Copy/Paste
မြန်မာပြည်သတင်း ဒိုင်ယာရီ Mar/Apr 2025
သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။
Apr 27 ။ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးအင်အားကို အားထားနေရချိန်၊ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ အရည်အသွေးကောင်းသည်ထက်ကောင်းအောင် ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၅ နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
နေပြည်တော်ကြီး တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေ ပြန်ဆက်သွယ်ကြဖို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက အသိပေးစာထုတ်ခဲ့ပါတယ်။
မြန်မာပြည် တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ဧပြီ ၂၈ ရက်ကနေ မေ ၃ ရက်အတွင်း အချိန်အခါမဟုတ် မိုးကြီးတာနဲ့ ၊ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တာကြောင့် သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Apr 26 ။ နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့က ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကျန်းမာရေးဝန်ထမ်းတွေ ပြောဆိုချက်ကို ကိုးကားပြီး ကိုးကန့်တပ် MNDAA က ပြောခဲ့ပါတယ်။
ပြည်တွင်း/ ပြည်ပ လှူဒါန်းမှု ငလျင်အလှူငွေ ကျပ် ၁၁၅ ဘီလျံကျော် နဲ့ ကန်ဒေါ်လာ ၂ သန်းကျော် လက်ခံရရှိထားကြောင်း စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့က ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာပြောပါတယ်။
Apr 25 ။ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ကြက်ဥ (၁) လုံး ၈၀၀ ကျပ်ထိ စံချိန်တင်မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။ မြန်မာပြည်တဝန်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
မြန်မာပြည်မှာ ငလျင်ဒဏ်တွေ ရှိနေပေမဲ့လည်း နျူကလီးယားဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံက ပြောပါတယ်။
Apr 24 ။ ငလျင်ဘေးသင့် ဒေသတွေမှာ ပြိုပျက်အိမ်တွေကလွဲ ကျန်အိမ်ထောင်စုတွေ လျှပ်စစ်မီတာခ ပုံမှန် ဆက်ဆောင်နေရဆဲ ဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ NLD အစိုးရလက်ထက် ကိုဗစ်ပိုးကာလတုန်းကတော့ မီတာခတွေ မယူတဲ့အပြင် ထောက်ပံ့ကြေးတွေပါ ပေးခဲ့ပြီး အခုကာလမှာတော့ မီးမမှန်တဲ့အပြင် မီတာခတွေပါ ပေးဆောင်နေရတာပါ။
အပစ်အခတ်ရပ်စဲမှုကို ဧပြီလကုန်အထိ စစ်ကောင်စီက သက်တမ်းတိုးကြောင်း ပြောထားပေမဲ့ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက ကျေးရွာထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က သတင်းထုတ်ပါတယ်။
Apr 23 ။ ၂၀၂၅ နှစ်အတွက် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာခဲ့ပါတယ်။ ဒီဂုဏ်ပြုပွဲအခမ်းအနားကို US တက္ကဆက်ပြည်နယ် ၊ ဟူစတန်မြို့မှာ မေလ ၂၄ ရက်နေ့ ကျင်းပခဲ့မှာဖြစ်ပါတယ်။
မြန်မာပြည်အလယ်ပိုင်း မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ နဲ့ ၆.၄ အဆင့်ရှိ ငလျင်တွေ လှုပ်အပြီး ငလျင်ဒဏ်သင့်ဒေသတွေက ရွှေ့ပြောင်းနေထိုင်နေရသူ သောင်းနဲ့ချီ ကျန်းမာရေးဆိုင်ရာအန္တရာယ် ကြုံတွေ့ရမှု အရှိန်အဟုန်မြင့်လာနေကြောင်း WHO က သတိပေးခဲ့ပါတယ်။
