ရှက်ပါ.. ကြောက်ပါ..လိပ်ပြာသန့်စွာ
တစ်ခါတလေ ကိုယ့်ရဲ့လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ကျွန်မ လျှောက် စဉ်းစားကြည့်မိတယ်။
ကျွန်မ ခုနစ်နှစ်၊ ရှစ်နှစ် သမီးအရွယ် လောက်တုန်းကပေါ့။
အဘိုးရယ်၊ အဘွားရယ်၊ ကျွန်မရယ်၊ မြေးဘိုး မြေးဘွားသုံးယောက် စစ်ကိုင်း ဘက်က အမျိုးတွေဆီကို အလည်သွားကြတာ …။
ကျွန်မ’ဘဘ’ရဲ့တစ်ဝမ်းတည်းကွဲတဲ့ ညီအစ်ကို မောင်နှမတွေဆီကိုပေ့ါ။ ကျွန်မတို့ အင်းဝကူးတို့ဆိပ်၊ ငှက်ဆိပ် ကနေ ငှက်ကလေးနဲ့ ဒုဋ္ဌဝတီ၊ ဧရာဝတီ မြစ်ပြင်ကျယ်ကြီးကိုဖြတ်ပြီး
စစ်ကိုင်းဘက်ကိုသွား ရတာလေ။
ဟို့ိုရောက်တော့ အမျိုးတွေရဲ့အိမ်မှာစားကြသောက်ကြရင်း၊လူကြီးတွေ ကစကားစမြည်ပြောနေချိန်ကျွန်မတို့ကလေးတစ်သို့်ကဆော့ကြ၊ ကစား
ကြရင်းနဲ့ အိပ်အတွင်းဘက်က စာအုပ်စင်တွေနားရောက်သွားကြတယ်။ ကျွန်မနဲ့ရွယ်တူ ဦးလေးဝမ်းကွဲတစ် ယောက်က စာအုပ်တွေကို ဆွဲချပြီး ဆော့တော့
ကျွန်မတို့လည်း စာအုပ်တွေကိုလျှောက်လှန်ကြည့်ကြတယ်။ အရုပ်ကြည့်တာလေ။
အဲဒီအချိန်က ကာတွန်းကို တအားမက်တဲ့အချိန်ဆိုတော့ ကိုယ်ဖတ်တတ်တဲ့
ကာတွန်းကိုရှာတာပေါ့။ စာအုပ်ကြီး တွေကလည်း ဓာတ်ပုံ ရုပ်ပုံတောင်မပါတဲ့
အထူကြီး တွေ။ အဲဒီကြားထဲက ကျွန်မဦးလေး ဝမ်းကွဲက ကာတွန်းပါတဲ့ စာအုပ်တစ်
အုပ်ရ သွားတယ်။
တကယ်တော့ စာအုပ်က လယ်ယာ စို့်ပျိုးရေး စာအုပ်၊ ကာတွန်းစာအုပ် မဟုတ်ဘူး။ ဒါပေမယ့် လယ်ယာစို့် ပျိုးရေးနဲ့ ပတ်သက်တဲ့ ကာတွန်းလေး တွေပါတော့ ကျွန်မတို့ ကာတွန်းမက် ကလေးတွေ ခေါင်းချင်းဆိုင်ပြီး
ဖတ်ကြ တာပေါ့။
အဲလိုဖတ်နေတုန်းမှာပဲ အပြင်ကနေအဘိုးနဲ့အဘွားက”သမီးရေ ပြန်ကြစို့”တဲ့။ဒီမှာကဖတ်စရာကာတွန်းက အများကြီးကျန်သေးတယ်။ အဲဒီမှာတင်ကျွန်မကကျွန်မဦးလေးကို ဒီစာအုပ် ကျွန်မယူသွားမှာလို့ ပြောတယ်။
