“မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်း လေး)
“သီတင်းကျွတ်ပွဲတော်ကြီး ပြီးတော့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင် မသိုးမြတ်သင်္ကန်းနဲ့……………..ကထိန်ပွဲခင်းပါတဲ့လတန်ဆောင်တိုင်………..မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် “လို့ဆိုထားခဲ့ဘူးတဲ့ ကိုမြကြီးသီချင်းထဲကလို
တန်ဆောင်မုန်းရောက်ပြီဆိုတာနဲ့ “ကထိန်ပွဲတော် “ကိုဆင်နွဲဘို့ပြင်ဆင်ကြပါတော့တယ်။
ဒီတန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်မှာ သံဃာတော်တွေသီတင်းသုံးတဲ့ကျောင်းတွေကို ကထိန်သင်္ကန်း ကပ်လှူကြပါတယ်။
ဒီကထိန်အလှူတော်ကို လက်ခံရတဲ့ကျောင်းမှာလည်း တိကျသတ်မှတ်တဲ့စည်းကမ်းချက်တွေနဲ့ပါ။
ပထမဦးဆုံးလာပြီး ကထိန်အလှူတော်ကို လက်ခံပြီးရင် နောက်ထပ်အလှူကိုလက်မခံရပါဘူးတဲ့။
ဆိုလိုတာက ပထမလာပြီးလှူတဲ့လူက လှူဘွယ်နည်းမယ် ဒါပေမယ့် လက်ခံပြီးတယ်ဆိုရင် နောက်လာလှူမယ့်သူက ဘယ်လောက် လှူဘွယ်များများပြောင်းပြီးလက်ခံလို့မရတာပါ။
တန်ဆောင်မုန်းလဆန်းပြီဆိုကတည်းက ကထိန်ခင်းမယ့်အဖွဲ့တွေက ကိုယ်ကထိန်ခင်းချင်တဲ့ကျောင်းကို ရှာလို့ ကြိုတင်လျှောက်ထားရပါတယ်။
တစ်ချို့ကကြတော့လဲ ဘယ်ကျောင်းကို လှူမယ်ဆိုတာကို ကြိုတင်လို့ ရှာမထားဘဲ ကထိန်ခင်းချင်တဲ့နေ့ကျမှ လှူဘွယ်ပစ္စည်းတွေကို တင်လို့ ကထိန်လက်မခံရသေးတဲ့ကျောင်းကို ရှာလို့ ပုံတိုက်ပြီးလှူလိုက်ပါတယ်။ အဲလိုလှူတာကိုတော့ “မိုးပေါ်ကျ ကထိန် “လို့ခေါ်ပါတယ်။
အများအားဖြင့်ကတော့ကထိန်လှူဘွယ်ပစ္စည်းတွေကို ကထိန်ခင်းမယ့်ကျောင်းကို မပို့ခင်မှာ လှပအောင် မျက်စိပသာဒဖြစ်အောင် ခင်းကျင်းလို့ထားကြပါတယ်။
အဖိတ်နေ့ရောက်ပြီဆိုမှ ဒီခင်းကျင်းထားတာတွေကို ကားတွေနဲ့တင်ပြီး မဲကျရာကျောင်းတိုက်ကို သွားပို့ကြပါတယ်။
အဲဒီကျောင်းတိုက်မှာ ကထိန်ခင်းတဲ့အဖွဲ့တွေ ကအဲဒီကျောင်းမှာ ညအိပ်လို့ချက်ပြုတ်စားကြ ညကျတော့ ကုလားကြည့်ကြပေါ့(ဖဲရိုက်တာကိုပြောတာပါ)။
တစ်ချို့ကတော့ တီးဝို်င်းတွေ အငြိမ့်တွေထည့်လို့ ဧည့်ခံပြန်ပါသေးတယ်။
မနက်မိုးလင်းတော့ ကျောင်းကသံဃာတော်တွေကို ဆွမ်းကပ်လို့ ညနေမှ ပြန်ကြပါတယ်။
တစ်ပျော်တစ်ပါးကြီးပေါ့ ။
