အော်ဂလီ
အော်ဂလီ |
စားသောက်ဆိုင်ထဲကို ဝင်လိုက်တော့ ဆယ်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးတယ်။ စားပွဲထိုးကို သူ့နာမည်ပြောလိုက်ပြီး ကြိုမှာထားတဲ့ စားပွဲကို တန်းတန်းမတ်မတ်ပဲ သွားလိုက်တယ်။ မိုးရေထဲ လာရတာမို့လို့ သူ့ကုတ်အင်္ကျီက နည်းနည်းစိုနေပေတဲ့ အရမ်းကြီးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေတာတော်သေးတယ်။ သူ့အနေနဲ့ ဒီဆိုင်ကို ဆယ်နာရီအတိလောက် ရောက်လာအောင် ထွက်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ သူက ဒါမျိုး စောင့်ဆိုင်းရတာတွေကို သိပ်မုန်းတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ထုံးစံအတိုင်း ချိန်းထားရင် နောက်ကျတတ်တာကိုလည်း သူသိနေတယ်။ သူက ချိန်းထားပြီးသား စကားကျွံထားလို့သာ လာရတာ သိပ်တော့ လာချင်တာမဟုတ်ဘူး။ ခုလည်း သူက စောရောက်နေတော့ ဟိုအမျိုးသမီး မလာမချင်း ပျင်းပျင်းရိရိနဲ့ စောင့်ရဦးမယ်။ ဆယ်မိနစ်လုံးလုံး ဘယ်လိုအချိန်ဖြုန်းမလဲဆိုတာ သူတွေးရင်းနဲ့ ဆိုင်ထဲကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်။ ဆိုင်ထဲမှာ လူက သိပ်မများဘူး။ မများဆို ဒီလိုဆိုင်မျိုးက အထက်တန်းလွှာက လူတွေပဲ လာတတ်တဲ့ ဆိုင်မျိုးမို့လို့ပဲ။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သူဌေးသား သူဌေးသမီးတွေ ချိန်းကြရင်သာ ဒီလိုဆိုင်မျိုးမှာ ချိန်းကြတာ။ ဒီဆိုင်က အပြင်ပန်းကြည့်ရင်တောင် ဈေးကြီးမှန်း သိသာတဲ့ဆိုင်မျိုး။ ဆိုင်ထဲမှာ သူအပါအဝင် လေးဝိုင်းလောက်ပဲ လူရှိတယ်။ သူ့ရဲ့ ညာဘက် မျက်စောင်းထိုးဝိုင်းမှာ မိန်းမကြီးနှစ်ယောက်နဲ့ ယောက်ျားကြီးနှစ်ယောက် နေ့လည်စာ စားနေကြတယ်။ လင်မယား နှစ်တွဲထင်ပါရဲ့။ သူတို့က ဂုဏ်သရေရှိ လူကြီးတွေပီပီ ထမင်းစားတာတောင် ဟန်နဲ့ပန်နဲ့ စားနေကြတယ်။ အမျိုးသမီးတွေက ရယ်ရင်တောင် လက်ဝါးလေး ပါးစပ်ကိုကာပြီးတော့ အသံခပ်တိုးတိုးပဲ ရယ်ကြတယ်။ ယောက်ျားကြီးနှစ်ယောက်ကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပုံပေါက်တယ်။ ဗိုက်ပူပူ၊ ထိပ်ပြောင်ပြောင်နဲ့မို့လို့ပါ။ သူတို့ ပျော်ပျော်ရွှင်ရွှင် စားနေကြတာပဲ။ ဒါပေမယ့် သူတို့ကို ကြည့်ရတာ မသာမယာနဲ့။ တစ်ခုခုလိုနေသလို ခံစားရတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ သူတို့ကို ကြည့်ရတာ သက်ရှိလူသားတွေနဲ့ သိပ်မတူလှဘူး။ အရုပ်တွေကို သံပတ်ပေးထားသလိုဖြစ်နေတယ်။ သူ ဆက်မကြည့်ချင်တော့လို့ နောက်တစ်ဝိုင်းကို လှည့်လိုက်တယ်။ နောက်တစ်ဝိုင်းမှာတော့ အမျိုးသားနှစ်ယောက်တည်းပဲ။ ကြည့်ရတာ လုပ်ငန်းကိစ္စဆွေးနွေးနေကြပုံပဲ။ သူတို့ စားပွဲပေါ်မှာလဲ စာရွက်တွေ တစ်ရွက်နှစ်ရွက် တွေ့ရတယ်။ နှစ်ယောက်စလုံးက ကိုယ့်ရှေ့မှာ ရှိတဲ့လူထက် ပြောတဲ့စကားက ပိုပြီး အရေးပါသလိုမျိုး အတင်းအာရုံစိုက်ပြီး နားထောင်နေကြတယ်။ ဒီလူ ငါ့ကို လိမ်တော့မယ်ဆိုတဲ့ပုံစံမျိုးတဲ့ အတင်းသတိထားနေကြသလိုပဲ။ ကိုင်ရို စိတ်ပျက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်။ ပြီးတော့ ဘယ်သူ့ကိုမှ မကြည့်တော့ဘဲ စားပွဲပေါ်က ကော်ဖီပန်းကန်ကို အကြောင်းမဲ့ ငေးနေမိတယ်။ အခုတလော ကိုယ့်ကိုယ်ကို ပြောင်းလဲလာတာ သတိထားမိတယ်။ အထူးသဖြင့် လောကကို မြင်တဲ့အမြင်၊ လူတွေအပေါ် အမြင်၊ ဘဝအပေါ် အမြင်။ အဲ့ဒါတွေပြောင်းလဲလာတာ သတိထားမိတယ်။ ဒီလို စီးပွားရေးသမားတွေ၊ ကြေးရတတ် လူတန်းစားတွေကို ကိုင်ရို သူ့ရဲ့ နေ့စဉ်ဘဝ အသိုင်းအဝိုင်းမှာ မြင်တွေ့နေရတာပဲ။ သူကိုယ်တိုင်လဲ အဲလို အထက်တန်းလွှာက လူတစ်ယောက်ပဲ။ ဒါပေမယ့် ခုရက်ပိုင်းအတွင်း သူ့စိတ်မှာ တစ်မျိုးဖြစ်နေတယ်။ ဒီလူတွေကို ကြည့်ရတာ အသက်မပါဘူးလို့ ခံစားနေရတယ်။ လောကကို အဆိုးမြင်လာသလိုပဲ။ အော်ဂလီဆန်သလိုမျိုးပဲ။ သူ့ဘဝက အပြောင်းအလဲ မရှိတာကြာခဲ့ပြီ။ အထက်တန်းကျောင်းတက်တယ်။ အောင်ပြီးတော့ တက္ကသိုလ်ကို ဆက်တက်နေတယ်။ ပျင်းခြောက်ခြောက်ပဲ။ ဘဝမှာ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ ဒါပေမယ့် တစ်ခုခုလိုနေသလိုပဲ။ ဒါကြောင့် ရည်းစားထားတယ်။ အခုချိန်းထားတာ သူ့ရဲ့ ရည်းစား မော်လီနဲ့ တွေ့ဖို့ပဲ။ ဒါပေမဲ့လဲ ကိုင်ရို ဘဝကို မကျေနပ်နိုင်သေးဘူး။ သူလက်ရှိရနေတဲ့ ပျော်စရာတွေက သူ့ကို မပျော်ရွှင်စေဘူး ဖြစ်နေတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ ပါတီသွားတယ်။ ဒါပေမယ့် ဟိုရောက်ရင် လူတွေကို ကြည့်ရတာ သူ့ကို အော်ဂလီဆန်စေတယ်။ မော်လီ့ကိုလည်း အတူတူပဲ။ သူ ဒီလိုဖြစ်နေခဲ့တာ တစ်နှစ်သာသာလောက်တော့ ရှိပြီ။ တက္ကသိုလ်စတက်ကတည်းကပဲ။ တကယ်ကို သူ့အရွယ်မှာ အခြားလူတွေလို ပျော်ပါးပြီး ပေါ့ပေါ့ပါးပါး နေရမှာ။ ခုတော့မဟုတ်ဘူး။ သူ့ရဲ့ လောကအပေါ် အခြေခံအမြင် ပြောင်းလဲလာတာနဲ့ ဘာကိုမှ သူ ဟုတ်တိပတ်တိ မပျော်နိုင်တော့ဘူး။ သူ့အဖို့ နေရထိုင်ရတာ ပျင်းစရာအတိဖြစ်နေတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က ကိုင်ရို