မြွေထက် အဆိပ်ပြင်းသူ လူသတ်သမားများ(၃)

winkyawaungOctober 14, 20101min2679

တောရွာက ဗွေးတုတ်ခေါ် မြွေပွေးများ

မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်များ၏ (ကွင်းဆက်ဝထ္ထုလေး)

ဇနပဒရောဂါ

“ဆရာ ဆန်းထွန်း ပိုးထိလို့”

“ဟေ အခု ဘယ်မှာလဲ” နံနက်စောစော ကျွန်တော် မျက်နှာ သစ်နေစဉ် သတင်းဆိုးကို သယ်ဆောင်လာ သူမှာ ဆန်းထွန်း၏ ဦးရီးတော်သူ ကိုသောင်းအေး။
“အခြေအနေ ဘယ်လို နေသလဲ။ တော်နေကြာ ကျွန်တော် ရွာထဲ ဆင်းခဲ့မယ်”

“အခုဆေးသမား သန်းမြင့်နဲ့ တွင်ခုတ်တာ သုံးလေးတွင်တော့ ရပြီ။ ကောင်းသွားမှာပါ”

သူက ခပ်ပေါ့ပေါ့ဖြေပြီး ကျောင်းပေါ်မှ ဆင်းကာ ရွာအတွင်း ပြန်သွားလေသည်။ ဆန်းထွန်းသည် ကျောင်းဆက်နေ ဖြစ်ခဲ့လျှင် ယခုအခါဆို ခုနှစ်တန်း ရောက်နေမည်။ သို့သော် ရွာကလေးထုံးစံ အရ ဤကျောင်းမှ လေးတန်း အောင်ပြီးလျှင် တစ်ယောက်မှ ကျောင်းဆက်မတက်နိုင်ကြ။ လေးတန်းအောင်လျှင် ဘွဲ့ရပြီ။

မိဘလက် ငုတ်လုပ်ငန်းခွင် ဝင်ကူရပြီ။ ထန်းသမား သားသမီးသည် မြူအိုးကောက်၊ ထန်းလှီး။ယာသမား သားသမီးသည် ပြောင်းရိတ်၊ပဲနှုတ်၊ ယာထွန်၊ အလုပ်မရှိသူ လယ်ကူလီ၊ ကျဘန်းတို့၏ သားသမီးတို့ကား ထင်းခွေ၊ မျစ်ရှာ၊ မှိုနှုတ်၊ဟင်းရွက်ခူးကြ၍ ဝမ်းစာ ရှာကြရ၏။ အမှန်တော့ ရွာကလေးသည် မြို့နှင့် မိုင်သုံးဆယ်ကျော်သာ ဝေးသော်လည်း ကားလမ်းနှင့် အလှမ်းဝေးခြင်း၊ လမ်းခရီး မသာယာခြင်း၊ ချောင်ကျခြင်းတို့ကြောင့် သီးခြား ဖြစ်နေရလေ၏။ ဆန်း ထွန်းသည် လေးတန်းအောင်လျှင် ကျောင်းဆက်မတက်။ မိဘများ၏ ယာခင်းမှ ထွက်သော ခရမ်းချဉ်သီး၊ ငရုတ်သီး စသည်တို့ကို စက်ဘီး ပေါ်တင်ကာ ရ မိုင်ကျော်ဝေးသော ကမ္မရွာ ဈေးသို့ ဝေလီ ဝေလင်းကပင် သွားရောင်း ရလေ့ရှိသည်။ ယခု ပိုးထိသည် ဆိုတော့ တပည့်ဟောင်း သံယောဇဉ်ဖြင့် အခြေ အနေ မေးသွားရမည်။ မျက်နှာကို ကပျာကရာသစ်သည်။ ထမင်းကျန်ကို ရေနွေး ဖြင့်သောက်ကာ နံနက်ကျောင်း မတက်မီ ကျောင်းရှိရာ တောင် ကုန်းလေးပေါ်မှ ဆင်း၍ ရွာဆီသို့ ဆင်းခဲ့လေသည်။

သူတို့အိမ်ရောက်လျှင် လူမမာ မေးသူများလည်း ရောက် နေကြ၏။ ရောက်မဆိုက်ပင် ဆန်းထွန်း၏ ဖခင်ကိုသောင်းဘိုက ဖြစ်စဉ်ကို ပြောပြ၏။“ဗျာ ဆရာတပည့်ကလည်း ကံဆိုးပါတယ်။ သဲချောင်းအဆင်းမှာ သူ့စက်ဘီးပေါ်က ဆင်းတွန်းတုန်း မြွေပွေး တက်နင်းမိသာပဲ”

