“ဗိုလ်ချုပ်ကြီးနေဝင်းပြောသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ”
“ဗိုလ်ချုပ်ကြီးနေဝင်းပြောသော ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ”
(အောက်တိုဘာ ၉ ၁၉၈၂)(လုပ်သားပြည်သူ့နေ့စဥ် သတင်းစာပါ… မူရင်းအတိုင်း)
ကနေ့ပြောမှာကတော့ဖြင့် အရေးကြီးတဲ့ဥပဒေပေါ့လေ၊ မြန်မာနိုင်ငံသားဥပဒေအကြောင်းကိုပဲ ရှင်းပြလိုပါတယ်။
ဒီဥပဒေအကြောင်း ရှင်းပြမယ်ဆိုလို့ရှိရင် နောက်ကဖြစ်ပျက်ခဲ့တာလေးကိုလဲပဲ မဖော်ပြလို့ မဖြစ်ပါဘူး၊ သမိုင်းကြောင်းကို ပြောတဲ့အခါမှာ ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ သဘောမရှိပါဘူး၊ သို့သော်လည်း တကယ့်အဖြစ်အပျက်တွေကို ပြောရတာမို့လို့ တစ်ခါတလေ ထိများထိခိုက်မလားတော့ မပြောတတ်ဘူး၊ သို့သော်လည်း မထိခိုက်စေချင်ပါဘူး၊ ကျွန်တော် ရှောင်ပြီးတော့ပြောဖို့ ကြိုးစားပါမယ်။
ကျွန်ဘဝမြန်မာပြည်ရဲ့ အခြေအနေကို ပထမဦးဆုံး ကျွန်တော်ပြောပြပါမယ်၊ ၁၈၂၄ ခုနှစ် ဗမာပြည် တစ်စိတ်တစ်ဒေသကို နိုင်ငံခြားက အုပ်ချုပ်သွားပြီးတဲ့နောက်၊ တစ်ဆင့်ပြီးတစ်ဆင့် စစ်ပွဲတွေဖြစ်ကြပြီးတော့၊ ကျွန်တော်တို့တိုင်းပြည်ဟာ၊ နိုင်ငံ ၁ ခုလုံး ကျွန်ဘဝရောက်သွားခဲ့ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ၊ တရားဝင်လွတ်လပ်ရေး ကျွန်တော်တို့ပြန်ရခဲ့ပါတယ်။
ဒီတော့ ၁၈၂၄ ခုနှစ် နောက်ပိုင်းက စပြီးတော့ လွတ်လပ်ရေးရတဲ့အထိ ဒီကြားအတွင်းမှာ၊ ကျွန်တော်တို့ နိုင်ငံအတွင်းကို နိုင်ငံခြားသား တိုင်းတပါးသား တွေဟာ အဆီးအတားမရှိ အကြောင်းကြောင်းတွေကြောင့် ဝင်ခဲ့ကြပါတယ်။
အဲဒီ ဝင်တဲ့အကြောင်းကလဲပဲ စီးပွားရေး အများဆုံးစီးပွားရေးကြောင့် လာကြပါတယ်၊ ဦးဆုံးလာတာကတော့ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်သွားတဲ့ အင်္ဂလိပ်ပေါ့၊ သူ့နောက်က အဆွယ်အပွားတွေအနေနဲ့ကတော့ အများကြီးပဲ ရောက်လာခဲ့တယ် ဒီတော့ ဒီလောက်ပဲ ပြောကြပါစို့ရဲ့။
ကျွန်တော်တို့တိုင်းရင်းသား သို့မဟုတ် မြန်မာနိုင်ငံသားတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ကြမ္မာကို ကိုယ်မဖန်တီးနိုင်ဘူး၊ ၁၈၂၄ ခုနှစ်ကစ လို့ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်ထိ သူများချယ်လှယ်တာ ခံခဲ့ရတယ်။
ဒီတော့ လွတ်လပ်ရေးရတဲ့အချိန်ကို ပြန်ကြည့်ကြစို့ရဲ့။
အဲဒီအချိန်ကို ကြည့်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့တိုင်းပြည်မှာ လူမျိုးတွေအနေနဲ့ တိုင်းရင်းသားနိုင်ငံသားစစ်စစ်ရယ် တခြားကလာတဲ့ ဧည့်သည်တွေရယ် နောက်တိုင်းရင်းသားနဲ့ ဧည့်သည်တွေနဲ့ အိမ်ထောင်ပြုပြီး ပေါက်ဖွားလာတဲ့ သွေးနှောတဲ့ ပုဂ္ဂိုလ်တွေ ဧည့်သည်ချင်း အိမ်ထောင်ပြုပြီးရလာတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိခဲ့တယ်။
ကျွန်တော်တို့မှာ လွတ်လပ်ရေးရချိန်မှာ ကျွန်တော်တို့လူမျိုးစစ်စစ်ချည်း ကျွန်တော်တို့နိုင်ငံသားစစ်ချည်းမဟုတ်တော့ပဲနဲ့ ဧည့်နိုင်ငံသားရယ် ဧည့်နိုင်ငံသားနဲ့ ကျွန်တော်တို့နိုင်ငံသားနဲ့ ပေါက်ဖွားသူတွေရယ် ဧည့်နိုင်ငံသားချင်း ပေါက်ဖွားတဲ့ ပုဂ္ဂိုလ်တွေရယ်လို့ ဒီလို အသီးသီးရှိလာခဲ့ပါတယ်။
ရှိလာခဲ့တော့ ဒါဟာ ပြဿနာ ၁ ခု ဖြစ်လာခဲ့ပါတယ်၊ လွတ်လပ်ရေးရပြီးတော့ ပြဿနာက ဘာလဲဆိုတော့ အဲဒီ ဧည့်နိုင်ငံသားတွေ ခုနကသွေးနှောတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်ပုံ ဘယ်နည်းရှင်းကြပါမလဲ ရှင်းဖို့လို့ ကြံစည်ကြတဲ့အခါကျတော့ နောက်ဆုံးဘယ်မှာ ဘာအကောင်အထည်ပေါ်လာလဲဆိုတော့ ဥပဒေ ၂ ခု ပေါ်လာတယ်။
၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုဥပဒေ တဲ့၊ အဲဒီဥပဒေကတော့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ ဥပဒေအဖြစ်နဲ့ စတင်ပြီးတော့ ထုတ်ပါတယ်၊ ဥပဒေအမှတ် ၆၆ ထုတ်တယ်။
ဒုတိယဥပဒေကတော့ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ရေးဥပဒေ၊ ဒီ အက်ဥပဒေကတော့ ၁၉၄၈ မေ ၃ ရက်နေ့မှာမှ ဥပဒေအမှတ် ၂၆ နဲ့ထုတ်ရတယ်။
အဲဒီဥပဒေ ၂ ခုရဲ့ ရည်ရွယ်ချက်ကတော့ ပထမဦးဆုံး ကျွန်တော်တို့ နိုင်ငံသားစစ်စစ်ပေါ့လေ၊ ဒီပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ ဘယ်သူဟာ နိုင်ငံသားစစ်ဖြစ်တယ်၊ ဘာအခွင့်အရေးတွေရှိတယ်၊ နောက် ၁ ခုကတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့ အခြားကဝင်လာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့ ရှင်းပစ်ဖို့ဆိုပြီးတော့ ခုနက နိုင်ငံသားရွေးချယ်ရေးဥပဒေ၊
ဒီတော့ သူတို့ဟာ ကျွန်တော်တို့ လွတ်လပ်ရေးရတဲ့အချိန်မှာ ဗမာပြည်ထဲမှာ ရောက်နေပြီ၊ ရောက်နေတော့ ဗမာပြည်သားဖြစ်ချင်ပါတယ်လို့ သူတို့က ရွေးချယ်ရမယ်၊ သူတို့က လျှောက်လွှာတင်ရမယ်၊ လျှောက်လွှာတင်တဲ့အခါကျတော့ ဒီ အကန့်အသတ်မရှိ ပေးတာတော့ မဟုတ်ဘူးပေါ့လေ၊ အချို့အချက်အလက်ကေလေးတွေ ပြည့်စုံမှ ပေးမယ်ဆိုပြီးတော့ ဒီလို ဥပဒေထုတ်လိုက်တယ်။
အဲဒီဥပဒေထဲက တချို့ အရေးကြီးတဲ့ဟာလေးတွေကို နည်းနည်းသိအောင်လို့ ကျွန်တော်ပြောချင်တယ်။
နိုင်ငံသားဖြစ်မှုဥပဒေ ပုဒ်မ ၅ မှာ –
” အခြေခံဥပဒေစတင်အာဏာတည်ပြီးမှ မွေးဖွားသည့် အောက်၌ ဖေါ်ပြသောသူများသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့် မိဘ တစ်ပါးပါးမှ ပြည်ထောင်စုနိုင်ငံတွင် မွေးဖွားသူ၊ သို့ရာတွင် ထိုသူ၏ အဖသည် နိုင်ငံခြား ၁ ခုခု၏ နိုင်ငံသားဖြစ်ခဲ့သော် ထိုသူသည် အရွယ်ရောက်ပြီးနောက် ၁ နှစ်အတွင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသား အဖြစ် တည်မြဲတည်စေရန်ရွေးချယ်ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထို ၁ နှစ်ကုန်သောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။
(ခ) ပြည်ထောင်စုနိုင်ငံသားအဖမှ ပြည်ထောင်စုပြင်ပတွင်မွေးဖွားသူ၊ သို့ရာတွင် ဤဥပဒေအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း သတ်မှတ်သည့်ကာလအတွင်းတွင် ပြည်ထောင်စု၏ သက်ဆိုင်ရာကောင်စစ်ဝန်ရုံးတွင် မွေးဖွားကြောင်းကို မှတ်ပုံတင်ခြင်းခံရသူ ဖြစ်ရမည်။
(ဂ) ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံအစိုးရအမှုထမ်း အမှုကို ထမ်းနေဆဲဖြစ်သော မိဘ ၁ ပါးပါးမှ ပြည်ထောင်စုပြင်ပတွင် မွေးဖွားသူ၊ သို့ရာတွင် ထိုသူ၏ မိဘ ၁ ပါးပါးသည် နိုင်ငံခြားသားဖြစ်ခဲ့သော် ထိုသူသည် အရွယ်ရောက်ပြီးနောက် ၁ နှစ်အတွင်း နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ် တည်မြဲစေရန် ရွေးချယ်ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထို ၁ နှစ် ကုန်သောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။”
ဒါကို ကျွန်တော် ဘာလို့ရွေးထုတ်ပြီးပြောသလဲဆိုရင် ကျွန်တော်တို့သွေးပါနေတယ် ကျွန်တော်တို့နိုင်ငံသား ကျွန်တော်တို့တိုင်းရင်းသား ၁ ဦး တစ်ဘက်က အမိဖြစ်ဖြစ် အဖ ဖြစ်ဖြစ်ပါတယ်၊ အဲဒီပါပြီးတော့ နိုင်ငံခြားသားနဲ့မွေးလာတဲ့ ကလေးဟာ အရွယ်ရောက်ပြီးတဲ့ နောက် ၁ နှစ်အတွင်းမှာ သူ လာပြီးတော့ပြောရမယ်၊ နိုင်ငံခြားသား မလုပ်လိုပါဘူး မြန်မာနိုင်ငံသားပဲလုပ်လိုပါတယ် လို့ ပြောရမယ့်ဝတ္တရား သူ့မှာရှိတယ်၊
