မမှီဘူးဆိုတာ မလိုက်လို့ပါ

etoneSeptember 28, 20101min910

ကျွန်တော် တင်းနစ် ကစားနေတာကို ဖေဖေက ပထမဦးဆုံး လာကြည့်တယ်။ ကျွန်တော်ကတော့
ကျွန်တော့်ကစားဟန်အတိုင်း သွက်သွက်လက်လက် ကစားပြတယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့
တတိယ ကစားတဲ့ သူတစ်ယောက်က အတော် ကျွမ်းကျင်တယ်။ ကျွန်တော် လျင်လျင်မြန်မြန်
ကျွန်တော့်ကစားနေကြ အတိုင်း ကစားရင်းကို သူ့ရဲ့ လက်ပြန်ဘောတွေက ကျွန်တော်
လွတ်နေတဲ့ နေရာတွေကို တဖွဲဖွဲကျတယ်။ ကျွန်တော် အပြေးအလွှားလိုက်ရင်လည်း
မမှီနိုင်တဲ့ နေရာတွေ။ လိုက်လို့ မမှီနိုင်ဘူး ဆိုတဲ့ နေရာတွေ ဆိုတော့
ကျွန်တော်လည်း အသေအကြေ မလိုက်မိဘူး။ ဒါနဲ့ ပွဲပြီးတော့ ကျွန်တော်
နှစ်ပွဲပြတ်နဲ့ ရှုံးတယ်။

ဖေဖေ လာကြည့်တော့မှ ဘယ်ကမှန်း မသိတဲ့ ကိုယ့်ထက် အတန်းကြီးက လူတစ်ယောက်ကို
ခွက်ခွက်လန်အောင် ရှုံးတော့ ကျွန်တော် သိပ်ပြီး မကျေနပ်။ ဒီလူကိုလည်း ကျွန်တော်
တစ်နေ့ နိုင်အောင် ကစားမယ် လို့ ကျွန်တော် စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ ဖေဖေနဲ့
အိမ်ပြန်လာတော့ ဖေဖေက လမ်းမှာ ဘာမှ သေချာ မပြောဘူး။ သူ့ဖာသာ အေးဆေး
လျှောက်လာတယ်။ ဖေဖေ ဘာမှ မပြောတော့ ကျွန်တော် စိတ်ထဲ တစ်မျိုး ဖြစ်လာတယ်။
တကယ်ဆို ကျွန်တော် တင်းနစ်ကစားတာ ဖေဖေ ပထမဦးဆုံး လာကြည့်တဲ့ ပွဲ။ ဖေဖေ
တစ်ခုခုတော့ ပြောဖို့ ကောင်းတယ်။

ကျွန်တော်ကလည်း ဖေဖေ လာကြည့်တဲ့ ပွဲမှ နှစ်ပွဲပြတ်နဲ့ ရှုံးရတယ်လို့။ ဒီလူရဲ့
ရိုုက်ချက်တွေက အသာလေးဆိုပေမဲ့ ကျွန်တော် လိုက်လို့ မမှီနိုင်တဲ့ နေရာတွေကို
သူက သူရဲ့ လက်ပြန်ရိုက်ချက်တွေနဲ့ ပို့သွားတာ။ ဟူး…ဒီရိုက်ချက်တွေ
ပြန်တွေးရင်း ကျွန်တော် ဘေးနားက ဖေဖေ့ကို တစ်ခုခု ပြောချင်တယ်။ ဖေဖေရဲ့ဘာမှ
မပြောပဲ တိတ်ဆိတ်နေတာကလည်း ကျွန်တော့်ကို ပိုပြီး အနေရခက်စေတယ်။ ဒါကြောင့်
ဖေဖေ့ကို ကျွန်တော် စကားစလိုက်တယ်။

“ ဒီနေ့ ကျွန်တော်နဲ့ ကစားတဲ့သူက တော်တော်ကောင်းတယ်နော် ဖေဖေ။ သားမမှီတဲ့
နေရာတွေကို သူ့ရဲ့ လက်ပြန်ရိုက်ချက်နဲ့ သူရိုက်ပြီး ကစားသွားတာ။ ”

ကျွန်တော် ပြောတာကို ဖေဖေက နားထောင်ပြီး…

“ သူ ကောင်းတယ် ဆိုတာလည်း ဟုတ်တယ်။ သူရဲ့ လက်ပြန်ရိုက်ချက်တွေ ကောင်းတယ်
ဆိုတာလည်း ဟုတ်တယ်။ သူက သားလွတ်နေတဲ့ နေရာတွေကို ရိုက်တယ် ဆိုတာလည်း ဟုတ်တယ်။
ဒါပေမဲ့ တစ်ခုတော့ မဟုတ်ဘူးသား။ ”