“မစိုးရိမ်ရပါဘူး ဆရာရဲ့အခုတွင် သုံးတွင် ရပြီးပြီ” အပ်ပုန်း ကိုင်သော တွင်းမ ရွာသား သန်းမြင့်က ပြောသည်။ကျွန်တော် ခေါင်းရမ်းမိသည်။ လူမမာက စကားမပြော။ မှေးနေသည်။ မြွေဆိပ် မွှန်နေဟန် ရှိသည်။ အသားများပြာနှမ်း နေသည့်ဘက် လုနေ၏။အမှန်တော့ တွင်ခုတ်သည် ဆိုသည်မှာ ထိရောက်သော ကုသနည်း မဟုတ်။ သမင်ချို၊ သို့မဟုတ် ဆိတ်ချိုဖျားကို အပေါက် ဖောက်ကာ ဒဏ်ရာ အပေါ် လုံအောင်အုပ်၍ ပါးစပ်ဖြင့် သွေးများကို စုပ်ယူခြင်းဖြစ်သည်။အုန်းမှုတ်ခွက်ထဲတွင် ခံထားသော သွေးပုပ် သွေးညစ်များကို ပြသည်။ သုံးတွင်ရသည် ဆိုသည်မှာ မြွေဆိပ်ပါ သော သွေးညစ်သွေးပုပ်များကို သုံးကြိမ်တိုင်တိုင် စုပ်ယူ ထားပြီးပြီ ဟု ဆိုလိုခြင်းပင်။

“ဒီမှာကိုသောင်းဘို ခင်ဗျားသားကို ကိုက်တာ မြွေပွေး သေ ချာသလား”

“သေချာပါတယ် ဆရာရဲ့ သူ့အဖော် ငထွန်း ရိုက်ယူလာသာ။ ဟိုတလင်းမှာ မြွေအိုး မှောက်ထားတယ်”

ငထွန်းက အိုးကို လှန်ပြသည်။ လှည်းတံပိုးကျစ်ခန့် တုတ်သော မြွေပွေး အသေကောင်က အခွေလိုက်ရှိနေသည်။
“ဒါနဲ့များဗျာ။ မြွေပွေးကိုက်မှန်း သိနေပြီပဲ။ လက်စနဲ့ ကမ္မ တိုက်နယ်ဆေးခန်း သွားလိုက်ပါလား။ မြွေဆိပ်ဖြေဆေး ထိုးလိုက်ရင် ခင်ဗျားသား အသက် စိတ်ချရတာပေါ့”

“ဟင်း ဒါပေမယ့် ဆရာရယ်”

သူ သက်ပြင်းရှိုက်ရင်း စကားကို အဆုံးသတ်လိုက်သည်။ သူ့စကား အသွားအလာ၊ ဟန်ပန် အမူအရာကို ကျွန်တော် ခန့်မှန်း မိပါသည်။ သူတို့တွင် ဆေးရုံတက် ကုသရန် ငွေမတတ်နိုင်ဟူသော သဘောပါနေသည်။ ဟုတ်လည်း ဟုတ်ပါသည်။ မြွေဆိပ် ဖြေဆေးသည်တစ်လုံး ငါးသောင်းခန့် ရှိသည်။ အနည်းဆုံး ခြောက် လုံး၊ ရှစ်လုံးခန့် ထိုးမှ စိတ်ချရသည်။ ကဲ ဘယ်မလဲ အဲဒီ မြွေဆိပ် ဖြေဆေးဖိုး လေးငါးသိန်း။

သူတို့မှာ နွားပိန်လေး တစ်ရှဉ်းနှင့် ခရမ်းချဉ်လေး၊ ငရုတ် လေး၊ နှမ်းလေးစိုက်ကာ ဝမ်းကြောင်းနေရတဲ့ တောင်သူ ပိန်လေ။ ကျွန်တော် အပြေးအလွှားစဉ်းစားမိသည်။ ဆန်းထွန်းအတွက် အချိန်သည် အသက် မဟုတ်လား။ ယခုဆိုလျှင်ပင် အချိန် သုံးနာရီခန့် ဆုံးရှုံးခဲ့ရပေပြီ။ “ဒီလို လုပ်ပါလား ခင်ဗျားနှမ မမယ်ခွေးတို့က သောင်သာ သားပဲ။ နည်းနည်းပါးပါး ဆွဲလို့ မရဘူးလား”