သူများရပ်ကွက်နဲ့ပေါင်းလို့ ဘုရားပွဲမကျင်းပချင်တဲ့သူတွေကကိုယ့်ရပ်ကွက်နဲ့ကိုယ် ကိုယ့်ခြေကိုယ်လက်ဖြစ်အောင် ရပ်ကွက်ကထိန်လမ်းကထိန်သီးသန့်
ိဖြစ်အောင်ဆောင်ရွက်ကြပါတော့တယ်။
အဲံဒီအချိန်ကစလို့မန်းလေးမှာ ရပ်ကွက်အနှံ့နေရာအနှံ့ ကထိန်ခင်းတာတွေ ခေတ်စားလာပါတော့တယ်။
အခုအချိန်မှာဆိုရင် ရပ်ကွက်အလိုက်တောင်မဟုတ်ဘဲ တစ်မိသားစုထဲ တစ်ဦးထဲ ဒါမှမဟုတ်စိတ်တူရာမိတ်ဆွေတွေစုလို့ အဖွဲ့လေးတွေဖွဲ့လို့
လုပ်ငန်းခွင်မှာအလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေစုလို့ဘဲဖြစ်ဖြစ် ကထိန်ခင်းလာကြတာကိုတွေ့ရ မြင်ရ ကြားရတာ အတော်ကိုဝမ်းသာစရာကောင်းပါတယ်။
(အမှန်ကတော့ ဒီကထိန်ခင်းတယ်ဆိုတာ က သံဃာတော်တွေအတွက် လိုအပ်ချက်တွေပြည့်စုံအောင်ဖြည့်ဆည်းပေးတာပါဘဲ။)
ဒီကထိန်တွေအကြောင်းပြောရင် မန်းလေးဈေးချိုတော်ကထိန်ကိုထည့်မပြောရင်မပြည့်စုံပါဘူး။
ဟိုအရင်က ကထိန်ရက်ရောက်ပြီဆိုရင်ဈေးချိုတော်တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဆူဆူညံညံနဲ့ပေါ့။
ဈေးချိုတော် ဆယ့်နှစ်ရုံလုံးရယ် အောင်ဈေးတန်း ငှက်ပျောတန်း ကိုင်းတန်းဈေး ထီးတိုင်ဈေး သံဖြူတန်း သစ်သီးတန်း ပန်းတန်းအစရှိတဲ့ ဈေးချိုတော်ပါတ်ပါတ်လည်မှာရှိရှိသမျှ ဈေးတန်းတွေအားလုံးက ကထိန်ခင်းကြပါတယ်။
ဒီလိုကထိန်ခင်းနိုင်ဘို့အတွက် တစ်ရက်ကို ဘယ်လောက်ထည့်မယ် ဆိုပြီး ဆိုင်တိုင်းဆိုင်တိုင်းကနေ တစ်နှစ်ပါတ်လုံး နေ့စဉ်အလှူငွေထည့်ထားတဲ့အပြင် ကထိန်ရက်ရောက်တော့ လည်း ကိုယ်တတ်နိုင်သလောက်ထပ်လို့လှူဒါန်းကြပါသေးတယ်။
ကထိန်ခင်းတယ်ဆိုရင် ညှပ်မကြီး ကို အဓိကထားလို့ခင်းကျင်းပါတယ်။
အဲဒီမှာ တန်ဘိုးကြီးတဲ့ ပစ္စည်းတွေပါမယ်။ နောက် ငွေစက္ကူအသစ်တွေကို ပြက္ခဒိန်ပေါ်မှာတို့ ၊ကြည်ညိုစရာကောင်းတဲ့ ဘုရားပုံတော်တွေပုံစံ၊လှပတဲ့ဒေါင်းရုပ်ပုံစံတွေပေါ်အောင်
ငွေစက္ကူအသစ်တွေနဲ့ လှပစွာ ဖန်တီးထားလို့ ညှပ်မကြီးကို အလှဆင်ကြပါတယ်။
ညှပ်မကြီးနေရာက အများအားဖြင့်ဧည့်သည်တွေကို ဧည့်ခံတဲ့နေရာလည်းဖြစ်ပါတယ်။
ပြီးတော့ မှ ညှပ်မကြီး နံဘေးမှာ သုံးထောင့်ပုံစံချိုးထားတဲ့(ထင်းရူးပင်ပုံစံပေါ့) ညုပ်ကလေးတွေမှာ လှူဒါန်းထားတဲ့ လှူဘွယ်ပစ္စည်းတွေကိုလှပအောင် ချိတ်ဆွဲလို့ ဒီဇိုင်းတွေ ပြင်အလှတွေဆင်ကြပါတယ်။
