မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – စက်တင်ဘာ ၂၀၂၄

kaiSeptember 26, 20242min670

“အိမ်နီးချင်း ပထမ “

မဆလခေတ်နှင့် စစ်အာဏာရှင်ခေတ်တခုလုံး မှောင်ခိုပစ္စည်းများ၏ ဧရာမစျေးကွက်ကြီးရခဲ့သော ထိုင်းနိုင်ငံသည် မြန်မာတို့ဆီမှ အကျိုးအမြတ်များစွာရခဲ့ဖူးသည်။ ယခုအာဏာသိမ်းကာလတွင်လည်း ရလတံ့ပေါ် လစီထားခဲ့ပုံပေါ်ပါသည်။
စျေးပေါ ပြန်မလှန်ရဲသော အလုပ်သမားများ သန်းချီရသည်ဖြစ်၍ တိုင်းပြည်အား စီးပွားရေးအင်အားကြီးဖြစ်အောင် မောင်နှင်နိုင်ခဲ့သော်လည်း ဘန်ကောက်မြို့ကြီး၌ပင် ကွန်ဒိုအဝယ်အများဆုံးနိုင်ငံ( ချိုင်းနား၊ ရုရှား၊ မြန်မာ၊ အမေရိက – ၂၀၂၃)ဝင် မြန်မာတို့ဖြစ်လာသောအခါ မျက်ဖြူစဆိုက်လာပုံရပါသည်။ မြန်မာတို့၏ တိုင်းပြည်ဂျီဒီပီထက် များသော ဝင်ငွေမှာ ကမ္ဘာ့ ပထမထုတ်ကုန်ဖြစ်ကြသည့် မက်သ်ခေါ် ရာဘနှင့် ဘိန်းတို့မှဖြစ်ပြီး အိုင်တီခေတ်တွင် ခေတ်နှင့်အမှီလိုက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုများမှ လည်း ဒေါ်လာဘီလီယံချီဝင်ခဲ့ကြသည်။
ထိုထို ငွေမည်းတို့ လိုသည်ထက်ပိုစီးဝင်လာသောအခါ ထိုင်းနိုင်ငံရေးလည်း အကျင့်ပျက်ခြစား အာဏာလုတို့ဖြင့် မတည်မငြိမ်ဖြစ်ရပေပြီ။ ဝန်ကြီးချုပ်အပြောင်းအလဲ ပါတီဖြုတ်ထုတ်သတ်များနှင့် စစ်အာဏာသိမ်းတို့ဖြင့်ရှုပ်ထွေးလျက်နေပါ၏။ စာရင်းချုပ်သော် မြန်မာပြည်၏ ဆိုးဒဏ်ကို အခံစားရဆုံးမှာ ထိုင်းနိုင်ငံဖြစ်လာသည်။ ယခု ထိုင်းညာစွန်အုပ်စုများမှ မြန်မာပြည်ဝင်/လက်ခံနှင့်ပါတ်သက်၍ စတင်လှုပ်ရှားဆန္ဒပြခြင်းများရှိလာနေသည်။

ချိုင်းနားသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့်ချိတ်ဆက်၍ သူ့အကျိုးစီးပွား အင်အားချိန်ခွင်လျှာညှိယူနေနိုင်သမျှ အိန္ဒိယမှာမူ သူ့ပြည်တွင်းရောက် မြန်မာဇာတိနွယ်များနှင့် မြန်မာပြည်အခြေစိုက်သူပုန်အုပ်စုများ ကြောင့် သူ့ကိုယ်နှိုက်ဒေသတွင်း တည်ငြိမ်မှုကိုပင် မနည်းရယူနေရသည်။
ယခုလပိုင်းတွင် လှုပ်ရှားလာသော ကူကီးနှင့်နာဂသူပုန်များ မီဇိုရမ်ပြည်နယ်တွင်းကျောင်းသားလှုပ်ရှားမှုများ လူမျိုးရေး ပဋိပက္ခများ ကြောင့် ဝန်ကြီးချုပ်မိုဒီမှာ ဝေဖန်ခံနေရပြီး ယူကရိန်-ရုရှားစစ်ပွဲတွင် သူကိုယ်တိုင်ငြိမ်းချမ်းရေးပွဲစားလုပ်မည် ဆိုသည်ကိုပင် မေးခွန်းထုတ်ခံနေရပါသည်။

