နောက် တွယ် စီး ခွင့် မ ရှိ တဲံ ကောင် လေး
ကျွန်တော်ဒီရပ်ကွက်လေးထဲကိုပြောင်းလာတာသိပ်မကြာသေး။ရပ်ကွပ်လေးကသာကေတ
ရှု့ခင်းသာနားမှာရှိသည်။အခြေခံလူတန်းစားတွေနေထိုင်ကြသည်။
ဂျူလိုင်ရဲ့မိုးဦးစက်တွေကဒီနေ့တစ်မနက်လုံးပြိုနေကြသည်။အခုလိုမိုးအေးအေးမှာ
ကော်ဖီသောက်ရင်းပြတင်းတံခါးဆီမှအပြင်သို့မျှော်ငေးရတာကိုနှစ်သက်သည်။
မိုးတိတ်သွားရင်သစ်ရွက်လေးတွေပေါ်မှာမိုးရေစက်လေးတွေတွဲခိုကျန်ခဲ့အုံးမည်သာ..။
အဲလိုအချိန်မျိုးမှာသစ်ရွက်လေးတွေကြားကနေဖြတ်သန်းတိုက်ခတ်လာတဲံ့လေနုအေးလေးတွေ
ကိုရှုရှိုက်ရတာခုံခုံမင်မင်ရှိသည်။ဒီလိုမိုးရေစက်တွေကြားကပင်ကျွန်တော်ချစ်တဲ့ပန်းဦးကေ ကအလုပ်
သွားဖို့ထွက်လာသည်။ပန်းနှင့်ကျွန်တော်ကြားကရင်းနှီးမှု့သမုဒယကြိုးက အချိန်တိုအတွင်းမှာပင်
ခိုင်မြဲလာသည်။ပန်းက ဆောက်လုပ်စ သန်လျင်ဂေါက်ကွင်းထဲမှာ အင်ဂျင်နီယာအဖြစ်လုပ်ရသည်။
ပန်းရဲ ့ပွင့်လင်းတဲ့စိတ်.. စကားပြောတဲ့အခါရဲရင့်စွာပြောတတ်တဲ့အကျင့်ကိုကျွန်တော်ချစ်သည်။
ကျွန်တော်ကပန်းရဲ့အကြိုအပို့အတွက်ကိုယ့်စရိတ်ကိုယ်စားပြီးလိုင်စင်ယူထားသူဖြစ်သည်။
ပန်းနှင့်ဘက်စ်ကားစီးရတဲ့အခါ ဘယ်တော့မှနောက်တွယ်စီးခွင့်မရခဲ့ပေ။
“လမ်းတွေကမကောင်းဘူး..ပြုတ်ကျလိမ့်မယ် တွယ်မစီးရဘူး
ပန်းအနားမှာလာနေ”
ဒါဟာကားတွယ်စီးဖို့ကြိုးစားတိုင်းပန်းဆီက ကြားနေကြစကားသံ။
ဘာပဲဖြစ်ဖြစ်ကျွန်တော်ချစ်ပါသည်။ ။
သန်လျင်ဂေါက်ကွင်းထဲမှာကျွန်တော်သဘောကျတဲ့နေရာလေးတွေရှိသည်။မြေနုလမ်းလေးရယ်..
လမ်းဘေးဝဲယာရှိကိုင်းပင်ရှည်ရှည်တွေကြားကနေဖြတ်သွားပြီးမြစ်ကမ်းနဖူးမှာထိုင်ကာ
ရွှေတိဂုံစေတီကြီးကိုဖူးရတာရယ်…
ညနေအလုပ်သိမ်းချိန်ရောက်ရင်ပန်းနှင့်ကျွန်တော်မြစ်ပြင်ဘေးမှာထိုင်ပြီးစကားတွေပြောခဲ့ကြသည်.
ဘဝတွေအကြောင်း..
အချစ်အကြောင်း..
လူတွေအကြောင်း..
သဘောထားနှင့်ခံယူချက်တွေအကြောင်း..စသည်ဖြင့်။
တစ်ရက်…. ….။
ပန်းကိုသွားကြိုတော့အလုပ်တွေမပြီးသေး။ကွင်းထဲဆင်းပြီးကိုယ်တိုင်ဝင်လုပ်နေရသည်။
အလုပ်သမားအချို့အအေးမိထားလို့မလာနိုင်ကြဘူး။အလုပ်တွေကအမြန်ပြီးမှဖြစ်မှာမို့
ဝင်လုပ်နေခြင်းဖြစ်သည်။နဖူးပြင်မှာတော့ချွေးလေးတွေစို့နေသည်။ကျွန်တော်ကမြစ်ပြင်ဘက်သွားပြီး
ထိုင်စောင့်နေလိုက်သည်။သိပ်မကြာလိုက်ပါမိုးကရွာလာသည်..ဖွဲဖွဲလေးရယ်။
ပန်းလည်းရောက်လာသည်။မိုးရွာလို့အလုပ်သမားတွေပြန်လွှတ်လိုက်တာ..
