မီးဖိုလား … မီးရထားလား…..။

etoneSeptember 11, 20101min810
ဒီပုံပြင်လေးက ဆရာမင်းခိုက်စိုးစံရဲ ပုုံ့ပြင်လေးပါ။ဖတ်စေချင်လို့ ဝေမျှပေးလိုက်ပါတယ်။
တစ်ခါတုန်းက မြို့လေးတစ်မြို့အစွန်က အိမ်လေးတစ်အိမ်မှာ အလွန်တော်တဲ့ သိပ္ပံပညာရှင်ကြီးသုံးဦး နေကြသတဲ့ဗျာ။အဲဒီသိပ္ပံပညာရှင်ကြီးတွေ နေတဲ့အိမ်မှာ မီးဖိုမရှိတဲ့အတွက် သူတို့ဟာ ထမင်းချက်မစားနိုင်ဘူးတဲ့။အဲတော့ မြို့ ဂုဏ်ဆောင်တဲ့ သူတို့တွေကို မြို့မိ ၊ မြို့ဖတွေ က ထမင်းပို့ပေးရတော့တာပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားကြရတာပေါ့ဗျာ။အဲဒီလိုနဲ့ နေတာကြာလာတော့ မြို့မိ ၊ မြို့ဖတွေက သည်းမခံနိုင်တော့ဘဲ “ခင်ဗျားတို့ဟာ ခင်ဗျားတို့ ချက်စားပေတော့ဗျို့။ကျုပ်တို့တော့ မပို့ပေးနိုင်တော့ဘူး”…လို့ပြောကြသတဲ့။
အဲတော့လည်း ပညာရှင်ကြီးတွေက ….
“ချက်တော့ စားချင်ပါတယ်ဗျာ။ကျုပ်တို့မှာ မီးဖိုမရှိလို့ပါ”
“မီးဖိုမရှိလည်း ဝယ်ကြပေါ့ဗျာ။ဒါမှ မဟုတ်လည်း ခင်ဗျားတို့က သိပ္ပံပညာရှင်တွေပဲ။ကိုယ့်ဟာကိုယ်ဆောက်ကြပေါ့။”
“အင်း…ဟုတ်တာတော့ ဟုတ်တယ်ဗျို့။သူများထမင်းစားရတာ သိပ်တော့ မကောင်းလှဘူး”…ဆိုပြီး အသိတရားဝင်လာကြကာ…သူတို့ ထမင်းချက်ဖို့ မီးဖိုတစ်ခုကို လုပ်ကြပါလေရောလားဗျာ။
သိပ္ပံပညာရှင်ကြီးတွေက သူတို့ရဲ့မီးဖို လုပ်ဖို့ လေးလေးနက်နက်စဉ်းစားကြသတဲ့။သူတို့ကိုယ်တိုင် ပုံစံဆွဲတာပေါ့ဗျာ။မီးဖိုကို အကြီးကြီးလုပ်ကြတယ်တဲ့။အဲဒီမှာ ပထမသိပ္ပံပညာရှင်က ဝင်ပြောတယ်။
“ကျုပ်တို့လုပ်တဲ့ မီးဖိုကြီးက သိပ်ပြီးကြီးလွန်းတော့ ရွှေ့ရ လွယ်ကူအောင် ဘီးတွေ တပ်ထားရင် မကောင်းဘူးလား”…လို့ အကြံပြုသတဲ့။အဲ့အကြံကြောင့်ဘဲ မီးဖိုအောက်မှာ ဘီးလေးတွေ တပ်ဖြစ်သွားတယ်။အဲမှာတင်နောက်တစ်ယောက်က…
“ဘီးတွေချည်းပဲ ဆိုတော့ လူက အနောက်ကတွန်းနေရဦးမှာပေါ့။ပင်ပန်းပါတယ်ဗျာ။မော်တော်ကားတွေလို လူမောင်းယူသွားလို့ရအောင် အင်ဂျင်ပါ တပ်လိုက်ကြရအောင်”…လို့ပြောပြန်သတဲ့။