လူသန်း ၁၄၅၀ကျော်ဖြင့် ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယသည် စီးပွားရေး စစ်ရေး အရ ပါဝါအာဏာကြီးလာသော်လည်း လက်ရှိဝန်ကြီးချုပ်မိုဒီ၏ နိုင်ငံခြားရေးပေါ်လစီမှာ လှည့်စား/တွန့်ခေါက်မှုများလွန်းသည်။ ဟိန္ဒူမျိုးချစ်ဝံသာနုနှင့် လက်ယာယိမ်းသည့် သူ၏ BJP နှင့်မိတ်ဖက်ပါတီတို့သည် ယခုနှစ်အတွင်း (ဧပြီ-ဇွန်) လရွေးကောက်ပွဲတွင် ပါလီမန်တွင် ထိုင်ခုံ ၁၂၀ကျော်စွန့်လွှတ်လိုက်ရသည်။
အမေရိကားနှင့်မိတ်ဖက် Quadrilateral Security Dialogue (Quad)ထဲဝင်၍ စစ်ရေးမဟာမိတ်ပြုထားလျှက်မှ ရုရှားဆီမှရေနံကိုအောက်စျေးနှင့်ဝယ်ကာ BRICS အဖွဲ့တွင်လည်းအမာခံအဖြစ်နေ၍ ကမ္ဘာငွေကြေး အမေရိကန်ဒေါ်လာပြုတ်ရန်အားထုတ်နေသည်။
မြန်မာပြည်တွင်းရေးကိုလည်း မီးစတဖက် ရေမှုတ်တဖက်ဖြင့် လာကစားနေသဖြင့် မြန်မာနိုင်ငံရေးသမားများ သည် မိမိတို့အားသာချက်ဖြစ်သော မီဇိုရမ်ပြည်နယ်/သူပုန်အရေးများ၊ ရင်းနှီးမြုတ်နှံထားသော ကုလားတန်စီမံကိန်းတို့နှင့်ကိုင်ထိန်းကာ တန်ပြန်ကစားသင့်သည်မြင်ပါ၏။

“သဘာဝါရင့် EROs များ နှင့် Reset ချ”

မြန်မာပြည်တွင်း သက်တမ်းရင့်ကြာလှသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အုပ်ချုပ်ရေးများသည် မြန်မာစစ်တပ်၏အထာ နှင့် အိမ်နီးချင်းတို့၏ အကျိုးစီးပွားကာကွယ်မှုများကို ကောင်းစွာခံစားသိရှိပြီးသူများပါ။ ကရင် ကချင် ရှမ်း စသည့်လူမျိုးစုကြီးများ၏ လက်နက်ကိုင် အင်အားစုများကို ကြည့်ပါ။ ခရစ်ရှန်ဘာသာရေးနောက်ခံနှင့် ကွန်မြူနစ်အခြေခံ လက်နက်ကိုင်အုပ်စုတို့ကို လေ့လာပါ။
မြန်မာသမိုင်းအဆက်ဆက်၏ မှတ်တမ်းများအရ လက်နက်ကိုင်ထားသူ စစ်အင်အားရှိသူမှန်သမျှ နိုင်ငံရေးပေါ်လစီအားဖြင့် မည်သည့်အဖွဲ့အစည်း အစိုးရဆီသို့မှ ဦးညွှတ်သစ္စာခံမည်မဟုတ်ပေ။ ဤသည်မှာ မြန်မာတို့၏ ဓလေ့ဟုပင်ဆိုရပေမည်။ ကမ္ဘာ့လူအင်အားအကြီးမားဆုံး စျေးကွက်ကြီး ၂ခု( ချိုင်းနား၊အိန္ဒိယ) ကြားမှနိုင်ငံမြန်မာ့မြေ/ဒေသတခုအား လက်နက်နှင့် ကိုယ့်ပိုင်နက်အဖြစ်ကျေညာထိမ်းချုပ်နိုင်သမျှ မူးယစ်ဆေးအပါအဝင် ကျားဖြန့် လူကုန်ကူး ဒုစရိုက် သုစရိုက် နွယ် စီးပွားရေးလုပ်ငွေရှာကောင်း၍ စစ်မင်းတဆူဖြစ်နိုင်သည်သာ။
နိုင်ငံရေးသမားများ မျက်စိမမှောက်ပါလင့်။