ဒီညှပ်ကလေးတွေမှာတော့ တစ်ချို့ကလည်းညှပ်တစ်ခုကို မိသားတစ်စု ဆိုင်တစ်ဆိုင်က တစ်ဦးတည်းလှူဒါန်းသလို အများစုပေါင်းလှူတာတွေကိုအလျင်းသင့်သလိုချိတ်ဆွဲလို့ ပြင်ဆင်ကြပါတယ်။
ကထိန်ရက်ရောက်တယ်ဆိုရင် ဆိုင်တိုင်းဆိုင်တိုင်းက လာသမျှမိတ်ဆွေသင်္ဂဟတွေကို စားကောင်းသောက်ဖွယ်တွေနဲ့ အပြိုင်အဆိုင်ဧည့်ခံတတ်ကြပါတယ်။
ဈေးချိုထဲမှာရှိတဲ့ ရုံတွေအားလုံးကလည်း ကထိ်န်ခင်းကြတဲ့နေရာမှာ တစ်ရုံနဲ့တစ်ရုံသူ့ထက်ငါသာအောင် အပြိုင်အဆိုင်လုပ်ကြပါတယ်။
လှူဒါန်းတဲ့ပစ္စည်းသာအောင် ဧည့်ခံကျွေးမွေးတာသာအောင် တင်မကဘူး ကထိန်နေ့လည်ခင်းမှာ နာမယ်ကြီးပေ့ ခေတ်စားပေ့ဆိုတဲ့ အငြိမ့်တွေကို ငှားလို့ ပွဲခင်းတယ်။
တစ်ချို့ခေတ်ဆန်တဲ့ရုံကတော့ စတိတ်ရှိုးထည့်ပါတယ်။
အဲဒီစတိတ်ရှိုးကိုလဲ မန်းလေးမြို့ခံတီးဝိုင်းနဲ့ ရန်ကုန်က နာမယ်ကြီးအဆိုတော်တွေကို ငှားလို့ ကျင်းပကြတာပါ။
အဲဒီဈေးချိုရုံထဲက ကထိန်တွေထဲမှာ အကောင်းဆုံးအခမ်းနားဆုံးအစည်ကားဆုံးလို့ပြောရရင်တော့ ရွှေဆိုင်တန်းကထိန်ပါဘဲ။
ဒါပေမယ့်ကျန်တဲ့ရုံတွေကလည်းသူနဲ့သိပ်မကွာအောင် လုပ်နိုင်ကြပါတယ်။
သာတာကတော့ သူတို့ ရွှေဆိုင်တန်းကရောင်းရတဲ့ပစ္စည်းကလဲခပ်ခန့်ခန့့် လူတွေအနေအထိုင်ကလဲ ခပ်သန့်သန့်ပါ။
ဆိုင်မှာထိုင်တဲ့အပျိုတွေကလဲ ခပ်ချောချောဆိုတော့ လာပြီး ကြည့်သူတွေကလဲ ပေါမှပေါပေါ့ဗျာ။
အခုခေတ်လိုပြောရရင် အလန်းလေးတွေစုနေတဲ့နေရာပေါ့နော်။
ကျနော်တို့ကျောင်းသားဘဝကတော့ ဈေးချိုကထိန်ရက်ဆိုရင် နေ့လည်ကျောင်းမတက်တာများပါတယ်။
အငြိမ့်တွေ စတိတ်ရှိုးတွေက နေ့လည်ဆိုကတာကိုး။
ကျနော်တို့က အငြိမ့်ထက် တီးဝိုင်း ကိုမက်တာများပါတယ်။
shells ပါမယ် ယဉ်မွန်ပါမယ် တေးချစ်သူပါမယ် styler ပါမယ် မြို့မပါမယ်။
ဒီအထဲကမှ နော်လီဇာလာမယ် ဘိုဘိုဟန်လာမယ် စိုးပိုင်လာမယ် ဆိုတဲ့အသံတွေနားထောင်လို့ တစ်နေရာပြီးတစ်နေရာကို တရုန်းရုန်းနဲ့သွား အားရပါးရကြည့်၊
ဘိုက်ဆာလာပြီဆိုရှု် ခင်မင်ရင်းနှီးတဲ့ဆိုင်တွေကိုသွားမုန့်တွေတစ်ဝတပြဲစား တစ်ဟားဟားနဲ့ပွဲ ထပ်ကြည့်ပျော်စရာအတိပါဗျာ။
အဲဒီရက်များဆိုရင်ဈေးချိုတော်တစ်ခုလုံး အုံးအုံးကြွက်ကြွက် ဆူဆူညံညံလှုပ်လှုပ်ယှားယှားနဲ့ပေါ့။