အင်ဂျင်လည်းတပ်ပြီးရော..နောက်တစ်ဦးက ဝင်ပြောပြန်သတဲ့။
“မောင်းလို့ရပြီဆိုတော့ မထူးပါဘူးဗျာ။လူတွေပါစီးလို့ရအောင်ပါ လုပ်လိုက်ကြစို့လား”
အဲဒါနဲ့ပဲ သူတို့ရဲ့မီးဖိုကြီးဟာ လူစီးလို့ ရတဲ့ ယဉ်ကြီး ဖြစ်လာခဲ့ပါတယ်။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုဆောက်နေတယ်လို့ သတင်းကြားတဲ့ မြို့ထဲက လူတွေက လာကြည့်ကြတာပေါ့။ပြီးတော့ အံ့ဩ ချီးကျူးကြပါတယ်။
“ဝိုး…အံ့မခန်းလက်ရာပါလားဗျာ”
“အဲလောက်ကောင်းတဲ့ မီးဖိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”
“ဟုတ်တယ်နော်။တော်လိုက်ကြတာ”
……စသဖြင့် ချီးမွန်းသံများစွာကို ကြားနေရတော့တာပေါ့။သိပ္ပံပညာရှင်ကြီးတွေကတော့ ချီးမွန်းသံ ကြားလေလေ ၊ သူတို့ ပညာစွမ်းကို ပြကြလေလေပါပဲ။ပထမသိပ္ပံပညာရှင်ကြီးက သူတို့ရဲ့မီးဖိုကြီးကိုနောက်တွဲတပ်ပြီး အလိုအလျှောက်စနစ်နဲ့ ဧည့်ခန်းတွေ၊ရေချိုးခန်းအိမ်သာတွေပါ အလိုရှိရင်သုံးလို့ရအောင် စီစဉ်လိုက်သတဲ့။ဒုတိယသိပ္ပံပညာရှင်ကြီးကလည်း မီးဖိုကြီးကို လေဖိအားစနစ်နဲ့ကောင်းကင်ကို ပျံတက်နိုင်အောင်လုပ်လိုက်သတဲ့။အဲဒိ မီးဖိုကြီးဟာ မိုးလေဝသတောင်တိုင်းတာနိုင်သေးသတဲ့။နောက်ဆုံးသိပ္ပံပညာရှင်ကြီးကလည်း မီးဖိုကြီးမှာ ကွန်ပြူတာ တစ်လုံးတပ်ထားပေးသတဲ့။စူပါကွန်ပြူတာပေါ့။မေးချင်ရာမေးနိုင်တယ်တဲ့။မြို့ထဲကလူတွေလည်း ကွန်ပြူတာကြီးမှာ လာရောက်မေးမြန်းပြီး စုတ်တစ်သတ်သတ်နဲ့ ချီးကျူးကြတာပေါ့ဗျာ။ဒီလိုနဲ့ ကမာ္ဘပေါ်မှာ အကောင်းဆုံး ၊ အဆင့်အမြင့်ဆုံးလို့ပြောရမယ့် မီးဖိုကြီးတစ်ခုပေါ်ပေါက်လာတာပေါ့ဗျာ။ဒါပေမယ် အဲဒီမီးဖိုကြီးမှာ ချို့ယွင်းချက်တစ်ခု ရှိသတဲ့။
အဲဒီ မီးဖိုကြီးမှာ မီးဖိုလို့ မရဘူးတဲ့ဗျာ။
သိပ္ပံပညာရှင်ကြီးတွေဟာ အရင်လိုပဲ မြို့မိ ၊ မြို့ဖတွေဆီက တောင်းစားကြရပြန်တော့သတဲ့။
“ကဲ….ကျွန်တော်တို့လည်း ဘာတွေကို တည်ဆောက်မိနေကြပါလိမ့်။ကျွန်တော်တို့ တည်ဆောက်နေကြတဲ့ အရာတွေဟာ ကျွန်တော်တို့ လိုအပ်နေတာတွေရော ဟုတ်ရဲ့လား?”`