“ ဗျာ…၊ ဘာလဲ ဖေဖေ။ ”

“ ဘာလဲ ဆိုတော့ သူ့ရိုက်ချက်တွေကို လိုက်ဆယ်ဖို့ သားက မမှီဘူးလို့ ပြောတာလေ။
တကယ်တော့ သူ့ရိုက်တွေ ကောင်းတယ် ။ သားလွတ်နေတဲ့ နေရာကို လိုက်ရိုက်တယ်
ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့ သားရယ် ၊ သားသေချာ စဉ်းစားပါဦး။ တင်းနစ် ရိုက်တယ်
ဆိုတာ သူများ ဟာကွက် လွတ်ကွက် ဆီကို ရိုက်ရတာ မဟုတ်လား။

တကယ်တော့ ဒီနေ့ သူရဲ့ ရိုက်ကွက်တွေ ကောင်းတယ် ဆိုတာထက် ငါ့သားက
သူရိုက်လိုက်တာတွေ ငါ မမှီတဲ့ နေရာကို ရောက်နေပါလား ဆိုပြီး မလိုက်လို့ ဒီနေ့
သား ရှုံးရတာပါ။ ”

ဖေဖေ ဒီလို ပြောတော့ ကျွန်တော်လည်း အံ့ဩသွားပြီး . .

“ မဟုတ်ဘူးလေ.ဖေဖေ။ သူ့ရိုက်တာတွေကို သားမှ မမှီတာလေ။ ”

ဒီတော့ ဖေဖေက ပြုံးကြည့်ပြီး. . .

“ ဟုတ်တယ်။ ငါ့သားစိတ်ထဲမှာ ဒါကတော့ မမှီပါဘူးလို့ ရှိနေတယ်လေ။ ဒါကြောင့်
မလိုက်တာ။ မလိုက်တော့ မမှီဘူး။ မမှီဘူးလို့ ထင်နေတော့ မလိုက်ဖြစ်ဘူး။ ဒါကြောင့်
ငါ့သား ရှုံးခဲ့တာပဲ။ တကယ်တော*့ **“ မမှီဘူးဆိုတာ မလိုက်လို့ပါ။ ”* တကယ်လို့
ငါ့သားသာ ဒီဘောလုံးကို မှီရမယ် ဆိုတဲ့ စိတ်နဲ့ လိုက်ကြည့်စမ်းပါ။ ဒီဘောလုံး
ရပ်နေသလို ငါ့သားဆီက စွမ်းအင်တွေ ထွက်လာပြီး မှီလာပါလိမ့်မယ်။

မမှီနိုင်ဘူး ထင်နေသ၍တော့ ဘယ်တော့မှ မှီလာလိမ့်မယ် မဟုတ်ဘူး. . သား။ ငါ မှီရမယ်
ဆိုတဲ့ စိတ်နဲ့ လိုက်ကြည့်စမ်းပါ။ မှတ်ထားသား ဘယ်အရာ မဆို *“ မမှီဘူးဆိုတာ
မလိုက်လို့ပါ။ ”* ”

ဖေဖေ ဒီလို ပြောတော့ ကျွန်တော် လက်မခံချင်ဘူး။ ဒါပေမဲ့ ဘာမှ တော့
ပြန်မပြောဖြစ်ပဲ အိမ်ရောက်လာခဲ့တယ်။ ကျွန်တော် အဲဒီညက တစ်ညလုံး
အိပ်မပျော်ခဲ့ပါ။ တစ်ညလုံး စဉ်းစားနေခဲ့တယ်။ ငါ တကယ်ကို မမှီတာလား ။
မမှီဘူးထင်ပြီး မလိုက်ဖြစ်တာလား ၊ ဖေဖေ ပြောသလိုရော တကယ်လား။ ကျွန်တော်
ကစားခဲ့တဲ့ တင်းနစ်ပွဲတွေ ကျွန်တော် ပြန်တွေးကြည့်တယ်။ ဒီနေ့ ကစားတဲ့ ပွဲကို
ကျွန်တော် ပြန်တွေးကြည့်တယ်။ ဖေဖေ ပြောတာ အမှန်ပဲလို့ ကျွန်တော် တွေ့လိုက်ရတယ်။