လက်ရှိ မြန်မာ့နိုင်ငံရေးသမားများအနေဖြင့် အမှန်တရားမြင်ကာ ရည်မှန်းချက် ပေါ် လစီတို့ ပြန်ပြင်ဆွဲရန်အချိန်ဟု မြင်ပါသည်။ လာမည့် နှစ်တွင် အာဏာသိမ်းခံရ သက်တမ်း ၄နှစ်ပြည့်ပြီဖြစ်သဖြင့် အမေရိကားဆိုလျှင် အစိုးရတရပ်၏ ရွေးကောက်ပွဲပြန်စကာ ပြန်ရွေးကြရသည့် သက်တမ်းရောက်ပါလေပြီ။ ပြီးခဲ့သော သက်တမ်းကို ပွင့်လင်းမြင်သာ စိစစ်ဝေဖန်ကာ အမေရိကနိုင်ငံရေးနှင့်ချိတ်ဆက် Reset ချကစားရမည့် အချိန်တည်း။

“ချိတ်ဆက် နေသည့်နိုင်ငံရေး”

အမေရိကား၏ နိုဝင်ဘာရွေးကောက်ပွဲသည် မြန်မာ့ရှေ့ရေးအတွက် လွန်စွာအရေးကြီးပါသည်။အမေရိကားသို့ အခြေချ ပြောင်းခိုသူ ပေါ် လစီမှသည် လက်ရှိလက်ခံထားသော TPS သောင်းချီသူများနှင့် နိုင်ငံရေးခိုလှုံသူများအတွက်ပါ သက်ရောက်ပါလိမ့်မည်။
အကယ်၍ သမ္မတအဖြစ်ဒေါ်နယ်ထရမ့်တက်လာလျှင် မည်သို့ဖြစ်မည်။ ကမလာဟဲရစ်ဖြစ်လာလျှင် အဘယ်သို့သွားမည်ကို ဆွေးနွေးအဖြေရှာ အေ/ဘီ ပြင်ဆင်ထားရမည်ဖြစ်ပါသည်။

ရုရှား ချိုင်းနား အီရန်နှင့်မြောက်ကိုရီးယားဟူသော တဦးတည်းမောင်ပိုင်စီး အာဏာရှင် နိုင်ငံရေးရှိနိုင်ငံများ စစ်ရေးပူးပေါင်းလှုပ်ရှားနေကြပြီး စစ်အေးစစ်ကာလနောက်ပိုင်း ဘယ်တုန်းကမှနဲ့ မတူတဲ့ အန္တရာယ်ကြုံနေရသည်ဟု
ကမ္ဘာ့အကောင်းဆုံး ထောက်လှမ်းရေးအုပ်စု ၂ခုCIA ၏ ဒါရိုက်တာနှင့် MI6 အကြီးအကဲတို့ ဆိုပါသည်။
ကမ္ဘာ့စစ်ရေးအခြေအနေ မိန့်ခွန်း သတင်းများအရကောက်လျှင် အမေရိကား၏ လာမည့်ရွေးကောက်ခံသမ္မတသည် တတိယကမ္ဘာစစ်ကြီးကဲ့သို့ ဧရာမစစ်ကြီးနှင့်ရင်ဆိုင်နိုင်ရစရာရှိနေသည်။

လက်ရှိသမ္မတလောင်းတို့၏ မဲဆွယ်စည်းရုံးပွဲများကြည့်၍ သုံးသပ်လျှင် လာမည့် လေးနှစ်သက်တမ်းအတွက် မည်သူ၏ အုပ်ချုပ်ရေးပေါ်လစီသည် မြန်မာတို့အတွက် မည်မျှ အကျိုးရှိသည်/မရှိသည် သိသာထင်ရှားသည်။

“တိမ်တောင်သဖွယ် ကမ္ဘာ့နိုင်ငံရေးကျယ်”