“ခက်သားလား ဆရာရယ်။ ဆရာ ပြောသလို မြွေဆိပ် ဖြေဆေးဖိုး လေးငါးသိန်း၊ သူတို့ ဘယ်စိုက်ချင်မလဲ။ စိုက်ရင်ရော ကျုပ်တို့ ဘယ်လိုပြန် ဆပ်မလဲ”
ထုံးစံအတိုင်း သက်ပြင်း ရှိုက်သော လေသံဖြင့် သူပြောသည်။ ကျွန်တော်ပင် စကား မဆက်နိုင်။ သူတို့ ဒုက္ခက မျက်မြင်။ အနာသိပါလျက် ဆေးမရှိ။ အဲဆေးဖိုးမရှိသော အခြေအနေ။ ကိုယ်ချင်းလည်း စာမိပါသည်။ ဆန်းထွန်းသည် ကျောင်းသားဘဝက စာတော် သည်။အလွန်သွက်လက် ချက် ချာသည်။ ကျွန်တော်၏ ချစ်ခင် ခြင်း၊ တောက်တိုမယ်ရ ခိုင်းခြင်းကို ခံရသော ကျောင်းသားမို့ လက်လွတ်စပယ်ဖြစ် မသွားစေချင်။ အမျိုးမျိုး စဉ်းစား မိသည်။ အနီးအပါးက ဆွေမျိုး တွေထဲမှ ဝိုင်းစုလျှင်ကော။ ဒါကလည်း တောင်မင်း မြောက်မင်း မကယ်နိုင်သော အခြေ။ ရွာကလေးမှာ လက်လုပ်လက်စားပဲ များသည်။ တစ်ရွာလုံး ပြေးကြည့်မှ လူချမ်းသာ သုံးဦးမပြည့်။ တဘက်က တွေးပြန်တော့လည်း လူ့ အသက်လောက် ဘယ်ဟာမှ အရေးမကြီး။

“ဒီလို လုပ်ပါလား ခင်ဗျားမွေးချင်း တစ်သိုက် ဆီက တစ်ဦးလေးငါးသောင်း ဆီလောက် ဆေးဖိုးစရိတ်စု ကြည့်ပါလား” ကျွန်တော့် အပြောကို ညီဝမ်းကွဲ ကိုသောင်း အေးက သဘောမတူဟန် လေသံဖြင့် ပြောသည်။
“ခက်ပါသယ် ဆရာရယ်။ ဆရာ့ဆေးရုံက စိတ်ချရသာ မဟုတ်ပါဘူး။ အခု ဆေးဆရာ သန်းမြင့် တွင်ခုတ်ထားသာ။ အတော်အတန်တော့ စိတ်ချ ရပြီထင်သာပဲ”
သူ၏ ထမင်းရည်ပူ လျာလွဲ စကားကို ကျွန်တော် အားမရပါ။

“ဒီလိုလုပ်ပါလား။ ခင်ဗျားတို့ နွားမလေး ရှိရဲ့ မဟုတ်လား။ အဲဒါလေး ရောင်းဗျာ။ အခု ဆေးရုံသွားမှ ဖြစ်မယ်။ အချိန် မလွန်ခင် ရောက်မှ ဖြစ်မယ် နော်။ သူ ဝေဒနာခံစားနေရ တာပဲကြည့်”

“ဆရာရယ် သတ္တဝါ တစ်ခု၊ ကံတစ်ခုလို့ပဲ သဘော ထားပါဗျာ။ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့။ အရင်တစ်ခါ သန်းပိုင် သမီးမိငယ် ပိုးထိသာ ဆေးရုံမှာ ဆရာပြောသဲ့ မြွေဆိပ် ဖြေဆေးထိုးသာပဲ။ သုံးသိန်းလောက် ကုန်တယ်။ မိငယ် အဖတ် မတင်ဘူးလေ”

“ဒါကတော့ နောက်ကျ တာကိုးဗျ။ ပြီးတော့ မြွေက လက်ကိုပတ်ပြီး ကိုက်ထားတာ ဒဏ်ရာတွေကိုက မြင်ရ မကောင်းဘူး”