အဲဒီတော့ ကျွန်တော်တို့သွေးပါတဲ့ သူတောင်မှ အဲဒီလိုလုပ်ရမလိုဖြစ်နေတယ်၊ ဥပဒေထုတ်တဲ့လူကလည်း ထုတ်လိုက်တာပဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ခုနက သွေးစပ်တဲ့သူတွေက အမှုမဲ့ အမှတ်မဲ့နဲ့ ဒါနေမိလို့ ၁၈ နှစ်သားပြည့်လို့ ၁၉ နှစ်သားရောက်ပြီးဒဲ့အခါ ကျလို့ရှိရင် ဒီဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း သွားပြီးတော့ သက်ဆိုင်ရာမှာ နိုင်ငံသားအဖြစ်ပဲ နေပါ့မယ် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ပါတယ်ဆိုတဲ့ ကတိဝန်ခံချက်ကို မပြုမိလို့ရှိရင် သူဟာ တစ်ခါတည်း နိုင်ငံသားမဟုတ်တော့ဘူး၊ ဒါ ၁ ချက်။
နောက် ပုဒ်မ ၇ မှာ –
” (၁) နိုင်ငံခြားသား ၁ ဦးသည် နိုင်ငံသားပြုမှုလက်မှတ်ကို အောက်ပါအကြောင်းများဖေါ်ပြလျက် လျောက်ထားနိုင်သည်၊ ဝန်ကြီးက ထိုဖေါ်ပြချက်များကို လက်ခံလျှင် ထိုလျောက်ထားသူအား နိုင်ငံသားပြုမှုလက်မှတ်ကိုပေးအပ်နိုင်သည် ။
(ခ)မလျှောက်ထားမီက မိမိသည် ၅ နှစ်အောက် မနည်း အဆက်မပြတ် ပြည်ထောင်စုနိုင်ငံ အတွင်းတွင် ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်၌ နေထိုင်ခဲ့ကြောင်း”
ဒီတော့ သက်ဆိုင်ရာပဲ ကျွန်တော်ဖတ်ပါမယ်
အောက်မှာကအများကြီးပါပါတယ်၊ တစ်ခါ ဘာဆိုသလဲဆိုတော့ နိုင်ငံခြားသား ၁ ဦးသည် (က) မိမိသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ကြောင်း၊ (ခ) မလျှောက်ထားမီက မိမိသည် ၅ နှစ်အောက်မနည်း အဆက်မပြတ် ပြည်ထောင်စုနိုင်ငံအတွင်းတွင်- ပြည်ထောင်စုနိုင်ငံ၏ အာဏာအောက်တွင် နေထိုင်ခဲ့ကြောင်း၊ ဒါနဲ့ပြည့်စုံရင် နိုင်ငံသားပြုမှုလက်မှတ်ကို လျှောက်နိုင်တယ်၊
အဲဒီတော့ ခုနက ကျွန်တော်ဖတ်သွားတဲ့အထဲမှာ သတိထားမိချင်မှ ထားမိလိုက်ကြလိမ့်မယ်၊ ဒီထဲမှာ ဘာပါသလဲဆိုတော့ ဝန်ကြီးက ထိုသို့ဖေါ်ပြသော အကြောင်းများကို ကျေနပ်လက်ခံလျှင် ထိုလျှောက်ထားသူအား နိုင်ငံသားပြုမှု လက်မှတ်ကို ပေးအပ်နိုင်သည် ဆိုတော့ ဝန်ကြီး ၁ ယောက်တည်းရဲ့ သဘောနဲ့ ဒါ လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်၊ ဒီတော့ ဒီမှာပဲ ဒီဥပဒေနဲ့ ပတ်သက်လို့ အာဏာပိုင်တဲ့သူဟာ ဝန်ကြီးဟာ အာဏာကုန်ပဲ၊ သူ ၁ ယောက်တည်း ဆုံးဖြတ် လုပ်နိုင်တယ်ဆိုတဲ့ အာဏာပေးထားတာ တွေ့ရတယ်။
ဒါ့အပြင် ဒီဥပဒေထဲမှာပဲ စောစောက ထိခိုက်မှာစိုးလို့ ကျွန်တော် အသေးစိတ်မပြောပဲထားခဲ့တယ်၊ ကျွန်တော်တို့နိုင်ငံထဲဝင်လာတဲ့လူတွေ သို့သော်လည်းပဲ အဲဒီထဲက ဖေါ်ပြထိုက်တယ်ထင်လို့ ကျွန်တော် အခု ၁ ချက်ကို ဖေါ်ပြမယ်။
ဒီဥပေဒမွာပဲ ပုဒ္မ ၁၃ မွာ
ပြည်ထောင်စုနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များတွင် ကာလအပိုင်းအခြား ဆက်လျက်ဖြစ်စေ မဆက်ပဲဖြစ်စေ စုစုပေါင်း ၃ နှစ်ထက် မနည်း သစ္စာရှိစွာ အမှုထမ်းခဲ့သောသူသည် အမှုထမ်းနေစဉ်၌သော်၎င်း၊ အမှုထမ်းရပ်စဲပြီးနောက် ၆ လ အတွင်း၌သော်၎င်း၊ နိုင်ငံသားပြုစေလိုကြောင်းလျှောက်ထားလျှင် ထို့အပြင် အောက်ပါခြွင်းချက်များမှ တစ်ပါး ဤဥပဒေရှိ အခြားပြဋ္ဌာန်းချက်အားလုံးကို အပြည့်အစုံ လိုက်နာလျှင် ထိုသူအား နိုင်ငံသားပြုမှုလက်မှတ်ကို ပေးအပ်နိုင်သည်။
ခြွင်းချက်တွေက –
(၁) ကျန်ရည်ရွယ်ခြင်းကို တင်ကြိုအကြောင်းကြားရန်မလို၊ ပြည်ထောင်စုအတွင်းတွင် နေထိုင်ခဲ့ရန်မလို။
အဲဒီတော့ –