မမှီနိုင်ဘူးလို့ ကျွန်တော် ကိုယ် ကျွန်တော် ထင်နေတာက ကျွန်တော့်ကို
တင်းနစ်ဘောလုံးနောက်ကို မလိုက်ပဲ အရှုံးပွဲတွေနဲ့ တွေ့စေခဲ့ပါလားလို့လည်း
ကျွန်တော် တွေ့လာခဲ့တယ်။ တကယ်လို့ ငါ အားစိုက်လိုက်ရင် မှီချင်မှီလာနိုင်တယ်
ဆိုပြီးလည်း ကျွန်တော် တွေးမိတယ်။ ငါ.မှီအောင် လိုက်ကြည့်မယ် လို့လည်း
ကျွန်တော် သံဓိဌာန်ချမိတယ်။

နောက်နေ့ကစပြီး ဘောလုံးနားရောက်တော့မှ ကျွန်တော် ရိုက်ခွင့်မရပဲ
ချော်ချင်ချော်သွားပါစေ ကျွန်တော် ဘောလုံးနောက်ကို အားစိုက်ပြီး လိုက်ခဲ့တယ်။
ဒီတော့ အရင်က ကျွန်တော် မမှီနိုင်ပါဘူးဆိုတဲ့ ဘောလုံးလေးတွေကို ကျွန်တော်
လက်တစ်ကမ်း အမှီမှာ လိုက်ပြီး ရိုက်နိုင်လာတယ်။ နောက်ဆုံး မမှီဘူးဆိုရင်လည်း
ကျွန်တော့်အတွက် သက်လုံကောင်းလာခဲ့တယ်။

ဒါနဲ့ ကျွန်တော့်ကို လက်ပြန်ရိုက်ချက်တွေနဲ့ လွတ်နေတဲ့ နေရာတွေကို ရိုက်ခဲ့ပြီး
နှစ်ပွဲဆက် ရှုံးစေခဲ့တဲ့ အတန်းကြီးက ကျောင်းသားနဲ့ ကျွန်တော် ပြန်တွေ့တော့
သူ့ရဲ့ ရိုက်ချက်တွေကို ကျွန်တော် အတင်းလိုက်တယ်။ တကယ်ကို အံ့ဩစရာပါပဲဗျာ.
အရင်က မမှင်္ီပါဘူးဆိုပြီး လက်ပြန်ရိုက်ချက်တွေနဲ့ ကျွန်တော့်လွတ်ကွက်နေရာ
ရိုက်ခဲ့သူကို ကျွန်တော် နှစ်ပွဲပြတ် ၊ အမှတ်ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီတစ်ပွဲထဲမှာ မဟုတ်ပါဘူး.။ ကျွန်တော် နောက်ထပ် ဆက်ရိုက်သမျှ ပွဲတွေကိုလည်း
ကျွန်တော် မမှီဘူးဆိုတာ မဖြစ်အောင် ဘောလုံးနောက် အားစိုက်ပြီး လေအဟုန်ကဲ့သို့
ကျွန်တော် လိုက်တယ်။ ဘောလုံးနောက် လို်က်သူ ဘောလုံးရတာ မဆန်းပါဘူး။ ဒါကြောင့်
ကျွန်တော့်မှာ လွတ်ထွက်သွာတယ် ဆိုတဲ့ ဘောလုံး ရှားလာသလို ကျွန်တော်လည်း
အဆင့်တွေ တတ်ပြီး ကမာ္ဘ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

ကျွန်တော့်ကို ချန်ပီယံ ဖြစ်စေတဲ့ အရာက ဘာလဲ ဆိုရင် ကျွန်တော့်မှာ ပြောစရာ
စကားတစ်ခွန်းကိုပဲ ထုတ်ပြရမှာပါ။

“ မမှီဘူး ဆိုတာ မလိုက်လို့ပါ။ ”

ဒီကောင်လေးကတော့ စပိန်နိုင်ငံကို ကိုယ်စားပြုပြီး ကမာ္ဘ့ချန်ပီယံ ဖြစ်လာခဲ့တဲ့ ၊
အသက်ငယ်ငယ်ရွယ်ရယ်နဲ့ ကွင်းထဲမှာ တလွှားလွှား ပြေးလွားနေတတ်တဲ့ *Rafael Nadal *ပဲ
ဖြစ်ပါတယ်။

အခု စာဖတ်သူတို့ရော ဘယ်အရာကများ လိုက်လို့ မမှီဘူးဆိုပြီး ဖြစ်နေပါသလဲ။
ဒါဆိုရင် Rafael Nadal ရဲ့ စကားကိုပဲ ကျွန်တော် ပြောရမှာပါပဲ။

“ မမှီဘူးဆိုတာ မလိုက်လို့ပါ။ ”

တကယ်လို့သာ အမြဲတမ်း အားစိုက်ပြီး လိုက်ကြည့်လိုက်ပါ။ တစ်နေ့နေ့တော့
ကိုယ်မမှီဘူးဆိုတဲ့ အရာကို မှီင်္လာပါလိမ့်မယ်။