မိငယ်သည် မျှစ်ချိုးရင်း မျှစ်နှင့်အတူ မြွေဟောက်ကိုပါ ရော၍ ဆုပ်ကိုင်မိရာ မြွေက လက်မောင်းတစ်လျှောက် သူ့ လက်မလွှတ်မချင်း ကိုက်ထားလေသည်။ ဆေးရုံရောက် လျှင်ပင် အခြေအနေ မကောင်းတော့။
“ပြီးတော့ အနောက်ပိုင်းက အောင်ကြီး ပိုးထိတုန်း က ခုလိုပဲ ဆေးဆရာ သန်းမြင့်ပင့်ပြီးတွင်ခုတ်တာ ကောင်း သွားတာပဲ မဟုတ်လား”
“ဟာ ဒါကတော့ အဲဒီ တုန်းက မြွေက အဆိပ်မရှိတဲ့ မြွေမို့ပါဗျာ”

ဆင်ခြေကန်နေရသော် လည်း ကျွန်တော့်ဘက်က တပ်ကူမပါ။ ကျွန်တော် ဒေါသ ထွက်လာသည်။ လေသံမာ လာသည်။
“ကဲ ကျွန်တော်လဲ အကြံကုန်ပြီ။ ခင်ဗျားတို့ ဒီလို ရမ်းပြီး မဟုတ်ကဟုတ်က ဆေးတွေ လျှောက်ထိုးနေလို့ကတော့ ခင်ဗျားသား အသက် ပစ်ရမှာပဲ။ အမှန်က ဆီးဆေး ထိုးရမှာ လာစစ်ဆိုတဲ့ ဆီးဆေး။ ဒီလို ဘီတွဲတွေ အရောင်ဆိုး ထားတဲ့ ဆေးတွေ လျှောက်ထိုးလည်း ခင်ဗျားသား အသက် စိတ်မချရဘူး။ ခုလို တွင်ခုတ် ရုံနဲ့လည်း မြွေဆိပ်က ကုန် မသွားဘူး။ ကျောက်ကပ်ထဲ အထိ ပျံ့နှံ့နေမှာပဲ။ ခင်ဗျားတို့ ဘာမှ ကျန်းမာရေး အသိမရှိ ကြဘူး”

သူတို့ မျက်နှာငယ်လေး တွေဖြင့် ခေါင်းငုံ့ နားထောင်နေ ကြသည်။ ပြောမယ့်သာ ပြောနေရသည်။ အဲဒီလိုနေတဲ့ ဆေးဖိုးငွေ ကျွန်တော်ကပဲ ဦးဆောင်စုပြီး ခုချက်ချင်း ဆေးရုံ ပို့ပေးရမလား။ကျွန်တော် ၏ ကျောင်းဆရာတစ်လစာ သည်ပင် သူ၏ မြွေဆိပ်ဖြေ ဆေးတစ်လုံးဖိုး မရှိ။ အကြံသာ ပေးနိုင်သည်။ လက်တွေ့က မပါ။

တညည်းညည်း၊ တညူညူ အော်နေသော ဆန်းထွန်းကို ငေးကြည့်နေမိသည်။ “ရေ ရေပေးစမ်းပါ။ ရင်ထဲက ပူလိုက်တာ။ မလေးရယ် အစ်ကို့ကို ရေတစ်ခွက် လောက်တိုက်စမ်းပါ”

အနီးရှိ သူ့နှမငယ်ကို အသနားခံသည်။ မလေးမွှား သည်သူ့အစ်ကိုကို ရေခပ်တိုက် ရနိုးနိုး၊ လူကြီးတွေ မျက်နှာ အကဲကို ခတ်နေလေ၏။
“အေးဗျာ အခု ဆန်း ထွန်းရေတောင်း နေတယ်နော်။ ယောင်လို့များ သွားမတိုက် လေနဲ့။ မြွေဆိပ်ပျံ့နှံ့မှုက မြန်သွားလိမ့်မယ်။ ဒါပဲ ကျုပ် ပြောခဲ့မယ်”
ကျွန်တော့်တပည့်ကို နောက်ဆုံးကြည့်ခြင်းဖြင့် ကြည့်လိုက်သည်။ လူနာကို လက်လျော့လိုက်သော ဆရာဝန်တစ်ဦးနှင့် တူကောင်းတူနေမည် ထင်သည်။
“ဆန်းထွန်း မင်းနေသာ ရဲ့လား”