ဗမာပြည်ထဲ ရောက်လာကြတဲ့အထဲမှာ နိုင်ငံခြားသားတွေထဲမှာ ဒီအင်္ဂလိပ်ကို အလုပ်အကျွေးပြုရတဲ့ အမှုထမ်း အရာထမ်း အများကြီး ပါတယ်လေ၊ ပြီးတော့ အဲဒီ အမှုထမ်း အရာထမ်းတွေထဲကမှ ပိုပြီးဂရုစိုက်စရာက လက်နက်ကိုင်တပ်ဖွဲ့ပေါ့လေ။
ဒီဥပဒေအကြောင်းတော့ ဒီလောက်ပဲပြောပါတော့မယ်။
ဒီတော့ နောက် ဥပဒေ ၁ ခု၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးဥပဒေ။
ပုဒ်မ ၃ ကို ကျွန်တော်ဖတ်ပြပါမယ်။
” မည်သူမဆို အောက်ပါအရည်အချင်းများနှင့် ပြည့်စုံလျှင် မိမိနေထိုင်သည့် ခရိုင်အရာရှိထံတွင် ပြည်ထောင်စုမြန်မာနိုင်ငံသား လက်မှတ်ရလိုကြောင်း လျှောက်ထားနိုင်သည် “
ဒီတော့ အောက်ပါအရည်အချင်းဆိုတာမှာ –
(က) မွေးဖွားစဉ်က ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပိုင်နက်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မွေးဖွားခဲ့သူဖြစ်ခြင်း။
ဒီတော့ ဒါက ဘယ်လောက်ကျယ်ပြန့်သလဲဆိုတော့ အဲဒီအချိန်က ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပိုင်နက်ဟာ ဟိုတုန်းကပြောတယ် မဟုတ်လား အဲဒီအင်ပါယာကြီးမှာ နေမဝင်ဘူးလို့၊ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်ထဲကို အဲဒီအင်ပါယာထဲက လူတွေဟာ လာပြီးတော့ နိုင်ငံသားအဖြစ် နေချင်ပါတယ်ဆိုရင် လျှောက်လွှာတင်နိုင်တယ်လို့ ပေးထားတယ် အထူးအခွင့်အရေးပေးတာဖြစ်နေတယ်၊ ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးနဲ့ပေါင်းသင်းနေတာ၊ အားလုံးနဲ့ သင့်မြတ်အောင်နေတာ၊ နိုင်ငံ ၁ ခုတည်းကိုပဲ အသားပေးပေါင်းလို့မဖြစ်ဘူး၊ မျှမျှတတ ကျွန်တော်တို့ပေါင်းရလိမ့်မယ်။
ဒီပုဒ္မ ၃ မွာပဲ (ခ) အခ်က္က –
” ၁၉၄၂ ဇန်နဝါရီလ ၁ ရက်နေ့မှ (သို့မဟုတ်) ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မှ အထက်၊ အခြားမဲ့သော ၁၀ နှစ်အတွင်း ၈ နှစ်အောက်မယုတ်သော ကာလအဖို့ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဘူးသူဖြစ်ခြင်း “
ဒီတော့ ခုနက ခြွင်းချက်ဆိုတာတွေက ဗြိတိသျှအင်ပါယာထဲမှာ မွေးရမယ်၊ ဗမာပြည်မှာ လွတ်လပ်ရေးမရခင် သို့မဟုတ် ၁၉၄၂ ထက် ကျော်လွန်တဲ့ ၁၀ နှစ်အတွင်းမှာ ၈ နှစ် ဗမာပြည်မှာ နေဖူးရမယ်၊ ဒါတွေကတော့ ၁၉၄၈ ဥပဒေအကြောင်းတွေပေါ့လေ။
ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ရမယ့် အပိုင်းတွေပါနေတယ်၊ ဗမာပြည်ရောက်နေတဲ့ ခုနက ခြွင်းချက်တွေနဲ့ ညီတဲ့ လူဟာ ဗမာပြည်မှာ နိုင်ငံသားဖြစ်ချင်ပါတယ် သို့မဟုတ် မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ပါတယ် ဆိုတဲ့ လျှောက်လွှာကို တင်ရမယ်။
တစ်ခါ မြန်မာအစိုးရအနေနဲ့ကလဲ သူတို့လျှောက်လွှာလာတင်တဲ့အတိုင်း မှန်၏ မမှန်၏ စစ်ဆေးပြီး နိုင်ငံသားလက်မှတ်ကို ထုတ်ပေးရမယ်။
ဒီနေရာမှာ သက်ဆိုင်ရာ နိုင်ငံခြားသားဟာ စာကလည်းမတတ်၊ ဒီဥပဒေရှိတယ်ဆိုတာတောင် တချို့က မသိဘူး၊ မသိတော့ လျှောက်လွှာမတင်ဘူး၊ မတင်တော့ ဒီနေ့ထိအောင်ဟာ ဒီလူတွေကို ဥပဒေအရသာ အရေးယူရမယ်ဆိုရင် အတောမသတ်ဘူး၊ အလုပ်အင်မတန်ပို သူတို့လည်းဒုက္ခများ ကျွန်တော်တို့လည်း အလုပ်ပိုတယ်၊ ဒီထဲမှာ ဆိုးတာက မဖြစ်သင့်တာပေါ့လေ ကျွန်တော်တို့ပြောပြောနေတယ်၊ လူတစ်ဦးတည်းရဲ့ လက်ထဲမှာ အာဏာကို အကုန်မအပ်ပါနဲ့၊ ဟိုခေတ်က သူတို့အယူအဆတွေအရ ၁ ဦးတည်းကို အာဏာကုန်ပေးသွားတယ်၊ ဒီလူ ဆုံးဖြတ်ရင်ပြီးတမ်းဆိုတော့ ကျွန်တော်တို့ လွတ်လပ်ရေးမရမီက လူတွေအတွက် လုပ်ပေးရမှာကိုတော့ ချွတ်ယွင်းတာတွေ ရှိသလောက်ရှိခဲ့ပေမယ်လို့ ၄၈ ခုနှစ်နောက်ပိုင်းမှာ ရောက်တဲ့လူတွေကို နိုင်ငံသားလက်မှတ်တွေပေးထားတာ ရှိများမရှိဘူးလားလို့။