Apr 22 ။ ကိုးကန့်တပ်တွေ ဆုတ်ခွာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဒီနေ့မှာ စတင်ဝင်ရောက်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တပ်မ – ၃၃၊ ၉၉၊ ၇၇ စတဲ့ တပ်မသုံးခုကဖြစ်ပြီး မြို့တွင်းထဲရောက်လာကြတဲ့ စစ်ကောင်စီတပ်ကား အကြီး၊ အသေးပေါင်း ၁၂၀ လောက် ရှိကြောင်းလည်း မြို့ခံတွေကပြောပြီး လားရှိုးမြို့ခံအချို့ကတော့ စိုးရိမ်ပြီး မြို့ကနေ တိမ်းရှောင်နေခဲ့ပါတယ်။
ရန်ကုန် ၊ မန္တလေး၊ စစ်ကိုင်းအပါဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ဧပြီလကုန်ပိုင်းထိ နေ့အပူချိန်တွေ ဆက်လက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပြီး ၊ ယာယီအမိုးအကာ တဲတွေနဲ့ နေထိုင်နေရတဲ့ ငလျင်ဘေးသင့်ပြည်သူတွေ ၄၀ ဒီဂရီစင်တီဂရိတ်ကျော်တဲ့ နေ့အပူရှိန်မှာ နေကြရပါတယ်။
Apr 21 ။ ရခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ချိုင်းနား ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော်(AA)ရဲ့ လက်ထဲ ရောက်နေကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့(AWO)က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
နေပြည်တော်ကို တည်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ သမ္မတဟောင်းဦးသိန်းစိန်နဲ့ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပါ ငလျင်ဒဏ်ခံစားခဲ့ရပြီး NLD အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အချုပ်ခန်းထဲကနေ ငလျင် ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတအိမ်တော်၊ လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ စစ်ရုံးနဲ့ဝန်ကြီးဌာနတွေကနေ ဝန်ထမ်းအိမ်ရာတွေထိ နေပြည်တော်ဟာ အပျက်အစီးများခဲ့တာပါ။
Apr 20 ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ဒေသခံတွေနဲ့ မွန်လွတ်မြောက်ရေးတပ်တော်(MLA)က ပြောပါတယ်။ ကော့ကရိတ်မြို့ထဲက ဒေသခံတွေလည်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်ဖို့ ကြိုးစားပေမဲ့ ထွက်ခွင့်မရဘဲ ပိတ်မိနေတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေပြောကြောင်း
BBC သတင်းက ပြောပါတယ်။
ငလျင်ဒဏ်သင့် မန္တလေးမြို့တွင်း ရပ်ကွက်တွေမှာ သင်္ကြန်ကာလမိုးရွာပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုတွေရှိခဲ့ကြောင်း သဘာဝဘေးနောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့တွေက ပြောပါတယ်။ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၇၀၀ ကျော်ရောက်ရှိလာကြောင်း
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
Apr 19 ။ မြန်မာပြည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှတို့က ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ထဲက အပျက်အစီးအခြေအနေတွေကို သွားရောက်ကြည့်ရှုချိန် သီတဂူဆရာတော် (စစ်ကိုင်းမြို့ သီတဂူ ဝိပဿနာကျောင်းက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ) ကို ငွေကျပ် သိန်း ၂၀၀ လှူခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ရေထွက်ရွာကို ဒီနေ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် ၂၀ ဦးမက သေဆုံးခဲ့ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ် သတင်းအရ BBC က တင်ခဲ့ပါတယ်။