ကျွန်မရဲ့ ဗိုလ်ကျနေကျ ထုံးစံအတိုင်းပေါ့။ ဒါပေမယ့် အဲဒီဦးလေး ဝမ်းကွဲကလည်း
သူ့အိမ်မှာ ဗိုလ်ဆိုတော့ မပေးဘူးလေ။ စာအုပ်ကို ပြိုင်လု နေကြတုန်း သူ့
အမေက နောက်ဖေးက လှမ်း
ခေါ်တော့ သူက ပြေးထွက်သွားရော။ စာအုပ်ကို တအားလိုချင်နေတဲ့ ကျွန်မက ဘာလုပ်တယ်မှတ်လဲ။
ဂါဝန်အောက်နားစကို ‘မ’ပြီး စာအုပ်ကို ထည့်ထုပ်တယ်။ ပြီးတော့ ဂါဝန်စကို လက်နဲ့ စုကိုင်ပြီး အခန်းအပြင်ဘက်ကို ထွက်လာတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ လုံလှပြီပေါ့။
အပြင်က လူကြီးတွေက ကျွန်မကို ကြည့်ပြီး “သမီး …ဂါဝန်ထဲက ဘာတွေလဲ”လို့မေးတယ်။ ကျွန်မက မဖြေဘဲ ကျွန်မအဘွား ရင်ခွင် ထဲ တိုးဝင်တယ်။ အဘွားက “ပြပါဦး” ဆိုပြီး ကြည့်တော့မှ စာအုပ် တစ်အုပ် ထွက်လာတော့ အားလုံး
ဝိုင်းရယ်ကြ တာပေါ့။ ပြီးတော့ ဘဘရဲ့ ညီမ ကျွန်မဘွားလေးက “အော် သမီးက
ဒီစာအုပ်ကို လိုချင်လို့လား .. ယူ ..ယူ” လို့ပြောတယ်။ ကျွန်မ ဝမ်းသာအားရ
အဲဒီ စာအုပ်ကို ယူခဲ့တာ ပေါ့။ အပြန်လမ်းမှာ အဘိုးနဲ့အဘွားရဲ့ မျက်နှာရိပ်
မျက်နှာကဲလည်း ကလေး ဆိုတော့ နားမလည်။ တစ်ခါတည်း
စစ်ကိုင်းပွဲဆိပ်၊ ငှက်ဆိပ်သောင်ပြင်လည်းရောက်ရော ကျွန်မအဘိုးက
ကျွန်မတစ်ခါမှ မကြားဖူးတဲ့ အသံမာမာကြီးနဲ့ ‘ပေး စမ်း’ဆိုပြီး ကျွန်မလက်ထဲက
စာအုပ်ကို ဆွဲယူပြီး သောင်ပြင်ပေါ် လွှင့်ပစ်လို့်တာ။ ပြီးတော့
ကျွန်မလက်နှစ်ဖက်ကို စုကိုင်ပြီး အော်တော့ တာပဲ။
“ဘာလို့သူများစာအုပ်ကို လိုချင်ရတာလဲ၊ သူများ မသိအောင် ဘာလို့ယူရ တာလဲ၊ သူများပစ္စည်းကို မသိအောင် မယူရဘူး။ နောက် ဘယ်တော့မှ မလုပ်ရဘူး” အများကြီးပဲပြောတာ။ ဒေါသသံအကျယ်ကြီးနဲ့။ “နောက်လုပ်ဦးမလား၊
လုပ်ဦးမလား”လို့လည်းမေးသေး တယ်။
အဲဒီအချိန်မှာ ကျွန်မဖြစ်သွားတာကတော့ တအားကြောက်သွားတာပါပဲ။ သိပ်အလိုလို့်၊ သိပ်ချစ်တဲ့ အဘိုးရဲ့ တစ်ခါမှမမြင်ဖူး၊ မကြား
ဖူးတဲ့အသံနဲ့ မျက်နှာအမူအရာကိုလည်းတအားကြောက်တယ်။ အဘိုးပြောတဲ့ စကားတွေကိုလည်း တအား ကြောက်တယ်။ ကြောက် ကြောက်နဲ့ ဘာမှမပြောနိုင်ဘဲ
ကျွန်မကတအား အော်ငိုတော့တာပဲ။ အဘွားကို အားကိုးတကြီး ဖက်ပြီးတော့ပေါ့။
အဘွားကလည်း တစ်စက်ကလေးမှ ကျွန်မကို မချော့ဘဲလက်ကိုပဲ အသာဆွဲခေါ်သွားပြီး
ငှက်ပေါ်တက်တယ်။ ငှက်ပေါ်မှာ ထိုင်မိတာနဲ့ ရှိုက်ရှိုက်နေတဲ့ ကျွန်မ မျက် ရည်
တွေ ကို အသာသုတ်ပေးပြီး ဘာပြောသလဲ သိလား။
“သမီး . ပေါင်းလှဲကြီးဘုရားက ရုပ်ပုံတွေကို မှတ်မိလား”တဲ့။ ကျွန်မ သိပ်မှတ်မိတာပေါ့။ ကျွန်မတို့ အင်းဝ၊ တံတားဦးနယ်မှာ ကလေး
တွေ နည်းနည်းသိတတ်လာတာနဲ့ တံတားဦးမြို့ပြင်ဘက်နားက ပေါင်းလှဲကြီး (လျောင်းလဲကြီး)ဆိုတဲ့ လျောင်းတော်မူဘုရားကို ခေါ် သွားတတ်ကြတယ်။
အဲဒီဘုရားမှာ ကံငါးပါးရဲ့အကျိုးအပြစ်တွေကို ဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေ
ရှိတယ်။ ပါဏာတိပါတာ ကံ၊ သူ့အသက်ကို သတ်ရင် ဘယ်လို အပြစ်ခံရတယ်။ မုသာဝါဒါ၊
လိမ်လည်ခြင်းအမှုကို ကျူးလွန်ရင် ဘယ်လိုအပြစ်ခံရတယ်ဆိုတာတွေ ကို နံရံမှာ
အကြီးကြီးတွေ ဆွဲထားတာ။
“အဲဒီပုံတွေထဲမှာ ငရဲသားကြီးတွေ က လူတွေကို ဆီဒယ်အိုးကြီးတွေထဲမှာ ခက်ရင်းခွကြီးတွေနဲ့ နှစ်ပြီး ကြော်နေ တာလေ၊ အဲဒီပုံ ငါ့သမီး မှတ်မိလား”
အိုး ကျွန်မသိပ်မှတ်မိတာပေါ့။ အဲဒီပုံဟာ ကျွန်မ အကြောက်ဆုံးပုံ။ ကြည့်ပြီးခါစညမှာ အိပ်မက်တောင်မက်တဲ့ပုံ။
“အေး .အဲဒါ အဒိန္နဒါနကံကျူးလွန် တဲ့သူတွေကို ငရဲပြည်ကျရင် အဲလို အပြစ်ပေးတာပေါ့။ အဒိန္နဒါနကံဆို တာ သူများပစ္စည်းကို မသိအောင် ယူတဲ့ကံလေ။ သူများပစ္စည်းကို မသိအောင် ယူတဲ့သူတွေဟာ ..”