ဒီ လွတ်လပ်ရေးနောက်ပိုင်းမှ နိုင်ငံသားအပြုခံရတဲ့သူတွေ ဆိုရင်တော့ ကျွန်တော်တို့ လက်ပိုက်ကြည့်နေလို့မဖြစ်ဘူး၊ စောစောက ကျွန်တော်ပြောတယ် လွတ်လပ်ရေးရပြီးချိန်မှာ ဒီနိုင်ငံခြားက ရောက်လာသူတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာကြီးဖြစ်နေတယ်၊ ဒီပြဿနာကြီးရှင်းဖို့ ဒီဥပဒေ ၂ ခု ထုတ်ခဲ့တယ်။
သို့ပေတယ်လို့ ဒီဥပဒေကို စေ့စေ့စပ််််စပ် အကောင်အထည်မဖေါ်နိုင်ခဲ့ကြဘူး၊ ဒါ့ကြောင့် ကနေ့ထိ ဒီလူတွေရဲ့ ပြဿနာရှင်းမသွားဘူး၊ ကျန်လျက်ပဲ၊ ကျန်နေရုံမဟုတ်ဘူး ပြန်ကြည့်လိုက်ရင် ဒီလူတွေဟာ ကျီးလန့်စာစား၊ ဘာပြုလို့လည်းဆိုတော့ သူတို့ဘဝဟာ အတည်တကျ သတ်သတ်မှတ်မှတ် ကနေ့ထိ မရှိသူတွေ အများကြီးပဲ။
အဲဒီတော့ အဲဒီလူတွေရဲ့ စိတ်ချမ်းသာမှုရော သူတို့ရဲ့ ရပိုင်ခွင့် စတာတွေကို တိတိကျကျ ကျွန်တော်တို့လုပ်ပေးလိုက်ရင် သူတို့အဖို့လည်း စိတ်အေးလက်အေးနေရမယ်၊ ကျွန်တော်တို့တိုင်းပြည်ဘက်က ကြည့်တော့လည်း ကျွန်တော်တို့ သဘောထားကြီးဖို့ လိုတယ်၊ လက်တွေ့မှာက သဘောထားမကြီးလို့လည်း မရတော့ပါဘူး။
ဒီလူတွေဆိုတာဟာ ခုနတုန်းက နိုင်ငံခြားသားတွေပေါ့လေ တချို့ဆို ၁၈၂၄ နောက်ပိုင်း ၁၈၃၀ ၁၈၃၅-၄၀ ဆိုတော့ ဟိုအနှစ် ၁၀၀ ကျော်က ရောက်လာကြတာ၊ သူတို့ရဲ့သားစဉ်မြေးဆက်ဟာ လွတ်လပ်ရေးမရခင်ကတော့ ဗမာနိုင်ငံသားလည်း မလုပ်ဘူး၊ သူတို့နိုင်ငံသားပဲ သူတို့နေကြတယ်။
အဲ လွတ်လပ်ရေးရပြီးနောက် ထွက်သွားတဲ့သူက သွားတယ်၊ ကျန်ရစ်တဲ့သူက ကိုယ့်ကိုယ်ကို ငါ ဘာလူမျိုးလည်းဟ ဆိုတာ မသေမချာဖြစ်နေတယ်၊ အဲဒါ ကျွန်တော်တို့က သဘောထားမကြီးပဲနဲ့ ဒီ မသေမချာဖြစ်နေတဲ့သူတွေနဲ့ ငါတို့နဲ့ ဘာဆိုင်လဲကွ သူတို့ဘာသာလာချင်လို့လာခဲ့တာ ဒီလိုသဘောနဲ့ ဆက်ဆံမယ် ဆိုရင် သူတို့ အများကြီး ဒုက္ခရောက်မယ်၊ ပြန်သွားစရာ နေရာလည်းမရှိဘူး အဆက်ပြတ်နေပြီ၊ သူတို့တိုင်းပြည်တွေနဲ့။
ဒါ အင်မတန်ဝေးဝေး ဟိုသင်းပေါ့လေ၊ ရှေးခေတ်ကတည်းက ရောက်လာတဲ့လူတွေ၊ ပထမ အင်္ဂလိပ် – ဗမာ စစ်ပြီးကတည်းက ရောက်လာတဲ့သူတွေ။
အဲဒီနောက်လဲပဲ လွတ်လပ်ရေးမတိုင်မီ သို့မဟုတ် စစ်စတဲ့ ၁၉၄၂ မတိုင်မီမှ ရောက်လာတဲ့သူတွေလဲရှိတယ်၊ အဲဒီတော့ ဒါတွေကို သိမ်းကျုံးပြီးတော့ ရှင်းပစ်မှဖြစ်မယ် ဆိုပြီးတော့ ကျွန်တော်တို့ ဒီ ” နိုင်ငံသားဥပဒေ ” အသစ်ကို ထုတ်ဖို့ လုပ်ရခြင်းဖြစ်ပါတယ် ။
ဒီ နိုင်ငံခြားက ရောက်လာတဲ့ အလီလီရောက်လာကြတဲ့ အလီလီ အကြောင်းကြောင်းကြောင့် ရောက်လာကြတဲ့ ဒီလူတွေကို ပြန်ပြီးတော့ နှင်ပြီးတော့ ထုတ်လို့လည်း လက်တွေ့ဖြစ်နိုင်တဲ့အခြေအနေမှာ မရှိဘူး။
ဒါ့အပြင်လည်းပဲ လူလူချင်းစာနာတဲ့သဘောနဲ့ ရောက်နေပြီးမှတော့ ဒီလောက်ကြာ နှစ်ရှည်လများ နေပြီးမှတော့ သူတို့ကို စိတ်ချမ်းချမ်းသာသာလေး နေပါစေတော့ဆိုတဲ့ စေတနာ ကျွန်တော်တို့ ထားဖို့လိုလာတယ်၊ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့က သူတို့ကို အခု ဥပဒေမှာတော့ ” ဧည့်နိုင်ငံသား ” ဆိုပြီးတော့ အမည်တပ်လိုက်တယ်။
ဒါ ဘာလို့တပ်ရတာလည်းဆိုတော့ ဟိုအရင်တုန်းက ကျွန်တော်တို့ နိုင်ငံသားချည်းပဲ၊ ကျွန်တော်တို့တိုင်းရင်းသားတွေချည်းပဲ၊ သို့ပေတယ်လို့ ဒီလူတွေဟာ ဧည့်သည်အဖြစ်နဲ့ ရောက်လာကြတယ်၊ အဲဒီဧည့်သည်အဖြစ်နဲ့ ရောက်လာကြရာကနေပြီးတော့ မပြန်နိုင်၊ ဒီမှာပဲ ခေါင်းချကြတော့မယ်ဆိုပြီးတော့ ခေါင်းချမယ့် ဘဝရောက်နေပြီ။