Apr 18 ။ ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဌာနဆိုင်ရာတွေ ဒီနေ့ စတင် ဝင်ရောက်လာနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့က အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မြန်မာပြည်မှာ ၄ ဒသမ ၃ သန်းကျော် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်တွေနဲ့အတူ သောက်သုံးရေ အကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ဒီနေ့ သတင်းထုတ်ခဲ့ပါတယ်။
Apr 17 ။ နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခဲ့တာကြောင့် ရေသန့်စက်ရုံတွေမှာ ရေသန့်ထုတ်လုပ်၊ လုပ်ငန်းတွေ အခက်အခဲဖြစ်ခဲ့ပြီး မြေငလျင်ကြီး လှုပ်ခတ်ပြီး ရက် ၂၀ ရှိလာတဲ့အထိ ငလျင်ဗဟိုချက်အနီးက မန္တလေးအပါအဝင် နေပြည်တော်နဲ့ စစ်ကိုင်းတို့မှာ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့ပါတယ်။
ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်၊ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မပါဝင်ဘဲ နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၄,၉၀၀ နီးပါးကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပြီး ပြစ်ဒဏ် ကျခံနေရဆဲ အမှုတချို့ကို ပြစ်ဒဏ် ရဲ့ ၆ ပုံ ၁ ပုံလျှော့ပေးခဲ့တဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့ အထဲ နိုင်ငံရေး အကျဉ်းသား အရေအတွက် အနည်းငယ်သာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
Apr 16 ။ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားစွာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် အစိုးရဌာနဆိုင်ရာ ဝန်ကြီးဌာနရုံးတွေနဲ့ ဝန်ထမ်းအိမ်ရာတွေလည်း ပြိုကျပျက်စီးခဲ့တာကြောင့် ဝန်ကြီးဌာနရုံးတချို့ ရန်ကုန်ကို ယာယီရွှေ့ပြောင်းပြီး ရုံးစိုက်ဖို့ ရှိခဲ့ကြောင်း သိရပါတယ်။
မတ်လ ၂၈ ရက် လှုပ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ ဌာနဆိုင်ရာအဆောက်အအုံတွေ၊ ရုံးဌာနတွေအပါအဝင် အုပ်ချုပ်ရေးယန္တရား ၇၀ % လောက် ထိခိုက်ပျက်စီးခဲ့ပြီး ရှေးဟောင်း သုတေသနပြတိုက်နဲ့ အမျိုးသားစာကြည့်တိုက်လို ယဥ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းထားရာ အဆောက်အအုံကြီးတွေလည်း ပါဝင်ခဲ့ပါတယ်။
Apr 15 ။ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးတိုင်း၊ အင်းဝ ရှေးဟောင်းနယ်မြေက မှတ်တမ်းတင်ထားတဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံ ၇၅ % လောက် ထိခိုက်ပျက်စီးခဲ့ရကြောင်း စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။
ငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးတွေ၊ အဆောက်အအုံတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေနဲ့ ဗလီတွေလည်း ပျက်စီးခဲ့ရပြီး ဘာသာပေါင်းစုံရဲ့ အမွေအနှစ်အဆောက်အအုံတွေ မြန်မာပြည်မှာ ထိခိုက်ခဲ့ပါတယ်။