“ရင်ထဲက ပူတယ်ဆရာ။ရေသောက်ချင်တယ်”

အားလုံးက ကျွန်တော့် မျက်နှာကို ကြည့်နေကြသည်။ ရေပေးရမလား။ မတိုက်ရ ဘူးလားဆိုသည့်သဘော။
ကျွန်တော် ဆရာဝန်တစ်ဦး မဟုတ်ပါ။ ကျန်းမာရေး အသိ မရှိသော ကျေးလက်နေ တောသူတောင်သားများကို အောင်မြင်အောင် နားမျက် စေ့ဖွင့်မပေးနိုင်ခဲ့ပါ။ရေသောက် လျှင်တော့ အဆိပ်က ပို၍ပျံ့နှံ့ လွယ်မည်ထင်သည်။ မတိုက်ပါနဲ့ဟု ပြောလျှင်လည်း ရေငတ်နေသူကို မညှာတာရာ ရောက်ပေမည်။

“မလေးမွှားရယ်၊ အစ်ကို့ကို သနားရင် ရေတစ်ခွက် လောက် ခပ်ပေးစမ်း ပါ”အနား တွင်ရှိသော နှမငယ်လည်း ဟိုကြည့် ဒီကြည့်။ ထိုင်ရာမှ မထရဲ။ကျွန်တော် ဤမြင်ကွင်း ကိုဆက်၍ မမြင်လို၊ မကြည့် လိုတော့ပါ။ ဖြစ်လိုရာ ဖြစ်စေ တော့။ ပေယျာလကံ ပြုရပေ တော့မည်။နှုတ်ဆက်၍ကျောင်း ပေါ်ပြန်တက်ခဲ့သည်။ ကျောင်း ပေါ်မရောက်မီ သဲချောင်း အတွင်း ယက်ကန်ယက်ကန် ဖြတ်ကျော်ရင်း အတွေးများ လည်း နောက်ကိုသာ တစ်ရစ် ဝဲဝဲနှင့်။

ကျောင်းပေါ် ရောက်လျှင် လက်ထောက်ဆရာ၊ ဆရာမ များသည်ပင် ကျောင်းတက်၍ စာသင်ခန်း အသီးသီး ဝင်နေကြလေပြီ။ ကျွန်တော်လည်း စာသင်ခန်းထဲဝင် စာသင်နေ သော်လည်း စိတ်ထဲ ဆန်းထွန်း ထံ၌သာ ရောက်နေသည်။ ရင် ထဲမှာလည်း အခံရခက်နေ၏။ စိတ်ထဲ၌ မကျေမနပ်ဖြစ်နေ လေသည်။ မည်သူ့ကိုလည်း အမည်ဖော် မရ။ ဆန်းထွန်းမိဘ ကိုသောင်းဘိုကိုလား။ သူ၏ ဆွေမျိုးသားချင်း တစ်သိုက်ကိုလာ။ ကျန်းမာရေးအသိ မရှိ သော တစ်ရွာလုံးကိုလား။ ဆေးရုံ ဆေးခန်းနှင့် အလှမ်းဝေး သော ဇနပုဒ်၌ လူလာဖြစ် နေကြရခြင်းကိုလား။ မဝေခွဲ တတ်။ကျွန်တော့်စကား မအောင်မြင်၍ဆေးကုသစရာ ငွေရှာမရသောကြောင့် လူ့ အသက်တစ်ချောင်း မျက်စေ့ အောက်မှာပင် ပစ်လိုက်ရ မည့်အရေး သိမြင်နေပါသည်။ဆန်းထွန်း အလွန်ခံလျှင် နောက်ထပ် သုံးလေးနာရီထက် မပို။ အသားတွေ မဲပြာ လာပြီ။ မြွေဆိပ်မွှန်နေပြီ။ သူ၏ ရေတောင်းသံ တစာစာသည် နားထဲဝင်လာသည်။ ဆူညံစွာ စာအံနေသော ကျောင်းသားထု၏ အသံကို ဖောက်ထွင်း၍ နား ထဲတွင် ကြားယောင်လာသည်။