အဲဒီတော့ ခေါင်းချရမယ့် ဘဝရောက်နေတော့ ကျွန်တော်တို့ နိုင်ငံသားအဖြစ်နဲ့ ကျွန်တော်တို့ လက်ခံတယ်ထား လူလူချင်းစာနာတဲ့သဘောနဲ့ သူတို့ကို သက်ညှာတယ်ဆိုပေတယ်လို့ ကိုယ့်ကို အန္တရာယ်ဖြစ်အောင်တော့ သက်ညှာလို့မဖြစ်ဘူး။
သက်ညှာတယ်ဆိုတာက ဒီတိုင်းပြည်မှာ နေပိုင်ခွင့်ပေးမယ်၊ ဒီတိုင်းပြည်မှာ လုပ်စားကိုင်စားခွင့် တရားသဖြင့်ပေါ့လေ၊ အလုပ်ကို လုပ်ကိုင်စားခွင့်ပေးမယ်၊ သို့သော်လည်း အချို့အချက်အလက်တွေမှာတော့ တစ်တိုင်းတပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေ တိုင်းပြည်ကြမ္မာကို ဖန်တီးမယ့် ကိစ္စတွေမှာတော့ သူတို့ဟာ ဝင်ပြီးတော့ ခြယ်လှယ်နိုင်မယ့် အဲဒီလိုကိစ္စတွေမှာတော့ သူတို့ကို ကျွန်တော်တို့ ချန်ထားရလိမ့်မယ်။
ဒါဟာ သူတို့ကို ကျွန်တော်တို့ မုန်းလို့မဟုတ်ဘူး၊ သို့သော်လည်း လက်တွေ့မှာ အဲဒီ တိုင်းပြည်ကြမ္မာကို ဖန်တီးနိုင်တဲ့နေရာမျိုးမှာ သူတို့ကို ထားလို့ရှိရင် မတော်လို့များ သူတို့က သူတို့တာဝန်ကို အကျေအပွန် တိုင်းပြည်ပေါ်မှာ အကျေအပွန် မဆောင်ရွက်ပဲနဲ့ ဖေါက်လို့ရှိရင် ကျွန်တော်တို့တိုင်းပြည် ဒုက္ခရောက်လိမ့်မယ်။
ဥပမာလေးကို ကျွန်တော်ပြောပြမယ်။
ဒီဧည့်နိုင်ငံသားတွေထဲကပဲ လွတ်လပ်ရေးရပြီးနောက်ပိုင်း တချို့က ဒီတိုင်းပြည်ထဲကပြန်ထွက်သွားတယ်၊ သို့သော်လည်း သူတို့မိသားစုထဲက တချို့ ဒီမှာကျန်ရစ်တယ်၊ တချို့ဒီက ထွက်သွားတဲ့လူတွေဟာ တည့်တည့်ပြောရရင်တော့ ကုလားဆိုပါတော့၊ သူ့ကုလားပြည်ကို မပြန်ပဲနဲ့ ဟို စင်္ကာပူတို့ ဟောင်ကောင်တို့ အမေရိကားတို့သွားတယ်၊ တရုတ်အချို့ဟာလည်း တရုတ်ပြည်ကို မပြန်ဘူး၊ စင်္ကာပူတို့ ဟောင်ကောင်တို့ သြစတြေးလျတို့ အမေရိကားတို့သွားတယ်၊ ဗမာပြည်ထဲမှာက သူတို့ဆွေမျိုး ညီအစ်ကို တစ်ယောက်ယောက် ကျန်ရစ်ခဲ့တယ်၊ ဟိုတစ်ယောက်က အင်္ဂလန်မှာ အလုပ်လုပ်လို့ ဒီတော့ သူတို့ချင်းဆက်ပြီး ကျွန်တော်တို့နိုင်ငံထဲက ပစ္စည်းတို့ဘာတို့ ခိုးထုတ်တာ၊ မှောင်ခိုလုပ်ငန်းတို့မှာ သူတို့ချင်းဆက်ပြီးလုပ်နေတာ ဒါလက်တွေ့ပဲ။
အဲဒီတော့ ပိုက်ဆံရယင်ပြီးရော ဆိုပြီးတော့ လုပ်တဲ့ ဒီအကျင့်ကလေးဟာ သူတို့မှာရှိတယ် ဆိုတာကို ကျွန်တော်တို့က သိနေတော့ တိုင်းပြည်ရဲ့ကြမ္မာကို ဖန်တီးနိုင်တဲ့ အဖွဲ့အစည်းတွေမှာ သူတို့ကို ထည့်ထားလို့ ဖြစ်ပါ့မလားလို့။
အဲဒါကြောင့်မို့လို့ သူတို့ဟာ နိုင်ငံသားအပြည့်တော့ ကျွန်တော်တို့ မပေးနိုင်ဘူး၊ အခွင့်အရေးအပြည့်မပေးနိုင်ဘူး၊ သို့သော်လည်း အခွင့်အရေးပေးသလောက်ပေးတယ်၊ လူတစ်ယောက်အနေနဲ့ သူအလုပ်လုပ်သည်နှင့်အမျှ သူ စားနိုင်သောက်နိုင် လူစဉ်မီအောင် နေနိုင်အောင်တော့ ကျွန်တော်တို့ခွင့်ပေးတယ်၊ ဒီထက်တော့ ပိုမပေးနိုင်ဘူး။
အဲဒီတော့ ဒီ နောက်ကြောင်းသမိုင်းကို ပြောခဲ့ပြီးပြီ၊ အခု ဒီနိုင်ငံသား မြန်မာနိုင်ငံသားဥပဒေ၊ ကျွန်တော်တို့ အခုထုတ်ထားတဲ့ဟာကို ကျွန်တော်ပြောပြမယ်။၊
ခုချိန်ကစပြီးတော့ နောင် အချိန် ၁ ခုထိ ၃ မျိုး ၃ စားရှိမယ် လူမျိုးအနေနဲ့ နိုင်ငံသားစစ်စစ် ကျွန်တော်တို့ တိုင်းရင်းသားသွေးစစ်စစ်နဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ နိုင်ငံသားခေါ်မယ်။
ခုတင်က တခြားတိုင်းပြည်တွေက တခြားနိုင်ငံတွေက လွတ်လပ်ရေးမရခင်က ရောက်လာတဲ့ ပုဂ္ဂိုလ်တွေဟာ ပြန်လဲမပြန်နိုင်တော့တဲ့အတွက် စောစောက ဥပဒေ ၂ ခုအရ တချို့ သိတတ်ပြုတတ်လို့ လျှောက်လွှာတင်တဲ့လူ ရှိတယ်၊ မသိလိုက်လို့ မတင်တဲ့လူလဲ ရှိတယ်၊ ဒီတော့ လျှောက်လွှာတင်တဲ့လူတွေကိုတော့ယင် ဥပဒေမှာပါတဲ့ သတ်မှတ်ချက်တွေနဲ့ ညီမညီစစ်၊ ညီလို့ရှိယင် ဧည့်နိုင်ငံသားအဖြစ် ပေးမယ်။