Apr 14 ။ ဧရာဝတီတိုင်းမှာ နွေစပါးပေါ်ချိန် စပါးတင်း ၁၀၀ ကို ကျပ် ၁၂ သိန်းအထိ ဈေးကျနေလို့ စပါးစိုက် ဒေသခံတောင်သူလယ်သမားတွေ အခက်အခဲဖြစ်ခဲ့ပါတယ်။ မြန်မာပြည်၊ ဧရာဝတီတိုင်းက ဒေသခံတွေဟာ ဆန်၊ စပါး အများဆုံး စိုက်ပျိုးပြီး မိုးစပါး စိုက်ဧက ၃၇ သိန်းကျော်၊ နွေစပါး စိုက်ဧက ၁၄ သိန်းကျော်ထိ နှစ်စဉ် စိုက်ပျိုးနေတာပါ။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသတချို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တွေ ထပ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလဌာနက ပြောပါတယ်။ မြန်မာပြည်မှာ မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော်သေဆုံးပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ
ပျက်စီးခဲ့ရတာပါ။
Apr 13 ။ အင်အားပြင်းငလျင်ကြောင့် ဘာသာရေးအဆောက်အအုံပေါင်း ၉,၆၀၀ ကျော်ပျက်စီးခဲ့ရကြောင်း စစ်ကောင်စီက ပြောပါတယ်။ ဘုရားစေတီ ၅၄၀၂ ဆူ၊ ဘုန်းကြီးကျောင်း ၃၈၄၁ ကျောင်း၊ သီလရှင်ကျောင်း ၁၈၇ ကျောင်း၊ ဘုရားကျောင်း ၅၀၊ ဗလီ ၁၃၆ လုံး၊ ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်း၊ ဘုံကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးခဲ့တာပါ။
ချောင်းသာနဲ့ ငွေဆောင်က ဟိုတယ်တွေမှာ သင်္ကြန်အတွက် အခန်းဘွတ်ကင်အပြည့်ရထားပြီး ရန်ကုန်က ဧည့်သည်တွေ အလာများကြောင်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်အာဏာ မသိမ်းခင်ကတော့ ဧရာဝတီတိုင်းက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေဟာ ပြည်တွင်း ပြည်ပ ခရီးသွားတွေ အများဆုံး လာရောက်ခဲ့ပြီး လတ်တလောမှာတော့ ချောင်းသာကမ်းခြေမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၂၆ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၂ လုံးသာ ဝန်ဆောင်မှုပေးနေတာပါ။
Apr 12 ။ ငလျင်ဘေး အရေးပေါ်တုံ့ပြန်ဖို့ USD ၁ သန်း ရန်ပုံငွေ မ တည်ချထားပေးပြီး စစ်ကိုင်းနဲ့ မန္တလေးက ငလျင်ဒဏ်သင့်ဒေသတွေအတွက် မြန်မာကျပ်ငွေ ၆ ဒသမ ၃ သန်းကျော် သက်ဆိုင်ရာဌာနတွေက ကဏ္ဍအလိုက် အသုံးပြုဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတဝန်း ပြည်သူတွေ ထိခိုက်သေဆုံးမှု များခဲ့ပြီး ငလျင်ဘေးဒဏ် ခံစားနေရတာကြောင့် ထုတ်ပြန်ထားတဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလကို နောက်ထပ် တပတ်ထပ်တိုးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။
Apr 11 ။ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထိခိုက်မှုရှိ/ မရှိ ခိုင်လုံတဲ့ သတင်းမရသေးဘဲ သတင်းအမှောင်ချခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ နေပြည်တော်မှာ ထိခိုက် ပျက်စီးမှု အများအပြား ရှိခဲ့တာကြောင့် နေပြည်တော်မှာ ၄ နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး လူအများ စိုးရိမ်ပူပန်နေခဲ့ပါတယ်။
မန္တလေး၊ ကျောက်ဆည်မြို့ က ကျောက်သေတ္တာစေတီဟာ အထင်ကရရှိခဲ့ပြီး ငလျင်လှုပ်ခတ်ပြီးနောက် ၃၀ ဒီဂရီလောက် တိမ်းစောင်းသွားပြီး တောင်ပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်ခဲ့ရာ အောက်ကို ကျခဲ့ရင် အန္တရာယ်များတာကြောင့် မိုင်းခွဲဖျက်ဆီးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ခဲ့ကြပါတယ်။