မဟုတ်ရင်အကုန်အအေးမိကုန်မယ်။
ပန်းရောကျွန်တော်ပါမိုးဖွဲဖွဲတွေအောက်မှမြစ်ပြင်ကိုငေးကြည့်ရတာသဘောကျသည်။
မိုးရေစက်တွေကြားကနေပန်းမျက်နှာလေးကိုငေးကြည့်ရတာရင်ဖိုလို့ပင်ကောင်းနေသေးတော့သည်။
ပန်းလက်ကလေးကိုညင်သာစွာဆုပ်ကိုင်လိုက်သည်။လုံးဝမရုန်းခဲ့ပါ။နဖူးပေါ်ကျနေတဲ့ပန်းရဲ့ဆံစလေးတွေကို
သပ်တင်ပေးရင်းနဖူးလေးကိုနမ်းပစ်လိုက်သည်။
“ဟေ့..ဒါဘာလုပ်တာလဲ“
“ဘာဖြစ်သွားမှန်းမသိဘူး“
“ဒီလိုလုပ်လို့ရလို့လား“
စိတ်ဆိုးလို့လား“
“ဟင့်အင်“
“သော်(ကျွန်တော်)ကိုချစ်လား..ပန်း“
“သံယောဇဉ်တော့ရှိတယ်..ချစ်တယ်ပြောဖို့ကျတော့…..“
စကားစဖြတ်သွားသည်။
“ပြန်ကြရအောင် တော်ကြာနောက်ကျနေမယ်“
ထိုနေ့ကအိပ်မက်တွေနှင့်အိမ်ပြန်ခဲ့ကြသည်။ဘက်စ်ကားနောက်မှာတော့တွယ်စီးခွင့်မရခဲ့ပါ။
ရုံးပိတ်ရက်တွေမှာတော့ရပ်ကွက်နားကဈေးလေးထဲမှာဈေးအတူဝယ်ပြီးမုန့်ဟင်းခါးစားကြသည်။
ပြီးရင်ထိုင်နေကြလက်ဖက်ရည်ဆိုင်လေးထဲမှာစကားပြောကြသည်။ပန်းကကျွန်တော်ဖျော်ပေးတဲ့
လက်ဖက်ရည်မှသောက်သည်။ဖျော်ပေးသည်ဆိုရာမှာ စားပွဲထိုးလေးလာချပေးသောဇွန်းတပ်ရှယ်ခွက်
လေးကိုမွှေပေးရုံသာ။တစ်ခါတစ်လေကျွန်တော်စိတ်ကောက်တဲ့အခါမသိချင်ယောင်ဆောင်ပြီး
ကိုယ့်ခွက်ကိုသာငုံ့သောက်တတ်သည်။ပန်းကလည်းလက်ဖက်ရည်မွှေပေးဖို့ဘယ်တုန်းကမှမပြော။
လက်ဖက်ရည်ခွက်လေးကိုသာငေးကြည့်နေတတ်သည်။
မနေနိုင်တဲ့ကျွန်တော်သာလျှင်မွှေပေးရမြဲ။ ။
ဒီလိုနဲ့တစ်ရက်…။
မြစ်ပြင်ဘေးမှာထိုင်းရင်း
“သော့်ကိုပြောစရာရှိတယ်“
“အင်း“
“အချစ်နှင့်သံယောဇဉ်ကိုဘယ်လိုနားလည်သလဲ“
“ပြောတတ်ဘူး“
“သော့်ကိုသံယောဇဉ်ရှိတယ်လို့ပြောခဲ့တယ်နော်”
“အင်း“
“ချစ်တယ်လို့တော့မပြောခဲ့ဘူး…တကယ်လို့ပန်းက တခြားတစ်နှင့်ယောက်လက်ထပ်သွားရင်…“
“ဗျာ“
“ပန်းမှာအရင်ကချစ်သူရှိခဲ့ဖူးတယ်..ကျောင်းနေဖက်ပါပဲ။ဒါပေမယ့်လွန်ခဲ့ခြောက်လလောက်က အကြောင်းမတိုက်ဆိုင်
လို့လမ်းခွဲခဲ့ကြတယ်။ချက်ချင်းဆိုသလိုပဲသူ နိုင်ငံခြားကိုပညာသင်စေလွှတ်ခံရတယ်..