“ညီမလေးရယ်၊ မလေးမွှားရယ် အစ်ကို့ကို ရေခပ်ပေး စမ်းပါ”ဟူသောအသံ။ အစ်ကို၏ ဆန္ဒကို လိုက်လျော လိုသော်လည်း လူကြီးများ၏ မျက်နှာ ရိပ်၊ မျက်နှာကဲကို ကြည့်နေ သော မလေးမွှား။ အသက် ထွက်မည်ကို သိသော်လည်း လက်ပိုက်ကြည့်နေကြသော မိဘဆွေမျိုးများ။ လူ့ဘဝသည် ရခဲလှ၏ ဆိုသော်လည်း ဤလို ဇနပုဒ်ကလေး၌ ဘာမှ မဟုတ်သော ဘေးတို့ဖြင့် လူ့လောကမှ စွန့်ခွာခဲ့ရသူတွေ မနည်းတော့ပြီ။

ထမင်းစားကျောင်း မဆင်းမီအချိန်အတွင်းမှာပင် ကျောင်းပေါ်သို့ ကိုသောင်း အေးတက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ကျွန်တော် သိလိုက်ပါပြီ။ အကြောင်းကြား လာသည်ပဲ ဖြစ်ရမည်ဟု။ “ဆရာဆန်းထွန်း စောစောကပဲ ဆုံးရှာပြီ” ကျွန်တော်က မထူး ဆန်းသလိုဟန်ဖြင့် ခပ်အေး အေးပင် ခေါင်းညိတ်ပြသည်။ စိတ်အချဉ် ပေါက်ပေါက်နှင့် အငေါ်တူးတူး စကားလုံး ထွက်သွား၏။

“ဟုတ်လား အင်း သေတော့ အေးတာပေါ့ဗျာ”

“ဗျာ”

သူ ကျွန်တော့်စကားသံ ကြောင့် အာမေဋိတ်သံ ပြုသည်။ ကျွန်တော် မှားသွားသည်။ လေသံမာသွားသည်။ စကားလုံး လေသံ၏ အနက်ကို အဖြေရှာဖို့ အပြေး အလွှားစဉ်းစား၍
“အော် ဒီလိုပါ။ ဝေဒနာ ခံစားနေရ တာထက် စာရင် ခုလို အသက်ထွက်သွား တာကမှ သူ့အတွက် ဒုက္ခငြိမ်း သွားတာပေါ့။ မဟုတ်ဘူးလား”

ဟု စကားလေသံပြောင်း လိုက်သည်။ သူကလည်း လက်ခံလိုက်ပုံရသည်။
“အဲ အဲ ဟုတ်တယ်။ သေတာ သူ့အတွက် ခပ် ကောင်းကောင်းပဲ” ဟု ဆို ကာ နှုတ်ဆက်ပြန်သွားသည်။
သူ့ကျောပြင်ကို ငေးရင်း ကျွန်တော့် အတွေးလက်စ မသတ်။ဆီးဘန်နီဆရာတော်၏ လေအတိုင်းပြောရလျှင် “ဤလို ဇနပုဒ်၌ လူဖြစ်လာရ သော သူတို့တစ်တွေသည် . . . . . . . . . ။

မဟုတ်ဘူးလား။ ရောဂါလည်း သိတယ်။ ရောဂါ ပျောက်မယ့်ဆေးလည်း သိနေတယ်။ ဒါပေမယ့် ဆေးဝယ် ကုသဖို့ စရိတ်မရှိဘူး ဆိုမှတော့ . . . . . . . . . ။
ပရိတ်ကြီး ၁၁ သုတ်မှာ ပါသော ဘေးဥပါဒ်တွေထဲ မှာ“ဇနပဒရောဂတောဝါ” ကို ဇနပုဒ်၌ တွေ့ရသော၊ ဖြစ်ရသော ရောဂါဟု အနက်ဖွင့် သည်။ ကျွန်တော်ကတော့ ဇနပုဒ်၌ လူလာဖြစ်ရသဖြင့် ဆက်သွယ်ရေး ခက်ခဲခြင်း၊ ကျန်းမာရေး ဗဟုသုတ ခေါင်းပါးခြင်း၊ ခေတ်မီဆေးရုံ ဆေးခန်းနှင့် လက်လှမ်း မမီခြင်း၊ အနာသိသော်လည်း ကုသစရာ ငွေမရှိခြင်း စသည် တို့မှာ “ဇနပဒရောဂါ” ပင် လောဟု အတွေးနယ်ကျယ်နေ မိလေတော့၏။