လက်ရှိကမ္ဘာနိုင်ငံများသည် မည်သည့်နိုင်ငံခြားရေးမူမှ တိတိကျကျ မထား။ မိမိနိုင်ငံ၏အကျိုးစီးပွားအလိုက် ပြောင်းလဲသတ်မှတ်ကြသည်သာ။ ကမ္ဘာ့ စူပါပါဝါ အမေရိကားသည်ပင် ရွေးကောက်ခံသမ္မတ၏ အုပ်ချုပ်ရေးအတိုင်း အလိုက်သင့်ပြောင်းရသည်မဟုတ်ပါလော။
သမ္မတထရမ့်အုပ်ချုပ်စဉ်ကာလ (၂၀၁၇-၂၀၂၁) ဆိုလျှင် အမေရိကား၏ရန်သူတော်ဟုဆိုသည့် ရုရှား/ပူတင်ကို အိမ်ဖြူတော်ဖိတ်ခဲ့သည်။ မြောက်ကိုရီးယား/ကင်ဂျုံအွန်းကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ချိုင်းနား/ရှီကို မာအလာဂိုအိမ်တော်ဖိတ်၍ မြေးမလေး(အီဗန်ကထရမ့်သမီး)မှ ချိုင်းနီစ်းသီချင်းနှင့်ဖျော်ဖြေပြခဲ့သည်။
အစ္စလမ်မစ်နိုင်ငံများ/ဆင်းရဲသောတတိယနိုင်ငံများ၏လူဝင်မှုကို ကြပ်မတ်ပိတ်ပစ်သည်။ Space Force ဟုခေါ်သော စစ်တပ်သစ်ကိုဖွဲ့သည်။ အမေရိကားမှ ထောက်ပံ့ပေးကမ်းရမည့်အဖွဲ့အစည်းများမှ နှုတ်ထွက်၍ ကမ္ဘာ့ဥတုရာသီကိုဂရုမစိုက်၊ ရေနံ/ဓာတ်ငွေ့တို့တိုးထုတ်သည်။ အခြေခိုင် MSM မီဒီယာများကို Fake news ပြောခဲ့ပြီးနောက် ကိုယ်ပိုင်စီးပွားရေးမီဒီယာတို့ကို ထူထောင်သည်။
လက်ရှိရွေးကောက်ပွဲကင်န်ပိန်းတွင် ဘာသာရေးခေါင်းဆောင်တဦးကဲ့သို့ ပြုမူဦးဆောင် အမာခံ MAGA အုပ်စုဖွဲ့ကာ မဲဆွယ်စည်းရုံးနေလေသည်။

သမ္မတဘိုင်ဒန်အုပ်ချုပ်ရေးကာလ (၂၀၂၁-၂၀၂၅) အတွင်း၌ မိတ်ဖက်နိုင်ငံအုပ်စုကြီးများထူထောင်သည်။ အာရှ/ပစိဖိတ်ဒေသရှိ နိုင်ငံများနှင့် ထဲထဲဝင်ဝင်ချိတ်ဆက်သည်။ ရှိပြီးနေတိုးကို နိုင်ငံအင်အားဖြည့်တိုး ဆက်ဆံရေးမြှင့်တင်သည်။ အာဖဂန်မှ အမေရိကန်စစ်သားများ ပြန်ခေါ်ပြီးနောက် အမေရိကန်စစ်သားမပါဝင်သည့် စစ်ပွဲကြီးများ (ယူကရိန်း/ရုရှား၊ ဟာမားစ်/အစ္စရေး) ဖြစ်လာစေသည်။ တိုင်းပြည်နယ်စပ် ဖွင့်ပစ်၍ နိုင်ငံတကာမှ လူသန်းချီခိုလှုံမှုကို လက်ခံထားသည်။
ဘိုင်ဒန်နောမစ်ဟူ၍ စီးပွားရေးပေါ်လစီထားပြီး စီးပွားရေးကို တိုးတက်အောင်လုပ်သည်။ အလုပ်လက်မဲ့အနိမ့်ဆုံးဖြစ်သလောက် ငွေကြေးဖေါင်းပွမှုအမြင့်ဆုံးရောက်သည်။

ကမလာဟဲရစ်၏ လက်ရှိရွေးကောက်ပွဲကင်န်ပိန်းတွင် Gen X အမျိုးသမီးတဦးဆန်စွာ ရပ်တည်လာသည်။ Millennials နှင့် Generation Z (Gen Z) များဆီသို့ သိသာစွာ ဝင်ရောက်မဲဆွယ်စည်းရုံးနေသည်။