အဖိတ်နေ့ရောက်ပြီဆိုတာနဲ့လှူဘွယ်တွေကို ကားပေါ်တင်လူတွေကလဲ ကားပေါ်အားလုံးတက်လို့ ဈေးချိုတစ်ခုလုံး
မန်းလေးတစ်မြို့လုံး သက်ကြီးရွယ်အိုနဲ့ ကလေးပေါက်စကလွဲရင် အားလုံး စစ်ကိုင်းကချောင်တွေဆီကို ချီတက်ကြပါတော့တယ်။
အဲဒီအချိန်ဆိုရင် မန်းလေးတစ်မြို့လုံးတိတ်ဆိတ်လို့ကျန်ခဲ့တာ လူမနေဘူးလို့တောင်ထင်ရလောက်အောင်တောင်ခြောက်ကပ်လို့ကျန်ခဲ့ပါတယ်၊
စစ်ကိုင်းတောင်ပေါ်မှာ မန်းလေးက လာတဲ့သူတွေနဲပြည့်နှက်လို့သွားပါတယ်။
ရှိသမျှချောင် ရှိသမျှကျောင်း ကထိန်မခင်းလိုက်ရတဲ့ချောင် မရှိသလောက်ပါဘဲ။
ကိုယ်ကထိန်ခင်းမယ့်ချောင်ကို အုပ်စုလိုက်ကြီးသွားကြပါတယ်။
ပွဲတွေအငြိမ့်တွေခင်းကြ တီးကြမူတ်ကြနဲ့ပျော်စရာကြီးပါ။
ညပိုင်းကြတော့ ဝါသနာပါသူတွေကလွတ်လွတ်လပ်လပ် အဖမ်းအဆီးမရှိ ဖဲရိုက်ကြပါတယ် ။
ကျနော်တို့သူငယ်ချင်းတွေကတော့ ညနေခင်းကစလို့ စစ်ကိုင်းတောင်ကိုခြေချင်တက်ကြပါတယ်။
နောက်အသိမိတ်ဆွေတွေ ကထိန်ခင်းတဲ့ချောင်တွေကို တစ်ချောင်ပြီးတစ်ချောင်သွား ဧည့်ခံတာတွေကို ဝင်စား ကိုယ်ကြိုက်တဲ့အငြိမ့်တို့တီးဝိုင်းတို့တွေ့ရင်ခဏဝင်ကြည့်ပြီးရင်နောက်တစ်ချောင်ဆက်သွား
မရပ်မနားပါဘဲ။
ညသန်းခေါင်လောက်ကြရင် ဧရာဝတီမြစ်ကြီးကိုစီးမြင်ရတဲ့နေရာမှာထိုင် လရောင်အောက်ကမြစ်ထဲမှာ မီးဖောင်လေးတွေထွန်းထားတာကိုကြည့်ရင်း သယ်လာတဲ့စားစရာတွေကိုထုတ်လို့
စားကြသောက်ကြ စကားတွေပြောကြနဲ့ ပါ။
အဲဒါမနက်မိုးလင်းခါနီးမှ တောင်ပေါ်က အုပ်စုလိုက်ကြီးပြန်ဆင်းလာကြတာ နှစ်တိုင်းနီးပါးပါ။
နောက်ပိုင်းမှာ ဈေးချိုအဟောင်းဆယ့်နှစ်ရုံကို ဖျက်လို့ အဆင့်မြင့်ဈေးချိုကြီးဆောက်လိုက်တဲ့အချိန်ကစလို ဈေးချိုသူဈေးချိုသားတွေ စိတ်တွေပြောင်းကုန်ပါတယ်။
စစ်ကိုင်းကို ကထိန်သွားခင်းနေရတာ ရိုးသွားလို့နဲ့တူပါတယ်
ကထိန်ခင်းတဲ့နေရာတွေက မန်းလေးနဲ့ဝေးသထက်ဝေးထက်နေရာတွေကို သွားပြီးကထိန်ခင်းကြတာပါ။
အစကတော့ တောင်ကြီးအင်းလေး ပုဂံ ပုပ္ပါး အစရှိတဲ့မန်းလေးမြို့နဲ့ခပ်နီးနီး နောက်တော့ ပိုပိုဝေးတဲ့ လားရှိုး မူဆယ် နမ်းခမ်းအစရှိတဲ့ အဝေးဆုံးမြို့တွေကိုသွားလို့ ကထိန်ခင်းပါတော့တယ်။