စာရေးဆရာ သာလွန်ကျော်

ဝန်ခံချက်။ ။ ၂၀၁ဝ ခု၊ ဇူလိုင်လထုတ် ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြပေးပါသည်။ (ကူးခွင့်ပြုပေးပါရန်လည်း စာရေးသူနှင့် အယ်ဒီတာအား လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။)

ပို့စ်တင်ပေးသူ

မှတ်ချက်။ ။မြွေထက်အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်းများ သည် အတက်မှ သတင်းအပိုင်း(၁) နှင့်သတင်းအပိုင်း(၂) တို့မှ ဖော်ပြချက်အရ မြန်မာတစ်ပြည်လုံးသို့ မြွေဆိပ်ဖြေဆေး အတုများကို ရောင်းချထားပါသည်။တရားခံများသည် တစ်နှစ်ခွဲအတွင်း သိန်းတစ်ထောင်ကျော်တန် တိုက်ကြီးဆောက်နိုင်လာပြီး ချမ်းသာခဲ့ကြောင်း သိရပါ၏။ ယခုအခါ ယင်းတိုက်ကြီးအား သိန်း(၇၀၀)ဖြင့် ရောင်း၍ အမူကို ဖြေရှင်းလိုက်ရကြောင်း ကြားသိရပါသည်။ မြွေဆိပ်ဖြေဆေး အတုကြောင့် သေဆုံးခဲ့ရသော အသက်များနှင့်တရာခံများ၏ ပြစ်ဒါဏ်အား နှိုင်းစာ၍သာ ကြည့်တော်မူကြပါကုန်လော့………….။

9 comments

  • winkyawaung

    October 14, 2010 at 3:17 pm

    ဪ မသိနားမလည်တဲ့ တောသူ၊တောင်သားတွေရဲ့ အသက်တွေကို စတေးခံကြရပြီး.. ကိုယ်ချင်းစာ တရားမရှိတဲ့ သူတွေက ဝိုင်းပြီးစားရက်လိုက်ကြတာ….။

  • bigcat

    October 14, 2010 at 11:36 pm

    ဆင်းရဲတဲ့ ဘဝတွေမှာ ကမာ္ဘမီးလောင် သားကောင်ချနင်းပါပဲ။ ရှိသမျှရောင်းချ ပေါင်နှံဖို့ဆိုတာကလည်း အင်း…. ဒီလိုဘဝမျိုးတွေ မကြုံရ မဖြစ်ရပါစေနဲ့၊ သူများဖြစ်လို့ ကြုံရတွေရရင်လည်း ကူညီနိုင်တဲ့သူ ဖြစ်ရပါလို၏။

  • kai

    October 14, 2010 at 11:53 pm

    ဒီဆရာအဆက်အစပ်နဲ့ .. စတိုရီလုပ်ကောင်းတာနဲ့..
    မြန်မာပြည်အတွက် … မြွေဆိပ်ဖြေဆေးတွေပဲ ဝယ်လှူရမလိုဖြစ်နေပါပြီ။

    တကယ်တော့ ယူအက်စ်မှာ… ဆေးတွေဆေးတွေဆိုတာ… အလဟသဖြစ်..လွှင့်ပစ်ဖျက်စီးရတာက.. တကယ်သုံးတာရဲ့ ၄ပုံတပုံလောက်အသာလေးရှိတယ်..။
    အာနိသင်ကျန်တာတွေ … အလကားသွားတောင်းလို့ ရပေမဲ့လည်း.. မြန်မာပြည်ပို့ဖို့ဆိုတာက .. ခေတ်စံနစ်ကအခြေအနေမပေး..။

    ဘာပဲဖြစ်ဖြစ်.. ကျေးဇူးတင်ပါတယ်ဗျာ..။ ဒီလိုသတင်းလေးတွေ သိရတာ..။

  • winkyawaung

    October 15, 2010 at 1:38 am

    ကျွန်တော်တို့ မြန်မာပြည်မှာ လှူတာပေးတာကို လွတ်လပ်မူမရကြတဲ့ ပြည်သူူလူထုရဲ့ဘဝတွေ… ?။ အတိတ်ဘဝက ကုုသိုလ်ကံပေါ့ကွယ်..။