“ကြောက်တယ်၊ ကြောက်တယ်၊ မပြောနဲ့၊ မပြောနဲ့” ဆိုတဲ့ ကျွန်မရဲ့ အော်သံ၊ ငိုသံဟာ ဧရာဝတီမြစ်ပြင် ကျယ်ကြီးပေါ်မှာ အကျယ်ကြီးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်အပျက် လေးဟာ ကျွန်မကို သိပ်ကိုကြောက်လန့် စေခဲ့တယ်။ အဲဒါနဲ့ပဲ အသက်အရွယ် ရလာတဲ့အချိန်မှာ ထူးဆန်းတဲ့ မိတ်ဆွေတစ်ယောက်ကြောင့်လည်း အံ့ဩစရာ အသိတစ်ခုကို သိရပြန်ရော။
လမ်းလျှောက်လာကြရင်း လမ်းပေါ် မှာ ကျကျန်နေခဲ့တဲ့ ငါးရာတန်ငွေစက္ကူကိုရှောင်ကွင်းသွားရင်း “ဒါ၊ကျွန်တော် ယူလို့မရပါဘူး၊ သူများပစ္စည်းပါ။ မယူရပါဘူး။ မယူရပါဘူး”တဲ့။ သူက ဆက်ပြောသေးတယ်။
“ကျွန်တော်တို့အဖေက သင်ခဲ့တာ” တဲ့လေ။
ကျွန်မတို့ အဘိုးအဘွား၊ အဖေအမေ တွေက သင်ခဲ့ကြပါတယ်နော်။
ခုအသက်အရွယ်မှာ လောကဇာတ်ခုံရဲ့အဖြစ် သနစ်များစွာထဲကခိုးယူခြင်းအမျိုးမျိုးကိုကျွန်မမြင်တွေ့ဖူးပြီ။ ခိုးယူရခြင်းရဲ့အကြောင်း ရင်း အမျိုးမျိုးတွေ ကိုလည်း ကျွန်မစဉ်းစားဖူးပြီ။
စာတွေလည်း ရေးဖူးပြီ။
ခိုးယူခြင်းအမျိုးမျိုးမှာ ..အနုပညာဖန်တီးမှုကိုတောင် ခိုးယူကြသတဲ့။ စာနာစိတ်တွေကင်းမဲ့ပြီး တစ်ကိုယ်ကောင်းစိတ်တွေနဲ့ ခိုးယူခြင်း
ဆိုတာကို ထမင်းစားရေသောက်လို ဖြစ်သွားမှာ ကျွန်မစိုးတယ်။
ဒါ့ထက် ..ဒါ့ထက် ကိုယ်မဟုတ်တာ လုပ်နေတယ်ဆိုတာကိုတောင် ကိုယ့်ဟာကိုယ် မသိတော့လောက် အောင် ကိုယ်ကျင့်တရားတွေ ပျက်ပြားသွားမှာကို၊ လူငယ်များအတွက် .. လူငယ်များရဲ့ လက်ထဲက ကျွန်မတို့ နိုင်ငံအတွက် ..ကျွန်မ
စိုးရိမ်လှပါတယ်။
နုနုရည်အင်းဝ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)
(မှတ်ချက်။ ။ မြန်မာတိုင်းမ်စ် မှ ကူးယူမျှဝေပါတယ်
2 comments
chitsayar
September 11, 2010 at 2:53 pm
ဥုဇူစ=ဖြောင့်မတ်ရမည် ( မိမိ ကိုယ်ကို မိမိ မလိမ်ခြင်းထိ ဖြောင့်မတ်နိုင်ရမည် )ဆိုလား
ကိုယ်ကျင့်တရားနှင့်ပတ်သက်တဲ့ အတွေးအခေါ်လေးကို သဘောကျပါတယ်
အကယ်၍ အဲ့သည်အချိန်မှာ မိုးများ သဲသဲမဲမဲရွာနေမယ်ဆိုရင် အဲ့သည်ငွေစက္ကူလေးကို
လစ်လျှုရှု၍ မထားပြစ်ခဲ့ သင့်ဘူးလို ့လည်းထင်ပါတယ်
Gong Zhu
September 16, 2010 at 3:21 am
ဥုဇူစ=ဖြောင့်မတ်ရမည် ( မိမိ ကိုယ်ကို မိမိ မလိမ်ခြင်းထိ ဖြောင့်မတ်နိုင်ရမည် ) မိမိကိုယ်ကို မလိမ်ဘူး သူများကိုုပဲ လိမ်မှာ 😛