စိတ်ပျက်လက်ပျက်နဲ့ ခရီးထွက်လိုက်သေးတယ်။ ပဲရစ်၊ တိုကျို၊ ကမော္ဘဒီးယား စသဖြင့် အစုံပဲ။ သွားတုန်းကတော့ ဟုတ်သလိုလိုပဲ။ စိတ်လှုပ်ရှားစရာ ကောင်းနိုးနိုးပေါ့။ နောက်ဆုံးတော့လည်း ဒီအတိုင်းပါပဲ။ အပြောင်းအလဲဆိုတာကလည်း ခဏတာပဲ သာယာဖို့ ကောင်းတာမဟုတ်လား။ သူဒီကို ပြန်ရောက်တော့ ခရီးထွက်ခဲ့တဲ့ ဖြစ်စဉ်က ဘာမှမဟုတ်တော့သလိုပဲ။ အဓိပ္ပာယ်ကင်းမဲ့နေတယ်။ တီဗွီကြည့်တာ၊ အရက်သောက်တာ၊ ပျော်ပါးတာတွေနဲ့ သိပ်တော့ မခြားနားလှဘူးလို့ ခံစားရတယ်။ ဒီတော့လည်း သူ့အဖို့ နေရထိုင်ရတာ ပျင်းဖို့ကောင်းတုန်းပဲ။ မော်လီနဲ့ ချိန်းတွေ့တာလဲ ခဏပဲ။ နောက်တော့လဲ သူပျင်းလာပြန်တယ်။ ပျင်းရတဲ့ အပြင် သူမော်လီ့ကိုသေချာကြည့်ရင်း အော်ဂလီဆန်လာတယ်။ မိတ်ကပ်လိမ်းထားတဲ့မျက်နှာ၊ လက်ချောင်းတွေ၊ အရေပြားတွေ၊ ကြည့်ရင်းနဲ့ စိတ်ပျက်လာသလိုပဲ။ နှစ်ယောက်တည်း အတူနေတဲ့ အချိန်ဆိုရင် ပိုဆိုးတယ်။ မော်လီ့ကို အသက်မရှိတဲ့ အသားတုံးကြီးအလားတောင် ထင်မိတယ်။ အခု ချိန်းထားတာကလည်း သူ အပြတ်ပြောပြီး လမ်းခွဲတော့မလို့ပဲ။ ဆယ်နာရီထိုးသွားတဲ့အထိ မော်လီ ရောက်မလာသေးဘူး။ ကော်ဖီကို နည်းနည်းသောက်ရင်း တံခါးဝကို ကြည့်လိုက်တော့ စုံတွဲတစ်တွဲ ဝင်လာတာတွေ့ရတယ်။ သူတို့က ကိုင်ရိုနဲ့ ရှေ့တည့်တည့် ဝိုင်းမှာ ဝင်ထိုင်လိုက်ကြတယ်။ အမျိုးသမီးက ခပ်ချောချောပဲ။ ကိုယ်လုံးကိုယ်ပေါက်လှတယ်။ မျက်လုံးတွေကတော့ ညှို့နေသလိုမျိုးပဲ။ အမျိုးသားက အမျိုးသမီးထက်စာရင် အသက်သိသိသာသာ ပိုကြီးတယ်။ နှုတ်ခမ်းမွှေးစစနဲ့ သုံးနိုင်ဖြုန်းနိုင်ပုံစံမျိုး။ ကိုင်ရိုကို ကျောပေးပြီးထိုင်နေတယ်။ အမျိုးသမီးက ကိုင်ရိုနဲ့ မျက်နှာချင်းဆိုင်။ တစ်ခါတစ်ရံ ခပ်ဟဟ ရယ်ရင်း ကိုင်ရို့ကို လှမ်းလှမ်းကြည့်တတ်တယ်။ မျက်လုံးထဲမှာတော့ ရမ္မက်အရိပ်အငွေ့တွေ ပါနေတယ်။ ကိုင်ရိုက အမျိုးသမီး စကားပြောရင် တွန့်တွန့်ပြီး လှုပ်ရှားသွားတဲ့ သူ့နှုတ်ခမ်းကို ကြည့်နေမိတယ်။ သက်ရှိသတ္တဝါတစ်ကောင်လိုပဲ။ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလဲ လှုပ်ရှားနေတော့ သူ့ကို ကြည့်ရတာ သတ္တဝါတွေ စုပေါင်းထားတဲ့ သက်ရှိတစ်ကောင်လိုပဲ။ ကိုင်ရို ကြည့်နေရင်းနဲ့ အန်ချင်သလိုဖြစ်လာလို့ တံတွေးကို မြိုချရင်း မျက်စိကို လွှဲလိုက်ရတယ်။ ကိုယ့်လက်ချောင်းတွေကို ပြန်ကြည့်နေရင်း မိမိကိုယ်ကိုယ် ရှိနေတယ်ဆိုတာတောင် မသေချာတော့ဘူး။ ကိုင်ရို စောင့်ရတာ ပျင်းလာပြီ။ သူ့မှာ ရည်ရွယ်ချက် ရှိလို့သာပဲ။ နို့မိုဆိုရင် ထသွားတာကြာပြီ။ သူရည်ရွယ်ချက်ရှိလို့ သူချိန်းထားလို့သာ ထိုင်စောင့်နေတာပဲ။ ဒီဆိုင်ထဲမှာ သူရှိနေတာ သူ့မှာ ရည်ရွယ်ချက်၊ အကြောင်းပြချက် တစ်ခုခုရှိလို့ပဲ။ ဒီဆိုင်ထဲက အခြားလူတွေလဲ အတူတူပဲ ဖြစ်မှာပဲ။ သူတို့လည်း ရည်ရွယ်ရင်း အကြောင်းပြချက်ရှိလို့ ဒီဆိုင်ကို ရောက်လာပြီး ဒီဆိုင်မှာ ရှိနေကြတာပဲ။ ဒါပေမယ့် ကိုင်ရို တစ်ခုစဉ်းစားမိတယ်။ သူအသက်ရှင်နေတာ ဘာအတွက်လဲ။ ဘာရည်ရွယ်ချက်ကြောင့်လဲ။ အသက်ရှင်နေခြင်းမှာ ရည်ရွယ်ချက် တစ်ခုတော့ ရှိသင့်တယ်လို့ထင်တယ်။ ဒါပေမယ့် အဲဒီရည်ရွယ်ချက်ကို သူစဉ်းစားလို့မရဘူး။ ဒီဆိုင်ထဲက လူတွေလဲ သိမယ်မထင်ဘူး။ စည်းစိမ်ခံစားဖို့၊ လူတွေကို အကျိုးပြုဖို့တို့က သာယာမှုအတွက်ပဲ။ အဲ့ဒါတွေကို လုပ်ပြီး၊ ခံစားပြီးတဲ့ သူမှာ ဘာရည်ရွယ်ချက် ကျန်ဦးမလဲ။ လူတွေရဲ့ ဖြစ်ရှိနေခြင်းရဲ့ အကြောင်းပြချက်က ဘာလဲ။ ကိုင်ရို စဉ်းစားရင်း စိတ်ဓာတ်ကျလာတယ်။ သူ့ဘဝဟာ ကွင်းပြင်ထဲကို ပစ်ချထားခြင်း ခံထားရသလိုပဲ။ အဓိပ္ပာယ်မရှိဘူးဖြစ်နေတယ်။ လူဖြစ်နေရခြင်းကို အော်ဂလီဆန်လာတယ်။ ဟိုဘက်ဝိုင်းက လူနှစ်ယောက် ထပြန်သွားကြတယ်။ မော်လီမလာသေးဘူး။ သူတို့နှစ်ယောက်ပြန်သွားတော့ သူတို့နှစ်ယောက်ရဲ့ စားပွဲမှာ ဘယ်သူမှ မရှိကြတော့ဘူး။ ခုနလေးတင် ရှိနေကြတဲ့ လူနှစ်ယောက် မရှိကြတော့ဘူး။ ခုနေများ အပြင်ကလူတစ်ယောက်က ဝင်လာလို့ (ဥပမာ မော်လီ) ရှိခဲ့ရင် ခုနက အဲဒီစားပွဲမှာ လူနှစ်ယောက် ရှိခဲ့တယ်ဆိုတာ မယုံနိုင်တော့ဘူး။ ကိုင်ရို စဉ်းစားရင်း ပိုပြီး စိတ်ဓာတ်ကျလာတယ်။ လူ့ဘဝရဲ့ ဖြစ်နေရခြင်းဟာလည်း ဒီလိုပဲ။ နောက် နှစ်တစ်ရာလောက်ဆိုရင် ဒီလောကမှာ ကိုင်ရိုဆိုတဲ့ လူတစ်ယောက် ရှိမှာမဟုတ်တော့ဘူး။ အခု သူလုပ်နေတဲ့ အရာတွေအားလုံးဟာ အလကားပဲ။ သူပျော်ရွှင်မှုတွေ ပိုင်ဆိုင်မှုတွေ ခံစားမှုတွေ အားလုံးက ခဏတာပဲ။ သူသေသွားတာနဲ့ အကုန်လုံးပြီးဆုံးသွားမှာပဲ။ ပြီးတော့ သေဆုံးခြင်းဆိုတာကလည်း သူရှောင်လွှဲလို့ ရနိုင်တဲ့ကိစ္စတစ်ခု မဟုတ်ပေဘူး။ လူ့ဘဝဟာ အိုင်ထဲက ရေပွက်ကလေး တစ်ခုလိုပဲ။ ခဲလုံး ရေထဲကျတဲ့အချိန်သာ ရေပွက်ကလေး ဖြစ်သွားပြီး ခဏလေးနေရင် ပျောက်သွားတော့တာ။ အိုင်ထဲမှာ ရေပွက်ရှိခဲ့တယ်ဆိုတာတောင် မသေချာတော့ဘူး။ ဒီတော့လည်း ကိုင်ရိုတစ်ယောက် လူဖြစ်နေရတာကို ပိုပြီးတော့တောင် အော်ဂလီဆန်လာသေးတယ်။ ဒါပေမယ့် ဒါဟာလည်း သူတတ်နိုင်တဲ့ ကိစ္စတစ်ခု မဟုတ်တော့လဲ ခက်သားပဲ။ ။ |