အရင်က မြို့မောင်နှမဖြစ်ခဲ့တဲ့စစ်ကိုင်းကို မန္တလေး မြို့လုံးကျွတ်နီးပါး ကထိန်သွားခင်းတယ်လို့များ ပြောမိရင် အခုခေတ်ကလေးတွေက ယုံမယ်မထင်ပါဘူး ပုံပြောတယ်မှတ်နေမှာပါ။
အခုတော့ စစ်ကိုင်းနဲ့မန်းလေး ကထိန်ဘာမှမဆိုင်သလိုဖြစ်လို့ တန်ဆောင်မုန်းလပြည့်ဆိုရင် စစ်ကိုင်းဘက်ကူးတာ မရှိသလောက်နည်းသွားပါပြီ။
အဲတော့ ကထိန်ရက်ဆိုရင် ဧည့်ခံကြတာကလဲ အရင်လို အပြိုင်အဆိုင်မရှိကြတော့ပါဘူး ဆနွင်းမကင်းလေး စမူဆာလေး လက်ဖက်လေးနဲ့ ပြီးစလွယ်ဧည့်ခံတယ်ဆိုရုံလောက်ပါဘဲ။
နေရာထိုင်ခင်းကျဉ်းကျပ်တာကို အကြောင်းပြလို့ ပွဲခင်းတာတွေကလဲ မရှိသလောက် ဆိုတာ တကူးတက သွားကြည့်ကြတယ်ဆိုတာလဲ မရှိသလောက်ပါ။
အားလုံးရဲ့စိတ်ထဲမှာ ဈေးချိုကဆိုင်တွေကို ရက်ရှည်ပိတ်လို့ မရောက်ဘူးသေးတဲ့နေရာတွေကို ကထိန်ခင်းရင်လည်ဘို့လောက်သာ စိတ်ထဲမှာရှိကြပါတော့တယ်။
ဒါကတော့ဟိုးရှေးရှေးကတည်းကရှိခဲ့တဲ့ဈေးချိုုကထိန်ပါ။
နောက်ဒီကထိန်အကြောင်းပြောရင် မန်းလေးမြို့ (26-27)လမ်းကြား 82လမ်းက ကြက်တန်းလို့ အမည်ရတဲ့ ကားပစ္စည်းရောင်းတဲ့နေရာက ကထိန်ကလဲ မန်းလေးမြို့မှာမေ့မရနိုင်တဲ့ ကထိန်ထဲမှာပါပါတယ်။အဲဒီရပ်ကွက်တည်နေရာက တကယ်တန်းပြောရင် ဘာသာခြားတွေ အများစုရှိနေတဲ့ရပ်ကွက်ကြီးပါ။
ဒါပေမယ့် ကြက်တန်းကထိန်ဆိုတာ က မန်းလေးမြို့က ကထိန်တွေထဲမှာ နာမယ်ကြီးတယ်ဆိုတဲ့ ရွှေဆိုင်တန်းကထိန်ထက် သာတယ်တောင်ပြောနိုင်ပါတယ်။
ကထိန်ရက်ဆိုရင် လေးပြလေးတန် ပိတ်လို့ အငြိမ့်တွေ စတိတ်ရှိုးတွေကို ကျင်းကြတာပါ။
(26လမ်းကနေ 28လမ်းက တောင်မြောက် 82လမ်းကနေ83လမ်းက အရှေ့အနောက်ပိတ်လို့ ကထိန်ခင်းကြတာပါ။)
နာမယ်ကြီးအငြိမ့်တွေ နာမယ်ကြီးတီးဝိုင်းတွေငှားလို့ ခမ်းခမ်းနားနားနဲ့ တိုးမပေါက်လောက်အောင်စည်ကားခဲ့ပါတယ်။
လှူဘွယ်ပစ္စည်းတွေခင်းကျင်းထားတာကလဲ တကယ့်ကို အများကြီး အားပါးတရကြီးပါ။
အခုတော့ဒါတွေဟာအိပ်မက်လို ပုံပြင်လိုဖြစ်သွားပါပြီ။
1984ခုနှစ်မတ်လမှာဦးကျားကြီးဝင်း(35)လမ်းကစပြီးလောင်လို်က်တဲ့မီးဟာမန္တလေးမြို့ရဲ့ အချက်အချာကြတဲ့ မြို့လယ်ကောင် တစ်ခုလုံးကို ဝါးမြိုသွားခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ အိမ်အခွံရယ် သောကတွေရယ်သာကျန်ခဲ့တဲ့ မန်းလေးမြို့သူမြို့သားတွေတော်တော်များများက မိမိတို့ရဲ့ဘိုးဘွားပိုင်ခဲ့တဲ့မြေကို နောက်အသစ်ပြောင်းလာတဲ့ ငွေကြေးတတ်နိုင်သူလက်ကိုထိုးအပ်ခဲ့ရပါတယ်။