မသိနားမလည်လို့ မတင်ပဲနဲ့ ကျန်ရစ်ခဲ့တဲ့လူတွေကိုတော့ လျှောက်လွှာပြန်တင်ခိုင်း သတ်မှတ်ချက်တွေနဲ့ ညီရင် နိုင်ငံသားပြုခွင့်ရသူ ဆိုပြီးတော့ ၃ စား။
အဲဒီတော့
(၁) နိုင်ငံသားစစ်စစ်
(၂) ဧည့်နိုင်ငံသား
(၃) နိုင်ငံသားပြုခွင့်ရသူ
ဧည့်နိုင်ငံသားသည် မည်သူလဲ လွတ်လပ်ရေးမရခင်က ဗမာပြည်ရောက်နေပြီးတော့ ဟိုဥပဒေတွေအရ သတ်မှတ်ချက်နဲ့ ညီသူတွေ ပြီးတော့ လျှောက်လွှာလဲ တင်ထားတဲ့သူတွေ။
ဒီတော့ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရတဲ့ နိုင်ငံသား ဘာကွာလဲဆိုတော့ ရောက်တာချင်းတော့ တူတယ် လွတ်လပ်ရေးမရခင်က သို့သော် လျှောက်လွှာတင်ပြီးသားလူနဲ့ မတင်တဲ့လူ။
မတင်တဲ့သူကတော့ ဟို လူ့ထက် ပိုပြီးတော့ ဟိုသင်းပေါ့ ပြဿနာပိုကြီးတယ် ဆိုပါတော့၊ ဒါ့ကြောင့် ဧည့် နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူလို့ ခွဲထားခြင်းဖြစ်ပါတယ်။
ဒီ ၃ ခုမွာ
၄၈ ခုနှစ် နိုင်ငံသားပြုမှုဥပဒေမှာ ထုတ်ထားတာက ကျွန်တော်တို့သွေးပါနေပါလျက်ကယ်နဲ့ အရွယ်ရောက်ပြီးလို့ တစ်နှစ်အတွင်းမှာ သူဟာ စွန့်လွှတ်စရာရှိတာကို မစွန့်လွှတ်ရင် ကတိပြုစရာရှိတာကို ကတိမပြုရင် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးတယ်။
ခု ကျွန်တော်တို့ ဥပဒေမှာတော့ ကျွန်တော်တို့သွေးပါလို့ရှိရင် နိုင်ငံသားအစစ်ကမှတင် မဟုတ်ဘူး၊ အစစ်မိဘ ၂ ပါးက မွေးမှတင် မဟုတ်ဘူး၊ ကျွန်တော်တို့ နိုင်ငံသားမိဘ ၁ ပါးက မွေးရင်လဲပဲ စောစောကလို ၁ နှစ်ပြည့်ပြီးရင် သွားပြီးတော့ ကတိပြုတာတို့ သစ္စာဆိုတာတို့ လုပ်စရာမလိုဘူး၊ အလိုအလျောက် နိုင်ငံသားဖြစ်မယ်။
ခုချိန်မှာ ၃ စားရှိတယ် နောင်တချိန်မှာ တစ်မျိုးတည်းပဲရှိတော့မယ်၊ နိုင်ငံသားဆိုတာပဲ ရှိတော့မယ်၊ ဧည့် နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူ ပျောက်သွားမယ်၊ ဘယ်ပုံဘယ်နည်းပျောက်မလဲ အခု ဧည့် နိုင်ငံသားဖြစ်တယ်၊ စောစောကပြောခဲ့တဲ့ အချက်တွေညီရင်ပေါ့လေ ဧည့် နိုင်ငံသားဖြစ်ပြီ၊ ကျွန်တော်တို့ကလည်း သူတို့ကို ရာခိုင်နှုန်းပြည့် အယုံအကြည်မရှိနိုင်ဘူး၊ မရှိနိုင်လို့ သူ့ကို ဧည့်နိုင်ငံသားလို့ ခေါ်ထားတာ။
ဒီတော့ ဒီဧည့် နိုင်ငံသားဟာ သူက ပေါက်ဖွားလာတဲ့ သားစဉ်မြေးဆက်ဟာလဲ အကုန်လည်း ဧည့် နိုင်ငံသားအဖြစ်သာ သွားနေရမယ် ဆိုရင်လဲ နိုင်ငံသားဖြစ်မဲ့ အခြေမရှိဘူး- အခုအချိန်အတွင်းမှာကတော့ ဒီဧည့် နိုင်ငံသားဟာ ယုံကြည်စရာမရှိဘူး၊ စောစောကပြောပါရောလား ၁ ယောက်က ဗမာပြည်မှာနေ နောက်တစ်ယောက်က ဟောင်ကောင် နောက် ၁ ယောက်က ဘိလပ် မှာ နေပြီးတော့ အဲဒါ မဟုတ်တာ လုပ်ကြတာ။
သို့သော်လည်းပဲ သား မြေး လောက်ကျရင်တော့ ဒီ သွေးဆက်မှုဟာ ပြတ်သလောက် ပြတ်သွားမယ် အဲဒီအချိန်ကျလောက်ရင်တော့ ဒီ မြေးဖြစ်တဲ့ ကလေးကိုတော့၊ ဧည့် နိုင်ငံသားကနေ နိုင်ငံသားပေးလိုက်ရင် ဒါ သူ့ဘဝဟာ သူလိုငါလိုပဲ ကျွန်တော်တို့ တိုင်းပြည်က နိုင်ငံသားအပြည့်ဖြစ်တဲ့လူနဲ့ အတူတူပဲဖြစ်သွားမယ်။
အလားတူစွာပဲ နိုင်ငံသားပြုခွင့်ရသူကလဲပဲ သူ့သားစဉ်မြေးဆက် ဒီလိုပဲ ဖြစ်နေရတော့မှာလား၊ ဒီ နိုင်ငံသားအနေနဲ့ အခွင့်အရေးအပြည့်မရတော့ဘူးလား၊ ခုနက မြေး ကျလို့ရှိရင်တော့ နိုင်ငံသားအဖြစ်ပဲ။
ဒါ့ကြောင့် ကျွန်တော်ပြောချင်တာက အခုချိန်မှာ ၃ မျိုးရှိသော်လည်းပဲ အချိန်ကျ လို့ရှိရင်တော့ နိုင်ငံသား ၁ မျိုးပဲ ရှိတော့မယ်။
