ဒီနေ့တော့ သူ့ကိုအလှည့်ပေးလိုက်ပြီ။

who whoOctober 5, 20101min540

ကျွန်မ သူနဲ့ ကျွမ်းဝင်လာခဲ့တာ သိတတ်စကတည်းကလို့တောင် ပြောလို့ရပါမယ်နော်။ ဒါပေမယ့် သူနဲ့ဆုံတိုင်းကျွန်မ အရမ်းစိတ်ညစ်ခဲ့ရသလို သူ့ကိုလည်း ကျွန်မ အသံတောင်မကြားချင်လောက်အောင် မုန်းခဲ့ပါတယ်။ ကျွန်မဖက်က ဘယ်လိုပင် မုန်းနေပါစေ ။သူကတော့ အပြုံးတစ်ချက်တောင်မပျက်ပဲ ကျွန်မဆီကို မကြာခဏ လာလာနေပါတယ်လေ။ ကျွန်မကလည်း ကျွန်မပါပဲ ။ သူရောက်လာပြီဆိုတာနဲ့ မျက်စိပျက် ၊မျက်နှာတွေပျက်လို့ စိတ်တွေပါ တန်းပြီးညစ်သွားပါပြီနော်။ နည်းနည်းမှကို ပြုံးရယ်လိုစိတ်ရယ်လို့ မရှိတော့ပါလား။ သူမပြန်မချင်းလည်း စကားတောင်မပြောချင်လောက်အောင် ကျွန်မမှာနုတ်ဆိတ်နေခဲ့ ပါတယ်။ လူကလည်း ပူဆာညှိုးခွေနဲ့ တခွေခွေတခေါက်ခေါက်ကိုဖြစ်သွားရပါတယ်။ အင်းအလုပ်တွေ လုပ်စရာရှိသေးလို့ မြန်မြန် ပြန်ပါတော့ဆိုလည်း အရှက်မရှိစွာပဲ ပေကပ်နေတတ်တယ်လေ။ အဲ သူကပြောသေးတယ်။ ကျွန်မဘယ်လိုပဲ သူ့ကို စိတ်ပျက်အောင်လုပ်လုပ် သူကလုံးဝလက်လျော့မှာမဟုတ်ဘူးတဲ့လေ။ ကျွန်မ အသက်ရှင်နေသ၍ သူကတော့ လာနေမှာပဲတဲ့။ ကဲ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းသလဲနော်။ အဲ တစ်ခုပြောပြရဦးမယ်။ ဒါလေးကလျှို့ဝှက် ကိစ္စ သူနဲ့ ကျွန်မ သဘောတူ ထားတာလေး တစ်ခုရှိတယ်။ သူကပြောတယ် ။သူလာတာမကြိုက်ရင် မလာတော့ဘူးတဲ့။ ဒါပေမယ့် သူပြောတဲ့ အတိုင်း လိုက်နာရမယ်တဲ့လေ။ ကဲကဲ မတတ်နိုင်ပါဘူး။ အဓိက သူမလာရင်ပြီးတာပါပဲဆိုပြီးစိတ်ရှည်ရှည်နဲ့ နားထောင်လိုက်တယ်။ အဲ ဘာပြောလဲသိလား။ ကျွန်မကို မိုးရွာရင် အပြင်မထွက်ဖို့ ၊ နေသိပ်ပူရင်လည်း ရေတွေစွပ်မချိုးဖို့ နဲ့ ရာသီ အပြောင်းအလဲမှာ သေချာဂရုစိုက်နေဖို့ …ဒါတွေကို သဘောတူလိုက်နာတယ်ဆိုရင် သူမလာပဲနေမယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။ အမလေး ဘာများပြောမလဲလို့ လန့်နေတာ ။ဒါလေးလောက်ကတော့ အေးဆေး။ ဒါနဲ့ပဲ ကျွန်မချက်ခြင်း သဘောတူလိုက်ပါတယ်။ အဲဒီနောက်တော့ သူတော်တော်နဲ့ပေါ်မလာတော့ပါဘူး။ အဲ ဟိုနေ့ကပဲ လမ်းသွားရင်းလာရင်းမိုးတွေရွာချလိုက်တာ အကုန် စိုရွဲကုန်တာပေါ့။ အင်း ဘာရယ်မဟုတ် သူ့ကိုတောင် သတိယမိပါရဲ့။ ဒါလည်းသူသိမှာမဟုတ်လောက်ပါဘူးဆိုပြီးမှ တစ်ယောက်ထဲတောင် ကြိတ်ပြုံးမိပါသေးရဲ့။ သူမလာတော့တာတော့ ကျေးဇူးတင်မိပါသေးတယ်။ မဟုတ်ရင် သူမြန်မြန် ထွက်သွားဖို့ ကျွန်မမှာ နည်းလမ်းရှိသ၍ အစွမ်းကုန် ကြိုးစားခဲ့ရတယ်လေ။ အင်းသူရှိနေသ၍ကတော့ ကျွန်မမှာ အိပ်ကောင်းခြင်း မအိပ်ရ ၊စားကောင်းခြင်းလည်းမစားရ ဆိုသလိုပါပဲ။ တော်တော်ကို ဒုက္ခတွေများခဲ့ပါတယ်။ သူက တစ်ခါတစ်ခါ လာလည်ရင်လည်း ရက်ကပြောလို့မရ ၊တစ်ခါတလေများဆိုရင် တစ်ပတ်လောက်တောင် ကြာပြီးမှ ပြန်တတ်တယ်လေ။ ခုလည်းကြည့်ပါဦး။ ကျွန်မမှာ အိမ်ကဆွမ်းကပ်ရှိတာကြောင့် အလုပ်တွေမနိုင်မနင်းဖြစ်နေပါတယ်ဆိုမှ သူလာလည်မယ်လို့ အကြောင်းကြားတယ်လေ။ တော်ပြီ မလာနဲ့။ မအားသေးဘူး။ ငါ နင့်နဲ့တွေ့ဖို့ အချိန်မပေးနိုင်သေးဘူး။ ငါ့မှာလုပ်စရာတွေ တပုံကြီးပဲလို့ ပြောထားတယ်။ အင်းဒါတောင် ဘယ်လောက် အမြင်ကပ် ဖို့ကောင်းလိုက်လဲ။ ကြည့်ပါဦးနော်။ ကျွန်မတို့ ဆွမ်းကပ်နေတဲ့အချိန်မှာပဲ သူကဝင်ချလာတယ်လေ။ အင်းသိတော့သိပေမယ့် မသိ ချင်ယောင်ဆောင်ပြီး ခပ်တည်တည်နဲ့ လုပ်စရာအလုပ်တွေနဲ့ ရှုပ်နေလိုက်တာပေါ့။ သူကလည်းလေ တော်တော့ကိုစိတ်ရှည် တယ် ပြောရမယ်။ ပေစောင့်နေတယ်လေ။ အင်းကျွန်မမှာတော့ စိတ်ကသူရောက်လာမှန်းသိလိုက်ကတည်းက မကြည်ချင်တော့ဘူးလေ။ ကဲ အားလုံးလည်း ဆွမ်းကပ်ခြင်း ကိစ္စတွေပြီးလို့ ဆရာတော်တွေ အားလုံးပြန်ကြွသွားပြီဆိုတော့ သူကရဲတင်းစွာပဲ လာနုတ်ဆက်တယ်။ ကဲ..ကဲ …ငါ သူ့ကို ရှောင်နိုင်သလောက်တော့ ရှောင်နေခဲ့တာပဲလေ။ ခုတော့ ရှောင်မရတော့ဘူးဆိုတော့ အင်းသူနှိပ်စက်တာခံရဦးမှာပေါ့ ဆိုတဲ့အတွေးနဲ့ပဲ ကျွန်မဖက်က စိတ်လျော့ပေးလိုက်ပါတယ်။ အဲ ဘာပြောကောင်းမလဲနော်။ သူကတော့ အနိုင်ရသူပီပီ ဝမ်းသာအားရကိုပဲ ကျွန်မကို လက်ဆွဲနုတ်ဆက်လိုက်ပါတယ်။ အင်း ဒီမချစ်မနှစ်သက်သောသူကြီးနဲ့ လက်တွဲရဦးမှာ ပါပဲလားလို့ တွေးမိရင်း စိတ်ပျက်အားငယ်စွာနဲ့ ကျွန်မအဖြစ်ကတော့ မပြောချင်တော့ပါဘူး…….

ကဲ ကိုတုပ်ကွေးရေ ….နင့်အကြောင်းကို ငါတော့ သူများတွေသိအောင်ဖောက်သည်ချလိုက်ပြီနော်။ မကျေနပ်ရင် နင် မြန်မြန်သာ လစ်ပေတော့။ မကြာမီ နင်ကြောက်တဲ့ ဆရာဝန်ရောက်လာတော့မှာမို့ နင်ငါ့ကိုနှိပ်စက်ချင်လည်း ငါကတော့ မမှုဘူးဆိုတာ သိအောင် ဒီစာနဲ့ပဲ နင့်ကို သတိပေးလိုက်တယ်နော်။