ပန်းတို့နှစ်ယောက်ကြားမှာစေ့စပ်ညှိနိုင်းဖို့လုံလောက်တဲ့အချိန်ဆိုတာမရခဲ့ကြဘူး။ပြီးခဲ့တဲ့အပတ်ကသူပြန်ရောက်လာ
တယ်…ပန်းတို့နှစ်ယောက်သေချာဆွေးနွေးခဲ့ကြတယ်..ပန်းသူ့ကိုချစ်တယ်..မပြတ်နိုင်ဘူး သော်“
ကျွန်တော်တိတ်ဆိတ်နေခဲ့သည်။
“ပန်းနှင့်သော်ကြားကအချစ်တစ်ခုဆီဦးတည်နေတဲ့သံယောဇဉ်တွေကို ဖြူစင်တဲ့အချစ်တွေအဖြစ်ပြောင်း
ကြရအောင်နော်“
“သော်ဘယ်လိုခံစားရမယ်ဆိုတာပန်းနားလည်ပါတယ်“
ပန်းကိုကြည့်တော့မျက်ရည်စတွေနှင့်။
“ပန်းကိုကတိတစ်ခုပေးရမယ်“
“အင်းပါ“
“ပန်းကိုမမုန်းရဘူးနော်..စိတ်ညစ်တယ်ဆိုပြီးတော့လည်းပေါက်ကရတွေလျှောက်မလုပ်ရဘူးနော်..
အချိန်နဲနဲယူလိုက်ရင် သော်နားလည်လာမှာပါ“
ပန်းကိုပြန်ပြောစရာစကားလုံးများရှာမရခဲ့ပါ။
“ဒီနေ့သူ ပန်းကိုလာကြိုလိမ့်မယ်…“
“ဗျာ“
ကျွန်တော်ခေါင်းကဆံပင်တွေကိုညင်သာစွာသပ်ပေးရင်းနဖူးလေးကိုခပ်ဖွဖွလေးနမ်းခဲ့သည်။ပြီးတော့
ပန်းထွက်သွားသည်။
ကျွန်တော်တစ်ယောက်ထဲမြစ်ပြင်ကိုငေးရင်းကျန်ခဲ့သည်။တသဲသဲဝင်လာနေတဲ့အလွမ်းတွေကိုလည်းမောင်းမထုတ်မိ။
မထုတ်ချင်တာလည်းပါသည်။
ကျွန်တော်ထပြန်ခဲ့သည်..ကားမှတ်တိုင်ရောက်တော့ ဒိုင်နာတစ်စီးထိုးရပ်လာသည်။
အကြံတစ်ခုရလိုက်သည်။နောက်မှတွယ်စီးဖို့။
သို့သော်..သို့သော်….
“ဒီက ..ညီလေးနောက်တွယ်မစီးပါနဲ့ အထဲဝင်စီးပေးပါ“
စပါယ်ယာကတောင်းဆိုလာသည်။
“ရပါတယ်အစ်ကို…နောက်လူလာရင်အထဲမှာထိုင်လို့ရတာပေါ့..နောက်တွယ်ပဲစီးပါ့မယ်“
“ဟာ…မလုပ်ပါနဲ့ကိုယ့်လူရယ်..မင်းပြုတ်ကျသွားလို့တစ်ခုခုဖြစ်သွားရင်
အစ်ကိုမှာတာဝန်ရှိတယ်..တစ်နေ့လုပ်မှတစ်နေ့စားရတာ အခမသင့်လို့ထောင်ပါကျရင် အိမ်ကမိန်းမနှင့်
ကလေးတွေ အသက်ရှုချောင်မှာမဟုတ်ဘူးကွ..လုပ်ပါညီလေးရယ်..အထဲဝင်စီးပေးပါ…တောင်းပန်ပါတယ်..“
ထိုနေ့ကလည်းနောက်တွယ်မစီးခဲ့ရပါ။
ဆင်းရမယ့်မှတ်တိုင်ရောက်တော့ ကားပေါ်မှဆင်းပြီး
တရှိန်ထိုးမောင်းသွားသော ကားကိုလှမ်းကြည့်မိလိုက်သည်
လုံးဝမျှော်လင့်မထားတဲ့စာတစ်ကြောင်း ကားနောက်မှာရေးထားတာတွေ့လိုက်ရသည်။
“အချစ်နှင့်ဘက်စ်ကားကိုနောက်တွယ်မစီးပါနှင့်“ …တဲ့။ ။
(တိုက်ဆိုင်မှု့ရှိခဲ့ပါသော်ကျွန်တော်တွင်အပြစ်မရှိပါ..တွေးမိတဲ့စိတ်ကူးစိတ်သန်းများမှာသာအပြစ်ရှိ၏)
ချစ်ခြင်းမေတာ္တအားဖြင့်.
ဇေယျာချော.
အရင်တုန်းက www.forverfriends.ning.com/profile/zayyarminမှာတင်ခဲံဖူးပါတယ်ကိုယ်တိုင်ရေးလေးပါ