အဲဒီတော့ သူတို့ရဲ့မြေးတွေ ကျွန်တော်တို့ နိုင်ငံသားဖြစ်အောင်ဆိုတာဟာ ဧည့် နိုင်ငံသားရယ် နိုင်ငံသားပြုခွင့်ရသူရယ် သူ့သားသမီးတွေရယ်၊ သူတို့က မွေးတဲ့ ကလေးတွေရယ် သူတို့ဟာ မှန်မှန်ကန်ကန် မဖေါက်မပြန် ကျွန်တော်တို့တိုင်းပြည်အတွင်းမှာနေမှ သူတို့မြေးဟာ နိုင်ငံသားဖြစ်မယ်၊ သူတို့ဖေါက်ပြန်လို့ရှိရင် သူတို့မြေးဟာ မဖြစ်နိုင်ဘူး။
သူတို့ ဖေါက်ပြန်တဲ့အတွက် အရေးယူတာကိုလိုက်ပြီးတော့ ဘယ်ကစရေမလဲ ဆိုတာ ဒါက လုပ်ထုံးလုပ်နည်းတို့ ဘာတို့မှာ ထည့်ရလိမ့်မယ်။
ဒီဥပဒေဟာ မျိုးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်အတွင်းမှာလွတ်လပ်ရေးမရမီက ရောက်နေသူတွေကိုငါ ဘာလူမျိုးလည်းလို့ မေးရတဲ့ ဘဝက လွတ်အောင်လို့ ပထမ ကျွန်တော်တို့လုပ်ပေးခြင်းဖြစ်တယ်။
ကျွန်တော်တို့တိုင်းပြည်အတွင်းမှာဒါ သတ်သတ်မှတ်မှတ် နေနိုင်ပြီဆိုတာအချက်အလက်တွေနဲ့ ကိုက်ညီရင်ပေါ့လေ၊ ဒါတင်မကသေးဘူးမှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် နေသွားမယ်ဆိုရင် သူတို့ မြေးလက်ထက်ကျလို့ရှိရင်တော့ နိုင်ငံသားအပြည့်ဖြစ်မယ်ဆိုတာကိုသူတို့သိဖို့လိုတယ်။
အဲဒီတော့အဲဒီပုဂ္ဂိုလ်တွေကို ကျွန်တော်ပြောချင်တာကတော့ဖြင့် ကျွန်တော်တို့လုပ်ပေးတာကို ထောက်ထားပြီးတော့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် နေကြဖို့ပဲ ။
ဒီဥပဒေကိုဆွဲတာဟာတော်တော်အချိန်ယူပြီးတော့ပေါ့လေ၊ အားလုံးသိတဲ့အတိုင်းပဲ တတိုင်းပြည်လုံးကို တိုင်ပင်ပြီးတော့ဆွဲတာပဲ။
အဲဒီဥပဒေကို ရေးတဲ့အခါကျတော့ အကြမ်းရေးတာဟာ အောက်မှာတော့ ဘယ်နှစ်ခါရေးတယ် မပြောတတ်ဘူး၊ ကျွန်တော့်ဆီရောက်ပြီးမှ ထပ်ထပ်ပြီးကျွန်တော်တို့တွေ့ရတာဟာ ၆ ခါ လောက်ရှိမယ်၊ စကားအသုံးအနှုန်း အချို့အချက်တွေကျန်လို့။
ဒါတောင်မှ အခုကျန်နေတာ ၁ ခုတွေ့တယ်။
ဒါ မနက်ကမှ ဒီမှာ မိန့်ခွန်းပေးဖို့လို့ရေးနေယင်း ပြန်ဖတ်တဲ့အခါမယ်။
အဲဒီအချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံသားအစစ်ပေါ့၊ စစ်မက်ကာလအတွင်းမှာနိုင်ငံသားဟာ မွေးရာပါအခွင့်အရေးသူ ဖေါက်ဖေါက်ပြန်ပြန်လုပ်ပြီးတော့၊ သူ့ရဲ့လုပ်မှုကြောင့် သူနိုင်ငံသားအဖြစ်ကို ဆုံးရှုံးတာကလွဲလို့ အခြားဘယ်သူကမှ သူ့ကို နိုင်ငံသားအဖြစ်က မရပ်နိုင်ပါဘူး။
သို့သော်လည်း သူ့ကို အခွင့်အရေးပေးသလိုပြန်ပြီးတော့ တာဝန်ပေးတဲ့အပိုင်း ၁ ခုလည်း ပါတယ်။
အဲဒီတာဝန်ပေးတဲ့ အပိုင်းမှာ ၁ ခုကျန်သွားတယ်၊ ဒီတော့ ဒီဟိုသင်းထဲမှာ မပါရင် နောက်ကျ အငြင်းပွားစရာဖြစ်မယ်၊ ဒါ့ကြောင့်မို့လို့ ကျွန်တော်ပြောခြင်းဖြစ်ပါတယ်။
အဲဒီအချက်ကတော့ ထပ်ပြီးဖြည့်ရမယ့်အချက်ကတော့ ” နိုင်ငံသား ၁ ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ ” ဒါက အသစ်ထပ်ထည့်ရမှာ။
ဧည့်နိုင်ငံသားတို့ နိုင်ငံသားပြုခွင့်ရသူတို့တွေမှာတော့ဒီအပိုဒ် ပါပါတယ်၊ ကျွန်တော်တို့နိုင်ငံသားအစစ်မှာ သတိလစ်သွားပြီး အဲဒါ မပါပဲဖြစ်သွားတယ်။
ဒါ့ကြောင့်မို့လို့ စာမျက်နှာ ၅ အပိုဒ် ၁၃ အောက်က အပိုဒ် ၁၄ အဖြစ်နဲ့ ထည့်ဖို့ပဲ။
အပိုဒ် ၁၃ က ” နိုင်ငံသား ၁ ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူခွင့်မရှိစေရ “
အဲဒီတော့ အပိုဒ် ၁၄ ကတော့ ” နိုင်ငံသား ၁ ဦးသည် နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့်မရှိစေရ “
ဒါထည့်မထားလို့ရှိရင် အဲဒီ စစ်ကာလအတွင်းမှာ စစ်ထဲမလိုက်ချင်တာနဲ့ ကျွန်တော် ဒီနိုင်ငံသားမလုပ်ေ်တာ့ပါဘူးဗျာလို့ရှောင်သွားမှာစိုးလို့ ဒါထည့်ရတာ၊ ဒီလောက်ပါပဲ ။