  • michaelaungpu

    October 15, 2010 at 2:50 am

    (ဖော်ပြချက်အရ မြန်မာတစ်ပြည်လုံးသို့ မြွေဆိပ်ဖြေဆေး အတုများကို ရောင်းချထားပါသည်။တရားခံများသည် တစ်နှစ်ခွဲအတွင်း သိန်းတစ်ထောင်ကျော်တန် တိုက်ကြီးဆောက်နိုင်လာပြီး ချမ်းသာခဲ့ကြောင်း သိရပါ၏)
    အဲ့သည်ငွေနဲ ့ညီမျှတဲ့ ဆေးအတုတွေကိုလည်း ရှာဖွေဖော်ထုတ် နိုင်ကြပါစေကုန်သတည်း။

  • ဆူး

    October 15, 2010 at 3:30 am

    အဲဒီ မြွေဆိပ်ဖြေဆေးတွေ အာနိသင်မရှိယုံ မကဘူး.. ဘာမှန်း မသိတဲ့ ပိုးတွေ တောင် ဝင်နိုင်သေးတယ် ဆိုတော့ အဆိပ်မရှိတဲ့ မြွေ ကိုက်ရင်တော့.. သေဖို့ % တော်တော် များနေပြီထင်တယ်။ ဟိုးအရင်က နယ်မြို့မှာ နေတဲ့ အဘိုး ဆေးရုံတက်တော့ အဲဒီမြို့ ဆေးရုံမှာ မြွေကိုက်လူနာ ရောက်တာ ကော့ပြန်လန်နေတာဘဲ.. လူလိမ့်နေတာ.. မြင်ရတာ စိတ်တောင် မကောင်းဘူး ဆေး အဆင်သင့်မရှိလို့ မြို့ တက်ဝယ်ရတယ် ဆိုလားဘဲ.. ဆေးသွားဝယ်တဲ့ အချိန်မှာ လူနာကတော့ ဆန့်ငင် ဆန့်ငင်ဘဲ.. အခု ဖတ်လိုက်မှ အဲဒီ လူနာ မျက်စိထဲ မြင်လာမိတယ်… အနီး အနားက လူတွေကတော့.. ဘာမှ လည်း လုပ်ပေးလို့မရ.. ထိုင်ကြည့်နေကြရတာ.. ဒါနဲ့ သနားတဲ့ လူတယောက်က ပရိတ်သွားရွတ်ပေးနေတယ်.. မြွေဆိပ် နဲနဲ ကျသွားအောင်.. အဲဒီ လူရှင်လား သေလားတော့ မသိဘူး.. ခဏတာ မြင်မိတဲ့ မြင်ကွင်းလေးကို ပြန်ပြောပြတာ

  • kai

    October 15, 2010 at 4:02 am

    ပြီးခဲ့တဲ့ နှစ်တော်တော်ကြာကြာက မဂ်ဂဇင်းတခုမှာ အဲဒီလိုဆေးတွေ။ ဆေးရုံပစ်စည်းတွေကို ဖွံ ့ဖြိုးဆဲနိုင်ငံတွေလှူတဲ့ ဖောင်ဒေးရှင်းတခုအကြောင်းဖတ်မိဖူးတယ်..။ မှတ်မိသလောက် ပြန်ရှာတာ မတွေ့ဘူး…။
    အခုအင်တာနက်ထဲတက်နှိုက်တော့ ဒီတခုတော့တွေ့တယ်..။
    မြန်မာပြည်က ဘစ်ဇနက်သမားတွေ စိတ်ဝင်စားကြသလားလို့..။
    http://www.amrf.com/
    ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့..။

  • winkyawaung

    October 15, 2010 at 6:47 am

    မြန်မာပြည်က ဘစ်ဇနက်သမားတွေ စိတ်ဝင်စားကြသလားလို့..။
    http://www.amrf.com/
    ကုသိုလ်လည်းရ ဝမ်းလည်းဝပေါ့..။
    အယ်ဒီတာက ယခုလို ရှာဖွှေတင်ပြပေးတာကို အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ..။

  • winkyawaung

    October 15, 2010 at 7:06 am

    michaelaungpu ဆရာပြောသလို လုံးဝမဖြစ်နိုင်တော့ပါ.။ အမှုဖြစ်ကထဲက အားလုံးကို ဝစေပြီး..ဝေစားလိုက်ကြပါတော့သတည်း..။ မဝတာ က သတင်းပေးသူပါ..။

Leave a Reply