မြေအပိုင်မရှိသူများကလဲ သက်ဆိုင်ရာက ချပေးတဲ့ မန်းလေးမြို့သစ်ထဲကိုပြောင်းသွားတယ်ဆိုတဲ့ မြေရောင်းလိုက်တဲ့သူများကလဲ မိမိတို့မိတ်ဆွေဟောင်းတွေရှိရာအရပ်ကိုလိုက်ပြောင်းခဲ့တဲ့အတွက်
မန်းလေးမြိုသူမြို့သားတော်တော်များများဟာ ရပ်ကွက်လိုက် ဆွေမျုိုးစုလိုက်ကြီးကို မြိုသစ်ကိုရောက်သွားပါတယ်။
ဒီတော့လူဟောင်းပျောက် လူသစ်တွေရောက်လာတဲ့ရပ်ကွက်တွေမှာ အရင်လိုဘုရားပွဲတွေ ကထိန်ပွဲကျင်းပဘို့ဦးဆောင်သူလဲမရှိ စိတ်ဝင်စားသူလဲမရှိနဲ့ဖြစ်လာတဲ့အတွက်
မန်းလေးမြို့က ဘုရားပွဲ ကထိန်ပွဲတော်တော်များများက အရင်လိုမစည်ကားတော့တာတော့အမှန်ပါဘဲ။
အရင်ခေတ်တုန်းက ကြည့်စရာခံစားစရာဖျော်ဖြေမူ့ဆိုတာ တစ်ပါတ်တစ်ခါအသစ်လဲတဲ့ရုပ်ရှင်ရယ် တစ်နှစ်တစ်ခါကြည့်ရတဲ့ဇာတ်ပွဲရယ် အငြိမ့်ပွဲရယ်လောက်သာရှိခဲ့တာကိုး။
အခုခေတ်မှာတော့ ရုံတင်တဲ့ကားကိုသွားကြည့်မလား မြန်မာကားအသစ်ကို ငှားကြည့်မလား စတိတ်ရှိုးခွေတို နိင်ငံခြားကားတို့ ကိုရီးယားကားဇာတ်လမ်းတွဲတွေကို အ်ိမ်မှာခွေဝယ်ပြီးကြည့်မလား ပြည်တွင်းပြည်ပ ရုပ်သံလိုင်းကလာနေတဲ့နိုင်ငံတကာကားကိုကြည့်မလား
အင်တာနက်ကဘဲကြည့်ချင်သလားကိုယ်လိုချင်တာကိုယ် ကိုယ်ရွေးချယ်နိုင်တဲ့ အချိန်ဆိုတော့ ပွဲတွေ အငြိမ့်တွေ စတိတ်ရှိုးတွေကို လဲမမက်ကြတော့ပါဘူး။
ဒါကြောင့်လဲ တစ်ခါတစ်ရံကိုယ့်အရပ်ဘုရားပွဲဘယ်နေ့ကပြီးသွားသလဲဆိုတာတောင် မသိသူတွေရှိလာကတော့ လွမ်းဆွတ်စရာတစ်ခုလိုခံစားရပါတယ်။
နောက်ဆေးပေါင်းခတယ်ဆိုတဲ့ တန်ဆောင်မုန်းလပြည့်ညကလဲ ကျနော်တို့ မန်းလေးသားအဖို့လွမ်းစရာပါ။
တန်ဆောင်မုန်းလပြည့် နေ့ညကို “သူခိုးကာလ”လို့လဲခေါ်ပါတယ်။
အဲဒီနေ့မှာဆိုရင် မန်းလေးမြို့အနှံ့ ရပ်ကွက်တိုင်း လမ်းအပြတိုင်းမှာ” မခေါ်မုန့်လုံး” ကိုစတုဒီသာကြွေးပါတယ်။
မခေါ်မုန့်လုံး ဆိုတာကလဲ ဘယ်သူမှ အထူးတလည်မဖိတ်ဘူး စားချင်တဲ့သူလာစားဆိုတဲ့သဘောကိုဆောင်ပါတယ်။