မြန်မာပြည် စာရေးဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုအရ မနုစာရီမင်းသမီးရဲ့ လက်တဖက် အဲဒီ ကျောက်သေတ္တာထဲ ဝှက်ထားပြီး သူ့ချစ်သူက ပြန်ဆက်ပေးဖို့ စောင့်နေကြောင်းလည်း ရေးခဲ့တဲ့အတွက် ဒီရာဇဝင်တွေအပေါ် ဒေသခံတွေက တန်ဖိုးထားနေပါတယ်။
Apr 10 ။ မြေငလျင်ကြီး ဖြစ်ပွားပြီးနောက် တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ယာယီရပ်စဲထားမယ်လို့ အပြန်အလှန် ထုတ်ပြန်ကြေညာခဲ့ကြပေမဲ့ မြေပြင်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့ပြီး စကစ က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို၊ တော်လှန်ရေး အဖွဲ့တွေဘက်ကလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။
မြန်မာကနေ US ကို တင်သွင်းမယ့် ပို့ကုန်တွေအတွက် US အစိုးရက ၄၄ % အခွန် ကောက်ခံမှာဖြစ်ကြောင်း သမ္မတထရမ့်ရဲ့ အခွန်နှုန်းသစ်တိုးမြှင့်သတ်မှတ်ချက်ကို စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်လည်း ရင်ဆိုင်ခဲ့ရပါတယ်။
Apr 09 ။ မြန်မာပြည် အလယ်ပိုင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အခြေခံလူတန်းစားတွေရော ငွေကြေးပြည့်စုံသူတွေပါ ပါဝင်ပြီး လူတန်းစားအသီးသီးပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။
မြန်မာပြည်မှာ ငလျင်နောက်ဆက်တွဲဆိုပြီး သတင်းတု သတင်းမှားတွေ၊ ငလျင်ဘယ်အချိန် ထပ်လှုပ်မယ်ဆိုတဲ့ ခန့်မှန်းချက် စကားတွေက ပြည်သူတွေကို ထိခိုက်မှုရှိစေသလို ဘယ်နေရာမှာ သွားပြီး ခိုလှုံအိပ်စက်ရမလဲဆိုတဲ့ စိုးရိမ်မှုတွေလည်း ဖြစ်စေခဲ့ပါတယ်။
Apr 08 ။ မန္တလေးနဲ့ စစ်ကိုင်းမြို့နား ဗဟိုပြု လှုပ်ခဲ့တဲ့ ငလျင်ကြီး ၁၁ ရက်ရှိခဲ့ပြီးနောက် ၊ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တချို့ ပြန်ထွက်ခွာသွားခဲ့ပြီး ပြည်တွင်း ကယ်ဆယ်ရေးတွေလည်း ပြီးဆုံးသလောက်ဖြစ်သွားပြီလို့ မြန်မာစစ်ကောင်စီက ပြောကြောင်း BBC သတင်းက ပြပါတယ်။ အခုချိန်ထိ အဆောက်အအုံ ပြိုကျတဲ့ထဲ ပါသွားသူတွေအတွက် ကျန်ရစ်သူ မိသားစုဝင်တွေကတော့ ခက်ခဲနေခဲ့ပါတယ်။
ငလျင်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားတဲ့ ဒေသတွေကို ကူညီဖို့ ရန်ကုန်မြို့မှာ အလှူငွေကောက်ခံတဲ့ ပရဟိတအဖွဲ့တွေဟာ စစ်ကောင်စီ အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းနေရကြောင်း RFA သတင်းဌာနက ပြောပါတယ်။
Apr 07 ။ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အဆောက်အဦ ပြိုကျပျက်စီးမှုတွေထဲ ဆေးရုံဆေးခန်းတွေလည်း ပါဝင်ခဲ့သလို ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေခဲ့ပါတယ်။
ပြင်းထန်ငလျင်ဒဏ်ကြောင့် မစိုးရိမ် ကျောင်းတိုက်ဟောင်းက သံဃာ ၁၈ ပါးပျံလွန်တော်မူပြီး လူပုဂ္ဂိုလ် ဧည့်သည် ၅ ယောက်နဲ့ မစိုးရိမ်တိုက်သစ်က စာသင်သားသံဃာ ၂၁ ပါး ပျံလွန်တော်မူခဲ့ပါတယ်။
