လူအပြည့်တင်ပြီး တံခါးပိတ်မရတဲ့အထိတင်ပါတယ်။ တစ်ခါတစ်ခါ တံခါးပိတ်မရလို့ ရဲအဖမ်းခံရလို့ ( လူပိုတင်လို့ ရဲဖမ်းခံရတာမဟုတ်) ခရီးစဉ်နှောင့်နှေးရတာကိုလည်း အကြိမ်ကြိမ်ကြုံဖူးပါတယ်။ တစ်ခါတစ်ခါ အထူးကားမှာ အဲဒီ ၃ယောက်ခုံ နဲ့ ၂ ယောက်ခုံကြားမှာ လူ၃တန်း တန်းလို့ရတယ် ဆိုပြီး ၂ တန်းကြားထဲ လူတွေ အတင်းဝင်ခိုင်း ရက်ရက်စက်စက် ပြောတာတွေ ကြုံဖူးပါတယ် ။ကြုံရင် အထူးကားတွေ ဘယ်လောက်ချောင်ချိလဲဆိုတာ ဓါတ်ပုံရိုက်ပြီး တင်အုံးမယ် ။ 😛 ။
ဆူး
September 29, 2010 at 11:58 am
ဒီလောက်ချောင်နေမှတော့ ကင်မရာ ဘယ်လို ထားပြီး ဓါတ်ပုံရိုက်မလဲ ကင်မရာ မြင်ကွင်းမရှင်းဘဲ ဖြစ်နေမယ်။ စီးရင်းနဲ့ ရိုက်မယ် ဆိုရင် ပြောပါတယ်။
MyFirstGreen
September 29, 2010 at 12:13 pm
မတ်တပ်နဲ့ဆိုရင်တော့ ရိုက်လို့ရမှာ မဟုတ်ဘူး။ အဲလိုမြင်ကွင်းမျိုးကို ပီပီပြင်ပြင်ရိုက်မယ်ဆိုရင် ကားအပေါက်ရှိတဲ့ နောက်ဆုံးခုံမှာ စီးပြီး ရိုက်ရင်တော့ ပီပီပြင်ပြင်မြင်ရမှာပေါ့ 😛 .
နောက်ဆုံးခုံဆိုလို့ အခု ပါရမီက သုံးနေတဲ့ တရုတ်ကား တွေဆိုရင် လမ်းမကောင်းတဲ့ အခါ နောက်ဆုံးခုံမှာ ထိုင်မိရင် အတော် ဒွတ်ခရောက်တယ် ။ အူတွေ အကုန်ပြုတ်ကျ ကုန်တော့မလား အောက်မေ့မိတယ်။ ဗိုက်တွေ ပါ အရမ်းအောင့်လာရော ။ တကယ်ပါ ကားတစ်စီးက အဲလောက် မဆိုးရွားသင့်ဘူး။ ခရီးသည်တွေရဲ့ ကျမ်းမာရေးထိခိုက်လောက်အောင် မဆိုးရွားသင့်ဘူး။