“တော်လှန်ကာလ ရန်ငါစည်းပြတ်ရ”

မြန်မာပြည်ယခုအခြေအနေကို နွေဦးတော်လှန်ရေးကာလဟုသတ်မှတ်ပါလျှင်ရွေးကောက်ခံလူထုအစိုးရသည် နိုင်ငံခြားရေးရာပေါ်လစီကိုလည်း ပြတ်သားစွာ ပြောင်းသင့် ယူသင့်ပါသည်။ တော်လှန်ရေးအောင်မြင်ရေး အကျိုးစီးပွားတခုထဲသို့သာ တစိုက်မတ်မတ်ထားသင့်သည်။ အကယ်၍ ချွတ်ချော်ခဲ့သည် ဆိုပါလျှင် လူပြောင်းကစားရန်သာ။

အာဏာ၏အခြားတဖက်ကို ကြည့်လျှင် စစ်အုပ်စုသည် ရုရှားအပေါ်ခြေစုံပစ်ဝင်မှီခိုထားသည်။ တိုင်းပြည်၏ စစ်ရေးလျို့ဝှက်ချက်များမှသည် ပြည်တွင်းဆက်သွယ်ရေး အင်ဖရာစရပ်ချာတို့အား ချိုင်းနားထုတ်ပစ္စည်းများနှင့် ထုံကူးဆက်ဆံနေပါသည်။ သူ့ကိုကူ/ကယ်မည့် ပြည်ပနိုင်ငံကြီးတို့အား ပြတ်ပြတ်သားသား အားကိုးထားပါ၏။

ဦးနု ပါဝင်ချမှတ်ထားသည် နှစ် ၇၀ တိတိရှိပြီဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး (ဘန်ဒေါင်းမူ )(၅)ချက်သည် အောင်မြင်ပါသည်လော။ လက်ရှိမြန်မာနိုင်ငံအခြေအနေကို ကြည့်ပါ။
ဦးနုလက်ထက်မှစခဲ့သော လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒသည် မြန်မာပြည်အားဆွဲချသွားခဲ့သည်။ ထိုပေါ်လစီအား ဆက်ကိုင်ထားသင့်ပါသလော။
ဦးနုဆိုသည်မှာ သူ့အရည်အချင်းနှင့် လွတ်လပ်ပြီးမြန်မာနိုင်ငံ၏ ပထမဝန်ကြီးချုပ်ဖြစ်လာသူကားမဟုတ်။ ပညာအရည်အချင်းလည်းမရှိ။ ကုသိုလ်ဇာတာအရ ရာဇပလ္လင်ပေါ် တက်နိုင်သည်ဖြစ်လေရာ လူမျိုး/ဘာသာစုံ ရှိနေသောနိုင်ငံမှန်းသိလျှက်နှင့် နိုင်ငံတော် ဘာသာတရပ်ပြဋ္ဌာန်းရန်ကြိုးစားအားထုတ်ခဲ့ခြင်း၊ ပါတီနိုင်ငံရေးအရှုပ်အရှင်းအား ကိုယ်တိုင်ဦးဆောင်မဖြေရှင်း စစ်တပ်ဗိုလ်ချုပ်ကြီးအား အာဏာသွားအပ်ခြင်း တို့ဖြင့် ပျက်သုဉ်းစေလောက်အောင် အမှားကြီးစုံသော နိုင်ငံရေးသမားတဉီးရယ်သာ။

မြန်မာပြည်၏လက်ရှိအခြေအနေသည် ကိစ္စများမြှောင်၌ ကမ္ဘာ့ အဆင့် နံပါတ်စဉ် စီကြည့်ပါလျှင် နောက်မှတွက်ပါက ၁-၁၀ဝင်နေသော အခြေအနေဖြစ်၏။ ပစ္စုပ္ပန်ကိုရှု သိနားလည်၍ လက်ရှိပေါ်လစီ အတွေးအခေါ် အားလုံးပြောင်းပြန်လှန်လိုက်ပါလျှင် ရှေ့မှတွက်လျှင် ၁-၁၀သို့ ရောက်မည်တည်း။