Apr 06 ။ အင်အားပြင်း ငလျင်ကြောင့်သေဆုံးခဲ့သူတယောက် ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။ လက်ရှိစာရင်းအရ ငလျင်ကြောင့် သေဆုံးသူ ၃,၄၅၅ ယောက်၊ထိခိုက်ဒဏ်ရာရသူ ၄,၈၄၀ ယောက်၊ ပျောက်ဆုံးသူ ၂၁၄ ယောက် ရှိပြီလို့လည်း ပြောပါတယ်။
ရစ်ခ်တာစကေး ၇ . ၇ ရှိ အင်အားပြင်းငလျင် လှုပ်ခဲ့တဲ့ မတ် ၂၈ နေ့လယ်ကနေ ဒီနေ့ထိ ငလျင်လှုပ်မှုပေါင်း ၈၈ ကြိမ်ရှိခဲ့ကြောင်း မိုးလေဝသ၊ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Apr 05 ။ စင်ကာပူက သုတေသီတွေဟာ မြန်မာမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ဆိုက်ဘာ့ဂ်ပိုးဟပ်တွေ ပို့ပေးအသုံးပြုခဲ့ကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။
စစ်ကောင်စီ ဖိအားပေးမှုကြောင့် ဧပြီ မကုန်ခင်မှာပဲ လားရှိုးမြို့ အုပ်ချုပ်ရေးကို စစ်ကောင်စီထံ ပြန်လွှဲပေးရတော့မယ်လို့ MNDAA က DVB ကို ပြောပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်(MNDAA)နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ၊ ဇူလိုင်မှာ အလုံးစုံ သိမ်းပိုက်ခဲ့ရာကနေ ခုတော့ “မဆုတ်ပေးရင် လေကြောင်းတိုက်ခိုက်မှု လုပ်တာတွေ ၊ စီးပွားရေး ၊ ကုန်သွယ်ရေးဂိတ်တွေ ပိတ်ဖို့" ချိုင်းနားဘက်ကပါ ဖိအားပေးတာတွေကြောင့်လို့ ဆိုပါတယ်။
Apr 04 ။ စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ မိတ္ထီလာ ရှမ်းတဲ၊ မကွေးလေတပ်၊ နမခလေတပ်တို့ကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ပင့်ကူတောင်အောက်နားကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလို မနေ့ကကလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကို လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ BIMSTEC ထိပ်သီးအစည်းအဝေးပြင်ပမှာ တွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
Apr 03 ။ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ သရုပ်ဆောင် မင်းမော်ကွန်း ဆွဲတဲ့ပန်းချီကား လေလံတင် ရောင်းချရာ တရက်အတွင်း US ဒေါ်လာ ၃,၀၀၀ ရရှိခဲ့ကြောင်း သိရပါတယ်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျပ်သန်းပေါင်း ၄၄,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိကြောင်း စစ်ကောင်စီ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့က သတင်းထုတ်ပါတယ်။
Apr 02 ။ အင်အားပြင်း ငလျင်ဒဏ် အဓိကခံလိုက်ရတဲ့ စစ်ကိုင်းတမြို့လုံး ရေပြတ်နေတာကြောင့် မြို့ခံတွေဟာ ဧရာဝတီမြစ်ရေကို တိုက်ရိုက်သုံးနေကြရပြီး သောက်သုံးရေတွေလည်း ရှားပါးလိုအပ်နေခဲ့ကြပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၉ ကို မတ် ၄ ရက်က သင်တန်းဆင်းခဲ့ပြီး ငလျင်ဒဏ်သင့် တိုင်းစစ်ဌာနချုပ်က တပ်သားသစ်တွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ တာဝန်ပေးခဲ့ပြီး စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် အခုဆို အပတ်စဥ် ၁၀ ထိ ရောက်လာပြီ ဖြစ်ပါတယ်။
Apr 01 ။ မြန်မာ့ငလျင်ဘေးကို ကူညီဖို့ US အစိုးရက ဒေါ်လာ ၂ သန်း ကူညီဖို့ ပြောဆိုထားပြီး ကူညီမယ့် ပမာဏဟာ အင်အားကြီးနိုင်ငံတွေ အကြား အနည်းဆုံးဖြစ်နေပါတယ်။ ထရမ့်ပ်အစိုးရက နိုင်ငံတကာကို လူသားစာနာအကူအညီတွေ ပေးနေတဲ့ USAID လုပ်ငန်းတွေကို ပြန်စိစစ်၊ ရပ်ဆိုင်းထားမှုတွေကြောင့် မြန်မာပြည်ရဲ့ အရေးပေါ်ငလျင်ဘေး ဖြစ်ခါမှာ ချက်ချင်းမကူညီနိုင်ဘဲ ကြန့်ကြာမှု ဖြစ်ခဲ့ပါတယ်။