မုန့်လုံးရေပေါ်လို့လဲခေါ်ပါတယ်။ ကောင်ညှင်းမုူန့်ကို ကျိတ်ထားတာကို မုန့်နပ်အောင် ကျောက်တုံးနဲ့ဖိလို့နှပ်ထားရပါတယ်။မုန့်ညက်တွေနပ်ပြီဆိုမှ အလယ်ကောင်ကထညက်ထဲ့လို့ ဝိုင်းနေအောင်လုံးပြီး ဆူနေတဲ့ရေနွေးအိုးထဲကိုထည့် သုံးခါမြုတ်လိုက်ပေါ်လိုက်ဖြစ်ရင်စားလို့ရပါပြီ။
မုန့်လုံးလေးတွေကို ဗန်ဒါရွက်စိမ်းစိမ်း ငှက်ပျော်ဖက်စိမ်းစိ်မ်းလေးတွေနဲ့ထည့်လို့ အုန်းသီးခြစ်တွေဖြူးလို့ ပေးပါတယ်။
(တစ်ခါတစ်လေ အမြင်ကပ်တဲ့လူပါရင်ဖြစ်ဖြစ် ပျော်ချင်စချင်ရင်ဖြစ်ဖြစ် မိုးမျှော်ငရုတ်သီးကိုထည့်လုံးပါတယ် ငရုတ်သီးစားမိလို့စပ်သွားရင် အားလုံးကတစ်ဝါးဝါးတစ်ဟားဟားနဲ့ပေါ့)
ဟိုအရင်က အကြွေစေ့သုံးလို့ရသေးတဲ့အချိန်တုံးကတော့ မုန့်လုံးထဲကို ငါးပြားစေ့ ဆယ်ပြားစေ့ မတ်စေ့ ငါးမူးစေ့ကျပ်စေ့တွေကို ထည့်လို့လုံးပေးပါတယ်။
ဒါတွေတင်မကသေးပါဘူး တစ်ချိုအိမ်တွေက အိမ်ပေါ်ကနေပြီး ပိုက်ဆံတွေကြဲချတာကို လမ်းသွားလမ်းလာ လူကြီးလူငယ်မရွေးလုလို့ပိုက်ဆံကောက်ကြပါတယ်။
ပိုက်ဆံရတဲ့ကလေးလူကြီးမှန်သမျှ ပျော်ရတာချည်းပါဘဲ။
အဲဒီလိုနေ့မျိုးမှာ မစားမဖြစ်စားရတာကတော့ ခါးသက်သက်အရသာလေးပါတဲ့ “မဲဇလီဖူးသုပ် “ပါ။
ကြိုက်ကြိုက်မကြိုက် လူကြီးတွေက ဆေးဖက်ဝင်တယ်ဆိုပြီးဇွတ်စားခို်င်းပါတယ်။
အဲဒါထက် ဆိုးတာကတော့ ညသန်းခေါင်ရောက်တာနဲ့ အရပ်ထဲက ဆေးဆရာကြီး ပယောဂဆရာကြီး “အဘကြည်”ဆီမှာ ဆေးအထိုးခံရတာပါ။
ဒါကတော့ အန္တရာယ်ကင်းအောင်ရယ် သူများပြုစားတာမခံရအောင်ရယ်ဆိုပြီးထိုးရတာပါ။
ခေါင်းသုံးချက် လက်ဖျံနှစ်ဖက်သုံးချက်စီ ပေါင်းကိုးချက် ကြေးစုတ်တံကြီးနဲ့ထိုးပေးတာပါ။
မနက်လင်းအားကြီးပိုင်းဆိုရင် ရပ်ကွက်ထဲက တစ်ချို့သောသူများက “ပန့်သကူ” ပစ်တယ်ဆိုပြီး ပိုက်ဆံတွေကို လမ်းမှာလျှောက်ချထားတတ်ပါတယ်။
ပိုက်ဆံတွင်မကဘူး ဆန်ဘယ်နှစ်လုံးလာယူပါတို့ ဗလာစာအုပ် တို့ ပိုက်ဆံနှစ်ကျပ်လာယူပါတို့ အစရှိတဲ့စာလေးတွေရေးထားတာလေးကို ဘယ်အိမ်ကိုလာယူပါဆိုပြီး “ရွှေပေလွှာ”
ချတာတွေလည်းရှိပါတယ်။တကယ်လဲပေးပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေတော့လဲ ခပ်နောက်နောက်လူတွေက ရပ်ကွက်ထဲမှာ တွန့်တိုတဲ့ ကပ်စေးနှဲတဲ့အိမ်နာမယ်တတ်လို့ ဂျောက်ချပြီးစတာနောက်တာလဲရှိတတ်ပါတယ်.။
ညပိုင်းရောက်ရင်တော့ ရပ်ကွက်ထဲရှိသမျှအိမ်အားလုံး အိမ်အပြင်မှာရှိတဲ့ဆိုင်းဘုတ်ပန်းအိုး ထိုင်ခုံမှန်သမျှ သိမ်းရပါတယ်။