မြန်မာပြည်ရဲ့ အင်အားပြင်းငလျင်လှုပ်ပြီးနောက်ပိုင်း ရန်ကုန်မြစ်ရေဟာ ၁၅ ပေကျော်အထိ ထူးကဲဒီရေ တိုးမြင့်ခဲ့ပါတယ်။
Mar 31 ။ မြန်မာပြည်မှာ အခုအချိန်အထိ လူပေါင်း ၂,၀၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တဲ့ ငလျင်ကြီးရဲ့ ဘေးဒုက္ခကို မြန်မာပြည်သူအများအပြား ခံစားနေကြရပေမဲ့ မြန်မာစစ်ကောင်စီကတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေကြောင်း BBC သတင်းက တင်ပြပါတယ်။
"အလွမ်းကဖီး"အပါအဝင် အောင်မြင်တဲ့ တေးသီချင်းများစွာနဲ့ မြန်မာ့ဂီတလောကမှာ ထင်ရှားတဲ့ ဝါရင့်အဆိုတော် ဂျေညီညီ(အသက် ၇၂ နှစ်)ဟာ ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
Mar 30 ။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက တကျပ်သားကို ကျပ် ၆၆ သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးက ဒီရက်ပိုင်းမှာတော့ ကျပ် သိန်း ၇၀ ကျော်ထိ မြင့်တက်ခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိနေတဲ့ မန္တလေးမြို့က တောင်အင်း၊ မြောက်အင်း သုသာန်နဲ့ ကြာနီကန်သုသာန်တွေမှာ သေဆုံးရုပ်အလောင်းတွေ စုပုံနေတာကြောင့် သင်္ဂြိုဟ်ဖို့ စောင့်ဆိုင်းနေကြရပါတယ်။
Mar 29 ။ ငလျင်လှုပ်ပြီးနောက် မန္တလေးတက္ကသိုလ်ပင်မဆောင် မီးလောင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ၄ သိန်းလောက် မီးလောင်ပျက်စီးခဲ့ပါတယ်။ မန္တလေးတိုင်းက ဖြေဆိုသူဦးရေ ၄၆,၉၄၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၂၈၀,၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းက ဖြေဆိုသူ ၇,၃၁၁ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၄၃,၈၂၇ ၊ ကချင်ပြည်နယ်က ဖြေဆိုသူ ၈,၆၉၉ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၅၂,၁၈၉ တို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတာပါ။
ရန်ကုန်မှာ ရေတင်နိုင်ဖို့ တရက်ကို ၄ နာရီလောက် မီးပေးဖို့ ကြိုးစားနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပြောပါတယ်။ ၂၄ နာရီ တရက်အတွင်း အုပ်စု ၆ စု၊ တခုကို ၄ နာရီနှုန်းလောက်ပဲ ရေတင်နိင်ဖို့အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မယ်လို့ ဆိုပါတယ်။
Mar 28 ။ မန္တလေးမြို့အနီး ဗဟိုပြုပြီး ရစ်တာစကေး ၇ . ၇ အဆင့်ရှိတဲ့ အင်အား အလွန်ပြင်းထန်တဲ့ငလျင်ကြီး ဒီနေ့လှုပ်ခဲ့တာကြောင့် နိုင်ငံတဝန်းက ပြည်နယ်၊ တိုင်း၊ မြို့နယ်များစွာမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့ပြီး လူသေဆုံးမှုတွေလည်း ဆက်တိုက်တိုးလာနေပါတယ်။ ဒီနေ့ ငလျင်ဟာ (၁၈၆)နှစ်အတွင်းမှာ အဆိုးရွားဆုံး၊ အပြင်းထန်ဆုံး ဖြစ်ကြောင်း ပညာရှင်တွေက ထောက်ပြပါတယ်။
အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ခံ ပြည်သူတွေလည်း သိသာစွာ ခံစားခဲ့ရပေမဲ့ အပျက်အစီးနဲ့ ပတ်သက်လို့ မကြားရသလောက်ပဲလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။