မသိမ်းလို့က ကာလသားတွေ ဂျောက်ချလို့ ဟိုရွေ့ဒီရွေ့လုပ်တာကိုခံပေတော့ဘဲ၊
အရပ်ထဲက ရွေ့ရသမျှတွေကို ဟိုကပစ္စည်းဒီရွွှှေ ဒီကပစ္စည်းဟိုရွေလုပ်ပါတယ်။
လူပျုကြီးအိမ်ကို အပျိုကြီးအိမ်က ထမိန်အစုတ်ကို သွားထားချင်ထားပါတယ်။
မခေါ်မပြောနေကြတဲ့လူချင်းတောင် မနက်ခင်းရောက်လို့ ပစ္စည်းပျောက်ရှာရင်း ပြန်စကားပြောတာတောင်ရှိပါတယ်။
သူတို့ကာလာသားတွေက သူခိုးကာလလုပ်ဘို့ လူတွေအိပ်အောင်စောင့်ရင်းချက်ပြုတ်စားသောက်ကြတာကနေ မတတ်တတ်ချက်ရင်း ဆီလည်ရေလည်ဖြစ်လို့စားကောင်းတဲ့ “ကြက်သားကာလသားချက်”ကလဲ နာမယ်ကြီးဟင်းတစ်ခွက်ဖြစ်လာပါတယ်။
ဘယ်သူကစလိုက်တဲ့ဇာတ်လမ်းမှန်းတော့မသိပါဘူး။
ပျော်ပွဲစားကြေးတောင်းတယ်ဆိုတာကြီးပေါ်လာပါတယ်။
ချက်စားစရာဆန် ငရုတ်ကြက်သွန်တွေအိမ်တွေကထည့်ပေးကြပါတယ် ပိုက်ဆံထည့်သူလဲရှိသပေါ့။
အစကတော့ကလေးတွေက အပျော်သဘော အရုပ်လုပ်ပြီး ကပြီးတောင်းပါတယ်။
နောက်လူကြီးတွေကလိုက်လုပ်ပါတယ်။
အခုအချိန်မှာတော့ အရပ်ထဲမှာ ဈေးထဲမှာ တန်ဆောင်မုန်းကာလရောက်ပြီဆိုရင် အပျော်သဘောမဟုတ်ဘဲစီးပွားဖြစ်တောင်းတဲ့အနေအထားကိုရောက်လာပါတယ်။
ဆန်တွေ ဘာတွေမပေးနဲ့ မလိုချင်ဘူး ပိုက်ဆံဘဲထည့် ပိုက်ဆံတောင်နည်းနည်းမဟုတ်ဘူးများများဆိုတာမျိုးဖြစ်လာပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မရောက်ခင်မှာ အလှူခံတွေသောင်းကျန်းလွန်းတော့ ဆိုင်တံခါးပိတ် အိမ်တံခါးပိတ်နေရတဲ့ဘဝကိုရောက်လာပါတယ်။
လမ်းသွားပြီဆိုရင်လဲ လမ်းမှာ ကြိုးတွေတား တုတ်တွေတားလို့ပျော်ပွဲစားကြေးတောင်းတယ်ဆိုတာတွေဖြစ်လာပါတယ်။
ကလေးတွေကလဲ ရှိသမျှအိမ်ပေါက်စေ့လည်လို့ “ပိုက်ဆံကြဲပါဗျို့”ဆိုပြီးသံပြိုင်အော်ကြပါတယ်။
ခပ်ရိုင်းရိုင်းပြောရရင် အပျော်သဘောက နေစလိုက်တာက ကြေးစားဆန်ဆန်တွေဖြစ်ကုန်ပါတယ်။
ဒါကြီးကတော့ဘယ်သူမှ ပြောင်းလို့မရနိုင်တော့တဲ့ စရိုက်ဆိုးကြီးဖြစ်သွားပြီလို့စိတ်ထဲမှာ ခံစားရပါတယ်။
အန်းတိတ်လို့ပြောပြော ခေတ်ဆွေးကြီးလို့ပြောပြော အရင်မန်းလေးက ကထိန်တွေဘုရားပွဲတွေနဲ့ တန်ဆောင်မုန်းလပြည့်ညတွေကိုတော့ ကျနော်တကယ်ကိုလွမ်းမိပါတယ်။
ပိုလွမ်းတာကတော့ ………………………………………………………………………………………………………….
ီ